“စစ်အစိုးရခေတ်တုန်းက အရေးယူမှုတွေလောက် မပြင်းထန်ဘူးဆိုရင်တောင် အဲဒီတစ်ဝက်မကတဲ့ ပမာဏနဲ့တော့ ကြုံရနိုင်တယ်”

မြန်မာ့စီးပွားရေးသည် ရခိုင်အရေးကြောင့် ဘူးလေးရာ ဖရုံဆင့်လာပြီဖြစ်သည်။ ထို့အတူပင် ပြည်တွင်း၌လည်း စီးပွားရေးကို မည်သူဦးဆောင်မည်နည်း။ အစိုးရ၏ စီးပွားရေးအကြံပေးများ၊ စီးပွားရေးမူဝါဒများနှင့် လာမည့်သုံးနှစ် မြန်မာ့စီးပွားရေးလမ်းသည် မည်သို့ဦးတည်နေသည်၊ စိန်ခေါ်ချက်နှင့် အဟန့်အတားများ မည်မျှရှိသည်တို့ကို လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးစင်တာ (CESD) ၏ ဒါရိုက်တာလည်းဖြစ်၊ သင့်ဘ၀မဂ္ဂဇင်း အယ်ဒီတာချုပ်လည်းဖြစ်ခဲ့သူ မြန်မာ့စီးပွားရေးသုတေသီ ဦးတင်မောင်သန်း (သင့်ဘ၀) နှင့် တွေ့ဆုံမေးမြန်းဖော်ပြလိုက်ပါသည်။

Voice – သမ္မတဦးဝင်းမြင့်တက်လာပြီးနောက် လက်ကျန်သက်တမ်းသုံးနှစ်မှာ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို လုပ်မယ်ထင်လား။ ဘယ်သူက လုပ်မှာလဲ။ သမ္မတနဲ့ အတိုင်ပင်ခံ လုပ်ငန်းတာဝန်ခွဲဝေထားတဲ့ပုံစံလည်း တွေ့ရတယ်ဆိုတော့ ဘယ်သူက ဦးဆောင်မယ်ထင်လဲဗျ။

TMT – ဘယ်သူက တာဝန်ယူပြီးတော့ဦးဆောင်မလဲဆိုတာကတော့ အခုချိန်ထိ ရှင်းရှင်းလင်းလင်း မတွေ့ရသေးဘူး။ (လက်ရှိ) ရခိုင်အရေးကိစ္စမပေါ်ခင်ကတော့ ဝန်ကြီးဦးကျော်တင့်ဆွေက ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက်ဦးဆောင်မယ်လို့ပြောတယ်။ အဲဒီဦးဆောင်မှုနေရာမှာ ဦးဝင်းမြင့်ကယူမလားဆိုတာ ဦးဝင်းမြင့်မိန့်ခွန်းကို ကြည့်လိုက်ရင် မတွေ့ရသေးဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ တိတိကျကျတော့ မပြောနိုင်ဘူး။

စီးပွားရေးပြုပြင်ပြောင်းလဲမှုလို့ ပြောတဲ့အခါ နှစ်ပိုင်းပေါ့။ တစ်ပိုင်းက Macro စီးပွားရေးပြုပြင်ပြောင်းလဲမှုအပိုင်း။ ဒါကတော့ ဗဟိုဘဏ်နဲ့ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး စီးပွားရေးပညာရှင် ရှောင်တာနဲလ်တို့ လုပ်နေတယ်လို့ သိရတယ်။ အတော်လေးလည်း ခရီးရောက်လာတယ်။ အထူးသဖြင့် ငွေဖောင်းပွမှုနှုန်းကို ချနိုင်တာမျိုး။ ဒါပေမဲ့ Liberalization လို့ခေါ်တဲ့ ဖြေလျှော့မှုတွေဘက်မှာ ဘယ်သူဦးဆောင်မလဲတော့ မသိဘူး။ သမ္မတဦးဝင်းမြင့် ဇောင်းပေးပြောသွားတဲ့ အချက်တွေထဲမှာ အချို့တော်တော်များများက စီးပွားရေးနဲ့တော့ ဆက်နွှယ်နေတယ်။ ဥပမာအားဖြင့် တရားဥပဒေစိုးမိုးရေး၊ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး၊ ပြည်သူ့ဘဏ္ဍာ ရင်းနှီးမြှုပ်နှံမှုစနစ်တစ်ရပ်ပေါ်ပေါက်ရေး ဒီအချက်တွေက စီးပွားရေးအကောင်အထည်ဖော်မှုနဲ့ Macro စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ တိုက်ရိုက်ဆက်စပ်နေတာဖြစ်တယ်။ ဆိုတော့ အဲဒီနေရာတွေကစပြီး တစ်စုံတစ်ရာတော့ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်နိုင်တယ်လို့တော့ မျှော်လင့်ရတယ်။

Voice – ဆရာကြီးဦးမြင့် (ဒေါက်တာ ဦးမြင့်) လည်း UMFCCI မှာ ပြောသွားဖူးတယ်။ စီးပွားရေးကို အစိုးရရဲ့ ဦးစားပေးအဖြစ် ပြည်သူတွေကျယ်ကျယ်ပြန့်ပြန့်သိအောင် လုပ်ဖို့။ ဆိုတော့ အခုချိန်မှာရော အစိုးရက စီးပွားရေးကို အာရုံစိုက်နေပြီလား။ အထူးသဖြင့် စီးပွားရေးကို ငြိမ်းချမ်းရေးနဲ့ တန်းတူထားပြီး လုပ်နေပြီလား။ ဆရာကြီးဦးမြင့်ရဲ့ မိန့်ခွန်းမှာတော့ အစိုးရရဲ့ ဦးစားပေးကို ငြိမ်းချမ်းရေးအဖြစ် လူသိရှင်ကြားကြေညာဖို့ ပြောထားတာပါ။

TMT – ခုနကပြောသလိုပဲ ရခိုင်ကိစ္စတွေ မပေါ်လာခင်အထိတော့ တိုက်ရိုက်ဦးဆောင်မယ်လို့ ပြောထားပြီးသားပါ။ အခုကတော့ အဲဒီကို ပြန်မကောက် သေးတာပေါ့။ ရခိုင်ကိစ္စက အဲဒီမတိုင်ခင်က အခြေ အနေထက် မျှော်လင့်တာထက် ပိုခက်ခဲသွားတယ်လို့ ယူဆရတယ်။ အဲဒါကြောင့်မို့ လောလောဆယ်ပေါ်နေတဲ့ နိုင်ငံရေးကိစ္စတွေက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်နေတဲ့အတွက် ဒီဘက်မှာ နည်းနည်းဟနေတယ်လို့ ကျွန်တော်ထင်တယ်။ စီးပွားရေးဘက်ကို ပြန်လာလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။

Voice – ရခိုင်အရေးပြောသွားတော့ ရခိုင်ကိစ္စသည် ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးအပေါ် ဘယ်လောက်သက်ရောက်နိုင်ခြေရှိလဲ။ ဘယ်လောက်ထိ ကြီးမားသွားနိုင်လဲ။
TMT – ကြီးသွားနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ စစ်အစိုးရခေတ်တုန်းက အရေးယူမှုတွေလောက် မပြင်းထန်ဘူးဆိုရင်တောင် အဲဒီတစ်ဝက်မကတဲ့ ပမာဏနဲ့တော့ ကြုံရနိုင်တယ်။ ကြုံရ၊ မကြုံရ ဆိုတာကတော့ မြန်မာနိုင်ငံဘက်က ဘင်္ဂါလီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ ကိုင်တွယ်နိုင်လဲဆိုတာအပေါ် မူတည်လိမ့်မယ်။ ဒီပြဿနာရဲ့ အကြောင်းကတော့ အကြောင်းပြိုင်နှစ်ခုပေါ့။ တစ်ခုက လူ့အခွင့်အရေးနဲ့ အမျိုးသားရေးပေါ့။ ကျွန်တော်ကြည့်သလောက်ဆို မြန်မာပြည်သူရော၊ တပ်မတော်ရော၊ အစိုးရအဖွဲ့ဝင်တချို့ရော တော်တော်များများက လူ့အခွင့်အရေးသဘောကို ရှင်းရှင်းမမြင်ကြဘူးလို့ ထင်တယ်။ အခက်တွေ့နေပုံရတယ်။

လူ့အခွင့်အရေးသဘောမှာတော့ လူဖြစ်တာနဲ့တင် လုံလောက်သွားတယ်။ အဲဒီအတွက် အခြေခံအခွင့်အရေးကပါပြီးသားမို့ ဘယ်သူကမှ ပေးတာမဟုတ်ဘဲ အဲဒီ့အခွင့်အရေးကို နိုင်ငံတော်အစိုးရတွေက လေးစားရေးပဲ။ အဲဒီအချက်ကို (ကမ္ဘာက) ပြောနေကြတာဖြစ်တယ်။ အဲဒီရှုထောင့်ကပြောရင် ရိုဟင်ဂျာ ရှိ မရှိတို့၊ တိုင်းရင်းသားဖြစ်မဖြစ်တို့က ကုလသမဂ္ဂချည်းကပ်ပုံမှာ အဓိကမကျဘူး။ ဒါပေမဲ့ ကျွန်တော် တို့ချဉ်းကပ်ပုံက အဲလိုမဟုတ်ဘူး။ အဲဒီနားလည်မှုက ကွာဟသွားတာ။ မြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ အမျိုးသားရေး၊ တစ်နည်းအားဖြင့် လူနဲ့နိုင်ငံကို ချိန်တဲ့နေရာမှာ နိုင်ငံဘက်ကိုတင်းနေတယ်။ ဒါကလည်း သမိုင်းကြောင်းအရ ကျွန်တော်တို့ နားလည်လို့ရတယ်။ လူ (လူ့အခွင့်အရေး) ဘက်ကို မတင်းခဲ့ဘူး။ အဲဒီဟန်ချက်လေးကို ညှိရမယ်လို့ ထင်တယ်။ တစ်ဖက်စောင်းနင်းတင်းသွားဖို့ မဟုတ်ဘူး။ သို့သော်လည်း အဲဒီထဲမှာ အနိမ့်ဆုံးအဆင့်ကို ဖြည့်ဆည်းရလိမ့်မယ်ထင်တယ်။ အဲဒီဖြည့်ဆည်းနိုင်မှုရဲ့ အရှိန်နှုန်းထားပေါ်မူတည်ပြီးတော့ ဖိအားဘယ်လောက်လာမလဲ၊ ပမာဏ ဘယ်လောက်လာမလဲ ဖြစ်သွားလိမ့်မယ်။

ကျွန်တော်စိုးရိမ်တာလေးတစ်ခုက ၂၀၂၀ ဆို ရွေးကောက်ပွဲလာတော့မှာဖြစ်လို့ လူဆိုတဲ့ကိစ္စဘက်၊ လူ့အခွင့်အရေးဆိုတဲ့ကိစ္စဘက်က ဆောင်ရွက်မယ်ဆိုရင် လက်ရှိအစိုးရအနေနဲ့ အကန့်အသတ်ဖိအား တွေဖြစ်နေမလား။ ဒါဆိုရင် ဖိအားတွေက ဆက်တိုက် ဆက်တိုက်ကြီးဝင်လာနိုင်တဲ့အတွက် ဖိအားပေးတာ မြန်တဲ့အခြေအနေကို ဆိုက်သွားနိုင်တယ်။

Voice – ဖိအားဆိုတာက ပြည်တွင်း၊ ပြည်ပ။

TMT –  ပြည်ပပေါ့နော်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တရုတ်နဲ့ ရုရှားရပ်ခံပေးလို့ ICC ကို တင်လို့မရဘူးဆိုပေမယ့်လည်း အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ဖိအားကို တိုင်းပြည်က တော်တော်ခံရနိုင်စရာ အကြောင်းရှိတယ်။

Voice – စီးပွားရေးဘက်မှာဆို အထူးအခွန်ကင်းလွတ်ခွင့် (GSP) ကို ပြန်ရုတ်တာမျိုးပေါ့။

TMT – ဟုတ်ပါတယ်။ စီးပွားရေးဘက်မှာဆို အထူးအခွင့်အရေးရထားတာတွေ ပြန်ဆုံးရှုံးသွားနိုင်စရာရှိပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့နဲ့ မဆက်ဆံတာတွေ၊ ဥပမာအားဖြင့် ရမယ့်အကူအညီတွေ လျော့သွားတာတွေ အများကြီးကြုံရနိုင်ပါတယ်။

Voice – နောက်တစ်ခုက ရခိုင်အရေးဖိအားတက်လာတယ်။ ဒါဆို စီးပွားရေးလုပ်သာကိုင်သာရှိတဲ့ ပတ်ဝန်းကျင်ပေါ့လေ။ အဲဒါတွေမရှိဘဲနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ဖို့က အဆင်ပြေပါ့မလား။

TMT – ယေဘုယျအားဖြင့် သူတို့ကြည့်တာက အနောက်နိုင်ငံဆိုရင် လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေ။ ဒါကတော်တော်လည်း အရေးကြီးတယ်။ ကျွန်တော်တို့ ကမ္ဘာကြီးနဲ့ အဆက်ပြတ်နေတဲ့အချိန်မှာ လူ့အခွင့်အရေးဟာ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ အတော်လေး အရေးကြီးတဲ့နေရာကို ရောက်သွားတယ်။ အထူးသဖြင့် ၁၉၉၀ ပြည့်နှစ်များအတွင်းမှာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာမူဝါဒကို ချဉ်းကပ်ရင် လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေကို ကြည့်လာကြတယ်။ အဲဒီတော့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုတာတောင် လူ့အခွင့်အရေးသဘောနဲ့ ဖွင့်ဆိုလာကြတယ်။ ဒီပြောင်းလဲမှုနဲ့ ကျွန်တော်တို့က အဆက်ပြတ်သွားတယ်။ အဆက်ပြတ်သွားတဲ့အခါ အချုပ်အခြာအာဏာကိစ္စ၊ အမျိုးသားရေးကိစ္စတွေမှာ ဇောင်းပေးမိလျက်သားဖြစ်တယ်။ ဒါ့ကြောင့် ရင်းနှီးမြှုပ်နှံမှုကိစ္စမှာလည်း လူ့အခွင့်အရေးကိစ္စပေါ်မှာ မြန်မာနိုင်ငံအစိုးရက ဘယ်လိုသဘောထားလဲ။ ဘယ်လိုအကောင်အထည်ဖော်လဲ။ အဲဒါကို တိုင်းတာကြည့်ရှုမယ့်နေရာသည် ဘင်္ဂါလီကိစ္စကို ဘယ်လိုကိုင်တွယ်လဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းရဲ့ ပုဒ်မ ၁၄ မှာဆိုရင် ဒီလိုဒုက္ခသည်တွေဆိုင်ရာပြဿနာတွေကို ဖော်ပြခဲ့တယ်။ ဒါကိုအကောင်အထည်ဖော်ဖို့ ဒုက္ခသည်များဆိုင်ရာ ကြေညာချက်တစ်ခုရှိခဲ့တယ်။ အခုချိန်မှာဆိုရင် နိုင်ငံပေါင်း ၁၄၈ နိုင်ငံက ဒါကို သဘောတူထားကြတယ်။ သူ့ရဲ့ပမာဏက တော်တော်ကြီးမားတယ်။ လေးပုံသုံးပုံက ဒါကိုသဘောတူထားပြီးဖြစ်တယ်။ အဲဒါကို ကျွန်တော်တို့ဘက်က လက်မခံတဲ့ အင်အားစုက အတော်ကြီးမားနေတုန်းပဲလို့ ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ (အစိုးရအဖွဲ့) အတွင်းသဘောအရ အခက်အခဲတွေ အများကြီးရှိနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ အဲဒါက ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံတကာဖိအားအပေါ် အကျိုးသက်ရောက်မှုရှိနိုင်တယ်။

ဒုတိယတစ်ချက်ကတော့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် နည်းနည်းပိုအားရှိတာက အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို ပိုပြီးအရှိန်အဟုန်မြှင့်လာတာပေါ့။ အဲဒီနေရာမှာလည်း Transparency International  ရဲ့ တိုင်းတာချက်တွေမှာဆိုရင် တိုးတက်မှုတစ်စုံတစ်ရာ တွေ့ရတယ်။ ကမ္ဘာ့ဘဏ်က တိုင်းတာတဲ့ စီးပွားရေးလုပ်သာကိုင်သာတဲ့အခြေအနေ Doing Business  မှာဆိုရင်တော့ ကျွန်တော်တို့က ပြန်ကျသွားပြန်ရော။ ဆိုလိုတာက အခြေအနေတွေက ရောထွေးနေတဲ့အခြေအနေဖြစ်တယ်။ ဒါတွေကို ဖိဖိစီးစီးပြန်ကိုင်တွယ်နိုင်မယ်ဆိုရင်တော့ …။ သော့ချက်ကတော့ ရခိုင်အရေးကိုင်တွယ်နိုင်မယ့်ကိစ္စက သော့ချက်ကျလိမ့်မယ် ထင်တယ်။

Voice – တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုအကြောင်း လေ့လာကြည့်တဲ့အခါ ငွေလဲနှုန်းရှင် သတ်မှတ်တာ၊ ဗဟိုဘဏ်ပြုပြင်ပြောင်းလဲတာ စတာ တွေ တွေ့ရတယ်။ ဒါတွေကို သမ္မတဦးသိန်းစိန်လက်ထက်ကလည်း လုပ်ခဲ့တယ်။ တချို့ကိစ္စတွေဖြစ်တယ်။ တချို့ကိစ္စတွေမဖြစ်ဘူး။ ဒီဘက်အစိုးရလက်ထက်မှာရော အဲဒါမျိုးပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာ တွေ့ပြီလားခင်ဗျ။

TMT – ဒီဘက်အစိုးရလက်ထက်မှာ ထူးထူးခြားခြား၊ ဖိဖိစီးစီးလုပ်နေတာကတော့ Macro စီးပွားရေးတည်ငြိမ်မှုကို လုပ်နေတာရှိပါတယ်။ အထူးသဖြင့် ဗဟိုဘဏ်နဲ့ ရှောင်တာနဲလ်တို့လုပ်နေတယ်။ နောက်ဆုံးအနေနဲ့တော့ ဗဟိုဘဏ်က ကုန်ဈေးနှုန်းကို ထိန်းညှိမယ်လို့ ကြေညာသွားတာတွေ့လိုက်တယ်။ ဒါက အချိန်လေးတော့စောင့်ရမယ်။ ဒါက စောင့်ကြည့်တဲ့ ဌာနတွေဖွဲ့ရမယ်။ စာရင်းဇယားတွေလုပ်ပြီး ဆုံးဖြတ်ချက်တွေချရမှာမို့ အချိန်ယူရလိမ့်မယ်ထင်တယ်။ ဒါကတော့ ဒီဘက်ခေတ်ရဲ့ထူးခြားတဲ့ ပြုပြင်ပြောင်းလဲမှုပေါ့။

တစ်ဖက်မှာကျတော့ အားမရစရာကောင်းတာက ပို့ကုန်မြှင့်တင်ရေး။ ခေတ်အဆက်ဆက်ပြောလာတာနဲ့ လေသံကတော့တူတယ်။ လက်တွေ့မှာတော့ အဲဒီလိုပို့ကုန်မြှင့်တင်ရေးအခြေအနေကောင်းတွေ၊ စီမံကိန်းတွေ၊ ချဉ်းကပ်ပုံတွေ မတွေ့ရဘူး။ ဒါကလည်း အဟောင်းထဲက မထွက်နိုင်သေးဘူးလို့ ပြောရမယ်။

Voice – ဗဟိုဘဏ်ပြုပြင်ပြောင်းလဲရေးလုပ်တဲ့အခါ ဗဟိုဘဏ်ကို သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်ရေးနဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌကို ပြည်ပက တတ်သိပညာရှင်ကို ခန့်တာမျိုးအတွက် နိုင်ငံတကာမှာ ဘယ်လိုအခြေအနေရှိပါလဲ။ ကျွန်တော်တို့ ဗဟိုဘဏ်ကရော ဘယ်လိုဆက်သွားသင့်ပါလဲ။

TMT – ဗဟိုဘဏ်မှာ လောလောဆယ်မှာ တော့ IMF တို့ ၊ World Bank တို့က ပညာရှင်တွေ အကြံဉာဏ်ပေးနေတာရှိတယ်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ပြောင်းလဲခဲ့တဲ့အကုန်လုံးက အဲဒီပညာရှင်တွေရဲ့ အကြံပြုချက်တွေအပေါ်မူတည်ပြီးတော့ ပြောင်းလဲခဲ့တာပေါ့။ ကိုယ့်ဝန်ထမ်းတွေထဲက အဲဒါတွေကို လုပ်နိုင်ကိုင်နိုင်တဲ့ စီမံခန့်ခွဲနိုင်မှု ရှိပြီလားဆိုရင်တော့ မရှိသေးဘူးလို့ ပြောရမှာပေါ့။ အဲဒီမှာတော့ ကိုယ်တွေဘက်က အားနည်းတယ်။ အဲဒီဘက်မှာ တည်ဆောက်ရမယ်။ ဒါပေမဲ့ ဗဟိုဘဏ်နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက မဟာတန်းအဆင့် နိုင်ငံခြားပညာတော်သင်လွှတ်ပြီးတော့ အဲဒီလူတွေ ပြန်လုပ်နေတာတွေက တော်တော်လေးရှိလာပြီ။ ဒါပေမဲ့ သိပ်ပြီးတော့ အတွေ့အကြုံများတဲ့သူတွေကို ခေါ်ဖို့တော့မဖြစ်နိုင်သေးဘူ။ တချို့နိုင်ငံတွေမှာတော့ ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် တတ်သိပညာရှင်တွေကို ခေါ်ပြီးတော့ ခန့်လိုက်တာတွေရှိတယ်။ တာဝန်ပေးလိုက်တာတွေရှိတယ်။ နိုင်ငံခြားသားကိုပေါ့နော်။ ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေ၊ ဖြတ်သန်းမှုအရတော့ အဲဒီလိုနိုင်ငံခြားသားတွေကို တာဝန်ပေးမှုတွေက နိုင်ငံရေးအရ ကန့်ကွက်ကြတာတွေရှိတဲ့အတွက်ကြောင့် အတော်လေးခက်ခဲလိမ့်ဦးမယ့် သဘောရှိတယ်။ သို့သော်လည်း မြန်မြန်ဆန်ဆန်နဲ့ဆိုရင် ကျွန်တော်တို့က တတ်ကျွမ်းတဲ့သူတွေကို သုံးလို့ရတာရှိတယ်။ ဥပမာအားဖြင့် အနည်းဆုံးပေါ့။ တစ်နှစ်ကို ဒေါ်လာတစ်သိန်းပေးမယ်ဆိုရင် ကျွန်တော်တို့က ဆယ်သန်းသုံးမယ်ဆိုရင် တစ်နှစ်ကို လူဆယ်ယောက် ခေါ်ပြီးလုပ်လို့ရတယ်။ ဒါက တကယ်ပြန်တွက်ကြည့်ရင်တော့ ကမ္ဘာ့ဘဏ်တို့ IMF တို့လာပြီးသုံးမယ်ဆိုလို့ ရှိရင်လည်း သူတို့က ဒီထဲကနေ Consortium   Fee တွေယူတာပဲ။ အဲဒီနှစ်ခုကိုချိန်ထိုးပြီး ကျွန်တော်တို့က ကြည့်ရလိမ့်မယ်။ ကြည့်လိုရှိရင် ဘယ်ပညာရှင်၊ ပေါ်လစီကို ကျင့်သုံးမလဲသိနိုင်တယ်။ ဒီအပေါ်ချိန်ထိုးစဉ်းစားရင် ကျွန်တော်တို့အတွက် ပိုပြီးတွက်ခြေကိုက် မလားလို့ပေါ့။

Voice – ရန်ကုန်တိုင်းရဲ့ စီးပွားရေးနဲ့ပတ်သက်ပြီးပေါ့။ Eco Green တို့ ၊ ရန်ကုန်မြို့သစ်စီမံကိန်းတို့ ရှိတယ်။ ဒီလိုစီမံကိန်းကြီးတွေကို လုပ်ဆောင်နေတဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့ နောက်မှာ ဘယ်သူရှိမလဲ။ ရန်ကုန်တိုင်းလွှတ်တော်မှာတော့ ဒီလိုစီမံကိန်းမျိုးနဲ့ ပတ်သက်ရင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းတို့ ဦးကျော်ဇေယျတို့ရဲ့ ဝေဖန်ထောက်ပြမှုတွေ ကြားနေရတယ်။တချို့စီမံကိန်းတွေက လွှတ်တော်ကို မတင်ဘဲ ကျော်သွားတယ်ဆိုတာမျိုးဆိုပြီး ပြောနေကြတာလည်းရှိတယ်။ အဲဒါ ဘာ့ကြောင့်လဲ။

TMT – ယေဘုယျအားဖြင့်တော့ ရန်ကုန်တိုင်းမှာလုပ်တဲ့ စီမံကိန်းတွေကကြီးတဲ့ အတွက်ကြောင့် ဗဟို (အစိုးရ) ရဲ့ သဘောတူညီချက်တစ်စုံတစ်ရာ ယူထားတာဖြစ်နိုင်တယ်။ ဗဟိုလို့ ပြောတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရှိမယ်။ ဘဏ္ဍာရေးဝန်ကြီးရှိမယ်။ အနည်းဆုံးသူတို့ကို အကြောင်းကြားပြီး အသိပေးပြီးမှ လုပ်တယ်လို့ ယူဆလို့ရနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ တစ်ဖက်မှာလည်း လုပ်ထုံးလုပ်နည်းအရ ပြောရမယ်ဆိုရင် တချို့ကြီးမားတဲ့ စီမံကိန်းကြီးတွေဆိုတာက ပြည်သူကိုချပြဖို့လိုတယ်။ ပြည်သူတွေရဲ့ လွှတ်တော်ကိုချပြဖို့လိုတယ်။ ဒါကိုက ပြုပြင်ပြောင်းလဲရေးဖြစ်တယ်။ လူထုနဲ့စကားပြောတာ၊ လွှတ်တော်နဲ့ စကားပြောတာ ဒါတွေဟာ လုပ်ပုံကိုင်ပုံ ကောင်းတွေ၊ ပြုပြင်ပြောင်းလဲရေး သဘောဆောင်တဲ့လုပ်ငန်းတွေဖြစ်ပါတယ်။ ဒါကြောင့်မို့ လုပ်သင့်တယ် ထင်ပါတယ်။

Voice  – လက်ရှိအစိုးရကို အကြံပေးနေတဲ့ စီးပွားရေးဆိုင်ရာ အကြံပေးအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်များ ကောင်းကောင်းမွန်မွန်ပေါ့နော်။ ရှိနေပြီလား။

TMT – အကြံပေးနေတဲ့သူတွေတော့ ရှိလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ဥပမာအားဖြင့် ရှောင်တာနဲလ်ဆိုရင် တရားဝင်သိရတဲ့သူပေါ့။ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဆိုတာလည်း စီးပွားရေးသဘောအရ ဖွဲ့ထားတာရှိတယ်။ အဲဒီကော်မတီမှာဆိုရင် လူ ၂၀ လောက်တောင် ပါလားမသိဘူး။ လုပ်ပုံကိုင်ပုံ ဘယ်လိုရှိလဲတော့ ကျွန်တော်မသိဘူး။ ဆိုလိုတာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်လောက်မကြာခဏတွေ့လဲ။ ပုံမှန်ဘယ်လိုတွေ့လဲ။ ဘာအကြောင်းတွေကို ပြောလဲဆိုတာကတော့ မမြင်သာတဲ့အတွက် ကျွန်တော်မသိဘူး။ ဆိုတော့ သေချာစနစ်တကျရှိသွားတဲ့ဟာမျိုးလေး ဖြစ်သွားရင်တော့ ကောင်းပါတယ်။

ကျွန်တော်သိသလောက် အရင်အစိုးရလက်ထက်မှာလည်း ပုံမှန်သဘောမျိုးဆောင်တဲ့ တွေ့ဆုံမှု မျိုးတော့ သိပ်မရှိခဲ့ဘူးလားလို့။ ကျွန်တော်နားလည်တာပေါ့လေ။ ပုံမှန်တွေ့သွားရင်တော့ ပိုကောင်းတယ်။

Voice – တိုင်းနှင့် ပြည်နယ်တွေမှာရော ကောင်းမွန်တဲ့ အစိုးရအကြံပေးကောင်းတွေ ရှိခြင်း မရှိခြင်းက အဲဒီအစိုးရရဲ့ မူဝါဒတွေအကောင်အထည်ဖော်တဲ့အခါ ဘယ်လိုအကျိုးသက်ရောက်လဲ။

TMT – တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း အကြံပေးတွေမရှိဘူးလို့ ကျွန်တော်ထင်တယ်။

Voice – အစိုးရလုပ်ဆောင်နေတဲ့ စီးပွားရေးမူဝါဒကို စာဖတ်ပရိသတ်တွေ နားလည်လွယ်အောင် အရိုးရှင်းဆုံးပုံစံနဲ့ နည်းနည်းပြောပြပေးပါ။ အစိုးရ ဘာတွေလုပ်နေလဲ။

TMT – စီးပွားရေးမှာ ကျွန်တော်နားလည်တာက ငွေဖောင်းပွမှုကို ချဖို့ကြိုးစားနေတယ်။ ငွေဖောင်းပွမှုကိုချဖို့ကြိုးစားတာက အရေးကြီးတယ်။ ငွေဖောင်းပွမှုကျမှ အတိုးနှုန်းကချလို့ရမယ်။ အတိုးနှုန်းဆိုတာက စုဆောင်းငွေအတိုးနှုန်းနဲ့ ချေးငွေအပေါ်ယူတဲ့အတိုးနှုန်း။ ဆိုတော့ လုပ်ငန်းတွေက ချေးရတဲ့အတိုးနှုန်းက အခြားနိုင်ငံတွေနဲ့ယှဉ်ရင်များနေတာရှိတယ်။ ဒါ့ကြောင့်မို့ ဒါကို ရေရှည်ဖို့ တဖြည်းဖြည်းလျှော့ချဖို့ကြိုးစား နေတယ်လို့ ကျွန်တော်နားလည်တယ်။ ကျန်တဲ့အဖွဲ့ပေါ့ ချုပ်ကိုင်ထားတာတွေကို ဖြေလျှော့တဲ့အပိုင်းကိုတော့ ဒုတိယသမ္မတ ဦးမြင့်ဆွေဦးဆောင်ပြီး လုပ်တယ်လို့ ယူဆရတယ်။

Voice – ဒါက UMFCCI မှာ ဒုသမ္မတက လုပ်ငန်းရှင်တွေရဲ့ အခက်အခဲကို တစ်လတစ်ကြိမ် သွားနားထောင်ဖြေရှင်းပေးတာကို ဆိုလိုတာထင်တယ်။

TMT – ဟုတ်ပါတယ်။ အဲဒီလိုတော့ ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ အရှိန်အဟုန် ဘယ်လောက်ကောင်းလဲဆိုတာကတော့ ထုတ်ပြန်ချက်တွေ မတွေ့ရတဲ့အတွက် ဘယ်လောက်ခရီးပေါက်နေလဲ ကျွန်တော်တို့မသိဘူး။ ဒီဘက်ခေတ်မှာ အခက်အခဲတွေကို သိပ်မမြင်ရတာက သက်ဆိုင်ရာအစိုးရအရာရှိတွေက မီဒီယာတွေနဲ့ တွေ့ဆုံတာနည်းတယ်။ နည်းတဲ့အတွက်ကြောင့် ကျွန်တော်တို့ လေ့လာအကဲခတ်တဲ့လူတွေအပါအဝင် စာဖတ်ပရိသတ်အနေနဲ့က သိခွင့်သိပ်မရှိသလိုဖြစ်သွားတယ်။ အဲဒီအပိုင်းလေးကိုများ ပြင်နိုင်ရင် မီဒီယာတွေနဲ့ မကြာခဏတွေ့ဆုံနိုင်ရင် အစိုးရက သူတို့လုပ်တာတွေကို ရှင်းပြနိုင်တယ်။ နောက်ပြီး လေ့လာအကဲခတ်တဲ့သူတွေကလည်း သဘောထားအမြင်တွေပေးနိုင်တယ်။ သူတို့ (အစိုးရ) လည်း အပါအဝင်တွေ့ကြမယ်ဆိုရင် သူတို့ဘာလုပ်နေတယ်ဆိုတာ သိသွားကြမယ်။ အစိုးရတစ်ရပ်အနေနဲ့လည်း သူ့နိုင်ငံရေးအတွက်လည်း ပိုပြီးအားကောင်းလာမယ်လို့ ကျွန်တော်ထင်တယ်။

Voice – လက်ကျန်သုံးနှစ်မှာ မြန်မာ့စီးပွားရေးက ဒီအတိုင်းသွားမလား။ ဒါမှမဟုတ် ပိုပြီးများကောင်းလာနိုင်မလား။ ဘယ်လိုဖြစ်လာနိုင်မလဲ သုံးသပ်ကြည့်ပေးပါ။ လက်ရှိ ရခိုင်ကိစ္စ နိုင်ငံတကာ ဖိအားအပါအဝင် ဒီအခင်းအကျင်းအားလုံးကို ခြုံငုံ ပြီးတော့ပေါ့လေ။ ဘယ်လိုမြင်ပါသလဲ။

TMT – ရခိုင်ကိစ္စကိုင်တွယ်တဲ့အပေါ်မှာ မြန်မာ့စီးပွားရေးခြေအနေက မူတည်သွားလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ စီးပွားရေးအရ ပိတ်ဆို့အရေး ယူတာတွေ ဖိတာတွေများလာမယ်ဆိုရင်တော့ စစ်အစိုးရလက်ထက်ကအတိုင်း ကြုံရတဲ့ အခက်အခဲတွေကို ပြန်ပြီးကြုံရတာတွေ ဖြစ်လာနိုင်တယ်။ ဖြစ်ဖို့ အလားအလာကလည်း မြင်နေရသလိုဖြစ်နေတယ်။ အဲဒီအတွက်တော့ စိတ်လည်းမကောင်းဘူး။ အားလည်းမရဘူး။ ဖြစ်နေတဲ့အခြေအနေကိုပေါ့နော်။ ရင်းနှီးမြှုပ်နှံမှုနဲ့ ပြောပြီဆိုရင် အလုပ်ကိုစနစ်တကျ လုပ်နိုင်တဲ့ အဆင့်ရှိတဲ့ကုမ္ပဏီကြီးတွေ ဝင်လာဖို့ကတော့ တော်တော်ခက်ခဲသွားတဲ့ အနေအထားမျိုးကို ရောက်သွားပြီ။ အဲဒီအတွက် ကျွန်တော်တို့ဆုံးရှုံးခဲ့တာတွေက လူမှုသဘောဆောင်တဲ့ အခွင့်အရေးကိုလေးစားတဲ့ကုမ္ပဏီတွေမလာဘူး။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လေးစားတဲ့ကုမ္ပဏီတွေ လာတာနည်းသွားနိုင်တယ်။ အဲဒီအခါကျတော့ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အမြတ်ကိုပဲ အဓိကထားပြီး လုပ်ပုံကိုင်ပုံကောင်းတွေ မပါတဲ့ ကုမ္ပဏီတွေပဲများနေမယ်ဆိုရင် ကျွန်တော်တို့ စီးပွားရေးက စနစ်တကျနဲ့ ကမ္ဘာကိုယှဉ်ပြိုင်ဖို့ အားနည်းသွားလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ အဲဒါလေးတစ်ခုကိုတော့ လေးလေးနက်နက် စဉ်းစားပြီးတော့ နိုင်ငံရေးအကျိုးဆက်အရ အဲဒါမျိုးမဖြစ်အောင် သက်ဆိုင်ရာပါဝင်ပတ်သက်ကြတဲ့ ခေါင်းဆောင်တွေ အကုန်လုံးက ကျယ်ကျယ်ပြန့်ပြန့် တွေးတောပြီး မူဝါဒကို ချမှတ်နိုင်မယ်ဆိုရင်တော့ ထိန်းပြီးတော့ သွားလို့ရလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။

Voice – ဒါဆိုရင် မြန်မာနိုင်ငံနဲ့ဆက်ဆံစရာ အာဆီယံနဲ့ တရုတ်ပဲရှိတော့မယ့် သဘောမျိုးပေါ့။ အာဆီယံထဲမှာလည်း OIC အဖွဲ့ဝင် အစ္စလာမ်နိုင်ငံတချို့ကို ဖယ်လိုက်ရင် ကျန်တဲ့နိုင်ငံတွေနဲ့ပဲ စီးပွားရေးအရ ဆက်ပြီးလုပ်ကိုင်သွားရမယ့် အလားအလာမျိုး ဖြစ်သွားမယ့်သဘောပေါ့။

TMT – အဲဒီလိုပဲ မြင်နေရတာပေါ့နော်။ မြင်နေရတဲ့အခါကျတော့ ဒါကလည်း အဲဒီနိုင်ငံတွေအပေါ်မှာ အနောက်နိုင်ငံတွေက ဘယ်လောက်ထိ ဖိအားပေးလဲဆိုတာနဲ့ ဆက်စပ်နေသေးတယ်။

Voiec – ပြန်ချုပ်ရင်လာမယ့်သုံးနှစ်စီးပွားရေး မြန်မာ့ခေါင်းဆောင်တွေ ရခိုင်အရေး ဘယ်လိုကိုင်တွယ်လဲအပေါ်မှာ မူတည်နေတာပေါ့။

TMT – ရခိုင်ကိစ္စက တော်တော်လေး သော့ချက်ကျမယ်လို့ ကျွန်တော်ထင်တယ်။

Voice – ဒါဆိုရင် အစိုးရရဲ့ Capacity ပေါ့။ ရခိုင်အရေးကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်နိုင်ဖို့ သူ့မှာ အဆင်ပြေပါ့မလား။

TMT – ဒေါ်အောင်ဆန်းစုကြည်မှာတော့ (Capacity) အပြည့်ရှိမယ်လို့ ကျွန်တော်ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီပြဿနာရဲ့ အနက်အရှိုင်း ကြိုပြီးတော့လည်း မြင်ခဲ့တယ်။ ဒီလိုကြိုမြင်ခဲ့တဲ့အတွက်လည်း ကိုဖီအာနန်ကော်မရှင်ကို စပြီးဖွဲ့စည်းခဲ့တယ်။ ပြီးရင် အကောင်အထည်ဖော်တဲ့ အဖွဲ့တွေလည်း ဖွဲ့ခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ သူ့အစိုးရအဖွဲ့နဲ့ သူ့ပါတီထဲမှာရော ဒေါ်အောင်ဆန်း စုကြည်ကဲ့သို့ မြင်နိုင်တဲ့သူ အားကောင်းကောင်းရှိရဲ့လား။ ဘာကြောင့်လဲဆို ဒီကိစ္စတွေက အမျိုးသားရေးနဲ့ဆက်စပ်ပြီး အဓိပ္ပာယ်ကောက်ယူတာတွေကလည်း များနေတဲ့အတွက်ကြောင့်မို့ အကျိုးသင့်အကြောင်းသင့်စဉ်းစားတာထက် စိတ်ခံစားချက် Emotion များနိုင်တဲ့အနေအထားမှာ ရောက်နေ တယ်။ ရောက်နေတဲ့အတွက်ကြောင့် အခုချိန်မှာ Capacity လို့ပြောတဲ့ စွမ်းဆောင်ရည်ကိုပြောရင် နှစ်ရပ်လိုမယ်။ တစ်ခုက အကျိုးသင့်အကြောင်းသင့် စဉ်းစားနိုင်တဲ့ စွမ်းဆောင်ရည်ရယ်၊ ဒုတိယက မိမိရဲ့စိတ်ခံစားချက်တွေကိုသိပြီး ပြန်ထိန်းနိုင်ပြီး လုပ်ဆောင်နိုင်တဲ့ စွမ်းဆောင်ရည်။ အဲဒီစွမ်းဆောင်ရည်နှစ်ချက်က လာမယ့်သုံးနှစ်မှာ သော့ချက်ကျလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ EQ က နည်းနည်းလေးအရေးကြီးလာပြီလို့ ကျွန်တော်ထင်တယ်။

Voice – ခုလို အချိန်ပေးဖြေကြားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။

ရဲနိုင်ဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *