ဘ၀အဓိပ္ပာယ်ရှာပုံတော်

အသက်ရှင်နေတာဟာ ဘာအတွက်လဲ။ လွယ်တယ် ထင်ရပေမယ့် တကယ်စဉ်းစားကြည့်တဲ့အခါ ဖြေရခက်ပါတယ်။ လူသားတွေ ရှင်သန်နေထိုင်ရခြင်းရဲ့ လျှို့ဝှက်ချက်ဖြစ်တဲ့ ဒီမေးခွန်းကို Dr. Viktor Frankl က Man’s Search for Meaning စာအုပ်နဲ့ အကောင်းဆုံးဖြေဆိုထားတယ်။

စာအုပ်က စိတ်ကုပညာဆိုင်ရာ စာအုပ်တွေထဲမှာ ဩဇာအကြီးမားဆုံး စာအုပ်တစ်အုပ်ဖြစ်ပေမယ့် သာမန်လူတွေပါ ကြိုက်ကြတယ်။ ကမ္ဘာကျော် အရောင်းရဆုံးတန်းဝင်စာအုပ် ဖြစ်ပြီး ၁၉၉၇ ခုနှစ် စာရေးသူ ကွယ်လွန်ချိန်မှာ ဘာသာစကားနှစ်ဆယ့်လေးမျိုးနဲ့ အုပ်ရေဆယ်သန်းကျော် ရောင်းချခဲ့ရပြီးပြီ။ အမေရိကန်ပြည်ထောင်စု Library Of Congress ရဲ့ ၁၉၉၁ ခုနှစ် စစ်တမ်းအရ Man’s Search For Meaning ဟာ အမေရိကန်နိုင်ငံမှာ ဩဇာအကြီးဆုံး စာအုပ် ၁၀ အုပ် စာရင်းမှာ ပါဝင်တယ်။ ဒေါက်တာ ဖရန်ကဲလ်ရဲ့ ချွေးတပ်စခန်းအတွင်း အတွေ့အကြုံတွေကနေ သူ့ရဲ့ စိတ်ဝေဒနာကုထုံး ပေါ်ပေါက်လာပုံ၊ လူသားတွေရဲ့ စိတ်အခြေခံတွေ၊ ရှင်သန်နေထိုင်ရေး လျှို့ဝှက်ချက်တွေကို ရေးထားတာဖြစ်တယ်။

စာရေးသူရဲ့ ဘ၀အတွေ့အကြုံကနေ စာအုပ်မွေးဖွားလာတဲ့အတွက် စာရေးသူနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒေါက်တာ Viktor Frankl က ဩစတြီးယားနိုင်ငံသား စိတ်ကုနဲ့ အာရုံကြောဆရာဝန်ဖြစ်ပြီး ပါရဂူဘွဲ့ရ ဖြစ်တယ်။ သူဟာ နာမည်ကျော် စိတ်ကုထုံးဖြစ်တဲ့ logotherapy ကုထုံးကို စတင်ဖော်ထုတ် တည်ထောင်ခဲ့သူဖြစ်ပြီး စိတ်ကုပညာရပ်မှာ စိတ်ခွဲပညာရှင် Sigmund Freud တို့နဲ့ တစ်တန်းတည်း ထားရသူဖြစ်တယ်။ လူသားတွေမှာ ကိန်းအောင်းနေတဲ့ အကြီးမားဆုံးဆန္ဒဟာ ရှင်သန်နေထိုင်ရ ခြင်းရဲ့အဓိပ္ပာယ်နဲ့ ရည်မှန်းချက်လို့ Frankl က ယုံကြည်တယ်။

ဒေါက်တာ Frankl ကို ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ ဂျူးမိဘတွေက မွေးဖွားခဲ့တယ်။ အာရုံကြောနဲ့ စိတ်ကုထုံးတွေကို အထူးပြုလေ့လာခဲ့ပြီး စိတ်ဓာတ်ကျဆင်းခြင်းနဲ့ မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းဆိုင်ရာ ခေါင်းစဉ်တွေကို အာရုံစိုက်ခဲ့တယ်။ ဂျူးဖြစ်တဲ့အတွက် အာရိယန်နွယ်ဝင်ဖြစ်တဲ့ ဂျာမန်တွေကို ၁၉၃၈ ကစတင်ပြီး ဆေးကုသခွင့် မရရှိတော့ဘူး။ ၁၉၄၂ မှာ ဇနီး၊ မိဘတွေနဲ့အတူ Theresienstadt နာဇီချွေးတပ်စခန်းကို ပို့ဆောင်ခြင်းခံရတယ်။ အဲဒီစခန်းက ဆေးခန်းမှာ အထွေထွေရောဂါကုဆရာဝန်အဖြစ် ဆေးကုသပေးခဲ့ပြီး စိတ်ကုဆရာဝန်ဖြစ်မှန်းသိသွားတဲ့အခါ လူသစ်တွေ ထိတ်လန့်ခြောက်ခြားမှုနဲ့ သောကလျော့ပါးရေး အထူးယူနစ်ဖွင့်ဖို့ ညွှန်ကြားခံရတယ်။ မိဘနှစ်ပါးကတော့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Auschwitz နာဇီငရဲစခန်းကို ပို့ဆောင်ကွပ်မျက်ခြင်းခံရသလို ဇနီးဖြစ်သူဟာလည်း Bergen-Belsen ချွေးတပ်စခန်းကို ပြောင်းရွှေ့ကွပ်မျက်ခံခဲ့ရတယ်။ Frankl ရဲ့ သွေးသားအရင်းအချာတွေထဲကဆိုရင် ဩစတြေးလျကို ပြောင်းရွှေ့ ထွက်ပြေးသွားတဲ့ ညီမတစ်ဦးပဲ အသက်ရှင်ကျန်တယ်။

သူ့စာအုပ်က လူ့အကြောင်းကို ပိုနားလည်စေတယ်။ ‘Our generation is realistic, for we have come to know man as he really is’ ‘လူဆိုတာ ဘယ်လို ဆိုတာကို သိလာတဲ့အတွက် ကျွန်တော်တို့မျိုးဆက်က လက်တွေ့ကျတဲ့ မျိုးဆက်ပါ’ လို့ ဒေါက်တာ Frankl က ရေးပါတယ်။ ‘လူဆိုတာ အော့ရှဝစ်စခန်း ဓာတ်ငွေ့လွှတ်သတ်တဲ့ စခန်းတွေကို ဖန်တီးခဲ့သူ၊ ဒါပေမဲ့ အဲဒီဓာတ်ငွေ့ခန်းတွေထဲကို မတ်မတ်ရပ်ပြီး ဘုရားစာရွတ်ဝင်သွားတဲ့ သူကလည်း လူသားပါပဲ’ တဲ့။ ဒေါက်တာဖရန်ကဲလ် အဆိုအရ နာဇီချွေးတပ်စခန်းတွေအပါအဝင် ဘယ်နေရာပဲဖြစ်ပစေ လူကောင်းနဲ့ လူဆိုးဆိုပြီး လူနှစ်မျိုး နှစ်စားပဲရှိပါတယ်။ လူ့အလွှာတိုင်း၊ လူမျိုးတိုင်း၊ အုပ်စုတိုင်း၊ ဒီနှစ်မျိုးပဲရှိတယ်။

ဒေါက်တာဖရန်ကဲလ်ဟာ ‘မမြင်ဝံ့ဆေးသမား’ ဆိုတဲ့ စကားနဲ့အညီ လူသားတွေရဲ့အကြောင်းကို ဟန်ဆောင်မှု လုံးဝကင်းတဲ့ ပတ်ဝန်းကျင်မှာလေ့လာခွင့်ရခဲ့တယ်။ သူတွေ့ ခဲ့ရတဲ့ လူသားတွေဟာ တစ်ချိန်က ဘယ်လိုပဲ အရေးရာ အရာရောက်ခဲ့ မရောက်ခဲ့ သူနဲ့တွေ့ချိန်မှာ ပကတိလူချည်း သက်သက်ပဲ ကျန်ပါတော့တယ်။ သေခါနီးအချိန်မှာ လူသားတွေရဲ့ ဖုံးကွယ်ထားတဲ့စိတ်တွေ ပေါ်လာတယ်။ အဲဒီလူသားတွေကို မြင်တွေ့ခဲ့ရတဲ့ ဒေါက်တာဖရန်ကဲလ်က စိတ်ကုပညာရှင်ဖြစ်တဲ့အတွက် လူတကာတွေထက် ပိုမြင်ရပြီး နဂို စိတ်ပညာ အတွေးအခေါ်တွေကို မြေလှန်ပစ်ခဲ့တဲ့ ကုထုံးကို ဖော်ထုတ်နိုင်ခဲ့တယ်။

ဂျာမန်အတွေးအခေါ်ရှင် Nitetzsche ရဲ့ ‘ဘာကြောင့်အသက်ရှင်ရသလဲဆိုတာ သိတဲ့လူဟာ ဘယ်လိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရ ရင်ဆိုင်ရ ခံနိုင်ရည်ရှိတယ်’ ‘He who has a why to live can bear with almost any how’ ဆိုတဲ့ နာမည်ကျော်စကားကို စာအုပ်နေရာ အနှံ့အပြားမှာ ကိုးကားထားတယ်။ တကယ်တော့ စာအုပ်ကိုယ်တိုင်တောင်မှ Nietzsche စကားကနေ မွေးဖွားလာပုံရတယ်။

‘ချွေးတပ်စခန်း လူ့ငရဲကို ခံစားရပေမယ့် မသေဘဲ နောက်ဆုံးရှင်သန်ကျန်ရစ်သူတွေဟာ အသန်မာဆုံးသူတွေ၊ ကိုယ်ကာယအကြီးမားဆုံးသူတွေမဟုတ်ဘဲ မိမိရှင်သန်နေရခြင်း အဓိပ္ပာယ်ကို တစ်နည်းနည်းဖြင့် ရှာဖွေတွေ့ရှိထားသူတွေဖြစ်တယ်’ ဆိုတဲ့အချက်ဟာ ဒေါက်တာ ဖရန်ကဲလ့် စာအုပ်ရဲ့ အနှစ်သာရပဲဖြစ်တယ်။

ဒါ့ကြောင့် ဘ၀အဓိပ္ပာယ်ရှာတွေ့ မတွေ့ဟာ လူတွေရဲ့ ရှင်သန်နိုင်စွမ်းကို ဆုံးဖြတ်တယ်။ ပညာတတ်ခြင်း မတတ်ခြင်း၊ ကိုယ်ကာယကြီးထွားခြင်း မကြီးထွားခြင်းစတာတွေနဲ့ မဆိုင်လှဘူး။

အရာရာကို ချုပ်ချယ်ကန့်သတ်ခံထားရတဲ့ အဆိုးဝါးဆုံး နာဇီအကျဉ်းစခန်းတွေမှာတောင် ကိုယ့်အတွက် လွတ်လပ်တဲ့ နေရာရှိနေသေးတယ်။ ဒီနေရာဟာ စိတ်ပဲတဲ့။ ဒါ့ကြောင့် ဘယ်လိုပဲ ဘ၀ဆိုးနေပါစေ၊ စိတ်ထဲမှာတော့ လွတ်လပ်ရေးရနေသေးတယ်။

လူရဲ့ ရည်မှန်းချက်က ဘ၀အဓိပ္ပာယ်ကို ရှာတွေ့ရေး ဖြစ်တယ်။ ဘ၀အဓိပ္ပာယ်မရှိရင် လူမဟုတ်သေး။ ဘ၀ အဓိပ္ပာယ်ကို တွေတဲ့သူဟာ ဘယ်ပန်းတိုင်ကိုမဆို ချီတက်နိုင်တဲ့သူလို့ ဒေါက်တာဖရန်ကဲလ်က ဆိုထားတယ်။ မိတ်ဆွေ စာဖတ်သူရော ဘ၀အဓိပ္ပာယ်ကို ရှာတွေ့ပြီလား။

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *