အစိုးရအဖွဲ့ဝင်များ အပြောင်းအလဲမဟုတ်ပါ၊ သို့သော်…

အစိုးရအဖွဲ့အတွင်း အပြောင်းအလဲများ ဖြစ်ပေါ်လာတော့မည်လောဆိုသည့် မေးခွန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာပါတီကတော့ နောက်ဆုံးအချိန်အထိ ငြင်းဆိုနေဆဲ။

ထွက်ပေါ်နေသည့်သတင်းများကို ကောလာဟလအဖြစ်သာ တွန်းပို့လျက် ရှိသည်။

“ကျွန်တော်တို့ အဲဒါတွေမသိပါဘူး ခင်ဗျ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်၊ ပြောရေးဆိုခွင့်ပုဂ္ဂိုလ်လည်းဖြစ်သည့် ဒေါက်တာမျိုးညွန့်က The Voice Journal သို့ ပြောဆိုသည်။

အစိုးရအဖွဲ့၏ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဝန်ကြီးချုပ်အချို့ကို အပြောင်းအလဲလုပ်ရန်ရှိနေသည်ဆိုသည့် သတင်းများက ပြီးခဲ့သည့် မတ်လကုန် နိုင်ငံတော်သမ္မတ အပြောင်းအလဲဖြစ်ပြီး မကြာခင်မှာပင် တောက်လျှောက်ထွက်ပေါ်နေခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သတင်းမီဒီယာများကလည်း ဟုတ်သည်ဟု တစ်ဖုံ၊ မဟုတ်ပြန်ဟု တစ်ဖန် အမျိုးမျိုး ရေးသားခဲ့ကြသည်။

ယခုမေလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်သုံးဦးနှင့် ပညာရေး၊ စက်မှုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့၏ ပြည်ထောင်စုဝန်ကြီးသုံးဦးကို သမ္မတသစ်ဦးဝင်းမြင့်က အပြောင်းအလဲလုပ်ဖွယ်ရှိသည်ဟု ပြည်တွင်းသတင်းစာတစ်စောင်က ဧပြီလကပင် ရေးသားခဲ့သေးသည်။

ပညာရေးဝန်ကြီးနေရာတွင် နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်၏ ဇနီးဖြစ်သူ သုံးခွမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်ကို အစားထိုးလိမ့်မည်ဟုလည်း သတင်းများ ပျံ့နှံ့ခဲ့သည်။

သို့သော်၊ ယခုမေလလယ်အထိ အဆိုပါသတင်းများ အတည်ဖြစ်မလာသေး။

မကြာသေးခင်ကပင် ပါတီ၏ အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်၊ ဝါရင့်ခေါင်းဆောင်လည်းဖြစ်သည့် ဦးဉာဏ်ဝင်း ထံမှလည်း အပြောင်းအလဲနှင့် ပတ်သက်၍ စကားသံအချို့ထွက်ပေါ်ခဲ့သည်။

“တစ်ပတ်၊ ၁၀ရက်လောက် စောင့်ပါ။ အဖြေထွက်လာပါလိမ့်မယ်။ ကျွန်တော်ဖြေလို့ မရသေးပါဘူး။ ခင်ဗျားမေးခွန်းရဲ့ အဖြေ။ နှစ်ပတ်လောက် စောင့်ကြည့်ပါ။ တွေ့ပါလိမ့်မယ်။ ကျွန်တော်က မထွက်ခင် ပြောလို့ မဖြစ်လို့ပါ”ဟု ပြောဆိုခဲ့ကြောင်း ခေတ်သစ်သတင်းမီဒီယာက မေလ၉ရက်နေ့တွင် ရေးသားဖော်ပြခဲ့သည်။

အဆိုပါရေးသားမှုအပြီး တစ်ပတ်အကြာတွင် The Voice Journal က ဦးဉာဏ်ဝင်းထံ ဆက်သွယ်မေးမြန်းရာတွင် ၎င်းက အောက်ပါအတိုင်း တိုတုတ်စွာပင်ပြန်လည်ဖြေဆိုသည်။

“ကျွန်တော် ပြောခွင့်လည်း မရှိပါဘူးဗျ။ ကျွန်တော်လည်း မသိပါဘူးဗျ”

မည်သူက မည်သို့ဖြေဖြေ အစိုးရအဖွဲ့ အပြောင်းအလဲနှင့် ပတ်သက်သည့် သတင်းများမှာ ရပ်မသွားခဲ့ပေ။

မေလဒုတိယပတ်အတွင်းတွင်သတင်းထွက်မှုများ အရှိန်မြင့်လာခဲ့ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ)က ခေါ်ယူစစ်ဆေးလျက်ရှိပြီး မိသားစုဝင်များ ကိုလည်း ထိန်းချုပ်ထားကြောင်း သတင်းတစ်ပုဒ်ကလည်း ပြည်သူများအကြားတွင် ပျံ့နှံ့ခဲ့သည်။

ဝန်ကြီးကို ခေါ်ယူစစ်ဆေးနေခြင်းကြောင့် ၎င်းနေရာတွင် ဝန်ကြီးဖြစ်လိုသူ အချို့က ဗေဒင်ဆရာထံတွင် ယတြာပင် ချေလျက်ရှိကြောင်း ပြည်တွင်းဂျာနယ်တစ်စောင်ကလည်း ရေးသားထားသည်။

မရှေးမနှောင်းပင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုလည်း ခေါ်ယူစစ်ဆေးနေကြောင်း သတင်းများထွက်လာပြန်သည်။

အဆိုပါသတင်းများနှင့် အချိန်ကိုက်ပင် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကလည်း ပြည်သူလူထုသို့ အသိပေးချက်အချို့ကို ထုတ်ပြန်လိုက်သည်။

အဂတိလိုက်စားမှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ခြောက်ဖွဲ့ဖြင့် စုံစမ်းစစ်ဆေးလျက်ရှိပြီး စစ်ဆေးဆဲအမှုများကို ဥပဒေအရလျှို့ဝှက်ဆောင်ရွက်နေသဖြင့် အမှုဖြစ်စဉ်များကို အသေးစိတ် မထုတ်ပြန်နိုင်သေးဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ NLD ၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ကမူ သူမသိဟုThe Voice Jornal သို့ ပြောဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးဦးအောင်မျိုး ကလည်း အဆိုပါသတင်းများကို ငြင်းဆိုသည်။

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး”ဟု ၎င်းက ဆိုသည်။

အစိုးရအဖွဲ့အပြောင်းအလဲနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးထံမှ မည်သည့်ထုတ်ပြန်ချက်မျှ ထွက်ရှိမလာ သေးသော်လည်း လူထုအကြားတွင်မူ ထင်ကြေးအမျိုးမျိုးက မရိုးနိုင်အောင် ထွက်ရှိနေဆဲဖြစ်သည်။

ဝန်ကြီးများ အပြောင်းအလဲသတင်းကြောင့် အချို့စီးပွားရေးလုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများက လက်ရှိ ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံရန်ရှိသည့် အစီအစဉ်များကို ခေတ္တရပ်ဆိုင်းထားကြသည်။

ဝန်ကြီးအပြောင်းအလဲဖြစ်လာပါက မူဝါဒအပြောင်းအလဲဖြစ်လာနိုင်ပြီး လုပ်ငန်းများအတွက် နှစ်ပြန်နှစ်ခါပြန်လည်ဆွေးနွေးရမည့် အရေးကို ရှောင်လွှဲလိုခြင်းဖြစ်သည်။

ပညာရေးဝန်ဆောင်မှုလုပ်ငန်းရှင်တစ်ဦးကလည်း သူ့အနေနှင့် ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရန်အစီအစဉ်ကို ရွှေ့ဆိုင်းထားကြောင်း The Voice Journal သို့ပြောဆိုသည်။

အစိုးရအဖွဲ့အနေနှင့် အပြောင်းအလဲလုပ်ရန် အစီအစဉ်ရှိ၊ မရှိနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကမူ ယခုလို တုံ့ပြန်သည်။

“ကျွန်တော်တို့က အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ အစိုးရအဖွဲ့မှာ ပြောလေ့ ပြောထမရှိဘူး”
အစိုးရနှင့် ပါတီတာဝန်ရှိသူများက အပြောင်းအလဲနှင့် ပတ်သက်၍ နှုတ်ပိတ်လျက် ရှိကြသည်။ သို့မဟုတ် ငြင်းဆိုလျက် ရှိသည်။

သို့သော်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်လည်းဖြစ်၊ ဝါရင့်သတင်းစာပညာရှင်လည်းဖြစ်သည့် ဦးမြင့်ကျော်ကမူ အပြင်တွင် ထွက်ရှိလျက်ရှိသည့် သတင်းများတွင် အမှန်များလည်း ပါဝင်နေနိုင်သည်ဟု သုံးသပ်သည်။

“ကျွန်တော့်အမြင်မှာတော့ တချို့သတင်းတွေက ပေါက်ကြားတဲ့ သဘောပေါ့။ နောက် တချို့သတင်းတွေက ပေါက်ကြားပြီးရင် မှန်လည်းမှန်တယ်”

အစိုးရအနေနှင့် ၂၀၁၆ မတ်လကုန်ကစ၍ နိုင်ငံတော်တာဝန်များကို ရယူခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် ၂နှစ်ကျော်လာခဲ့ပြီဖြစ်ကာ သက်တမ်းထက်ဝက်သို့ ချဉ်းနင်းဝင်ရောက်လာပြီဖြစ်သည်။

ယခုသက်တမ်းအတွင်း ခြေမပေါ်ခဲ့သူများ၊ မသန့်ရှင်းသူများကို လူစားလဲရန် ပြည်သူများက မျှော်လင့်လျက်ရှိသည်။

အစိုးရအနေနှင့် ပြီးခဲ့သည့် ဇန်နဝါရီလက အပြောင်းအလဲကို နောက်ဆုံးပြုလုပ်ထားသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးအချို့ကို အပြောင်းအလဲ ပြုလုပ်ထားခြင်းဖြစ်သည်။ ယင်းမတိုင်ခင်က မွန်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးနေရာများကို အပြောင်းအလဲလုပ်ခြင်းနှင့် ဝန်ကြီးဌာနအသစ်များ ဖွဲ့စည်းခြင်းများရှိခဲ့သော်လည်း အပြောင်းအလဲသည်အများမျှော်လင့်ထားသည်လောက် မကြီးမားခဲ့သလို သတင်းပြေးနေသည့် ဝန်ကြီးများလည်း မပါဝင်ခဲ့။

ယင်းကပင် အပြင်သတင်းများ တောက်လျှောက်ထွက်ပေါ်စေခြင်းလည်းဖြစ်သည်။

ယခုမူသတင်းများက အရှိန်ရလျက် ရှိသည်။

အစိုးရနှင့် ပါတီတာဝန်ရှိသူများက ငြင်းဆိုထားသော်လည်း လုံးဝယုံကြည်၍မရဟု ဦးမြင့်ကျော်က သုံးသပ်သည်။

အစိုးရအဖွဲ့အတွင်း သို့မဟုတ်ပါတီ အတွင်း တိုးတိုးတိတ်တိတ်ကြိတ်၍ စီမံနေခြင်းမျိုးလည်းဖြစ်နိုင်ပြီး ယင်းကြောင့်ပင် သတင်းများက အပြင်သို့ ပေါက်ကြားလာသည်လည်း ဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။

သို့သော် ကောလာဟလအဖြစ် ထွက်လာသည့်သတင်းများအားလုံးသည် မမှန်နိုင်သော်လည်း ယင်းကောလာဟလများ ထွက်လာခြင်းသည်ပင် အကြောင်းအချက်များ ရှိနေခြင်းကြောင့်ဟု ၎င်းက သုံးသပ်သည်။

“တစ်ခါတလေမှာ သိနေတဲ့သူကလည်း သူပြောခွင့်မရှိရင် သူပြောင်(ဗြောင်) ငြင်းတဲ့ဟာမျိုး လုပ်တတ်တယ်လေ။ အဲဒါ သဘာဝလေ။ သူ သိတော့သိတယ်၊ ဒါပေမဲ့သူ ပြောပိုင်ခွင့်မရှိရင် သူ မသိဘူးလို့ ငြင်းတတ်တာ”ဟု ဦးမြင့်ကျော်က ဆိုသည်။

အထက်ပါအတိုင်း ငြင်းဆိုထားပြီးမှ အမှန်တကယ် ဖြစ်ပေါ်လာသည်များကိုလည်း ယခုအစိုးရလက်ထက်အတွင်း ကြုံခဲ့ရသည်ဟု ၎င်းက ဆိုသည်။

အစိုးရအဖွဲ့နှင့် ပါတီခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ သိုသိုသိပ်သိပ် လုပ်လိုဟန် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရရာထူးများနှင့်ပတ်သက်၍ ကြိုတင်သတင်း ပေါက်ကြားပါက အမျက်ရှတတ်သည်ဟု သတင်းကြီးသည်။

သို့သော် သတင်းများကတော့ တားဆီးမရ။

မေလ ၁၇ ရက်နေ့ ညနေပိုင်းအထိ နောက်ဆုံးထွက်ရှိလာသည့် အပြောင်းအလဲသတင်းများတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး၊ ပညာရေး၊ စက်မှု၊ ပြန်ကြားရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများနှင့် တနင်္သာရီ၊ ပဲခူး၊ မကွေး၊ ရှမ်းနှင့် ကချင်စသည်တို့မှ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ ပါဝင်နေသည်။

အပြောင်းအလဲကိစ္စ သူ မသိဟု ငြင်းဆိုထားသည့် NLD ၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကမူ အပြောင်းအလဲဖြစ်လာပါကလည်း ထိုမျှ ပမာဏကြီးမားလိမ့်မည်ဟု သူ မထင်ကြောင်း ပြောဆိုသည်။

“လူတွေကလည်း နည်းနည်းဖွတာလည်း ပါပါတယ်ဗျာ။ အဲဒီလောက်ကြီးတော့ အများကြီးဖြစ်လိမ့်မယ်လို့တော့ ကျွန်တော်ကတော့ မထင်ဘူး”ဟု ၎င်းက ဆိုသည်။

အများကြီးမဖြစ်လျှင် အနည်းအကျဉ်းမျှဖြစ်စရာရှိပါသလားဟု ထပ်ဆင့် မေးခွန်းထုတ်ရာတွင် ၎င်းက ယခုလိုပင် ထပ်မံဖြေဆိုသည်။

“ဒီလောက်ကြီးတော့လည်း မဖြစ်နိုင်ပါဘူးဗျာ”

အောင်မျိုးထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *