ငြိမ်းချမ်းရေး စိုးရိမ်ရေမှတ်

ရန်ကုန်မြို့တာမွေခုံးကျော်တံတားအောက်တွင် မေလ ၁၂ ရက်နေ့က စစ်ပွဲများ ရပ်တန့်ရန် ဆန္ဒပြတောင်းဆိုနေကြစဉ်။

ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်တို့တွင်ဖြစ်ပွားနေသည့် အခြေအနေများက ငြိမ်းချမ်းရေးကို စိုးရိမ်ရေမှတ်ဆီသို့ တွန်းပို့လိုက်သည်။

ယခုလကုန်ပိုင်းတွင် ပြုလုပ်ရန် အစိုးရက အားခဲထားသည့် ငြိမ်းချမ်းရေးညီလာခံ (ဒုတိယပင်လုံအစည်းအဝေး) သည်လည်း နောက်သို့ရွှေ့ရန် အလားအလာများနေသည်။

“အစိုးရဘက်က စိုးရိမ်တယ်” ဟု နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုသည်။

လက်ရှိဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ၎င်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၎င်းအနေနှင့် စိုးရိမ်မည်ဆိုလျှင်လည်း စိုးရိမ်ရမည့် အခြေအနေများက မြေပြင်တွင် ရှုပ်ထွေးစွာ ဖြစ်တည်နေသည်။

မြန်မာပြည် မြောက်ပိုင်းဒေသတွင် ကချင်လွတ်လပ်ရေးတပ် (KIO/KIA) နှင့် ပြင်းထန်သည့် တိုက်ပွဲများက ဧပြီလကတည်းက ဖြစ်ပွားနေရာ ယခုအချိန်အထိ အရှိန်မလျှော့နိုင်သေး။

ပြီးခဲ့သည့်ရက်ပိုင်းကပင် ရှမ်းပြည်နယ် မူဆယ်ဒေသတွင် တအန်း/ပလောင် တပ်(TNLA) နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။ TNLA နှင့် တပ်မတော်အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သလို TNLA အနေနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးတပ် (RCSS) နှင့်လည်း တိုက်ပွဲများဆင်နွှဲခဲ့ရာ စစ်ရေးအခြေအနေများက ရှုပ်ထွေးလျက်။

တပ်မတော်ကလည်း တန်ပြန်စစ် ဆင်နွှဲမည့်လက္ခဏာ။

“ဘာကြောင့်လဲဆိုတော့ မူဆယ်လမ်းကြောင်းကို ပိတ်အောင်လုပ်တယ်၊ ကုန်သွယ်မှုတွေ ရပ်အောင်လုပ်တယ်။ အပြစ်မဲ့ပြည်သူကို သေအောင်လုပ်တယ်။ ဒါတွေက ကျွန်တော်တို့အမြင်မှာ တိုင်းရင်းသားအခွင့်အရေး တောင်းဆိုတာ မဟုတ်ဘူး။ တကယ်ကို ဖက်ဒရယ်ကို သွားချင်တဲ့ပုံစံ မဟုတ်ဘူး” ဟု ဦးဇော်ဌေးက ဆိုသည်။

အဆိုပါအခြေအနေများနှင့်အပြိုင် ကရင်ပြည်နယ်မြောက်ပိုင်းတွင်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တပ်မတော်အကြား စစ်ရေးအခြေအနေများ တင်းမာခဲ့သေးသည်။ ယင်းကပင် ငြိမ်းချမ်းရေးစိုးရိမ်ရေမှတ်ကို အမြင့်ဆုံးရောက်ရှိစေခြင်းလည်း ဖြစ်သည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း ခေးပူ-လွယ်မူပလောလမ်းကြောင်းကို တပ်မတော်က ပြုပြင်ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ နှစ်ဖက်တင်းမာခဲ့ခြင်းဖြစ်သည်။

KNU တပ်မဟာ (၅) ထိန်းချုပ်ရာ နယ်မြေအတွင်း တပ်မတော်က စစ်အင်အားဖြည့်တင်းခြင်းများ လုပ်ဆောင်မှု အဖြစ် KNU က ရှုမြင်ကာ တပ်မတော်သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ချိုးဖောက်နေကြောင်း မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်၍ တပ်မတော်ကလည်း တန်ပြန်ထုတ်ပြန်ချက်တစ်စောင်ကို မရှေးမနှောင်းပင် ထုတ်ပြန်ဖြေရှင်းခဲ့သည်။

တပ်မတော်အနေနှင့် လမ်းဟောင်းကို ပြုပြင်ခြင်းသာဖြစ်ပြီးလမ်းဖောက်လုပ်ရာ၌ မူလလမ်းအူကြောင်းသာ ဖောက်လုပ်ခြင်းဖြစ်၍ ဒေသခံများ၏ လယ်ယာများကို ဖြတ်သန်းရန် အကြောင်းမရှိရုံသာမက လုံခြုံရေးဆောင်ရွက်ရာတွင်ပင် လမ်းကြောင်းပေါ်မှလွဲ၍ အခြားအတွင်းပိုင်းနေရာများသို့ ဝင်ရောက်ရှင်းလင်းခြင်းမရှိခဲ့ဘဲ ဖောက်လုပ်နေသည့် လမ်းကြောင်းလုံခြုံရေးနှင့် စက်ယန္တရားများ လုံခြုံရေးကိုသာ အဓိကထားဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအခြေအနေများကြားက ငြိမ်းချမ်းရေးညီလာခံသည်လည်း မရေရာသည့် အနေအထားသို့ ဆိုက်ရောက်လာသည်။

“တပ်ပိုင်းဆိုင်ရာဖြစ်တဲ့အတွက် ထိလွယ်ရှလွယ်ဖြစ်တယ်။ ဟိုဘက်ဒီဘက် ထုတ်ပြန်ချက်တွေလည်း ထွက်တယ်။ ဒီဖြစ်စဉ်က ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်တယ်။ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေအတွက်လည်း ထိခိုက်တယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ NCA တွင် ထပ်မံပါဝင်လာခဲ့ပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိရာ မပြီးပြတ်သေးသည့် အခြေအနေများကလည်း ရှိနေသည်။

ငြိမ်းချမ်းရေးညီလာခံအတွက် အစိုးရနှင့် နိုင်ငံရေးပါတီများဘက်က အဆင်သင့်ဖြစ်နေခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်က အကြောင်းအမျိုးအမျိုးကြောင့် ရွှေ့ဆိုင်းနေခဲ့ရသည်ဟု ဦးဇော်ဌေးက ဆိုသည်။

“EAO (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) တွေဘက်က အသင့်မဖြစ်ဘူး။ အဲဒီတော့ အစည်းအဝေး နောက်ဆုတ်ဆုတ်နေရတဲ့ အကြောင်းအရင်းက EAO မှာ နောက်လူအပြောင်းအလဲတွေ ဖြစ်လာတယ်”ဟု ၎င်းက ဆိုသည်။

ယင်းအပြင် နိုင်ငံရေးဆွေးနွေးပွဲများကို တာဝန်ယူလုပ်ရသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကျင်းပရန် လိုအပ်သော်လည်း ယင်းအစည်းအဝေးကိုပင် မကျင်းပနိုင်သေး။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကို ကြည့်ရာတွင် ငြိမ်းချမ်းရေးရရန်၊ နိုင်ငံရေးပြဿနာကို ဖြေရှင်းရန် NCA လမ်းကြောင်းတစ်ခုထဲနှင့် သွားခြင်းဖြင့် တရားမျှတသည့်ငြိမ်းချမ်းရေးကို မရနိုင်ကြောင်း တိုက်ပွဲများက သက်သေပြနေသည်ဟု မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာအရပ်ဘက်မဟာ မိတ်အဖွဲ့ (MATA)အဖွဲ့မှ ရန်ကုန်တာဝန်ခံ ဒေါ်သိင်္ဂီဦးက ဆိုသည်။

လက်ရှိတိုက်ပွဲများကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း ထိခိုက်သည်။ အားလုံးလက်ခံနိုင်သည် တရားမျှတမှုရှိသည့် လမ်းကြောင်းတစ်ခုလိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နိုင်ငံတကာကလည်း စိုးရိမ်မှုများဖြစ်ပေါ်နေသည်။

ကချင်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကရင်ပြည်နယ်ဒေသအချို့တို့၌ လက်နက်ကိုင်ပဋိပက္ခနှင့် စစ်မက်ဖြစ်ပွားနေမှုများ တစ်စထက်တစ်စ မြင့်တက်လာနေမှုကြောင့် စစ်မက်ဖြစ်ပွားမှုနှင့် ထိုးစစ်ဆင် တိုက်ခိုက်နေမှုများကို ချက်ချင်းရပ်တန့်ရန်လိုအပ်ကြောင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရာတွင် တရားဝင်အသိသက်သေ ဖြစ်သည့် ဥရောပသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။

အဆိုပါစစ်ပွဲများကြောင့် အရပ်သား တစ်သောင်းကျော်တို့မှာ နေရပ်စွန့် ခွာထွက်ပြေးရခြင်း၊ ပဋိပက္ခဖြစ်ပွားရာ နယ်မြေဒေသများတွင် အလွန်စိုးရိမ်ဖွယ်ရာအခြေအနေသို့ကျရောက်လျက် ရှိကာ ပြည်သူများ၏ အသက်အိုးအိမ်၊ ပိုင်ဆိုင်မှုနှင့် သက်မွေးလုပ်ငန်းများပါ ဆုံးရှုံးရသဖြင့် တိုက်ပွဲများရပ်တန့်ရန် လိုအပ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။

တစ်ချိန်တည်းမှာပင် အစိုးရအနေနှင့် စစ်ပွဲများရပ်တန့်ရန် ဆော်ဩသူ၊ လှုပ်ရှားသူများကို အရေးယူခဲ့သေးရာ ပြည်သူလူထု၏ ငြိမ်းချမ်းရေး မျှော်လင့်ချက်ကို ပို၍ ဝေဝါးစေပြန်သည်။

ရန်ကုန်မြို့တော်တွင် မေလ ၁၂ ရက်နေ့က ပြုလုပ်သည့် စစ်ပွဲများရပ်စဲရေးဆန္ဒထုတ်ဖော်မှုကို အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့သလို အခြားဒေသများတွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆိုင်ရာလှုပ်ရှားမှုများကိုလည်း အရေးယူခဲ့သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူ ၄၅ ဦးမှာ အရေးယူခံထားရသည်။

“ငြိမ်းချမ်းစွာ ငြိမ်းချမ်းရေးလိုလားတဲ့ ပြည်သူတွေရဲ့ဆန္ဒကို ချိုးနှိမ်လိုက်တာ၊ ခြိမ်းခြောက်လိုက်တာဖြစ်တယ်။ တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေ၊ နိုင်ငံရေးကို စိတ်ပါဝင်စားတဲ့လူငယ်တွေကို အကြောက်တရားကို ဖန်တီးပေးလိုက်တာ”ဟု ရန်ကုန်မြို့ တာမွေဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်သည့် မသဉ္ဖာရွှန်းလဲ့ရည်က သုံးသပ်ပြောကြားသည်။

အစိုးရသက်တမ်းတစ်ဝက်နင်းလာချိန်တွင် ၎င်းတို့၏ ပင်မဦးစားပေးဖြစ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းသည် ရှေ့မတိုး နောက်မဆုတ်အနေအထားမှ သဲထဲရေသွန်ဖြစ်မည့်ကိန်းဆီ ဦးတည်နေပြီလားဆိုသည့် စိုးရိမ်ချက်များကို ဖြစ်ပေါ်လာစေသည့် အခြေအနေများ ဖြစ်သည်။

သို့သော် မေလ ၁၇ ရက်နေ့ ညနေပိုင်းတွင် အခြေအနေများက အပြောင်းအလဲများ ဖြစ်လာခဲ့သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ကိုင်နေသူများကိုပါ အပူလုံးကျကာ ရင်ချောင်သွားစေသည့် အကောင်းဘက်မှ အပြောင်းအလဲဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌတို့ ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ကြပြီး နှစ်ဖက်ပဋိပက္ခဖြစ်နေသည့် ပြဿနာကို ညှိနှိုင်းဖြေရှင်းနိုင်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကရင်အမျိုးသားအစည်းအရုံးတို့ မေလ ၁၇ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ဆုံစဉ်။

ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စများကို နှစ်ဖက်ဆွေးနွေးခဲ့ကြသလို ကရင်အမျိုးသား အစည်းအရုံး(KNU) ၏ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လျက်ရှိသည့် ခေးပူ-လွယ်မူပလော လမ်းကြောင်း ပြုပြင်ဆောင်ရွက်နေမှုကို တပ်မတော်က ယာယီရပ်ဆိုင်းပေးထားမည်ဖြစ်ပြီး အဆိုပါဒေသ တွင်နေထိုင်ကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် အေးချမ်းစွာနေထိုင်လုပ်ကိုင်နိုင်ပြီး လွတ်လပ်စွာသွားလာလှုပ်ရှားနိုင်ကြောင်း ဆွေးနွေးသဘောတူညီမှုရရှိခဲ့သည်။

ယင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ငြိမ်းချမ်းရေးညီလာခံကျင်းပရန်အတွက် အစိုးရနှင့် NCA လက်မှတ် ရေးထိုးထားသည့် အဖွဲ့များ မေလ ၁၈ ရက်နေ့တွင် အလွတ်သဘောတွေ့ဆုံကြမည်ဖြစ်သည်။

သို့သော် ယင်းတွင်လည်း ပြဿနာများရှိနေသည်။

ဖာပွန်ပြဿနာပေါ်လာပြီး နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်တွင် သဘောထားအပြောင်း အလဲများ ဖြစ်ပေါ်ခဲ့ပြီး ယခင်တွေ့ဆုံနေကျသူများနေရာတွင် နောက်ထပ်ခေါင်းဆောင်များနှင့် အစားထိုးထား သည်ဟု ဦးဇော်ဌေးကဆိုသည်။

လူသစ်၊ မျက်နှာသစ်များနှင့် တွေ့ဆုံဆွေးနွေးရမည့် သဘောဖြစ်သည်။

“ဒီအသစ်တွေရဲ့ အနေအထား သူတို့ရဲ့ ရပ်တည်ချက်က Hardliner (သဘောထားတင်းမာသူ) လား။ SSoftliner (သဘောထားပျော့ပျောင်းသူ) လားဆိုတာ သေသေချာချာ မသိရဘူး” ဟု ၎င်းက ဆိုသည်။

“လူတွေပြောင်းလာတဲ့အပေါ်မှာ အစိုးရဘက်က စိုးရိမ်တယ်”

ဥမ္မာလွင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *