လမ်း (၅) တရုတ်ပြည်၏ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် စီမံကိန်းနှင့် ပိုးလမ်းမသစ်အပေါ် အမေရိကန်၏တုံ့ပြန်ချက်

၂။ ဒုတိယမဏ္ဍိုင် -တရုတ်-မွန်ဂိုလီးယား-ရုရှားစီးပွားရေးစင်္ကြံ(CMREC) The China-Mongolia-Russia Economic Corridor (CMREC)

 

MSR မှာ အိန္ဒိယနှင့် အချို့သော အာဆီယံနိုင်ငံများအတွက် မျှော်လင့်ချက်ရော၊ စိုးရိမ်မှုအတွက်ပါ ရေခံမြေခံတစ်ခုလိုဖြစ်နေသည်။ တစ်ဖက်တွင် အဆိုပါစီမံကိန်းက ဒေသဆိုင်ရာကုန်သွယ်ရေးကို အဆင်ပြေလွယ်ကူစေပြီး ရေကြောင်းသွားလာရေးလွတ်လပ်မှုကို မြှင့်တင်ပေးနိုင်သော ပင်လယ်ပိုင်းဆိုင်ရာ ဗိသုကာပုံစံသစ်ကို ဖန်တီးပေးသည်။ အခြားတစ်ဖက်တွင်မူ တောင်တရုတ်ပင်လယ်တွင်း တင်းမာမှုများကို ပိုမိုသည်းထန်ပြင်းထန်စေနိုင်သည်။ အထူးသဖြင့် ၂၀၁၆ ဇူလိုင်တွင် အမြဲတမ်းရုံးတော် (P.C) မှ အနုညာတစီရင်ထုံး ထွက်ပေါ်ပြီးနောက်ပိုင်းတွင်ဖြစ်သည်။ ဤစီရင်ထုံးက တရုတ်ပြည်၏ ဒေသတွင်းသမိုင်းဆိုင်ရာ တောင်းဆိုမှုကို ဆန့်ကျင်ငြင်းဆန်ထားသည်။ ဤတွင် တရုတ်ပြည်အနေနှင့် MSR နှင့်ဆက်စပ်နေသော နယ်မြေပြန်တောင်းယူရေးလှုပ်ရှားမှုများနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဘောင်ခတ်ခြင်းတို့ကိုလုပ်လာပြီး တည်ဆဲအခြေအနေကိုပြောင်းလဲဖို့ ကြိုးစားလာနိုင်ပေသည်။

ဤအချက်က ပင်လယ်ကမ်းခြေနှင့်နီးသော နိုင်ငံများကို တရုတ်ပြည်၏ နယ်ပယ်ချဲ့ထွင်ရေးနှင့် ချိန်ခွင်လျှာမျှစေရန် မိမိတို့၏ ပင်လယ်ရေကြောင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ချက်ချင်းမြှင့်တင်ဖို့ အကြောင်းဖန်လာစေသည်။ ယခုပင်လျှင် ဤသဘောမျိုး စတင်ဖြစ်နေပြီဟုဆိုနိုင်သည်။

ဤအတွက် ထင်ရှားသောသာဓကမှာ အင်ဒိုနီးရှားပင်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံမှာ ၂၀၁၄ ခုနှစ်ကပင် ‘ကမ္ဘာလုံးအတိုင်းအတာ ပင်လယ်ပိုင်းဆိုင်ရာ ဝန်ရိုးမဟာဗျူဟာ’ ကို ကြေညာခဲ့ပြီးဖြစ်သည်။ ဤမဟာဗျူဟာ၏ရည်ရွယ်ချက်မှာ ပင်လယ်ပိုင်းဆိုင်ရာ ကာကွယ်ရေးကိုခိုင်မာအောင်တည်ဆောက်ရန်နှင့် အင်ဒိုနီးရှားကျွန်းစုများအတွင်းမှာရော အခြားအိမ်နီးချင်းနိုင်ငံများနှင့်ပါ ချိတ်ဆက်မှုများ တိုးတက်ကောင်းမွန်စေဖို့ဖြစ်သည်။ အိန္ဒိယ၏ဩဇာနယ်ပယ်အတွင်း တရုတ်တို့၏ ဆိပ်ကမ်းတည်ဆောက်မှုများမှာလည်း နယူးဒေလီကို စိုးရိမ်စိတ်များ မြင့်မားစေပါသည်။ ဤအချက်ကလည်း တရုတ်နှင့် အိန္ဒိယကြား ပင်လယ်ပြင်တွင် မဟာဗျူဟာယှဉ်ပြိုင်မှုများအတွက် ခလုတ်ဖြုတ်ပေးလိုက်သလိုရှိသည်။

နောက်ထပ် စိုးရိမ်ဖွယ်ရာဖြစ်လာနိုင်စရာရှိသောဒေသမှာ မြေထဲပင်လယ်ဒေသဖြစ်ပါသည်။ တရုတ်ပြည်အနေနှင့် မြေထဲပင်လယ်အရှေ့ပိုင်းထိ တိုးချဲ့သွားဖို့အစီအစဉ်ရှိနေသည်။ ရည်ရွယ်ချက်မှာ အာရှနှင့် ဗဟိုဥရောပကို အစ္စရေး၊ ဆိုက်ပရပ်၊ ဂရိနှင့် ဘော်လကန်နိုင်ငံတို့မှတစ်ဆင့် ကုန်သွယ်ရေးလမ်းကြောင်းအသစ် ဖွင့်လှစ်နိုင်ဖို့ဖြစ်သည်။ ၂၀၁၆ ဧပြီလတွင် တရုတ်ပိုင် ‘ကိုစကို ဦးပိုင်ကော်ပိုရေးရှင်း’ က ဂရိနိုင်ငံ၏ ‘ပီရေးရပ်စ်’ ဆိပ်ကမ်းတည်ဆောက်ရေး ရင်းနှီးမြှုပ်နှံငွေ၏ ၆၇ ရာခိုင်နှုန်းကို ဝယ်ယူလိုက်သည်။ ဤဆိပ်ကမ်းမှာ ဥရောပတောင်ပိုင်း၏ အကြီးဆုံးဆိပ်ကမ်းတစ်ခုဖြစ်သည်။ ထိုမျှမက တရုတ်ကုမ္ပဏီများမှာ အစ္စရေးနိုင်ငံ ‘ဟိုင်ဖား’ ဆိပ်ကမ်းတည်ဆောက်ရေးတွင်လည်း လေလံအောင်ထားသည်။ ဟိုင်ဖားမှတစ်ဆင့် ပို၍သေးငယ်သော ‘အက်ရှ်ဒေါ’ ဆိပ်ကမ်းနှင့် ‘ထရီပိုလီ’ ဆိပ်ကမ်းထိပါ တိုးချဲ့သွားမည့်ပုံရှိသည်။

တရုတ်ပြည်မှာ ၎င်း၏ရည်မှန်းချက်ကို ယခုပင်ကြေညာခဲ့ပြီးဖြစ်သည်။ ပီရေးရပ်စ်ဆိပ်ကမ်းမြို့မှ ဟန်ဂေရီထိ ရထားလမ်းဖောက်မည်ဖြစ်ပြီး ဖြစ်နိုင်လျှင် ဤလမ်းတွင် ဆားဗီးယားမှတစ်ဆင့် ဂျာမနီပါ ပါဝင်လာနိုင်သည်ဟုဆိုသည်။ အဆိုပါလုပ်ဆောင်မှုများမှာ ယခုလောလောဆယ်အထိတော့ ကုန်သွယ်ရေးသက်သက်ဟု ဆိုနိုင်ပါသေးသည်။ သို့နှင့်တိုင် မြေထဲပင်လယ်ဒေသအတွင်း တရုတ်၏တည်ရှိမှုကြီးထွားလာသည်နှင့်အမျှ တစ်ချိန်မဟုတ် တစ်ချိန်တွင် တရုတ်ရေတပ်လှုပ်ရှားမှုများ ထွက်ပေါ်လာနိုင်စရာရှိနေသည်။ ဤသို့ဖြစ်လာခဲ့လျှင် စစ်အေးတိုက်ပွဲ ပြီးဆုံးကတည်းက စိန်ခေါ်မခံရသေးသော အမေရိကနှင့် နေတိုးတို့၏ ကြီးစိုးလွှမ်းမိုးမှုနှင့် ညှိနှိုင်းဖို့လိုပါလိမ့်မည်။

ကုန်းတွင်းပိတ် မွန်ဂိုလီးယားမှာ ‘မဟာ’ ကြီးနှစ်ခုကြားတွင် တည်ရှိသည်။ တရုတ်နှင့် ရုရှားတို့ဖြစ်ပါသည်။ ယခုချိန်အထိတော့ အာရှ၏ အရှေ့မြောက်ပိုင်းနိုင်ငံသုံးခု (တရုတ်၊ မွန်ဂိုလီးယားနှင့် ရုရှား) ကြား စီးပွားရေးအဆက်အသွယ်မှာ အသင့်အတင့်ကောင်းနေဆဲဟု ဆိုနိုင်ပါသည်။ သို့တိုင် တရုတ်ပြည်၏ ကြီးထွားလာသော ကုန်ကြမ်းလိုအပ်ချက်က မွန်ဂိုလီးယားအတွက်ရော ရုရှား၏ဖွံ့ဖြိုးမှုနောက်ကျသော အရှေ့ခြမ်းအတွက်ပါ ပို၍အရေးပါလာစေသည်။ တရုတ်ပြည်မှာ မွန်ဂိုလီးယားတောင်ပိုင်းရှိ ‘ထာဗန်ထိုလ်ဂိုရီ’ ကျောက်မီးသွေးမိုင်းကို စိတ်ဝင်စားလျက်ရှိသည်။ အဆိုပါမိုင်းမှာ ထုတ်မသုံးရသေးသော ကမ္ဘာ့အကြီးဆုံး သတ္တုသိုက်တစ်ခုဖြစ်သည်။ ထို့ထက် တရုတ်တို့မှာ မွန်ဂိုလီးယား၏ ရိက္ခာတင်သွင်းမှု အထူးသဖြင့် အမဲသားနှင့် သိုးသားအပေါ် မှီခိုနေရသည်။

ထိုမျှမက တရုတ်ပြည်၏ အရှေ့မြောက်ပိုင်းနှင့် အနောက်ပိုင်းပြည်နယ်များအတွက် ရုရှားမှတည်ငြိမ်သော သဘာဝဓာတ်ငွေ့အထောက်အပံ့ကိုလည်း ရှာဖွေလျက်ရှိသည်။ မွန်ဂိုလီးယားမှာ ၎င်း၏ပို့ကုန်မှရသောဝင်ငွေ၏ ၈၆ ရာခိုင်နှုန်းကို သတ္တုတူးဖော်ရေးမှ ရရှိခြင်းဖြစ်သည်။ သို့နှင့်အမျှ တရုတ်နှင့် ရုရှားဆိပ်ကမ်းများမှတစ်ဆင့် ပို့ကုန်ဈေးကွက်သစ်များရရှိရန် လိုအပ်နေသည်။ ရုရှားအနေနှင့်မူ ၎င်း၏အနောက်ခြမ်းဒေသများ အဆက်ပြတ်အထီးကျန်မှုမှ ဖောက်ထွက်နိုင်ရန် သုံးနိုင်ငံဆက်ဆံရေးကို နည်းလမ်းတစ်ခုအဖြစ် အသုံးချနိုင်ရန် ကြိုးစားနေသည်။ တန့်ခံနေသော ဥရောပဈေးကွက်မှဖယ်ခွာ၍ ၎င်း၏စွမ်းအင်ပို့ကုန်ကို ပဒေသာစုံဖြန့်နိုင်ရန်လည်း ကြိုးစားလျက်ရှိသည်။

အာရှအရှေ့မြောက်ပိုင်း ပေါင်းစည်းရေးနှင့်ပတ်သက်လျှင်မူ ရုရှားရော မွန်ဂိုလီးယားပါ သူတို့၏ကိုယ်ပိုင်စီမံကိန်းများကို တင်ပြခဲ့ပြီးဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ရုရှားက ‘ယူရေးရှားဖြတ်ကျော်ရပ်ဝန်းဖွံ့ဖြိုးရေး’ (TEPR) ကို အဆိုပြုခဲ့သည်။ အဆိုပါ TEPR မှာ ရှိပြီးဖြစ်သော ဆိုက်ဘေးရီးယားဖြတ်ကျော်ရထားလမ်းနှင့် အပြိုင်ဖြစ်နေသော ယာဉ်လမ်းကြောဖြစ်သည်။ ဆိုခဲ့ပါ ရထားလမ်းတစ်လျှောက်တွင် ရထားကွန်ရက်သစ်တစ်ခုနှင့် ရေနံနှင့် ဓာတ်ငွေ့ပိုက်လမ်းတို့ပါဝင်ပြီးဖြစ်သည်။

မွန်ဂိုလီးယား၏ ‘ပရေရီလမ်းစီမံကိန်း’ (မြက်ခင်းလွင်ပြင်လမ်းဟုလည်း အမည်တွင်သည်)မှာ တရုတ်နှင့် ရုရှားကို ချိတ်ဆက်ထားသော မိုင် ၆၀၀ ရှိသည့် အမြန်လမ်းမကြီးတစ်ခုပါသည်။ ဤလမ်းမကြီးမှာ မွန်ဂိုလီးယားဖြတ်ကျော်ရထားလမ်းတိုးချဲ့နှင့် ဆက်စပ်နေပြီး လျှပ်စစ်ဓာတ်အားလွှတ်ထားသော ရထားလမ်းပါသည်။ ရေနံနှင့် ဓာတ်ငွေ့ပိုက်လမ်းလည်းပါသည်။ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တွင် ဆိုခဲ့ပါ သုံးနိုင်ငံခေါင်းဆောင်များအနေနှင့် နှစ်ကြိမ်တိတိ တွေ့ဆုံခဲ့ကြပါသည်။ ရည်ရွယ်ချက်မှာ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ရေး ဖွံ့ဖြိုးရေးအတွက် လမ်းပြမြေပုံတစ်ရပ် သဘောတူရေးဆွဲနိုင်ဖို့ဖြစ်သည်။ ဤလမ်းပြမြေပုံအရ တည်ဆဲစီမံကိန်းများကို အကောင်အထည်ဖော်မည်ဖြစ်ပြီး နောက်ထပ်ဆက်သွယ်ရေးအလွှာတစ်ခု တည်ဆောက်မည်ဖြစ်သည်။ အဆိုပါအလွှာသစ်သည်ပင် CMREC စင်္ကြံဟုခေါ်ခြင်းဖြစ်သည်။

ယခုလောလောဆယ် တရုတ်-မွန်ဂိုလီးယားကုန်သွယ်မှုမှာ လမ်းကြောင်းနှစ်ခုနှင့်သာ ကန့်သတ်ထားသည်။ ပထမတစ်ခုမှာ မွန်ဂိုလီးယားမြို့တော် ‘အူလန်ဘားတား’ မှ အတွင်းမွန်ဂိုလီးယားရှိ တရုတ်ပြည်နယ် ‘ဘော့လျန်’ကိုဖြတ်၍ ‘တျန်းကျင်း’ဆိပ်ကမ်းထိရောက်သော မိုင် ၁,၂၀၀ ရှည်သည့်လမ်းကြောင်းဖြစ်သည်။ နောက်တစ်ခုမှာ မွန်ဂိုလီးယားအရှေ့ပိုင်း ‘ချိုင်ဘလာဆန်’ မြို့မှ အတွင်းမွန်ဂိုလီးယားရှိ ‘မန်ကျိုးလီ’ကိုဖြတ်ကာ ‘တလျန်’ဆိပ်ကမ်းထိပေါက်သော မိုင် ၁,၄၀၀ ရှည်သည့် လမ်းကြောင်းဖြစ်သည်။

‘CMREC’ တွင်ပါဝင်ဖို့ အဆိုပြုထားသည့်လမ်းကြောင်းတွင် မြန်နှုန်းမြင့်ရထားလမ်းနှင့် ကားလမ်းအဆက်အသွယ်တို့ပါဝင်သည်။ ဤလမ်းကြောင်းကို လိုင်းနှစ်လိုင်းခွဲထားသည်။ ပထမလိုင်းကြောင်းမှာ ‘ဘိုဟိုင်ပင်လယ်အော်စီးပွားရေးစက်ဝန်း’ (၎င်းတွင် ဘေဂျင်း၊ ထန်ကျင်းနှင့် ဟယ်ဖေးဒေသများပါဝင်သည်) ကို အတွင်းမွန်ဂိုလီးယားရှိ ‘ဟူးရှစ်’ မှတစ်ဆင့် ရုရှားထိဆက်သွယ်ပေးမည်ဖြစ်သည်။ ဒုတိယလိုင်းကြောင်းမှာ ‘တလျန်’ မှ ‘ရှန်ယန်း’ ၊ ‘ချန်ချွင်း’ ၊ ‘ဟာပင်’ ၊ ‘မန်ကျိုးလီ’ တို့ကိုဖြတ်၍ ရုရှားနိုင်ငံ ‘ချီထာ’အထိ ဆက်သွယ်ပေးဖို့ဖြစ်သည်။

အကယ်၍ ဆိုခဲ့ပါလမ်းများသာ တည်ဆောက်ပြီးသွားလျှင် မွန်ဂိုလီးယားကျောက်မီးသွေးမှာ တရုတ်ပြည်၏ အရှေ့မြောက်ပိုင်းပြည်နယ်သုံးခုမှတစ်ဆင့် အရှေ့ဘက်ဆုံး ‘ဗလာဒီဗော့စတော့’ မြို့အထိ ရောက်ရှိနိုင်ပါလိမ့်မည်။ ထိုမျှမက တရုတ်ဆိပ်ကမ်းများတွင်လည်း တိုက်ရိုက်ကိုင်တွယ်နိုင်ပါလိမ့်မည်။ အထူးသဖြင့် ကမ္ဘာ့အကြီးဆုံး ကျောက်မီးသွေးတင်ပို့ရာဆိပ်ကမ်းဖြစ်သည့် ‘ချင်ဟွမ်သောင်’ တွင်ဖြစ်သည်။

မွန်ဂိုလီးယား၊ တရုတ်နှင့် ရုရှားစီးပွားရေး စင်္ကြံအခြေခံအဆောက်အဦ တည်ဆောက်ရာတွင် စိန်ခေါ်ချက်တစ်ခုမှာ အဆိုပါသုံးနိုင်ငံ၏ သံလမ်းနှစ်ခုကြား အကွာအဝေးကွာဟမှုပင်ဖြစ်သည်။ ရုရှားမီးရထားလမ်းများ၏ သံလမ်းနှစ်ခုကြားအကျယ်မှာ ၁,၅၂၀ မီလီမီတာရှိသည်။ တရုတ်သံလမ်းများကမူ ၁,၄၃၅ မီလီမီတာမျှသာရှိသည်။ ဤအချက်က တရုတ်နှင့် မွန်ဂိုလီးယားကြား ရုရှားနှင့် ဥရောပကြား နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေးတွင် ကုန်ကျစရိတ်များပြီး ဒုက္ခများစေမည်ဖြစ်ပါသည်။ သို့အတွက် CMREC အနေနှင့် ရထားလမ်းများ၊ ဟိုင်းဝေးအဆက်အသွယ်များကို ပိုကောင်းအောင်တည်ဆောက်ဖို့ လိုပါလိမ့်မည်။ အခွန်ခွင့်ပြုမိန့်၊ ကုန်စည်စီးဆင်းရေး လွယ်ကူချောမွေ့စေမှုနှင့် နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင်ပေးဖို့လည်း လိုပါလိမ့်မည်။

ဆက်လက်ဖော်ပြပါမည်။
ကျော်ဝင်း (၃ မေ၊ ၂၀၁၈)
စာညွှန်း – It Takes a Road

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *