Regional Roundup

ပြင်းထန်ထိရောက်စွာ ဖမ်းဆီးအရေးယူ အပြစ်ပေးပါက ယင်းကဲ့သို့ သတ်ဖြတ်ကြတော့မည် မဟုတ်ပေ။

လူလက်ချက်မိတဲ့ တောဆင်ရိုင်း

(ဧရာဝတီ)

ဧရာဝတီတိုင်းသာပေါင်းမြို့နယ် ဘောမိသစ်တောကြိုးဝိုင်းအတွင်း စွယ်စုံတောဆင်ရိုင်းတစ်ကောင် အသတ်ခံလိုက်ရသည်။

တောဆင်ရိုင်းကို အရေခွံတစ်ခြမ်းခွာထားပြီး ဆင်နှာမောင်းကိုလည်း ဖြတ်တောက်ထားသည်ကို တာဝန်ရှိသူများက တွေ့ရှိခဲ့ရသည်။

မြန်မာနိုင်ငံအရပ်ရပ်ရှိ သစ်တောကြိုးဝိုင်းများတွင် ယခုနှစ်အတွင်း တောဆင်ရိုင်းများမှာ မကြာခဏသတ်ဖြတ်ခံနေရပြီး မြန်မာ့ဆင်များ၏ အနာဂတ်မှာ စိုးရိမ်ဖွယ်ဖြစ်လျက်ရှိသည်။
———————————————————-
မိုးခိုဈေးသည်များ နေရပ်ပြန်ပါ

(မကွေး)

ရွှေစက်တော်ဘုရားပွဲတော်ချိန်မဟုတ်ဘဲ ဆက်လက်နေထိုင်ရောင်းချနေသည့် မိုးခိုဈေးသည်များကို ရောင်းချခွင့်ပေးမည် မဟုတ်သဖြင့် မေလ ၁၂ ရက်နေ့ နောက်ဆုံးထား နေရပ်သို့ပြန်ရန် အမိန့်စာ ထုတ်ပြန်ကြေညာခဲ့သည်။

လိုက်နာခြင်းမရှိလျှင် ဥပဒေအရ အရေးယူမည်ဟုလည်း ဆိုထားသော်လည်း မပြန်ဘဲ ဈေးဆက်လက်ရောင်းချသူများရှိသည်ဟုလည်း ဒေသခံတို့က ဆိုကြသည်။

ယခုနှစ်တွင် မိုးခိုဈေးသည်ဆိုင်ခန်း ၆၀ခန့်ရှိသည်။
—————————————————————
ဒူးရင်းသီးစားပွဲတော်

(ကရင်)

ကော့ကရိတ်မြို့နယ်တွင် ပြုလုပ်သည့် ဒူးရင်းသီးစားပွဲတော်သို့ လူတစ်သောင်းဝန်းကျင် တက်ရောက်သည်။

တောင်ကြားအင်းကျေးရွာအုပ်စုတွင် မေလ ၁၂ ရက်နေ့က ကျင်းပသည့် ဒူရင်းသီးစားပွဲတော်သို့ ယခုနှစ်မှာ လာရောက်သူအများဆုံးနှစ်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

ပွဲတော်လာရာလမ်းကို အဆင့်မြှင့်တင်လိုက်သဖြင့် သွားလာရလွယ်ကူလာသဖြင့် လာရောက်သူများပြားခဲ့ပြီး ကနဦးတွင် ဒူးရင်းသီး အလုံးငါးထောင် စီစဉ်ထားသော်လည်း မလောက်ငသဖြင့် အလုံးနှစ်ထောင် ထပ်တိုးကျွေးမွေးခဲ့ရသည်။

ယင်းပွဲတော်မှာ နှစ်ပေါင်း ၄၀ ကျော် ရှိနေပြီဖြစ်သည်။
—————————————————————
လုပ်ခလစာညှိရာမှ ကုမ္ပဏီကို မီးရှို့

(ကချင်)

ဖားကန့်မြို့နယ် ဆန်ခါကျေးရွာအနီးရှိ ‘ရတနာ ရွှေအိတ်’ ကုမ္ပဏီရုံးရှေ့၌ ဝန်ထမ်း ၁၀၀၀ ဦး ခန့်သည် ရရှိပိုင်ခွင့်များကို တောင်းဆိုရာ ပြေလည်မှုမရရှိခဲ့သဖြင့် မေလ ၁၃ ရက်နေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး လုပ်သားများသည် အိပ်ဆောင်နှင့် ကုမ္ပဏီရုံးခန်းတို့အား မီးရှို့ထွက်ပြေးခဲ့ကြသည်။

ကုမ္ပဏီရုံးခန်းအပါအဝင် အဆောင်များ၊ ဂိုဒေါင်များ၊ ယာဉ်များလည်း ဖျက်ဆီးခံခဲ့ရသည်။ အဆိုပါဝန်ထမ်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သဖြင့် သုံးဦးတွင် ဒဏ်ရာများရရှိခဲ့ပြီး တစ်ဦး သေဆုံးခဲ့သည်။ လုပ်သား ၅၀ ဦးကို ဖမ်းဆီးထားသည်။
——————————————————————
ကြက်သွန်နီမျိုးစေ့ တစ်ပြည် ကျပ်တစ်သိန်း

(စစ်ကိုင်း)

ကြက်သွန်နီမျိုးစေ့ရှားပါးလာသဖြင့် မုံရွာလျှင် တစ်ပြည်လျှင် ကျပ်တစ်သိန်းအထိ ဈေးပေါက်လျက်ရှိသည်။

မိုးကြောင့် စိုက်ခင်းအချို့ပျက်စီးခဲ့သဖြင့် ယခုကဲ့သို့ ဈေးတက်နေခြင်းလည်း ဖြစ်သည်။ ယခင်က ကြက်သွန်နီ မျိုးစေ့တစ်ပြည်လျှင် ကျပ်ငါးသောင်းကျော်သာ ရှိခဲ့သည်။
———————————————————————
လွှတ်တော်နှင့် အတိုင်ပင်ခံ

(ပဲခူး)

ပဲခူးတိုင်းအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများ အရည်အသွေးကို စိစစ်ရသည့်အဖွဲ့ (BRCCA) ၏ လုပ်ငန်းများကို တိုင်းလွှတ်တော်က ဖေဖော်ဝါရီလ၂၁ရက်တွင်မဲခွဲ၍ ရပ်ဆိုင်းခဲ့သည်။

သို့သော်လည်း ယင်းကိစ္စကို ပြန်လည်ညှိနှိုင်းရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်ထားသည်ဟု တိုင်းအစိုးရဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ယခုလအတွင်း ပြန်ပြောပြသည်။

လွှတ်တော်၏ မဲခွဲဆုံးဖြတ်ထားမှုကို အတိုင်ပင်ခံက ပြန်လည်ညှိနှိုင်းခိုင်းထားခြင်းကြောင့် ဆက်လက်စောင့်ကြည့်ရမည့်ကိစ္စလည်း ဖြစ်သည်။
————————————————————–
မူလပိုင်ရှင်တွေမဟုတ်လို့ မြေပြန်မပေး

(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် မေလ ၁၆ ရက်နေ့တွင် ပြုလုပ်မည့် တပ်သိမ်းလယ်ယာမြေ ပြန်လည်ပေးအပ်ပွဲတွင် လက်ခံမည့် တောင်သူများသည် မူလပိုင်ရှင်များ မဟုတ်သဖြင့် အဆိုပါပွဲကို ပြန်လည်ဖျက်သိမ်းလိုက်သည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ပေးအပ်မည့် အဆိုပါပွဲတွင် ကလေးမြို့ အမှတ် (၃၆၂) ခြေလျင်တပ်ရင်းမှ စွန့်လွှတ်သည့် ကြက်ဖိနပ်နှင့် ကံကြီးကျေးရွာအုပ်စုများအတွင်းမှ မြေယာ ၁၅၂ ဧကကျော်ကို တောင်သူ ၂၆ ဦးထံ ပြန်လည်ပေးအပ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ခရိုင်လယ်/စီ ၏ ကွင်းဆင်းစိစစ်မှုအရ အဆိုပါ တောင်သူ ၂၆ ဦးသည် မူလပိုင်ရှင်များ မဟုတ်ကြောင်း တွေ့ရှိခဲ့သည်။

မြန်မာနိုင်ငံနေရာအနှံ့တွင် တပ်သိမ်းမြေယာများ ပြန်လည်စွန့်လွှတ်ပေးအပ်ပွဲပြုလုပ်နေစဉ် မူလပိုင်ရှင်မဟုတ်ဟု ဆိုကာ ပြန်လည်ပေးအပ်ခြင်းမပြုသည်မှာ ပထမဆုံးဖြစ်သည်။
————————————————————–
တရားဥပဒေစိုးမိုးအောင် လုပ်ပေးပါ

(မွန်)

မွန်ပြည်နယ်တွင် တရားဥပဒေစိုးမိုးရေးအတွက် ဒေသခံများ သုံးရက်ကြာ ဆန္ဒဖော်ထုတ်ကြသည်။

မေလ ၁၄ ရက်နေ့မှ စတင်ကာ ကျိုက်ထို၊ မော်လမြိုင်၊ ရေးမြို့နယ်ရှိ ဒေသခံများက ဆန္ဒဖော်ထုတ်ခြင်းဖြစ်သည်။ ပင်လယ်ပြင်တွင် အလုပ်လုပ် ကိုင်နေသည့် ရေလုပ်သားများ သတ်ဖြတ်ညှဉ်းပန်းနှိပ်စက်ခံရမှု အရေးယူပေးရေး အပါအဝင် အချက် ၂၀ ကျော်ကို ကြွေးကြော်တောင်းဆိုကြသည်။

တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးပျက်ပြားစေနိုင်ခြင်း၊ မတရားဖိနှိပ်ခံရသော ပြည်သူများအတွက်တိုင်ကြားသော်လည်း အရေးမယူသဖြင့် အစိုးရအနေနှင့် လုပ်ဆောင်ပေးရန် ယင်းသို့ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ဦးထွန်းအေးက ပြောဆိုသည်။
————————————————————
ဝန်ကြီးချုပ်ကို ခေါ်မစစ်ပါ

(တနင်္သာရီ)

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို စစစ ကခေါ်ယူစစ်ဆေးသည်မှာ ကောလာဟလသာဖြစ်ကြောင်း တိုင်းအစိုးရက ငြင်းဆိုလိုက်သည်။

ခေါ်ယူစစ်ဆေးခြင်းမဟုတ်ဘဲ အစည်းအဝေးတက်ရောက်နေခြင်းသာဖြစ်ပြီး နေပြည်တော်အစိုးရအဖွဲ့ ရိပ်သာတွင် ရှိနေသည်ဟု တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူးက ဆိုသည်။

ယခုရက်ပိုင်းအတွင်း ပြည်ထောင်စုဝန်ကြီးအချို့ကို လာဘ်စားမှုကြောင့် ခေါ်ယူစစ်ဆေးသည်ဟု သတင်းများထွက်ပေါ်လျက်ရှိပြီး ဝန်ကြီးအပြောင်းအလဲဖြစ်မည်ဟူသည့် သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။
——————————————————————
ဝန်ကြီးတွေပြီးတော့ ထွေ/အုပ်

(ချင်း)

ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများပြီးနောက် ထွေ/အုပ်အရာထမ်းတစ်ဦးကို လုပ်ငန်းများဆောင်ရွက်မှု အားနည်းကြောင်း စွဲချက်တင်ခံလိုက်ရသည်။

ဟားခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအုပ်ချုပ်ရေးမှူး ဦးချန်ဖီယာန်သည် ရုံးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပူးပေါင်းပါဝင်မှု မရှိခြင်း၊ အစည်းအဝေးများ တက်ရောက်မှု အားနည်းခြင်းစသည်တို့ အပါအဝင် အချက်၁၃ချက်ဖြင့် ဌာနတွင်းစွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်းချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

မကြာသေးမီကလည်း ချင်းပြည်နယ်ဝန်ကြီးသုံးဦးသည် လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် အားနည်းမှုများရှိသဖြင့် ဌာနချင်းပြောင်းလဲတာဝန်ယူရန် သမ္မတရုံးထံ စာတင်ပြထားကြောင်း ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ့က ပြောကြားထားသည်။
——————————————————————–
လ၀ကဦးစီးမှူး အတိုင်ခံရ

(ရခိုင်)

ဘူးသီးတောင်မြို့နယ် လ၀ကဦးစီးမှူးသည် ဒေသခံတိုင်းရင်းသားများထံမှ ငွေကြေး တံစိုးလက်ဆောင်များ တောင်းခံသည်ဟုဆိုကာ တိုင်ကြားခံရသည်။

ဘူးသီးတောင်မြို့နယ်ပြည်သူ့လွှတ်တော်အမတ်ဦးအောင်သောင်းရွှေက မေလ ၁၄ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားလိုက်ခြင်းဖြစ်သည်။ မှတ်ပုံတင်လုပ်ရာတွင် ယင်းသို့ တောင်းခံခြင်း၊ ရိုင်းပျစွာဆက်ဆံခြင်း၊ အပြစ်ရှာကာ အချိန်ကြန့် ကြာအောင် လုပ်နေသည်ဟု ၎င်းက ဆိုသည်။

လ၀ကဦးစီးမှူးဦးမြင့်သိန်းကမူ ငွေကြေးတစ်စုံတစ်ရာတောင်းခံခြင်းမရှိဟု ပြောဆိုသည်။
———————————————————————

ပကတိစစ်ပွဲအခြေအနေကို ဖော်ပြလိုခြင်းဖြစ်သော်လည်း မြင်ရသူများမှာ စိတ်မသက်မသာဖြစ်ရသည်။

စစ်ပွဲကို Facebook ပေါ် Live လွှင့်တဲ့ TNLA တပ်

(ရှမ်း)

တအန်း အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (TNLA) သည် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်ဖွဲ့ (RCSS/SSA) ကို ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်ခွန်ကော် ဒေသတစ်ဝိုက်တွင် နယ်မြေရှင်းလင်းနေသည့် ဗီဒီယိုမှတ်တမ်းသုံးခုကို လူမှုကွန်ရက် Facebook တွင် Live လွှင့်တင်ခဲ့သည်။

PSLF-TNLA News & Information အမည်ရ Facebook စာမျက်နှာတွင် မေလ ၁၃ ရက်နေ့၌ မှတ်တမ်း(၁)၊ မေလ ၁၆ ရက်တွင် မှတ်တမ်း (၂)နှင့် (၃)အဖြစ် စစ်တိုက်နေသည့် စစ်မြေပြင် Live လွှင့်တင်ခဲ့ခြင်း ဖြစ်သည်။

ကျောက်မဲမြို့နယ် ခွန်ကော်ကျေးရွာအုပ်စုအနီးတစ်ဝိုက်တွင် မတ်လ ၂၄ မှစတင်၍ RCSS တပ်ဖွဲ့က လက်နက်ကြီးများ ပစ်ခတ်ခဲ့သည့်အပြင် တံတားများမီးရှို့ဖျက်ဆီးခြင်း၊ နေရပ်ပြန်စစ်ဘေးရှောင်နှင့် လူမှုအသင်းများကို တားဆီးခြိမ်းခြောက်မှုများရှိသည်ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ဆိုထားသည်။

တအန်းပြည်နယ်တပ်မဟာ (၁) နယ်မြေကွတ်ခိုင်မြို့နယ် လွယ်ခွမ်ကျေးရွာနှင့် ဟိုမော ကျေးရွာကြားတွင် မေလ ၁၆ ရက်နေ့ နံနက်ပိုင်း ၀၆း၀၀ နာရီမှ ၀၆း၃၀ နာရီ အချိန်ထိ TNLA တပ်ရင်း ၅၇၁၊ ၄၇၈ နှင့် မြန်မာ့တပ်မတော်တပ်မ (၈၈) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *