ဝန်ကြီးအဖြစ်မှ နုတ်ထွက်သွားသော ဆလိုင်းအိုက်ဇက်ခင်နှင့်မေးမြန်းခြင်း

“ထွက်ဖို့ဆိုတဲ့ကိစ္စက ကျွန်တော့်ရွေးချယ်မှုပဲဖြစ်ပါတယ်”

ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာနဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကို ၎င်း၏ သဘောဆန္ဒအလျောက် ပြည်နယ်ဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတက မေလ ၁၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။ ယင်းကဲ့သို့ နုတ်ထွက်ရသည့်အကြောင်းတို့ကို သိရှိနိုင်ရန်အတွက် ကာယကံရှင်နှင့် The Voice Weekly တို့ ဆက်သွယ်မေးမြန်းမှုကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

The Voice Weekly – ဘာကြောင့် နုတ်ထွက်ခဲ့သလဲဆိုတာအရင်ဆုံးပြောပြပေးပါ။

SIK – အဓိကတော့ဟားခါးမြို့ပြစီမံကိန်းကိစ္စပေါ့ နော်။ နောက်ပြီးတော့ ဟားခါးဈေးတည်ဆောက်ရေး၊ ဖလမ်းရေပေးရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်းမှာ ပြီးစီးအောင် မဆောင်ရွက်နိုင်ခဲ့တဲ့အတွက်ကြောင့်မို့ ပြည်သူလူထုရဲ့ Complaint (တိုင်ကြားမှု) ရှိတယ်။ ဒီအတွက်ကြောင့် မိမိကွပ်ကဲမှုအောက်မှာရှိတဲ့ ဌာန လုပ်ငန်းတွေ ဖြစ်တဲ့အတွက်ကြောင့်မို့ တာဝန်ခံတာဝန်ယူမှုအနေနဲ့ သဘောဆန္ဒအလျောက်နုတ်ထွက်ဖို့ တင်သွင်းတာဖြစ်ပါတယ်။

The Voice Weekly – တကယ်ကော လုပ်ငန်းတွေ မပြီးခဲ့ဘူးလားဗျ။

SIK – မပြီးခဲ့ဘူးလားဆိုတော့ ဟားခါးမြို့ ရေပေးရေးဆို၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်၊၂၀၁၇ မတ်လကစလုပ်တာပေါ့။ ၂၀၁၈ မတ်လကုန်တဲ့အထိ လုပ်ငန်းတွေက မပြီးပြတ်နိုင်ဘူးပေါ့လေ။ အဲဒါတွေ ရှိပါတယ်။

The Voice Weekly – ဘာကြောင့် မပြီးပြတ်တာလဲဆိုတာကော ပြောလို့ရမလား။

SIK – ဘာကြောင့်မပြီးပြတ်လဲဆိုတာလောလောဆယ်တော့ ကျွန်တော့်အနေနဲ့ ပြောဖို့ခက်တယ်။ လောလောဆယ်အသေးစိတ် ပြောဖို့စောသေးတယ်။ အဲဒါပြောရင် မလိုလားအပ်တဲ့ နောက်ထပ်အသေးစိတ်ကိစ္စတွေ ပါလာနိုင်တယ်။ ထိခိုက်စရာတွေပါလာ နိုင်တယ်။

The Voice Weekly – အစိုးရအဖွဲ့အတွက် အားကိုးရတဲ့ ဝန်ကြီးတစ်ယောက်အဖြစ် သတ်မှတ်ခံထားရတယ်။ နုတ်ထွက်သွားတဲ့အတွက် အစိုးရအဖွဲ့ရဲ့ လုပ်ငန်းလုပ်ဆောင်မှုတွေ ဘယ်လိုဖြစ်သွားမလဲ။

SIK – အဲဒါတော့ကျွန်တော့်အနေနဲ့ ဘာမှမှတ်ချက်မပေးလိုဘူး။ ကျွန်တော့်အနေနဲ့တော့ ကိုယ့်အခန်းကဏ္ဍမှာ ကိုယ်အကောင်းဆုံးဆောင်ရွက်ခဲ့တာပေါ့နော်။

The Voice Weekly – အဂတိလိုက်စားမှုရှိတယ်လို့ စွပ်စွဲခံရတဲ့အပေါ် ဘာဖြေရှင်းချက်ပေးချင်လဲ။

SIK – အဲဒီကိစ္စနဲ့ပတ်သက်ရင် ကျွန်တော်က တရားဝင်ရှင်းလို့ရပါတယ်။ အချိန်မရွေးလာပြီးတော့ မေးပါ။ ကျွန်တော် ရှင်းနိုင်ပါတယ်။ လွှတ်တော်၊ ပြည်သူ၊ မီဒီယာမှာတော့ ကျွန်တော် ရှင်းလို့မကောင်းပါဘူး။ အချို့သော ပုဂ္ဂိုလ်များရဲ့ဂုဏ်သိက္ခာပိုင်းကိုပါ၊
ထိန်းသိမ်းရတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော့်အနေနဲ့တော့ ထုတ်ပြောဖို့ ခက်ပါတယ်။ သို့သော်လည်း တကယ့် တကယ် အသေးစိတ်သိချင်တယ်ဆိုလို့ရှိရင် ကျွန်တော့်ဆီမှာ အချိန်မရွေး မေးလို့ ရပါတယ်။ ကျွန်တော် အထောက်အထားတွေနဲ့ အကုန်လုံးအသေးစိတ်ရှင်းလင်းပေးဖို့ အဆင်သင့်ရှိပါတယ်။

The Voice Weekly – ဘာများ ထပ်ဖြည့်ပြောဦးမလဲ။

SIK – အဓိကကတော့ မထွက်မဖြစ်လို့ ထွက်ရတယ်ဆိုတာ မဟုတ်ပါဘူး။ ထွက်ဖို့ဆိုတဲ့ ကိစ္စက ကျွန်တော့်ရွေးချယ်မှုပဲ ဖြစ်ပါတယ်။

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *