Originals

ကိုယ်ဟာ ဆန်းသစ်တဲ့အိုင်ဒီယာတွေ ထုတ်ဖော်ဖန်တီးသူ Original ဟုတ် မဟုတ် သိချင်ရင် မေးခွန်းလေးတစ်ခုပဲဖြေပေးပါ။ ‘မိတ်ဆွေ အင်တာနက်ကနေ သတင်းအချက်အလက်တွေ ရှာဖွေတဲ့အခါ ဘယ် Browser ကို သုံးလဲ။’ Internet Explorer နဲ့ Safari သုံးရင် Original မဟုတ်ဘူး။ Chrome နဲ့ Mozilla Firefox သုံးရင် Original ဖြစ်မယ်တဲ့။ တကယ်တော့ ကိုယ့်ကွန်ပျူတာက PC ဆိုရင် Internet Explorer က နဂိုကတည်းကပါပြီးသား Browser ဖြစ်သလို Mac သုံးရင် Safari က ပါပြီးသား Browser ပါ။ Chrome နဲ့ Firefox ဟာ သက်သက် Download ချပြီးမှသုံးရတဲ့ Browser တွေ။ ဒီတော့ Chrome သုံးသူ Firefox သုံးသူတွေဟာ မူလပါပြီးသား Browser ကိုမသုံးဘဲ တကူးတက Download ချပြီးမှ သုံးကြရတယ်။

အဆင်သင့်ပေးထားတာကိုပဲ မျက်စိမှိတ်မသုံးဘဲ သက်သက်ကြိုးစားပြီးမှ ရယူရတဲ့အတွက် Chrome နဲ့ Firefox သုံးသူတွေဟာ Original ဖြစ်နိုင်ခြေ ပိုများပါတယ်လို့  ‘Originals’ စာအုပ်က ပြောထားတာပါ။ ထုံးစံအတိုင်း New York Times ရဲ့   အရောင်းရဆုံး စာအုပ်စာရင်းဝင်ဖြစ်တယ်။ ဒီစာအုပ်က ဆန်းသစ်တဲ့ အိုင်ဒီယာတွေ ဘယ်လိုထွက်လာလဲ၊ ဘယ်လိုလူတွေက ထုတ်ဖော်ဖန်တီးနိုင်လဲဆိုတာကို လေ့လာဆန်းစစ်ထားတာပါ။

ဆန်းသစ်တဲ့အိုင်ဒီယာတွေ ထုတ်ဖော်ဖန်တီးတဲ့အခါမှာ အများစု အမှန်ထင်နေကြတာတွေ မှားကြောင်း ဒီစာအုပ်ထဲမှာ ထောက်ပြထားပါတယ်။ တကယ်တော့ Originals တွေဟာ မဟာလူသားတွေ၊ လူထူးဆန်းတွေ မဟုတ်ပါဘူး အများထဲက လူတွေပါပဲ။ ဒါဆို ဘယ်လိုလူတွေက Originals တွေ ဖြစ်လာကြသလဲ။

ခုနက Chrome နဲ့ Firefox  ဥပမာမှာပဲကြည့်ရင် Chrome နဲ့ Firefox ကို တကူးတက Download ချ သုံးစွဲသူတွေဟာ လက်ရှိပေးထားချက်နဲ့တင် မကျေနပ်ဘဲ ဒီ့ထက်ပိုတာကို ရယူသူတွေဖြစ်တယ်။ ဈေးရောင်းတယ်ဆိုရင် ရောင်းနေကျနည်းအတိုင်း မရောင်းဘဲ တခြား ဘယ်နည်းနဲ့ရောင်းရင် ပိုရောင်းရမလဲဆိုတာ အမြဲရှာဖွေနေသူတွေဖြစ်တယ်တဲ့။ တစ်ခုခုမှားနေရင် ဒါမှားနေကျပဲလို့မနေဘဲ ပြင်ကြသူတွေဖြစ်တယ်။

အရည်အသွေးကို လိုချင်ရင် အရေအတွက်ကို စွန့်လွှတ်ရတယ်၊ အရေအတွက်လိုချင်ရင် အရည်အသွေးကို စွန့်လွှတ်ရတယ်လို့ လူအများထင်ကြတယ်။ ဒါ့ကြောင့် တကယ့်ပြောင်မြောက်တဲ့အရာတွေ ဖန်တီးချင်ရင် နည်းနည်းပဲဖန်တီးရမယ်လို့ အစွဲရှိကြတယ်။ တကယ်တော့ ဒါဟာမှားနေပါတယ်တဲ့။ တစ်ခေတ်တစ်ယောက်လောက်ပေါ်ထွန်းခဲ့တဲ့ တီထွင်ဖန်တီးရှင်ကြီးတွေဟာ အိုင်ဒီယာသစ်တွေ အများကြီးအများကြီးစဉ်းစားတယ်၊ အကောင်အထည်ဖော်ကြည့်တယ်။ သူတို့ရဲ့အိုင်ဒီယာတွေ သုံးမရလို့ ပစ်လိုက်ရတာတွေ အများကြီးပဲ။ အဲဒါတွေထဲကမှ တချို့တချို့သော အိုင်ဒီယာတွေဟာ ခုထက်ထိ လူတွေလက်ဖျားခါရတဲ့ ဖန်တီးမှုတွေဖြစ်လာတယ်။ ဒါ့ကြောင့် Original ဖြစ်ချင်ရင် ကိုယ်ထုတ်နေကျ အိုင်ဒီယာတွေထက် သုံးဆ ပိုထုတ်ပါတဲ့။ စာရေးသူဆိုရင် စာများများရေး၊ သိပ္ပံညာရှင်ဆိုရင် လက်တွေ့စမ်းသပ်မှုတွေ များများလုပ်၊ မိန့်ခွန်းပြောသူဆိုရင် မိန့်ခွန်းများများပြော။

ကိုယ်ကျင်လည်နေကျနယ်ပယ်နဲ့ လုံးဝကွာခြားတဲ့နယ်ပယ်ကို ပြောင်းကြည့်ရင်လည်း တီထွင်ဆန်းသစ်တဲ့ Original Ideas တွေ ပိုထွက်တယ်တဲ့။ အင်္ဂလိပ်လိုဆိုရင် Originality တက်လာတယ်။ အဲလိုနယ်ပယ်ပြောင်းနည်း သုံးမျိုးရှိတယ်။ နံပါတ်တစ်၊ အတတ်ပညာအသစ် သင်ကြည့်ပါ။ နိုဘယ်လ်ဆုရသွားတဲ့ သိပ္ပံပညာရှင်တွေဆိုရင် ပန်းချီဘက်လှည့်၊ စန္ဒရားတီး၊ အကသင်တာမျိုးကနေ သူတို့ရဲ့ဖန်တီးမှု တိုးတက်လာတယ်။ နံပါတ်၂။ အလုပ်ရွှေ့ကြည့်တာ။ ဒီလုပ်ငန်းခွင်ထဲမှာပဲ အရည်အချင်းလိုအပ်ချက်မတူတဲ့ အလုပ်ကိုပါ တွဲလုပ်ကြည့်တာမျိုး။ ဥပမာ – ကားမောင်းတဲ့သူက ယာဉ်နောက်လိုက်လုပ်ကြည့်တာမျိုး။ စာအုပ်ဆိုင်မှာ အရောင်းကောင်တာထိုင်သူက ဧည့်ကြိုလုပ်ကြည့်တာမျိုး။ နံပါတ် ၃ ကတော့ ကိုယ်နဲ့ယဉ်ကျေးမှု လုံးဝကွာခြားတဲ့ ရပ်ဝေးမြေခြားမှာ သွားနေကြည့်တာမျိုး။ ကျင်လည်နေကျနဲ့ မတူတဲ့နေရာကိုရောက်တဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ဦးနှောက်တွေဟာလန်းဆန်းလာပြီး အသစ်အသစ်တွေ ပေါ်ထွက်လာတတ်တယ်။

Original တွေ ဘယ်လိုဖြစ်လာလဲ၊ ဘယ်လိုပတ်ဝန်းကျင်မျိုး ဖန်တီးပေးရင် Original တွေ ပိုထွက်လာမလဲ၊ ကိုယ့်လက်ရှိထက် Original  ဖြစ်အောင် ဘာတွေလုပ်ရမလဲ၊ ဒီမေးခွန်းတွေကို ဒီစာအုပ်နေရာအနှံ့အပြားမှာ ဖြေထားပါတယ်။ ကိုယ့်သားသမီးကို Original  ဖြစ်အောင် ပျိုးထောင်ပေးချင်တဲ့ မိဘတွေ၊ နိုင်ငံမှာ Original တွေများများ ထွက်ပေါ်စေချင်တဲ့ တိုင်းပြည်အုပ်ချုပ်သူတွေ၊ ကိုယ်ကိုယ်တိုင် Original ဖြစ်ချင်သူတွေ ဖတ်သင့်တဲ့ စာအုပ်ဖြစ်တယ်။

 

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *