အမှိုက်သင်ခန်းစာ ကျေ မကျေ

ရန်ကုန်မြို့တော်၏အကြီးဆုံး အမှိုက်ပုံကြီး မီးလောင်ကျွမ်းမှုနှင့် ဆက်စပ်၍ ရန်ကုန်မြို့ပြ၏ အမှိုက်စွန့်ပစ်မှုစနစ်နှင့် တဖြည်းဖြည်းကြီးထွားလာသည့် အမှိုက်ပြဿနာအပေါ် အနာဂတ်အစီအစဉ်များက မေးခွန်းထုတ်စရာ ဖြစ်လာသည်။

နေရောင်အောက်တွင် လူနှစ်ယောက်စာ အရပ်အမြင့်ရှိသည့် ထိန်ပင်အမှိုက်ပုံကြီး မီးလောင်ကျွမ်းမှုကား မေလ ၂ ရက်နေ့က အပြီးသတ်ငြိမ်းသွားခဲ့ပြီ။ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ထိန်ပင်သုသာန်အနီးတွင်ရှိသော ဧရိယာစတုရန်းဧက ၃၀၀ ခန့်ရှိသည့် အမှိုက်ပုံကြီးအနက် ဧရိယာစတုရန်းဧက ၁၅၀ ခန့်မှာ ရက်ရှည် မီးလောင်ကျွမ်းခဲ့သည်။

နိမ့်လိုက်မြင့်လိုက်နှင့် တောင်ပုံ ယာပုံ အမှိုက်ပုံကြီးမှာ ရန်ကုန်မြို့နေလူထု နေ့စဉ်အသုံးပြုထွက်ရှိလာသည့် အမှိုက်များ၏ နောက်ဆုံးနားခိုရာဖြစ်သည်။ ပလတ်စတစ်အိတ်မှအစ စားကြွင်းစားကျန်၊ ဖန်မီးချောင်းကွဲ၊ ဖိနပ်စုတ်တို့အဆုံး ရှိနေသည့် အမှိုက်များစံမြန်းရာ ထိုအမှိုက်ပုံသည် ၁၈ နှစ်သက်တမ်းတွင် အမှိုက်တန်ချိန်က သန်း ၅၀ ကျော် ရှိနေပြီဖြစ်သည်။

မြေကြီးထဲတွင် မြုပ်နေသည့် အမှိုက်ထုကပင် ၁၅ပေရှိနေပြီး မြေပေါ်ပေါ်နေသည့် အမှိုက်များနှင့် အမှိုက်ပုံကြီး၏အမြင့်က တောင်တန်းငယ်များကဲ့သို့ပင်။

နှစ်ကာလကြာရှည်စွာ အထပ်ထပ် စွန့်ပစ်ခဲ့သော ထိုအမှိုက်ပုံအောက်တွင် မြေကြီးမှာ အစိုဓာတ်ရှိနေပြီး သဘာဝအရ မီသိန်းဓာတ်ငွေ့ထွက်ကာ အလွှာလိုက် ထပ်ထားသည့် အမှိုက်များ၏ ကြားထဲတွင် လေဟာနယ်ဖြစ်ပေါ်၍ လေပွေတိုက်ခတ်မှု ဖြစ်ပေါ်သည်။ အမှိုက်အချင်းချင်းပွတ်တိုက်မှု၊ လေပွေတိုက်ခတ်မှုနှင့် ပြင်ပအပူချိန်တို့က မီးလောင်ကျွမ်းမှုကို ဖြစ်ပေါ်စေကြောင်း သဘာဝပတ်ဝန်းကျင်ပညာရှင်များက ပြောကြားထားသည်။

ထိုအခြေအနေအပြင် မီးလောင်ရသည့် အကြောင်းရင်းတစ်ခု ထပ်မံရှိနေပါသေးသည်။ ယင်းမှာ အမှိုက်ကို အစိုအခြောက် ခွဲခြားခြင်းမရှိဘဲ ရောနှောစွန့်ပစ်ခြင်းဖြစ်သည်။

မီးဖိုချောင်မှထွက်သည့် အမှိုက်စိုကို ဖိနပ်စုတ်ကဲ့သို့ အမှိုက်ခြောက်နှင့် ရောနှောစွန့်ပစ်လိုက်ခြင်းကြောင့် ပြန်လည်အသုံးပြုနိုင်သည့် မြေဆွေးအဖြစ် မရရှိတော့ဘဲ အမှိုက်များကို ဒီအတိုင်းပုံထားရသည့် အခြေအနေက မီးလောင်မှုကို ဖြစ်ပေါ်စေသည်။

“ကျွန်တော်တို့ ဒီစနစ် (အမှိုက်အစိုအခြောက်ခွဲစွန့်ပစ်ခြင်း) ကို ၂၀၁၂ ကတည်းက လုပ်တယ်။ ပြည်သူတွေက လိုက်နာမှုအားနည်းလို့ မအောင်မြင်ဘူး” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ဒေါက်တာအောင်မြင့်မော်က လက်ရှိအခြေအနေကို ပြောပြသည်။

ထိုသို့ ကြွပ်ကြွပ်အိတ်၊ ဓာတ်ခဲ၊ မီးချောင်းနှင့် ကြွက်သေကောင်ပုပ်ကဲ့သို့ အမှိုက်များရောနှောနေသည့် အမှိုက်ပုံမီးလောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲဆိုးကျိုးများစွာလည်း ရှိသေးသည်။

မီးလောင်ကျွမ်းနေစဉ်ကာလအတွင်း စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဓာတ်ခွဲခန်း (ALARM Ecological Laboratory) ၏ လေထုအရည်အသွေးတိုင်းတာချက်အရ လှိုင်သာယာမြို့နယ်တွင် ဆာလဖာဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့၊ နိုက်ထရိုဂျင် အောက်ဆိုဒ်ပါဝင်မှုနှင့် လေထုထဲတွင် အမှုန်အမွှားပါဝင်မှုတို့မှာ သတ်မှတ်စံနှုန်း များထက်နှစ်ဆခန့် မြင့်မားနေသည်ကို တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ယင်းမီးလောင်မှုကြောင့် လူကိုသေစေနိုင်သော ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့များမှာ မြင့်မားလာခဲ့ ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုဓာတ်ငွေ့များက ရန်ကုန်မြို့အတွင်း မြို့နယ်အများအပြားကို ပျံ့နှံ့ခဲ့သည်။ ယင်းဓာတ်ငွေ့များမှာ အဆုတ်ကင်ဆာဖြစ်စေနိုင်သလို လေထုညစ်ညမ်းမှုကို များစွာသက်ရောက်မှုရှိကြောင်း ဆေးပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင်ပညာရှင်များက ပြောကြားသည်။

လတ်တလောတွင် ထိုမီးလောင်မှုနောက်ဆက်တွဲလုပ်ငန်းများကို ဖြေရှင်းရင်းဖြင့်ပင် နေ့စဉ်စွန့်ပစ်နေသည့် အမှိုက်များကို ထိန်ပင်မြေနေရာ၏ လွတ်နေသေးသည့် ဧက ၅၀ တွင် ပုံနေရသည်။

အပန်းဖြေနေရာပင် ပြည့်စုံစွာမရှိသည့် ရန်ကုန်မြို့တွင် အမှိုက်များအတွက်လည်း မြေနေရာမပေးနိုင်။

စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများဦးဆောင်ပြီး မီးလောင်ထားသည့် ထိုအမှိုက်ပုံဘေးနားတွင် အသစ်ရောက်လာသည့် အမှိုက်များထဲမှ အမှိုက် အစိုအခြောက်ကိုခွဲကာ မီးတားမြောင်းများတူး၍ ကျန်သည့် မြေဧက ၅၀ တွင် ပစ်နေရသည်။

“နေရာမရှိဘူး။ ဒီမှာပဲ ပစ်ရမှာပဲ” ဟု ဒေါက်တာအောင်မြင့်မော်က ဆိုသည်။

ရန်ကုန်၏ အမှိုက်ထွက်ရှိမှု

ရန်ကုန်မြို့တော်တွင် လူတစ်ဦးမှ တစ်နေ့တာ အမှိုက်ထွက်ရှိမှုမှာ ၀ ဒသမ ၄၁ ကီလိုဂရမ်ရှိပြီး ရန်ကုန်တစ်မြို့လုံးမှ နေ့စဉ် အမှိုက်တန်ချိန်ပေါင်း ၂၄၀၀ ခန့် ထွက်ရှိသည်။

ထိုအထဲမှ ထိန်ပင်အမှိုက်ပုံသို့ အမှိုက်တန်ချိန် တစ်ထောင်ကျော်ကို သွားရောက်ပုံထားရသည်။

အမှိုက်တန်တစ်ထောင်ကျော်မှာ အလျားပေတစ်ရာ၊ အမြင့်ဆယ်ပေရှိသည့် အိမ်တစ်လုံးစာနှင့် ညီမျှသည်။

အမှိုက်တန်ချိန် ၂၄၀၀ မှ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ထားဝယ်ချောင် မြေနေရာတွင် တန် ၈၀၀ ခန့်ကို စွန့်ပစ်နေရသည်။ ထို့ပြင် JFE (Japanese  Future Engineering) နှင့် ရန်ကုန်မြို့တော်စည်ပင်တို့ ပူးပေါင်းတည်ဆောက်ထားသည့် ရွှေပြည်သာမှ အမှိုက်မီးရှို့စက်တွင် နေ့စဉ် အမှိုက်တန်ချိန် ၆၀ ကို မီးရှို့၍ စွမ်းအင်ထုတ်ခြင်း၊ ဒလအမှိုက်ပုံတွင် ၂၂ တန်နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ အမှိုက်ပုံတွင် အမှိုက်ဆယ်တန်တို့ စွန့်ပစ် လျက်ရှိသည်။

အမှိုက်သိမ်းဆည်းခြင်းစနစ်

တစ်နှစ်စာ အမှိုက်ပမာဏမှာ ယခင်နှစ်ထက် တိုးလာခဲ့ပြီး ထိုအမှိုက်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အမှိုက်သိမ်းယာဉ် ၄၀၀ ကျော်၊ သန့်ရှင်းရေးဝန်ထမ်း ၃၇၀၀ ကျော်ဖြင့် တာဝန်ယူဖြေရှင်းလျက်ရှိသည်။

ရန်ကုန်မြို့အတွင်း အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်း ခရိုင်လေးခုရှိ စည်ပင်သာယာနယ်နိမိတ်အတွင်း မြို့နယ် ၃၃ မြို့နယ်တွင် အမှိုက်သိမ်းခြင်းကို ဆောင်ရွက်ကြသည်။

အမှိုက်သိမ်းစနစ်ကို နှစ်ပိုင်းခွဲထားပြီး သတ်မှတ်ထားသည့် အမှိုက်ကန်၊ အမှိုက်ပုံး၊ အမှိုက်သိမ်းယာဉ်နှင့် အမှိုက်သိမ်းလှည်းတို့ဖြင့် အချိန်နှင့်ရက်သတ်မှတ်ကာ မြို့နယ်၊ ရပ်ကွက်အလိုက် လိုက်လံသိမ်းဆည်းသလို Door to Door  စနစ်ဖြင့် ရပ်ကွက်အာဏာပိုင်များ လမ်းသူ လမ်းသားများဖြင့် ညှိနှိုင်း၍ အမှိုက်ထုပ်ကောက်စနစ်ဖြင့်လည်း ဆောင်ရွက်သည်။

“အမှိုက်ကို ကားနဲ့လိုက်သိမ်းတယ်။ ဒါပေမဲ့ သတ်မှတ်ချိန်မှာ မပစ်ကြတော့ အမှိုက်တွေကို ခွေးဆွဲရင် အမှိုက်ပုံက ပွပြဲကျန်နေခဲ့ရော” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်ဌာနမှူး ဦးဇော်ဝင်းနိုင်က ပြောကြားသည်။

ထို့ပြင် လင်းပြောင်စနစ်ဖြစ်သော မိုးလင်းသည်နှင့် လမ်းမပေါ်အမှိုက်များ ပြောင်ရှင်းနေစေရန် အချိန်သတ်မှတ်၍ နေ့စားတစ်ပတ်ရှင်း သန့်ရှင်းရေးဝန်ထမ်းများက သန့်ရှင်းရေးလုပ်ကြသည်။

ဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များ

အမှိုက်စွန့်ပစ်ခြင်းကို ထောင်ချီသော သန့်ရှင်းရေးဝန်ထမ်းများဖြင့် ဆောင်ရွက်နေသလို စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းကို ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေဖြင့် တားမြစ်ထားသေးသည်။

ယင်းဥပဒေတွင် ပါဝင်သည့် ပုဒ်မ ၆၂ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဆိုင်ရာ တားမြစ်ချက်အရဆိုရလျှင် ခြံထွက်အမှိုက်၊ စက်ရုံ၊ အလုပ်ရုံထွက်အမှိုက်၊ တည်ဆောက်ရေးလုပ်ငန်းထွက်အမှိုက်၊ စီးပွားရေးလုပ်ငန်းထွက်အမှိုက်၊ ဆေးရုံ၊ ဆေးခန်း၊ စွန့်ပစ်ပစ္စည်းများ၊ ဘေးအန္တရာယ်ဖြစ်စေသည့်အမှိုက်များ၊ အီလက်ထရွန်နစ် စွန့်ပစ်အမှိုက်များနှင့် စက်ဆုပ်ဖွယ်အရာများကို ကော်မတီက သီးသန့်သတ်မှတ်ထားသည့် နေရာမှအပ သာမန်စွန့်ပစ်ရန် သတ်မှတ်ထားသည့် နေရာ သို့မဟုတ် အခြားနေရာတွင်စွန့်ပစ် ခြင်းမပြုရန် တားမြစ်ထားသည်။

ရေမြောင်းအတွင်း၊ အများပြည်သူနှင့် သက်ဆိုင်သော လမ်းမပေါ်၊ ခြံဝင်းအတွင်းသို့ လှဲချခြင်း၊ ပစ်ချခြင်း၊ ကျရောက်စေခြင်း သို့မဟုတ် စွန့်ပစ်စေခြင်းမပြုရန် ထိုကဲ့သို့ တားမြစ်ချက်များချမှတ်ထားသည်။

ထိုတားမြစ်ချက်များသာ မကသေးပါ။ ပြစ်မှုပြစ်ဒဏ်များအဖြစ် ယင်းဥပဒေ၏ အခန်း ၂၀ တွင် ပြဋ္ဌာန်းထားချက်အရ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် ထောင်ဒဏ်တစ်နှစ်ဖြစ်စေ၊ ငွေဒဏ်အဖြစ် အနည်းဆုံးကျပ်တစ်သောင်းမှ အများဆုံး ကျပ်ငါးသိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်မည်ဟု ဖော်ပြထားသည်။

သို့သော် ထိုဥပဒေအတိုင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကို ဖမ်းဆီးအရေးယူရန် တရားရုံးအဆင့်သို့ ရောက်ရှိရန်ပင် အခက်အခဲရှိနေသေးသည်။

“တရားရုံးတင်ဖို့က အမှိုက်ပစ်တဲ့သူနဲ့ သက်သေခံပစ္စည်း (အမှိုက်ထုပ်) ကို တစ်ခါတည်းပြမှရမယ်။ ဒါကလည်း ဥပဒေလုပ်ထုံးလုပ်နည်းအရဆိုတော့ အဲဒါက အခက်အခဲတစ်ခုပဲ” ဟု စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကိုတားဆီးနိုင်သည့် အခြေအနေတစ်ခု၏ အခက်အခဲကို ဦးဇော်ဝင်းနိုင်က ပြောပြသည်။

ထိုအချက်ကြောင့်လည်း လက်ရှိတွင် အမှိုက်ပုံးရှိသောနေရာ၊ လမ်းဘေးပလက်ဖောင်းများ၊ နောက်ဖေးလမ်းကြားများနှင့် အများပြည်သူ အပန်းဖြေရာနေရာများစွာတွင် စည်းကမ်းမဲ့စွန့်ပစ်ထားသည့် အမှိုက်များစွာကို မြင်နေဆဲ၊ ပစ်နေကြမြဲ။

“မြောင်းထဲ၊ ချောင်းထဲစွန့်တာ သွေးထဲအထိ ရောက်နေသလိုတောင် ဖြစ်နေတာ” ဟု အမှိုက်ပစ်တတ်သည့် အလေ့က အသွေးအသားထဲပင် စွဲနေသည့် အကျင့်ဆိုးဟုဆိုလေသူက ဒေါ်မိုးမိုးလွင်။

“နောင်ကြဉ်အောင် ဒဏ်တပ်တာမျိုး လုပ်ရပါမယ်။ ဒဏ်တပ်တာကို သမာဓိရှိရှိ ထိရောက်အောင်လုပ်နိုင်ရင် စည်ပင်အမှိုက်စွန့်စနစ်သစ်တောင် အဲဒီငွေနဲ့ ထောင်နိုင်ဦးမယ်” ဟု ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး (YHT-Yangon  Heritage Trust) မှ ဒါရိုက်တာဖြစ်သလို မြို့ပြကျွမ်းကျင် ဗိသုကာပညာရှင်လည်းဖြစ်သည့် ဒေါ်မိုးမိုးလွင်က မှတ်ချက်ပြုသည်။

နည်းစနစ်တကျ အမှိုက်စွန့်ပစ်မှု နည်းလမ်းများ

စည်းမဲ့ကမ်းမဲ့ လေတွင်လွင့်သည့် အမှိုက်များ၏အခြားတစ်ဖက်တွင် ထိန်ပင်အမှိုက်ပုံကြီးကဲ့သို့ အမှိုက်ပုံများက ရှိနေရသည်။ ရန်ကုန်မြို့တွင်ရှိသည့် ထိန်ပင်အမှိုက်ပုံကြီးမှာကား အမှိုက်ကို သတ်မှတ်ထားသည့်နေရာသို့ လာရောက်စွန့်ပစ်သူများထံမှ သိမ်းဆည်းလာသည့် အမှိုက်များ စုဝေးရာဖြစ်သည်။

အမှိုက်စွန့်ပစ်သည့်နည်းလမ်းခြောက်ခုရှိပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင် မြေဆွေးအဖြစ် ပြန်လည်အသုံးပြုနိုင်သည့် ကျန်းမာရေးနှင့်ညီညွတ်သော အမှိုက်စွန့်ပစ်သည့် နည်းလမ်းငါးခုကို ကျင့်သုံးလျက်ရှိကြသည်။

ထိုနည်းလမ်းခြောက်ခုထဲမှ မြန်မာနိုင်ငံတွင် လက်ရှိအမှိုက်များထားရှိသည့် စနစ်မှာ Dumping ဟုခေါ်သည့် အမှိုက်ကိုပုံထားသည့်စနစ်ဖြစ်သည်။

“Dumping နည်းလမ်းက ယင်ကောင်တွေ ကြွက်တွေ မြွေတွေကတစ်ဆင့် ကျန်းမာရေးပြဿနာတွေရှိသလို မြေအောက်ရေကိုလည်း ပျက်စီးစေတယ်” ဟု ဆေးတက္ကသိုလ် (မကွေး) ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာနက သရုပ်ပြဆရာဝန် ဒေါက်တာညိုကောင်းက ပြောကြားသည်။

ကျန်းမာရေးနှင့် ညီညွတ်သည့် နည်းလမ်းငါးခုမှာ အမှိုက်များပေါ်တွင် မြေဖြည့်ခြင်းနည်းလမ်း၊ မြေကြီးတွင် အနက် ၆ ပေ၊ အကျယ် ၁၂ ပေခန့် မြောင်းတူး၍မြှုပ်နှံကာ အပေါ်မှဖိရိုက်၍ မြေပြန်ဖို့သည့်နည်းလမ်း၊ တောင်တန်း၊ တောင်စောင်းများတွင်တူး၍ မြှုပ်သည့်နည်းလမ်း၊ တွင်းဟောင်းများ၊ မိုင်းတွင်းဟောင်းများကိုအသုံးပြု၍ မြှုပ်နှံသည့်နည်းလမ်း၊ အမှိုက်ကိုမီးရှို့၍ စွမ်းအင်ပြန်လည်ထုတ်ယူသည့်နည်းလမ်းနှင့် စက်မှုဖွံ့ဖြိုးသည့် နိုင်ငံများတွင်အသုံးပြုသော မြေဆွေးနှင့် အမှိုက်ကို စက်တွင်ရောနှောထည့်ကြိတ်၍ မြေဆွေးအဖြစ် ပြန်လည်အသုံးပြုသည့် နည်းလမ်းတို့ ရှိသည်။

ထိုနည်းလမ်းများတွင် ပလတ်စတစ်၊ ရေသန့်ဘူး၊ ဖန်ကွဲ မှန်ကွဲကဲ့သို့ ပစ္စည်းများမပါဝင်စေဘဲ အမှိုက်အစိုကိုသာ သီးခြားခွဲစွန့်ပစ်ခြင်းဖြစ်သည်။

စင်ကာပူနိုင်ငံတွင် ထွက်ရှိသည့် အမှိုက်တန်မှာ ၂၀၁၆ ခုနှစ်အတွင်းက တစ်နေ့လျှင် ၈၅၅၉ တန်ထွက်ရှိကြောင်း စင်ကာပူအစိုးရ၏ National Environment Agency တွင် ဖော်ပြ ထားချက်အရ သိရသည်။

ထွက်ရှိသည့် အမှိုက်များ၏ ၉၂ ရာခိုင်နှုန်းကို မီးရှို့ဖျက်ဆီးကာ အမှိုက်မီးရှို့သည့်စက်ရုံ လေးခုခန့်ရှိပြီး လိုအပ်သည့် စွမ်းအင် ၃ ရာခိုင်နှုန်းကို ထိုစက်ရုံများမှ ထောက်ပံ့ပေးထားနိုင်သည်။

ထို့ပြင် အမှိုက်စွန့်ပစ်မှုစနစ်တွင်လည်း အဆောက်အအုံတိုင်းတွင် အမှိုက်စွန့်ပစ်သည့် လမ်းကြောင်းတစ်ခုထည့်သွင်းထားပြီး အမှိုက်ပုံးမှာ ထိုလမ်းကြောင်းနှင့် ချိတ်ဆက်ထားသည်။

“အမှိုက်ကို အဲ့ဒီလမ်းကြောင်းကနေ လုံလုံခြုံခြုံထုတ်ပြီးတော့ ပစ်ချလိုက်ရုံပဲ။ သန့်ရှင်းပြီးတော့ တစ်ခါတည်း ခွဲခြားပြီး စွန့်ပစ်ရတာ” ဟု မြန်မာစာသုံးသူများသမဂ္ဂမှ အတွင်းရေးမှူး ဦးမောင်မောင်က ပြောကြားသည်။

ထို့ပြင် အမှိုက်ကို စည်းကမ်းမဲ့ စွန့်ပစ်မှုများအတွက် ဒဏ်ငွေရိုက်သည့်စနစ်ကို ထိထိရောက်ရောက်ကျင့်သုံးကြောင်း စင်ကာပူနိုင်ငံတွင် နေထိုင်နေသူ သူနာပြုဆရာမ ဒေါ်အိမွန်က ဆိုသည်။

“ပီကေတောင် စည်းကမ်းမဲ့ လမ်းပေါ်စားနေလို့ မရဘူး။ ဒဏ်ရိုက်ခံရတယ်” ဟု ၎င်း၏အတွေ့အကြုံကို ပြောပြသည်။

ထို့ကြောင့် အမှိုက်ပုံများ မီးလောင်ကျွမ်းမှုမဖြစ်စေဘဲ ပြန်လည်အသုံးပြုနိုင်သည့် အမှိုက်များဖြစ်စေရန်အတွက် အမှိုက်စို အမှိုက်ခြောက် ခွဲခြားစွန့်ပစ်သည့်စနစ်ကို ကျင့်သုံးရန်နှင့် ထိုစနစ်ကို ထိထိရောက်ရောက်ဖြစ်စေရန် ဆောင်ရွက်သင့်သည်ဟု သဘာဝပတ်ဝန်းကျင် ပညာရှင်များက အကြံပြုပြောကြားသည်။

“တကယ်တမ်းက ဒီပြဿနာ (အမှိုက်ပုံမီးလောင်မှု) ပေါ်ကို မူတည်ပြီး သင်ခန်းစာယူသင့်တယ်။ အမှိုက်စီမံခန့်ခွဲမှုကို ဘယ်လိုနည်းစနစ်တကျ သွားကြမလဲဆိုတာ အဲဒါကိုလုပ်သင့်တယ်” ဟု စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ စီမံကိန်းဒါရိုက်တာ ကိုလွင်မောင် မောင်ဆွေက ပြောကြားသည်။

အမှိုက်များ၏ အနာဂတ်

ထိုအမှိုက်ပြဿနာကို ဖြေရှင်းရန် အမှိုက်မှ စွမ်းအင်ထုတ်နိုင်မည့် Management Plan ကို JICA  နှင့်အတူ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ရေးဆွဲခဲ့သော်လည်း ငွေကြေးကုန်ကျမှု များစွာရှိသောကြောင့် အကောင်အထည်မဖော်နိုင်သေး။

“မီးရှို့စက်တည်ဖို့က သိပ်ဝေးသေးတယ်။ သန်းတစ်ရာကျော်ရင်းမှာလေ” ဟု ဒေါက်တာအောင်မြင့်မော်က ပြောဆိုသည်။

သို့သော် ၎င်းတို့ဌာနနှင့် ဂျပန်နိုင်ငံရှိ Fukuoka City တို့ ပူးပေါင်းကာ ထိန်ပင်အမှိုက်ပုံကို Fukuoka နည်းပညာဖြင့် Sanitary Landfill စနစ် အသုံးပြုဆောင်ရွက်ရန် စီစဉ်ထားသည်။

စီမံကိန်းကာလကို ၂၀၁၈ခုနှစ်မှ ၂၀၂၀ အထိ သုံးနှစ်တာသတ်မှတ်ထားသည်။ ထိုစီမံကိန်းအတွက် ထိန်ပင်၏ မြေ ၂ ဒသမ၂ ဧကကို အသုံးပြုမည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနထံမှ သိရသည်။

“အခု ဒီလိုဖြစ်ပြီ၊ နောက်ကောင်းတာ ဘာလုပ်မလဲဆိုတာ အားလုံးဝိုင်းစဉ်းစားနေကြပြီ။ ဒါ ကျွန်တော်တို့အတွက် သင်ခန်းစာရတယ်။ နောင်မှာ စနစ်တကျ အမှိုက်ပုံတာကအစ စနစ်တကျနဲ့ အမှိုက်မီးရှို့စက်တည်မယ်ဆိုရင်လည်း စနစ်တကျတည်သွားလိမ့်မယ်” ဟု ထိန်ပင်အမှိုက်ပုံ၏ အနာဂတ်အစီအစဉ်နှင့် ပတ်သက်၍ ဒေါက်တာအောင်မြင့်မော်က ပြောဆိုသည်။

ထိုသို့မဟုတ်ဘဲ ယခုလိုပစ်မြဲအတိုင်းပစ်နေလျှင် စည်းကမ်းတကျနှင့် စည်းကမ်းမဲ့စွန့်ပစ်သောအမှိုက်များကို မြေလွတ်နေရာတွင် သွားရောက်စုပုံစွန့်ပစ်နေလျှင် အနံ့အသက်ဆိုးများနှင့် တောင်လိုပုံနေသော အမှိုက်ပုံများ အမှိုက်မီးလောင်မှုမှ ထွက်ပေါ်လာသော မီးခိုးငွေ့ များကြားက နာဖျားနေသော ရန်ကုန်မှာ မည်သို့မျှ စိမ်းလန်းမလာနိုင်။

မြန်မာအစိမ်းရောင်ကွန်ရက် တည် ထောင်သူ ဒေါ်ဒေဝီသန့်စင်က “နှစ်ဦး နှစ်ဖက်အပေးအယူမျှမှ အမှိုက်ကိစ္စက ပြေလည်မှာ။ အစိုးရတစ်ဖက်တည်းလည်း လုပ်လို့မရဘူး။ ပြည်သူတစ်ဖက်တည်းလည်း စည်းကမ်းရှိနေလို့ မရဘူး”

“အပ်နဲ့ ထွင်းရမှာကို ပေါက်ဆိန်နဲ့ ပေါက်ရမယ်ဆိုရင် ဒေါ်လေးတို့နိုင်ငံက အကြွေးတွေနဲ့ ဆင်းရဲပြီးသား ပိုပြီးတော့ မိအေးနှစ်ခါနာ မဖြစ်စေချင်ဘူး” 

 

မေသက်ဇင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *