အမွန်းနှင့် တွေ့ဆုံခြင်း

“အမွန်းက အားလုံးရဲ့ မတူတဲ့အမြင်တွေကို လေးစားတယ်။ ဘယ်သူတွေ ဘယ်လိုမျိုး
ဝေဖန်ကြပါစေ အမွန်းကတော့ အမွန်းလုပ်စရာ ရှိတာကို လုပ်ဖို့ပဲ ကြိုးစားပါတယ်။”

အခုလက်ရှိရုံတင်ပြသနေတဲ့ ဒုဋ္ဌ၀တီကို လွန်၍ ဇတ်ကားမှာ ပါဝင်ထားတဲ့ အမွန်းကို ဇာတ်ကားအတွက် ပြင်ဆင်မှုအပိုင်းတွေနဲ့ အနုပညာလှုပ်ရှားမှုအကြောင်းတွေကို မေးမြန်းထားတာ ဖြစ်ပါတယ်။

Voice : ပထမဦးဆုံးသရုပ်ဆောင်ထား တဲ့ဇာတ်ကားရုံတင်နေတော့ ရင်ခုန်သံက ဘယ်လိုဖြစ်မိလဲ။

Ah Moon : ပရိသတ်တွေ အရမ်းစောင့်နေရတဲ့ ဇာတ်ကားရောက်လာတော့မှာဆိုတော့ ဝမ်းသာတာက တစ်ချက်၊ နောက်တစ်ချက်က ဘ၀မှာ ပထမဦးဆုံး ရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်တော့ ရင်ခုန်နေတယ်။ စိတ်လှုပ်ရှားနေတယ်။

Voice : ကိုယ့်ရဲ့သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေအပေါ် ဘယ်လိုမျိုးပြင်ဆင်ထားလဲ။

Ah Moon : အမွန်းရဲ့အမြင်က အဓိက ဘယ်ဇာတ်ရုပ်ပဲလုပ်လုပ် အကောင်းဆုံးကြိုးစားဖို့စိတ်ထဲ မှာသွင်းထားတယ်။ ပရိသတ်တွေဆီက အမွန်းရဲ့သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး Feedback လေးတွေ ကြားရမလဲဆိုတာ နားစွင့်ထားပါတယ်။

Voice : ဒီဇာတ်ကားကို ဘယ်လိုကြောင့် လက်ခံဖြစ်တာလဲ။

Ah Moon : အမွန်းကို ဇာတ်ကားရိုက်ဖို့ ကိုအာကာက ဖုန်းဆက်လာတယ်။ ဒါပေမဲ့ ဖုန်းဆက် တုန်းကလည်း တစ်ခါတည်းပြောတယ်။ အမွန်းက အသစ်ဖြစ်နေတော့ ပရိုဂျူဆာတွေရှေ့မှာ Audition ဝင်ရမယ်လို့ ကြိုပြောထားတယ်။ ဇာတ်ညွှန်းမရခင် သူတို့ရုံးခန်းကိုသွားပြီး ကင်မရာတွေရှေ့မှာ Audition တော့ ဝင်ခဲ့ရတယ်။ အဲဒီတော့ သူတို့တိုင်ပင်ပြီးတာနဲ့ ပြန်အကြောင်းကြားမယ်လို့ ပြောတယ်။ အရမ်းကြီးတော့ မမျှော်လင့်ထားဘူး။ မရမှာစိုးတာနဲ့ ဒါပေမဲ့နောက်သုံးပတ်လောက်ကြာတော့ သူတို့က ထပ်ကမ်းလှမ်းခဲ့တာပါ။

Voice : ပင်ကိုက စကားပြောမြန်တော့ အဲဒီအပိုင်းအတွက် ဘယ်လိုမျိုးပြင်ဆင်ခဲ့ရလဲ။ တခြား အမှတ်တရတွေ ဘာတွေရှိခဲ့လဲ။

Ah Moon : စကားပြောမြန်တဲ့သူကိုမှ သမိုင်းကြောင်းတွေ ရှင်းခိုင်းထားတာဆိုတော့ အဓိကတော့ ကင်မရာရှေ့ရောက်တာနဲ့ စကားကို ဖြည်းဖြည်းပြောမယ်။ ကိုယ့်ကိုယ်ကိုယ်ပဲလေ့ကျင်ပြီးတော့ သင်ဖြစ်တယ်။ အမွန်းကို မေ့ထားပြီး ဆောင်းနန္ဒာဆိုတဲ့ ကာရိုက်တာ ထည့်ပြီးတော့ ပြင်ဆင်ဖြစ်တယ်။ ပြီးတော့ ကိုယ့် ကာရိုက်တာကလည်း တစ်ကားလုံးမှာ ခွေးပြေး ဝက်ပြေး ပြေးနေရတော့ မိတ်ကပ်လိမ်းဖို့ အချိန်မရှိတော့ တစ်ကားလုံး မိတ်ကပ်မလိမ်းဖြစ်ဘူး။ အမှတ်တရအဖြစ်ဆုံးက တချို့နယ်တွေမှာ ကိုနိုင်းနိုင်းကိုတော့ လူတွေက သိတယ်လေ။ အမွန်းကို မသိကြတော့ ကိုယ့်ကို ရှေ့ထားပြီး မင်းသမီးက ဘယ်မှာလဲ ဆိုပြီး မေးကြတာတော့ အမှတ်ရဆုံးပါ။

Voice : ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေကြုံခဲ့တာဆိုတော့ ဘယ်လိုအရာတွေ က အမွန်းအတွက် စိတ်ခွန်အားပေးလဲ။

Ah Moon : ကိုယ့်ကိုယ်ကိုယ် အလုပ်ဘယ်လောက် လုပ်ချင်လဲလို့ မေးလိုက်တယ်။ အဲဒီတော့ လုပ်ချင်ရင် နှစ်မျိုးပဲရှိတယ်။ Positive နဲ့ Negative တွေးဖို့ပဲ။အဲဒီတော့ Negative တွေးရင် ကိုယ့်ကိုယ်ကိုယ် လေးသွားမယ်။ အဲဒီတော့ Positive Thinking ရှိအောင်လို့ အကောင်းမြင်တဲ့စိတ်နဲ့ပဲ နေပါတယ်။ ပြီးတော့ ချစ်တဲ့သူကလည်း ချစ်မှာပဲ။ မုန်းတဲ့သူကလည်း မုန်းမှာပဲ။ အဲဒီအတွက် အမွန်းက အားလုံးရဲ့ မတူတဲ့အမြင်တွေကို လေးစားတယ်။ ဘယ်သူတွေ ဘယ်လိုမျိုး ဝေဖန်ကြပဲစေ အမွန်း ကတော့ အမွန်းလုပ်စရာရှိတာကို လုပ်ဖို့ပဲကြိုးစားပါတယ်။

Voice : နောက်ထပ် ဘယ်လိုမျိုး ဇာတ်ကားတွေ လက်ခံသွားဖြစ်မလဲ။

Ah Moon : စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားတွေ၊ ပရိသတ်ကြည့်ဖို့ သင့်တဲ့ ဇာတ်ကားတွေ ပြီးတော့ အမွန်းလည်း သရုပ်ဆောင်နိုင်မယ်ထင်တဲ့ ဇာတ်ကားတွေကို အဓိကရွေးချယ်သွားမယ်။

Voice : ဂီတပိုင်းနဲ့ပတ်သက်ပြီး ပရိသတ်ကို ဘာတွေချပြဖို့ရှိလဲ။

Ah Moon : အမွန်း သီချင်းသစ်တွေရေးနေတယ်။ဖျော်ဖြေမှုတချို့အတွက် ပြင်ဆင်နေတာတွေ လည်းရှိတယ်။ အဓိကတော့ သီချင်းသစ်တွေ ရေးဖြစ်နေတယ်။

Voice : Forbes မဂ္ဂဇင်းရဲ့ အာရှတစ်ခွင် အသက် ၃၀ အောက် ထူးချွန်အယောက် ၃၀ ထဲမှာ အရွေးခံခဲ့ရတော့ ခံစားချက်က ဘယ်လိုဖြစ်မိလဲ။

Ah Moon : အဲဒီအတွက်အရမ်းပျော်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အမွန်းရဲ့ကြိုးစားမှုတွေကို ဒီလိုမျိုး အသိအမှတ်ပြုပေးတဲ့အတွက် ဝမ်းသာမိတာပါ။ နောက်လုပ်ရမယ့် အလုပ်တွေအတွက်လည်း ပိုပြီးတော့ အားအင်တွေ ရသွားတယ်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *