စက်မှုတော်လှန်ရေး ၄.၀ မိတ်ဆက် (၁)

ဒီနေ့ ကျွန်တော်တို့ ကမ္ဘာ၊ လူမှုအသိုင်းအဝိုင်းရဲ့အခြေအနေက သိသိသာသာ ပြောင်းလဲလာနေပါတယ်။ အမှုမဲ့ အမှတ်မဲ့နေရင်တော့ သိပ်မသိသာသလိုပါပဲ။ ဒါပေမဲ့ အခြေခံကျကျ ပြောင်းလဲမှုတွေဖြစ်နေကြောင်း ဖော်ပြချက်တွေ ရှိနေပါတယ်။ ဒါကို လားရာကြီး (Phenomenum) တစ်ခုအနေနဲ့ ပေါင်းရုံးကြည့်မြင်နိုင်ဖို့က ခက်နေပါသေးတယ်။ အခုလို ပြောင်းလဲနေတဲ့အခြေအနေကို မီဒီယာဗျူဟာရေးဆွဲရေးသမားတစ်ဦး ဖြစ်တဲ့ တွမ်ဂွဒ်ဝင်း (Tom Goodwin) က သူ့ရဲ့ TechCrunch ဂျာနယ်ထဲက ဆောင်းပါးတစ်ပုဒ်မှာ ခုလိုရေးပါတယ်။ “ကမ္ဘာ့အကြီးဆုံး တက္ကစီအငှားကားကုမ္ပဏီတစ်ခုဖြစ်တဲ့ အူဘာ (Uber) မှာ ယာဉ်တစ်စီးမှ မပိုင်ပါဘူး။ ကမ္ဘာ့လူသုံးအများဆုံး မီဒီယာပိုင်ရှင်တစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်ခ် (Facebook) ကလည်း သူကိုယ်တိုင် ဘာအကြောင်းအရာတစ်ခုမှ ဖော်ပြနေတာမဟုတ်ပါဘူး။ တကယ့်အဖိုးတန် လက်လီဈေးသည် အလီဘာဘာ (Alibaba) မှာ ပစ္စည်းတွေ သိုလှောင်သိမ်းဆည်းရာ (Inventory) မရှိပါဘူး။ အဲယားဘီအဲန်ဘီ (Airbnb) လို့ ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံးတည်းခိုနားနေရာ ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီမှာလည်း ဘယ်လို အိမ်မြေပိုင်ဆိုင်မှုမှ ရှိမနေပါဘူး”လို့ ရေးပါတယ်။ ဒါကိုကြည့်မြင်နိုင်ရင် အခြေခံကျကျ ပြောင်းလဲနေတဲ့ အခြေအနေကို မြင်ရမှာပါ။

အခုလို အခြေအနေတွေကို ပေါင်းရုံးဖော်ပြတဲ့ စာအုပ်တစ်အုပ်ထွက်လာပါတယ်။ ပါမောက္ခ ကလော့စ်ရွှက် (Klaus Schwab) က စတုတ္ထ စက်မှုတော်လှန်ရေးဆိုပြီး စာအုပ်တစ်အုပ်ရေးသားခဲ့ပါတယ်။ အမှန်ပြောရရင် အစီရင်ခံစာတစ်စောင်ပါ။ သူက အခုအစီရင်ခံစာကို ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မြို့မှာ နှစ်စဉ်ကျင်းပတဲ့၊ နယ်ပယ်ပေါင်းစုံက ကမ္ဘာ့ထိပ်သီးတွေ တက်ရောက်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) မှာ တင်ပြခဲ့တဲ့ စာတန်း တစ်ခုပါပဲ။ ဒါးဗို့စ်မှာ နှစ်စဉ်ကျင်းပတဲ့ ညီလာခံမှာ ကမ္ဘာ့ထိပ်တန်း စီးပွားရေးပညာရှင်တွေ၊ ခေါင်းဆောင်တွေ၊ နည်းပညာ ပညာရှင်တွေက ရှေ့ဖြစ်လားရာအခြေအနေတွေကို ပုံမှန်ဆွေးနွေးနေကျပါ။ ပါမောက္ခ ကလော့စ်ရွှက်က အခု ကမ္ဘာ့စီးပွားရေးညီလာခံ (WEF) ကို စတင်တည်ထောင်သူတစ်ဦးနဲ့ အမှုဆောင်ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ သူက ဂျာမန်လူမျိုး အင်ဂျင်နီယာနဲ့ စီးပွားရေးပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ ကြုံလို့ပြောရရင်တော့ ဟားဗတ်တက္ကသိုလ်၊ ကနေဒီအစိုးရကျောင်းမှာ အုပ်ချုပ်ရေး ပညာမဟာဘွဲ့ (MPA) ရယူခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ အခုစာအုပ်မှာတော့ အခြေခံကျကျ နည်းပညာပြောင်းလဲမှုများနဲ့ လူမှုအသိုက်အဝန်းအပေါ် သက်ရောက်နိုင်မှု၊ နိုင်ငံသားတွေ၊ အစိုးရတွေ၊ မူဝါဒချမှတ်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကော်ပိုရေးရှင်းတွေက ရွေးချယ်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးထားပါတယ်။

ဘာကြောင့်တော်လှန်ရေးလဲ၊ ဘယ်လိုကြောင့် ၄.၀ (စတုတ္ထ မြောက်ဖြစ်ရသလဲ)။

စာရေးသူက စက်မှု ‘တော်လှန်ရေး’ (Revolution) ဆိုတဲ့ စကားလုံးကို သုံးပါတယ်။ ဘာကြောင့်သုံးရတာလဲဆိုတာ ရှင်းပြတော့ ရုတ်ချည်းပြောင်းလဲမှုရယ်၊ အခြေခံကျကျ ပြောင်းလဲမှုဖြစ်တာကြောင့်လို့ ဆိုပါတယ်။ သမိုင်းတစ်လျှောက်မှာ တော်လှန်ရေးတွေက ဖြစ်ပေါ်ခဲ့ပါတယ်။ အခုအခါမှာတော့ မကြုံစဖူး ထူးကဲတဲ့နည်းပညာအပြောင်းအလဲနဲ့ ကမ္ဘာကြီးက ဒီ အပြောင်းအလဲအပေါ် လက်ခံလာတဲ့ အခြေအနေက ကျွန်တော်တို့ တည်ရှိနေတဲ့ စီးပွားရေးစနစ်တွေ၊ လူမှုရေး ဖွဲ့စည်းထားပုံတွေကို ပြောင်းလဲဖို့ ဖြစ်ပေါ်လာပြီလို့ ဆိုပါတယ်။ အခုလို ရုတ်ချည်း ပြာင်းလဲမှုတွေက နောင်လာမယ့်နှစ်ပေါင်းများစွာ ဆက်လက်ဖြစ်ပေါ်နေပြီး သက်ရောက်မှုတွေ ရှိနေစေဦးမှာ ဖြစ်ပါတယ်။

ပထမတော်လှန်ရေးက ‘စိုက်ပျိုးရေးတော်လှန်ရေး’ (Agrarian Revolution) ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀,၀၀၀ လောက်က စတင်ခဲ့တာပါ။ လူတွေက ကျောက်ခေတ်လူသားဘ၀ကနေ တိရစ္ဆာန်တွေ အိမ်မှာ မွေးမြူတတ်လာပါတယ်။ အလေ့ကျသစ်သီးသစ်ဖုတွေ ရှာဖွေစားသောက်ရာကနေ စိုက်ပျိုးစားသောက်ဖို့ ဖြစ်လာတဲ့ ဖြစ်ပေါ်တိုးတက်မှုပါ။ ဒီအဆင့်ကနေ လူသားတွေက တိရစ္ဆာန်တွေရဲ့ စွမ်းအားနဲ့ ကုန်ထုတ်လုပ်ငန်းတွေ ထုတ်လုပ်လာနိုင်ပါတယ်။ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေ ဖြစ်လာခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ စားသောက်ကုန်ထုတ်လုပ်မှုက တိုးတက်လာပါတယ်။ ဒီလိုနဲ့ လူဦးရေတိုးပွားလာ၊ ပိုကြီးမားတဲ့ လူအခြေချနေထိုင်မှုအစုတွေ၊ မြို့ပြတွေအဖြစ် တိုးတက်လာခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ စက်မှုတော်လှန်ရေး (Industrial Revolution) ဖြစ်ပေါ်လာပါတယ်။ ၁၈ ရာစု ဒုတိယနှစ်ငါးဆယ်အပိုင်းမှာ စတင်လာခဲ့တာပါ။ အကြောင်းကတော့ ရေနွေးငွေ့အင်ဂျင်စက်ကို တီထွင်နိုင်ခြင်း နဲ့အတူ လုပ်အားသုံးစွမ်းအင်ကနေ စက်အားသုံးစွမ်းအင်ကို ပြောင်းလဲနိုင်ခဲ့ပါတယ်။ ပထမဦးဆုံးစက်မှုတော်လှန်ရေးက ၁၇၆၀ ပြည့်နှစ်ကနေ ၁၈၄၀ ပြည့်နှစ်လောက်အထိ ဆက်လက်ဖွံ့ဖြိုးနေခဲ့ပါတယ်။ အဆင့် ၁.၀ လို့ ဆိုနိုင်ပါလိမ့်မယ်။ တစ်ပြိုင်နက်တည်းမှာ ရေနွေးငွေ့ အင်ဂျင်စက်ခေါင်းတွေနဲ့ ပြေးမယ့် ရထားလမ်းကို တီထွင်နိုင်ခဲ့ပါတယ်။ ကုန်စည်ကူးသန်းမှု ဖွံ့ဖြိုးလာတာနဲ့အတူ စက်မှုထုတ်လုပ်ရေးဖြစ်လာပါတယ်။ ဒုတိယစက်မှုတော်လှန်ရေး (၂.၀) ကတော့ ၁၉ ရာစုနှောင်းပိုင်းကနေပြီးတော့ ၂၀ ရာစု အစောပိုင်းလောက်ထိကို ဆက်လက်ချီတက်လာပါတယ်။ အဲဒီမှာ တွန်းအားကတော့ လျှပ်စစ်ကို တွေ့ရှိအသုံးချနိုင်ခြင်းနဲ့ အတူ ပစ္စည်းအမြောက်အမြား ထုတ်လုပ်နိုင်တဲ့စနစ် (Assembly Line) တွေ ပေါ်ပေါက်လာတာပါ။ ခါးပတ်လမ်းတစ်လျှောက် သယ်ပို့တဲ့စနစ်နဲ့ လုပ်သားတွေက ပစ္စည်းတစ်ပိုင်းချင်းကို ထုတ်လုပ်ပြီး ပေါင်းစပ်ဆင်ယူတဲ့စနစ်တွေ ပေါ်ပေါက်လာခဲ့ပါတယ်။ စက်မှုတော်လှန်ရေး တတိယကာလ (၃.၀) ကတော့ ၁၉၆၀ ပြည့်နှစ်များလောက်မှာ စတင်တယ်လို့ သုံးသပ်ပါတယ်။ ကွန်ပျူတာတွေ ပေါ်ပေါက်လာတာနဲ့ ဒစ်ဂျစ်တယ်တော်လှန်ရေး ဖြစ်လာတာပါ။ အဲဒီမှာ ဆီမီးကွန်ဒတ်တာတွေ၊ စက်ကြီးနဲ့သုံးတဲ့ မိန်းဖရိမ်ကွန်ပျူတာများ Mainframe Computing (၁၉၆၀ ခုနှစ်များ)၊ လူတစ်ဦးချင်းသုံးကွန်ပျူတာများ (Personal Computing) (၁၉၇၀-၈၀ ခုနှစ်များ) နဲ့ အင်တာနက် ပေါ်ပေါက်လာမှု (၁၉၉၀ ပြည့်နှစ်များ) အဖြစ် ဆက်လက် တိုးတက်လာရာကနေ ဒီနေ့ အခြေအနေအထိပါပဲ။

အခုအချိန် စတုတ္ထစက်မှုတော်လှန်ရေး (၄.၀) ရဲ့ တံခါးဝကိုရောက်နေပြီလို့ ပြောဆိုလာကြပါပြီ။ ဒီအခြေအနေမှာတော့ နေရာအနှံ့အပြား တွေ့မြင်လာနေရတဲ့ မိုဘိုင်းလ်အင်တာနက်ချိတ်ဆက်မှု၊ ပိုပြီး သေးငယ်လာ၊ ပိုပြီး အားကောင်းလာ၊ ဈေးပေါလာတဲ့ အာရုံခံဆင်ဆာများ၊ အသိဉာဏ်တု(AI) နဲ့ စက်တွေက သူတို့ဘာသာလေ့လာမှု (Machine Learning)က အခုအခြေအနေကို ပြဋ္ဌာန်းတယ်လို့ ပါမောက္ခ ကလော့စ်ရွှက်က ဆိုပါတယ်။ ဒီကနေ စမတ်ဖြစ်တဲ့၊ ချိတ်ဆက်နေတဲ့ စက်တွေ၊ စနစ်တွေ၊ စက်ရုံတွေ ဖြစ်လာပါလိမ့်မယ်။ ဂျာမနီနိုင်ငံမှာတော့ စက်မှုတော်လှန်ရေး ၄.၀ ဆိုတဲ့ ဝေါဟာရကို ၂၀၁၁ ခုနှစ် ဟန်နိုဗာစက်မှုပြပွဲကနေ စတင်သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်တော့ ခက်ခဲနေပါဦးမယ်။ ကမ္ဘာကြီးရဲ့နေရာအများအပြားမှာ စက်မှုတော်လှန်ရေး ၂.၀ ကိုတောင် အပြည့်အဝ မခံစားနိုင်ကြသေးပါဘူး။ ကမ္ဘာ့လူဦးရေ ၁၇ ရာခိုင်နှုန်း (၁ ဒသမ ၃ ဘီလီယံ) က လျှပ်စစ်မရှိဘဲ နေထိုင် နေကြရပါသေးတယ်။ ကမ္ဘာ့လူဦးရေ ၄ ဘီလီယံ (ကမ္ဘာ့လူဦးရေတစ်ဝက် ကျော်) က အင်တာနက်ချိတ်ဆက်မှု မရှိသေးပါဘူး။ ဒါပေမဲ့ စတုတ္ထ စက်မှုတော်လှန်ရေးအပြောင်းအလဲကတော့ အရှိန်အဟုန်နဲ့ စဖွင့်နေပါပြီ။

ကမ္ဘာ့စီးပွားရေးဖိုရမ် ၂၀၁၅ မှာ ကမ္ဘာ့တစ်ဝန်းက ထိပ်သီးပညာရှင်တွေ၊ နည်းပညာသည်၊ ကော်ပိုရေးရှင်းကြီးတွေရဲ့ အမှုဆောင်အရာရှိကြီး ၈၀၀ ဦးခန့်က ကမ္ဘာ့လားရာကြီးကို တွေးဆခဲ့ကြပါတယ်။ သူတို့က ဖြစ်လာမယ့် အနာဂတ်ကို ပုံသွင်းလိမ့်မယ်လို့ မျှော်မှန်းရတဲ့ အချက် ၂၁ ခု (21 Tipping Points) ကို ဆွေးနွေးဖော်ထုတ်ခဲ့ကြပါတယ်။ ဘေးနားမှာ ဖော်ပြထားတဲ့ ရာခိုင်နှုန်းကတော့ ဒီပညာရှင်၊ ကျွမ်းကျင် သူတွေ သဘောကြိုက်ညီကြတဲ့ ရာခိုင်နှုန်းဖြစ်ပါတယ်။ နောက်တစ်ပတ်မှာတော့ အခြေခံကျကျ ပြောင်းလဲမှုတွေက ဘာလဲ။ ဘယ်လိုတွန်းအားတွေက စေ့ဆော်မောင်းနှင်နေတာလဲဆိုတာ ဆက်လက်ဖော်ပြပါမယ်။

အောင်သူငြိမ်း

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *