OIC

OIC Islamic Summit Conference

နိုင်ငံပေါင်း ၅၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)သည် ကမ္ဘာ့တိုက်ကြီးလေးတိုက်တွင် ဖြန့်ကြက်တည်ရှိပြီး ကုလသမဂ္ဂအဖွဲ့  (UN) ပြီးနောက် ဒုတိယမြောက် အကြီးမားဆုံးအဖွဲ့ဖြစ်ကာ ကမ္ဘာတစ်ဝန်းရှိ မွတ်ဆလင်အကျိုးစီးပွားများကို ကာကွယ်ရေးရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်။

OIC အဖွဲ့ထိရောက်မှုမရှိဟု အချို့သောကျွမ်းကျင်သူများက ထောက်ပြနေသော်လည်း မွတ်ဆလင်များ ရင်ဆိုင်နေရသည့် အရေးများကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် အလားအလာများစွာကို အဆိုပါအဖွဲ့ပိုင်ဆိုင်ထားသည်။ သို့သော်လည်း အစ္စလာမ်မစ်အစွန်းရောက်များအရေး၊ အစ္စရေး-ပါလက်စတိုင်းအရေး၊ အဖွဲ့ဝင်နိုင်ငံများ၏ လူ့အခွင့်အရေးမှတ်တမ်း စသည့်အချက်များကြောင့် OIC ၏ ရပ်တည်ချက်ကိုအချို့က ဝေဖန်နေကြသည်။

OIC ၏ ရည်ရွယ်ချက်
သိမ်းပိုက်ခံနေရသည့် ဂျေရုဆလင်တွင်ရှိသည့် အယ်အတ်ဆာ ဗလီအပေါ် ရာဇဝတ် မီးရှို့တိုက်ခိုက်မှုအပြီး လုပ်ဆောင်သည့် မော်ရိုကိုညီလာခံနောက်ပိုင်း ၁၉၆၉ခုနှစ်တွင် OIC ကို ထူထောင်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ အဆိုပါ မီးရှို့တိုက်ခိုက်မှုကို ဩစတြေးလျ ခရစ်ယာန်အယူသည်းတစ်ဦးက လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း ဂျေရုဆလင်တွင်ရှိသည့် မွတ်ဆလင်ဘာသာရေးနေရာများအပေါ် ထိန်းချုပ်ရေးလှုပ်ရှားမှု၏ သင်္ကေတတစ်ခုဖြစ်လာသည်။ ထို့ကြောင့် OIC အဖွဲ့၏ မူလရည်ရွယ်ချက်သည် မွတ်ဆလင်သွေးစည်းညီညွတ်ရေး၊ အထူးသဖြင့် အစ္စလာမ်မစ်ဘာသာရေး အထွတ်အမြတ်နေရာများကိုကာကွယ်ရေး၊ ပါလက်စတိုင်းအရေးကူညီရေး၊ လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေး၊ စီးပွားရေးပူးပေါင်းမှု တိုးမြှင့်ရေးတို့ဖြစ်သည်။

အချို့သော ပညာရှင်များက OIC ကို ဘာသာရေးအဖွဲ့ဆိုသည်ထက် အစိုးရများကြား အဖွဲ့အစည်းအဖြစ် ရှုမြင်သင့်သည်ဟု အဆိုပြုလျက်ရှိသည်။ သို့သော်ငြားလည်း အဖွဲ့ဝင်နိုင်ငံပေါင်း ၅၇ နိုင်ငံ၊ မျိုးစုံလှသောလူမျိုးစု၊ ပထဝီပိုင်းကွာဟမှု၊ စီးပွားရေး၊ နိုင်ငံရေး အသီးသီးကွဲပြားမှုတို့ကြားတွင် ဘုံအဖြစ်ရပ်တည်နေသည်ဟု အစ္စလာမ်ဘာသာတစ်ရပ်သာရှိသည်။ OIC အနေနှင့် UN ကဲ့သို့ ရပ်တည်လျက်ရှိသော်လည်း အစ္စလာမ်သည် မွတ်ဆလင် လူနေမှုအနေအထားအသီးသီးသို့ ဝင်ရောက်ထားသဖြင့် ယုံကြည်မှုကိုခွဲထုတ်ရန် ခဲယဉ်းမည်ဖြစ်ကြောင်း OIC ဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း ဆီဒါကန်ဘာက မှတ်ချက်ပြုထားသည်။

အလုံးစုံခြုံကြည့်လျှင် OIC အနေနှင့် မွတ်ဆလင်များ၏ နေ့စဉ်နေထိုင်မှု သို့မဟုတ် ပါလက်စတိုင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ နိုင်ငံတည်ရှိမှု၊ အစ္စရေးနိုင်ငံတွင်းရှိ အငြင်းပွား မွတ်ဆလင် ဘာသာရေးနေရာများအပေါ်ထိန်းချုပ်မှု စသည့်အရေးတို့တွင် ကြီးစွာသော သက်ရောက်မှုမရှိကြောင်း Brookings Doha Center မှ ညွန်ကြားရေးမှူး ဟာဒီအန်မာက ပြောကြားထားသည်။ အစ္စရေးကို အထီးကျန်ရေးကြိုးပမ်းမှုမှာ လုံးဝနီပါးပြိုလဲသွားသည်။ ဥပမာအားဖြင့် အစ္စရေးနှင့် ငြိမ်းချမ်းရေးသဘောတူညီသဖြင့် ၁၉၇၉ ခုနှစ်တွင် အီဂျစ်ကို OIC မှ ထုတ်ပယ်ခဲ့သည်။( ၁၉၈၄ ခုနှစ်တွင် အဖွဲ့ဝင်ပြန်ဖြစ်) စီးပွားရေးသပိတ်မှောက်ရန် ၁၉၈၁ ခုနှစ် OIC ဆုံးဖြတ်ချက်တွင် ဖော်ပြထားသော်လည်း များစွာသောနိုင်ငံများသည် အစ္စရေးနှင့် သံတမန်ရေး၊ စီးပွားရေးဆက်နွှယ်မှု ဆက်လက်ထားရှိသည်။ OIC အဖွဲ့ဝင်နိုင်ငံများကြားတွင်လည်း ကြီးစွာသောရန်ရှိသည်။ ဥပမာ-(အီရန်-အီရတ်။)

၉/၁၁ အကြမ်းဖက် တိုက်ခိုက်မှုအပြီးတွင် ကမ္ဘာလုံးချီ မွတ်ဆလင်များ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို တန်ပြန်နိုင်ရေး OIC စတင်သုံးသပ်ခဲ့သည်။ အကြမ်းဖက်ဝါဒ၊ အစ္စလာမ်စိုးရိမ်မှု၊ ညံ့ဖျင်းသည့် အုပ်ချုပ်မှု၊ စီးပွားရေးကွဲပြားခြင်း စသည်တို့ကို ဖြေရှင်းရေး ၁၀ နှစ် စီမံကိန်းကို ၂၀၀၅ ခုနှစ်တွင် ဆုံးဖြတ်ခဲ့သည်။ ‘ဆင်းရဲမှု၊ စာမတတ်မှု၊ ရောဂါထူပြောမှု၊ အကျင့်ပျက်မှု၊ အခွင့်အရေး မတူမှု၊ ဓနခွဲဝေမှု မညီမှု စသည်တို့ကြောင့် ပြည်သူများသည် အခြားနေရာများမှ အဖြေကိုရှာလာကြကြောင်း၊ ယင်းအရေးကို တရားဝင်နည်းလမ်းများဖြင့် မဖြေရှင်းနိုင်ပါက အစွန်းရောက်နည်းများကို ပြည်သူများသုံးလာနိုင်ကြောင်း၊ OIC အထွေထွေအတွင်းရေးမှူး အီမယ်လတ်ဒင် အစ်ဆာနိုဂူက ၂၀၀၅ ခုနှစ်တွင် မိန့်ခွန်းပြောကြားသွားသည်။

ယင်းကဲ့သို့သော ဦးတည်ချက်သစ်ပေါ်ပေါက်လာသော်လည်း အပြည်ပြည်ဆိုင်ရာအရေးများတွင် အဖွဲ့မည်ကဲ့သို့ ရပ်တည်သင့်ကြောင်း ကွဲပြားသည့်အမြင်များ ဆက်လက်ပေါ်ပေါက်နေသည်ဟု OIC အရာရှိဟောင်း ဟာရွမ် မိုဟယ်က ပြောကြားထားသည်။ တူရကီ၊ မလေးရှား စသည့်နိုင်ငံများက အဖွဲ့မှတစ်ဆင့် သဘောထားပျော့ပျောင်းသည့်အမြင်များကို တွန်းအားပေးသည့် ယဉ်ကျေးမှုရေးရာများ မြှင့်တင်လိုသော်လည်း၊ ဆော်ဒီအာရေးဗီးယား၊ အီရန် စသည့်နိုင်ငံများက ဘာသာရေးလွှမ်းမိုးမှုတိုးမြှင့်ရေး စသည့် နိုင်ငံရေးဆိုင်ရာများကို အားပေးလိုသည်။

အဖွဲ့အစည်း နှင့် OIC တွင်း လွှမ်းမိုးမှု

အဖွဲ့ဆုံးဖြတ်ချက်များကို တစ်နှစ်တစ်ကြိမ်ကျင်းပလေ့ရှိသည့် နိုင်ငံခြားရေးဝန်ကြီးများကောင်စီက အဓိက ချမှတ်လျက်ရှိပြီး မူဝါဒသစ်သုံးသပ်မှုများလုပ်ဆောင်သည်။ အဖွဲ့ဝင် နိုင်ငံ့အကြီးအကဲများတွေ့ဆုံမှုကို သုံးနှစ်တစ်ကြိမ်လုပ်ဆောင်ပြီး အဓိက အပြောင်းအလဲများကို ဆွေးနွေးကြသည်။ အထွေထွေအတွင်းရေးမှူးအဖွဲ့ကို အထွေထွေအတွင်းရေးမှူးက ဦးဆောင်ပြီး နေ့စဉ်လုပ်ငန်းစဉ်များနှင့် မူဝါဒများကိုချမှတ်သည်။ အဖွဲ့၏အသုံးစရိတ်သည် ၂၀၀၆ ခုနစ်တွင် ၁၇ ဒသမ ၆ သန်းသာရှိပြီး လွန်စွာနည်းပါးသည့် လုပ်ငန်းလည်ပတ်မှုစရိတ်သာရှိကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ထုတ်ပြန်ထားသည်။ ယင်းအသုံးစရိတ်ကို အဖွဲ့ဝင်နိုင်ငံများ မဖြစ်မနေပေးအပ်ရမည့် ငွေမှရရှိခြင်းဖြစ်သလို ကိုယ့်သဘောနှင့်ကိုယ် အလှူငွေထည့်ဝင်ခွင့်လည်းပေးထားသည်။ ယင်းသို့ခွင့်ပြုထားသဖြင့် အီရန်နှင့် ဆော်ဒီတို့ကြား အားပြိုင်နေခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။ ငွေလှူဒါန်းမှုများ လုပ်ဆောင်ခြင်းဖြင့် များစွာသော OIC အဖွဲ့ဝင်များသည် အဖွဲ့အပေါ် လွှမ်းမိုးမှုရှိသည်။ အီရန်နှင့် ဆော်ဒီနိုင်ငံတို့သည် အဖွဲ့စတင်ထူထောင်သည့် နိုင်ငံများဖြစ်သလို အစ္စလာမ်၏ အမြင့်မြတ်ဆုံးသော ဘာသာရေးနေရာများဖြစ်သည့် မက္ကာနှင့် မဒီနာတို့ရှိသည့် နိုင်ငံများလည်းဖြစ်သည်။ ပါကစ္စတန်နိုင်ငံသည်လည်း OIC အဖွဲ့တွင်း တက်ကြွစွာလှုပ်ရှားပြီး ယင်းကိုအသုံးပြု၍ ကုလသမဂ္ဂတွင်း ဘာသာရေးကို ပြစ်မှားမှု ဆုံးဖြတ်ချက် တင်သွင်းနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ ထို့အပြင် ကမ္ဘာ့တတိယမြောက် အကြီးမားဆုံး မွတ်ဆလင်လူဦးရေရှိသည့် အိန္ဒိယနိုင်ငံ OIC အဖွဲ့တွင်း ဝင်ရောက်မှုကို ပါကစ္စတန်က တားဆီးလျက်ရှိသည်။ ၁၉၉၅ ခုနှစ်မှစတင်၍ အဖွဲ့တွင်း ဝင်ရောက်ခဲ့သည့် တူရကီသည် တက်ကြွစွာ ပါဝင်နေသလို ညီလာခံများ ပိုမိုလိုက်လျောညီထွေ ဖြစ်လာစေရေး၊ သဘောထား ပျော့ပျောင်းရေးတို့လုပ်ဆောင်လျက်ရှိသည်။

OIC အငြင်းပွားဖွယ်

OIC အဖွဲ့ ပါဝင်ပတ်သက်လျက်ရှိသည့် အငြင်းပွားဖွယ် အရေးများစွာရှိသည်။ ယင်းတို့အနက် အချို့ကို အောက်တွင်ဖော်ပြထားသည်။

အစ္စရေး-ပါလက်စတိုင်းအရေး- အဖွဲ့ရပ်တည်ချက် ပြင်ဆင်လာသော်လည်း အစ္စရေးအရေးသည် OIC ၏ အဓိကအရေးဖြစ်နေသေးသည်။ ကုလသမဂ္ဂအဖွဲ့တွင်း လွှမ်းမိုးမှုကို အသုံးပြုပြီး ၂၀၀၉ ခုနှစ်တွင် အငြင်းပွားဖွယ် ဂိုးစတုန်းအစီရင်ခံစာပေါ်လာရေး တွန်းအားပေးခဲ့သည်။ ယင်းအစီရင်ခံစာတွင် အစ္စရေးနိုင်ငံကို လူ့အခွင့်အရေးချိုးဖောက်မှုဖြင့် စွပ်စွဲထားသည်။ ဂျေရုဆလင်တွင်ရှိသည့် မွတ်ဆလင် မြင့်မြတ်သည့်နေရာများသို့ ပိုမိုဝင်ရောက်ခွင့်ရရေးအတွက်လည်း OIC ဆက်လက် တွန်းအားပေးလျက်ရှိသည်။ ပိတ်ဆို့ထားသည့် ဂါဇာဒေသတွင်းသို့ တူရကီစပွန်ဆာပေးထားသည့် ရေယာဉ်အုပ်စုဝင်ရောက်ရန် ကြိုးပမ်းမှုကို အစ္စရေးတပ်ဖွဲ့ဝင်များ ၂၀၁၀ ပြည့်နှစ် မေလတွင် စီးနင်းတိုက်ခိုက်ခဲ့ခြင်းကိုလည်း OIC အဖွဲ့ဝင်များ ပြင်းထန်စွာ ရှုတ်ချခဲ့သည်။ သို့သော်လည်း ယင်းအရေးအပေါ် ကိုင်တွယ်မှုကို ကြည့်ပါကလည်း OIC တွင်း ကွဲပြားမှုပေါ်နေသည်ကို သိနိုင်သည်။ အီဂျစ်နိုင်ငံသည် ဂါဇာနှင့် နယ်ခြားဒေသကို ပိတ်ဆို့ခြင်းဖြင့် အစ္စရေးလုပ်ဆောင်ချက်ကို ကူညီခဲ့သည်။ သို့သော်လည်း ရေယာဉ်စီးနင်းမှုအပြီးတွင် ဆေးဝါးအကူအညီနှင့် စားနပ်ရိက္ခာများ နယ်စပ်ဖြတ်ကျော်သယ်ယူခွင့်ကို အီဂျစ်က ခွင့်ပြုခဲ့သည်။

လူ့အခွင့်အရေး- OIC အဖွဲ့ဝင်နိုင်ငံ ကိုးနိုင်ငံကို လူ့အခွင့်အရေးချိုးဖောက်မှု အဆိုးရွားဆုံးနိုင်ငံများအဖြစ် လူ့အခွင့်အရေးစောင့်ကြည့်ရေး Freedom House က ၂၀၁၀ ပြည့်နှစ်တွင် သတ်မှတ်ခဲ့သည်။ ယင်းကိုးနိုင်ငံအနက် အချို့သည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဝင်များဖြစ်သည်။ အဆိုပါ ကောင်စီဝင်နေရာများမှနေ၍ အစ္စရေးကို ဝေဖန်ရေးအသုံးပြုလျက်ရှိသည်။ တစ်ချိန်တည်းတွင် OIC အဖွဲ့ဝင်နိုင်ငံများ၏ လူ့အခွင့်အရေးမှတ်တမ်းပေါ် ကုလသမဂ္ဂဝေဖန်ခြင်းကိုလည်း လက်ခံခြင်းမရှိပေ။ ဘာသာရေးအပေါ် အပုပ်ချမှုဆုံးဖြတ်ချက် ပေါ်ထွက်လာခြင်းကိုလည်း OIC တွန်းအားပေးလျက်ရှိသည်။ ယင်းသို့ဖြင့် အစ္စလာမ်အပေါ်စော်ကားမှု၊ အကြမ်းဖက်ဘာသာရေးအဖြစ် တရားသေသတ်မှတ်မှုများကိုတိုက်ဖျက်ရန် ကြိုးပမ်းလျက်ရှိသည်။ ယင်းအရာများရှိပါက အစ္စလာမ်စိုးရိမ်မှုကို တိုက်ဖျက်နိုင်လိမ့်မည်ဟုဆိုသည်။ သို့သော်လည်း ဥပဒေကြောင်းအရ လိုက်နာရမည့်ဆုံးဖြတ်ချက် သို့မဟုတ် လိုက်နာရန်မလိုသည့်ဆုံးဖြတ်ချက်ဖြစ်ပါစေ လွတ်လပ်စွာပြောကြားခွင့်၊ ဘာသာရေးနှင့် နိုင်ငံရေးလွတ်လပ်ခွင့်ကို တားဆီးစေလိမ့်မည်ဟု လူ့အခွင့်အရေးသမားများက ထောက်ပြထားသည်။ အစ္စလာမ်မစ်နိုင်ငံများတွင် ဘာသာရေးအပေါ် စော်ကားမှုဆိုသည်ကိုအသုံးပြုပြီး လူနည်းစုများ၊ အစိုးရအတိုက်အခံများအပေါ် ဖိနှိပ်မှုများကို ၎င်းတို့ကထောက်ပြထားသည်။

ယင်းကဲ့သို့ ဘာသာရေးအပေါ် စော်ကားသည်ဆိုသော ဆုံးဖြတ်ချက်သည် လူ့အခွင့်အရေးအပေါ် အစ္စလာမ်မစ်နိုင်ငံများ အဓိပ္ပာယ်ဖွင့်ဆိုချက် ကွဲလွဲရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ကမ္ဘာလုံးချီ လူ့အခွင့်အရေး ကြေညာစာတမ်းကို ၁၉၄၈ ခုနှစ်တွင် ကုလသမဂ္ဂအဖွဲ့ထုတ်ပြန်ထားသော်လည်း အစ္စလာမ် လူ့အခွင့်အရေးဆိုင်ရာ ကိုင်ရိုထုတ်ပြန်ချက်ကို OIC က ၁၉၉၀ ပြည့်နှစ်တွင် အတည်ပြုလိုက်သည်။ ဘာသာကူးပြောင်းခွင့်ကို ကုလထုတ်ပြန်ချက်က လက်ခံသော်လည်း OIC အစ္စလာမ် လူ့အခွင့်အရေးထုတ်ပြန်ချက်က လက်မခံပေ။ ကိုင်ရိုထုတ်ပြန်ချက်အရ အခွင့်အရေးအားလုံးကို ရှရီးယားဥပဒေမှတစ်ဆင့် နားလည်၊ ဖတ်ရှုရမည်ဟုဆိုသည်။

စစ်ရာဇဝတ်မှုဖြင့် ဆူဒန်သမ္မတ အိုမာအယ်ဘာရှားကို ဖမ်းဆီးရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးက ၂၀၀၉ ခုနှစ်တွင် အမိန့်ထုတ်လိုက်ခြင်းကိုလည်း စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်မှုတို့တွင် စံနှုန်းနှစ်ရပ် ကျင့်သုံးမှုများ ရှိနေသည်ဟု ဂါဇာဒေသအပေါ် အစ္စရေးပြုမူမှုကိုထောက်ပြပြီး OIC က ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။

အကြမ်းဖက်ဝါဒ- အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး သဘောတူညီချက်ကို ၁၉၉၉ ခုနှစ်တွင် OIC ချမှတ်ခဲ့သော်လည်း အကြမ်းဖက်ဝါဒအပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ရုန်းကန်နေရသေးသည်။ ပါလက်စတိုင်း အသေခံ ဗုံးခွဲသမားများသည် အစ္စရေးသိမ်းပိုက်မှုအပေါ် ခုခံဆန့်ကျင်နေခြင်းကြောင့် အကြမ်းဖက်သမားအဖြစ် မမှတ်ယူသင့်ဟု ၂၀၀၂ ခုနှစ် OIC ဝန်ကြီး အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

မည်သည့်အကြောင်းကြောင့်ဖြစ်စေ အရပ်သားများအပေါ်တိုက်ခိုက်မှုကို အပြည်ပြည်ဆိုင်ရာဥပဒေက လက်မခံသဖြင့် အကြမ်းဖက်ဝါဒအပေါ် OIC အဓိပ္ပာယ်ဖွင့်ဆိုမှုပြင်ဆင်ရန် လူ့အခွင့်အရေးစောင့်ကြည့်ရေး HRW က ၂၀၀၈ ခုနှစ်တွင် တောင်းဆိုခဲ့သည်။ ‘အကြမ်းဖက်ဝါဒသည် ရှင်းလင်းစွာပြောရလျှင် လုံခြုံရေးကိစ္စမဟုတ်ဘဲ အီဒီရော်လော်ဂျီနှင့်သာဆိုင်ကာ နိုင်ငံရေး၊ လုံခြုံရေးနှင့် ယဉ်ကျေးမှုပိုင်း ထုတ်ဖော်ပြသမှုများပါဝင်နေကြောင်း’ ၂၀၀၉ ခုနှစ် OIC ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူရင်းဆောင်းပါးကို ၂၀၁၀ ပြည့်နစ်တွင် ရေးသားခဲ့ခြင်းဖြစ်ပြီး ယင်းကာလတွင် အစ္စလာမ်မစ် ညီလာခံအဖွဲ့အစည်း (Organization of Islamic Conference) ဟု ခေါ်ဆိုသည်။ သို့သော် ကာဇတ်စတန်နိုင်ငံ အတ်စတာနာမြို့၌ ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ပြုလုပ်သည့် (၃၈) ကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးတွင် အဖွဲ့နာမည်ကို အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization of Islamic Cooperation) အဖြစ် ပြောင်းလဲကာ ကမ္ဘာ့အရေးများတွင် ပိုမိုထိတွေ့ပါဝင်ရန် ဆုံးဖြတ်ခဲ့သည်။

ကိုးကား- Council on Foreign Relations.

 

ချမ်းမြေ့

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *