Whistleblowing (ခရာမှုတ်ခြင်း)

မြန်မာလို ‘ဖွင့်ချ၊ ဖော်ထုတ်ခြင်း’ လို့ ဘာသာပြန်ရင်သင့်တော်မယ်ထင်ရတဲ့ Whistle Blowing လုပ်တဲ့အလေ့အထဟာ အမေရိကန်နိုင်ငံ မှာ ခေတ်စားခဲ့ရာကနေပြီး တစ်ကမ္ဘာလုံးကို ပျံ့နှံ့လာခဲ့တယ်လို့ ဆိုပါတယ်။ ဒီစကားနဲ့ မြန်မာမှာသုံးတတ်ကြတဲ့ ဖော်ကောင်လုပ်တယ်ဆိုတဲ့ အသုံးအနှုန်းနဲ့ဟာ မတူပါဘူး။ ဖော်ကောင်လုပ်တယ်ဆိုတာက တစ်ခုခုကို အတူတူကျူးလွန်ပြီး ကိုယ်လွတ်ရုန်းဖို့ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ ဒီလိုပဲ သတင်းပေးနဲ့လည်း မတူပြန်ပါဘူး။ သတင်းပေးတာက ဘေးက ဒီကိစ္စနဲ့ တိုက်ရိုက်မပတ်သက်တဲ့သူတွေကို သုံးနှုန်းတဲ့အသုံးအနှုန်းမျိုး ဖြစ်ပါတယ်။ Whistle Blowing ကတော့ အများပြည်သူအတွက် အကျိုးရှိမယ်လို့ထင်တဲ့အတွက် ဖွင့်ချပြောဆိုကြခြင်းမျိုးပါ။ ဖွင့်ချဖော်ထုတ်မှုကို အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အစိတ်အပိုင်း လေးပိုင်းပါပါတယ်။ ဒါတွေကတော့ (၁) လူတစ်ဦးတစ်ယောက်က အများပြည်သူနဲ့ သက်ဆိုင်တယ်၊ သိရှိလို့ အကျိုးရှိမယ်ထင်လို့ ပြောတာမျိုး၊ (၂) ကိုယ်သိစေချင်တဲ့ အကြောင်းအရာ သတင်းအချက်အလက်ကို ပြည်သူလူထုသိအောင်၊ မှတ်တမ်းတင်ထားပေးနိုင်မဲ့အဖွဲ့အစည်းမျိုးကို သတင်းပေးတာမျိုး၊ (၃) အဖွဲ့အစည်းတစ်ခုခုက အသေးအဖွဲမဟုတ်တဲ့ မှားယွင်းတဲ့ လုပ်ရပ်မျိုး ကျူးလွန်နိုင်တဲ့အခြေအနေရှိနေတဲ့သတင်းမျိုးနဲ့ (၄) ဒီလိုဖွင့်ချ ပြောဆိုတဲ့သူဟာလဲ သတင်းသမား၊ သာမန် ပြည်သူမျိုးမဟုတ်ဘဲ အဲဒီအဖွဲ့အစည်းထဲမှာ လက်ရှိဒါမှမဟုတ် အရင်က အဖွဲ့ဝင်၊ ဝန်ထမ်းတစ်ဦးဦး က ပြောတာမျိုးကို ဆိုလိုပါတယ်။

ဒီအသုံးအနှုန်းကို ကျယ်ကျယ်ပြန့်ပြန့် ဘယ်လိုစတင်သုံးနှုန်းလာတယ်ဆိုတာကို သေချာမရှင်းလှပေမယ့် Miceli  နဲ့ Miceli Near တို့ ၁၉၉၂ မှာ ရေးခဲ့တာတော့ ဒီစကားလုံးဟာ ကစားကွင်းမှာ ဘောလုံးအသင်းက ဒိုင်လူကြီးလိုတစ်ဦးဦးက ကစားပွဲမှာလုပ်နေတဲ့ လုပ်ရပ်တစ်ခုခုကို ရပ်တန့်စေဖို့ ခရာမှုတ်တာမျိုးကလာတယ်လို့ မှန်းဆသုံးသပ်ကြပါတယ်။ တချို့ကလည်း ဒီအသုံးအနှုန်းကို အင်္ဂလန်နိုင်ငံက ခပ်၀၀ရဲသားတစ်ဦးက အမျိုးသမီးတစ်ဦးရဲ့ သူခိုးရပ်လို့ အော်လိုက်တာကို ကြားလိုက်ချိန်မှာ ခရာမှုတ်တဲ့ပုံ ရုပ်ပြောင်ကနေယူသုံးတယ်လို့လည်း ဆိုကြပါတယ်။

ဒီအသုံးအနှုန်း အရမ်းခေတ်စားလာခဲ့တာကတော့ ၁၉၆၀ ပြည့်နှစ်များမှာဖြစ်ပြီးတော့ အဖွဲ့အစည်းတစ်ခုခုအတွင်းက မမှန်ကန်မှုတွေကို ဖော်ထုတ်ဖွင့်ချတဲ့အသုံးအနှုန်းတစ်ခုအနေနဲ့ တရားဝင်အသုံးပြုလာကြတာပါ။ ဒီလိုဖွင့်ချလာမှုတွေဟာ အမေရိကန်လိုနိုင်ငံမျိုးမှာတော့ အလေ့အထတစ်ခုလိုကို ဖြစ်လာခဲ့ပါတယ်။ ဘာဖြစ်လို့ ဖွင့်ချဖော်ထုတ် (Whistle Blowing) လုပ်လာကြတာလဲဆိုရင် ဒီလိုလုပ်လို့ (၁) အုပ်ချုပ်ရေး ယန္တရားထဲမှာကို အပြောင်းအလဲတွေကို ဖြစ်လာစေလို့၊ (၂) ဥပဒေ များစွာကလည်း ဒီလိုဖော်ထုတ်မှုကို အားပေးမှုရှိလို့၊ (၃) ပြည်နယ်အဆင့် မှာရော အစိုးရကိုယ်တိုင်ကပါ ဒီလိုဖွင့်ချတဲ့သူတွေကို အကာအကွယ်ပေးလို့၊ (၄) ဖွင့်ချသူတွေကို အဖွဲ့အစည်းပိုင်းအရလည်း ပံ့ပိုးမှုတွေရှိလို့နဲ့ (၅) ဖွင့်ချ ဖော်ထုတ်ပေးတဲ့သူကို တန်ဖိုးထားလေးစားတတ်တဲ့ အလေ့အထလည်း ရှိနေလို့ပါပဲ။ ဒီလိုဖွင့်ချဖော်ထုတ်သူမျိုးတွေကို သူရဲကောင်းလို့ သတ်မှတ်တတ်တဲ့ ယဉ်ကျေးမှုကလည်း အမေရိကန်နိုင်ငံမှာ Whistle Blower  တွေ များလာစေခြင်းရဲ့အကြောင်းရင်းတစ်ရပ်ပါပဲ။

လူတွေဟာ ဘယ်လိုအခြေအနေမျိုးမှာ ကိုယ့်အလုပ်ရဲ့ အတွင်းရေးတွေ၊ ကိုယ့်အဖွဲ့အစည်းရဲ့မကောင်းတဲ့လုပ်ရပ်တွေကို ဖော်ထုတ်၊ ဖွင့်ချလေ့ရှိတတ်ကြသလဲ။ ဒီမေးခွန်းဟာ ဖွင့်ချဖော်ထုတ်မယ်၊ မဖော်ထုတ်ဘူးလို့ ဆုံးဖြတ်တဲ့နေရာမှာ အရေးပါလှပါတယ်။ တကယ်တော့ ဒီလိုဖော်ထုတ်လိုက်လို့ ဖြစ်လာနိုင်တဲ့ အကျိုးဆက်အန္တရာယ်တွေကလည်း ကြီးလွန်းလှပါတယ်။ အခု ဆက်ဆွေးနွေးချင်တာကတော့ ဖော်ထုတ်ဖွင့်ချဖို့ ဆုံးဖြတ်ကြတဲ့ အကြောင်းရင်းခံတွေနဲ့ ဖော်ထုတ်ဖွင့်ချဖို့ စဉ်းစားနေသူတွေအနေနဲ့ ဘယ်လိုအချက်တွေကို ကြိုတင်တွက်ချက်လေ့ရှိသလဲဆိုတာပါပဲ။

လူအတော်များများ၊ လူ့အဖွဲ့အစည်းအတော်များများမှာ သစ္စာစောင့်သိမှုဆိုတဲ့စကားဟာ အတော့်ကိုပဲ အရေးပါလှပါတယ်။ သစ္စာစောင့် သိမှုလို့ဆိုရာမှာလည်း အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်လုပ်ဖော်ကိုင်ဖက်တွေကို သစ္စာစောင့်သိဖို့လား။ ကိုယ်စောင့်ထိန်းရမယ့် စောင့်ထိန်းသင့်တဲ့ လုပ်ငန်းပိုင်းဆိုင်ရာကျင့်ဝတ်တွေကို သစ္စာရှိမှာလားဆိုတာကလည်း မေးခွန်းထုတ်စရာပါ။ ဒီနေရာမှာ သစ္စာစောင့်သိမှုပဋိပက္ခတွေနဲ့ ကြုံကြရတော့တာပါပဲ။ ဘာကို သစ္စာစောင့်သိကြမှာလဲ။ အဖွဲ့အစည်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို သစ္စာမရှိသူ၊ အဖွဲ့ရဲ့အတွင်းရေးတွေကို ဖောက်ချတဲ့အတွက် သူတို့ ကိုပါ သစ္စာဖောက်သူလို့ အမြင်ခံရနိုင်သလိုပဲ သူဟာ သူ့ရဲ့ယုံကြည်ချက်၊ အမှန်တရားအပေါ် သစ္စာစောင့်သိသူ။ တခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့ မတူညီတဲ့ယုံကြည်ချက်တွေရှိသူလို့လည်း မြင်လို့ရနိုင်ပါတယ်။ တချို့သူတွေဟာ လိပ်ပြာလုံချင်ကြသူတွေ၊ အဖွဲ့အစည်းဆိုတာထက် သူတို့တန်ဖိုးထားတဲ့မူတွေအပေါ်မှာ သစ္စာမဖောက်ချင်သူတွေလို နားလည်လက်ခံပေးနိုင်ကြမယ်ဆိုရင်တော့ ပြောရဲ၊ ဖော်ထုတ်ရဲတဲ့သူတွေ များလာနိုင်ပါတယ်။ အတွေးအခေါ်ပညာရှင်တစ်ဦးဖြစ်တဲ့ Sissela Bok  က သူ့ရဲ့  Blowing the Whistle ဆိုတဲ့စာအုပ်မှာ ဖွင့်ချဖော်ထုတ်မယ့် သူတွေအနေနဲ့ သူတို့ရဲ့ကျင့်ဝတ်ပိုင်းဆိုင်ရာ တာဝန်ယူမှုနဲ့ သူတို့ ဒီလို ဆုံးဖြတ်ချက်လိုက်လို့ ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကို သေချာစွာ ချိန်ထိုးတွက်ဆသင့်တယ်လို့ အကြံပြုထားပါတယ်။ သူမက ဒီလိုဖွင့်ချ ဖော်ထုတ်ကြတဲ့အကြောင်းရင်း သုံးခုရှိတယ်လို့ဆိုပါတယ်။

ပထမဆုံးတစ်ခုက သဘောထားကွဲလွဲမှုပါ။ ဒီနေရာမှာတခြားသဘောထားကွဲလွဲသူတွေနဲ့ Whistle Blower တွေ မတူတဲ့အချက်တစ်ခုက သူတို့အနေနဲ့ ဒီလိုဖော်ထုတ်ဖွင့်ချလိုက်ခြင်းကြောင့် လူထုအတွက် အကျိုးရှိမယ်လို့ ယူဆတာကြောင့် ဖော်ထုတ်ဖွင့်ချပေးချင်ကြတာပါ။ ဒီအတွက် သူဖွင့်ချလိုက်တဲ့ကိစ္စကြောင့် ရမယ့်အကျိုးကျေးဇူးနဲ့ သူပြောလိုက်လို့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ လူထုတွေအားလုံးကို ထိခိုက်နိုင်မှု၊ ရှိလာနိုင်တဲ့ အန္တရာယ်အကျိုးဆက်တွေကို သေချာချိန်ထိုးကြည့်ဖို့ လိုပါလိမ့်မယ်။ သဘောထားမတိုက်ဆိုင်မှုအပေါ် အခြေခံပြီး ဖော်ထုတ်ဖွင့်ချချင်သူတွေအနေနဲ့ စဉ်းစားသင့်တဲ့အချက်ကတော့ ကိုယ်ဖွင့်ချပြောဆိုမယ့်ကိစ္စ၊ သတင်းအချက်အလက်ရဲ့ တိကျမှန်ကန်မှုပါပဲ။ ကိုယ်ဖွင့်ချပြောဆိုမယ့် မရိုးသားမှုဟာ ဘယ်အတိုင်းအတာအထိ လေးနက်မှုရှိသလဲ။ အန္တရာယ်ဘယ်လောက်အထိရှိနိုင်သလဲ။ ဘယ်လိုမမှန်မကန်လုပ်ဆောင်တာလဲ။ ကိုယ် စွဲချက်တင်ချင်သူတွေကိုယ်တိုင်၊ ဒါမှမဟုတ် အဖွဲ့အစည်းကရော အမှန်တကယ် တာဝန်ရှိသလားဆိုတာတွေကို သေချာစဉ်းစားကြည့်ဖို့ အကြံပြုထားပါတယ်။

ဒုတိယတစ်ခုကတော့ သစ္စာစောင့်သိမှုပါပဲ။ ဖော်ထုတ်ဖွင့်ချတာဟာ ကိုယ့်အဖွဲ့အစည်းနဲ့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို သစ္စာဖောက်ရမယ့်အလုပ်ဖြစ်နေတာမို့ ဖြစ်နိုင်မယ်ဆိုရင် နောက်ဆုံးရွေးချယ်တဲ့ နည်းလမ်းတစ်ခုအဖြစ်နဲ့သာလုပ်သင့်တယ်လို့ သူက မြင်ပါတယ်။ ဒါပေမဲ့လည်း တခြားပုံမှန်ပြောပြနိုင်တဲ့ လမ်းကြောင်းတွေ မရှိနေရင်၊ အဖွဲ့အစည်းဟာ သိပ်ပြီးအကျင့်ပျက်ခြစားမှုတွေများနေပြီး မေးခွန်းပြန်ထုတ်မိရင်၊ လက်မခံတဲ့ အရိပ်အယောင်ရှိရင်ကို အသံမထွက်နိုင်တော့အောင်လုပ်မယ့်အနေအထားမျိုးရှိနေရင်၊ ဒါမှမဟုတ် ဒီပြဿနာကို ပုံမှန်လမ်းကြောင်းတွေသုံးပြီး အာရုံစိုက်လာအောင် လုပ်ဆောင်နိုင်မယ့်နည်းလမ်းမရှိနေရင်တော့ ဖွင့်ချဖော်ထုတ်သင့်တယ်လို့လည်းဆို ပြန်ပါတယ်။

တတိယအချက်က စွပ်စွဲခြင်းပါပဲ။ လူတွေကို မမှန်မကန်လုပ်ဆောင်နေပါတယ်လို့ စွပ်စွဲပြောဆိုမယ်ဆိုရင် ကျင့်ဝတ်ပိုင်းအရ လိုက်နာရမယ့် ဝတ္တရားတွေ ရှိနေပါတယ်လို့ သူကဆိုပြန်ပါတယ်။ စွပ်စွဲပြောဆိုခံရတဲ့သူတွေကို ကိုယ့်ရဲ့စွပ်စွဲချက်တွေဟာ တရားမျှတရဲ့လား။ ဒီအချက်အလက်တွေကို ပြည်သူလူထုအားလုံးသိသင့်တာမျိုးဟုတ်ရဲ့လားဆိုတာကိုလည်း သေချာစဉ်းစားသင့်ပါတယ်။ စွပ်စွဲပြောဆိုမယ့်သူတွေအနေနဲ့လည်း အမည်မဖော်ဘဲ တိုင်တန်းတာမျိုး၊ ဖွင့်ချတာမျိုးမလုပ်ဘဲ တာဝန်အပြည့်ယူပြီး သတ္တိရှိရှိစွပ်စွဲတာမျိုး လုပ်သင့်ပါတယ်။

အရေးကြီးဆုံးအချက်ကတော့ ကိုယ်ဘာအတွက် ဒီလိုဖွင့်ချပြောဆို ဖို့ ဆုံးဖြတ်သလဲဆိုတာကို အသေအချာ စဉ်းစားအဖြေရှာကြည့်ဖို့ပါပဲ။Whistleblowing နဲ့ပတ်သက်ပြီး ရိုက်ထားတဲ့ ဟောလီးဝုဒ်ရုပ်ရှင်တွေ အများကြီးရှိပါတယ်။ ဒီအထဲကမှ ‘The Insider’ ကတော့ စီးကရက် ကုမ္ပဏီတစ်ခုအကြောင်း ရိုက်ထားတာပါ။ ကျွန်မတို့နဲ့ မစိမ်းလှတဲ့ မင်းသားတွေဖြစ်တဲ့ Russelle Crowe  နဲ့ Al Pacino  တို့ သရုပ်ဆောင်ထားပြီး Whistleblowing လုပ်တဲ့အကြောင်းကို သေချာရိုက်ကူးပြထားတာပါ။

နိဂုံးချုပ်ပြောရရင် မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာတော့ တော်ရုံတန်ရုံ ယုံကြည်ချက်မျိုး၊ သတ္တိမျိုးနဲ့ ဖွင့်ချဖော်ထုတ်ရဲဖို့ဆိုတာ မဖြစ်နိုင်တဲ့အခြေအနေမျိုးပါ။ ဒီအတွက် ဖွင့်ချဖော်ထုတ်ရဲသူ မည်သူ့ကိုမဆို ဦးညွှတ်အလေးပြုလိုပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်တဲ့အတွက် ဖြစ်လာမယ့် အကျိုးဆက်၊ တစ်နည်းအားဖြင့် သူ့အတွက်လုံခြုံမှုနဲ့ အကာအကွယ်ပေးမယ့် တရားဥပဒေမျိုး မရှိနေတာအတွက်တော့ စိုးရိမ်ပူပန်မိရပြန်ပါ တယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို တကယ်ထိထိရောက်ရောက်လုပ်မယ်ဆိုရင်တော့ ဒီလိုအမှန်တရားတွေကို ဖော်ထုတ်ဖွင့်ချမယ့်၊ ဖွင့်ချချင်တဲ့သူတွေကို ဂုဏ်ပြုအားပေးတတ်တဲ့ အလေ့အထနဲ့ အရေးကြီးဆုံးက သူတို့ကို အကာအကွယ်ပေးမယ့် ဥပဒေမျိုးတွေတော့ ပြဋ္ဌာန်းဖို့ လိုနေပြီလို့မြင်မိပါတယ်။ 

Ref: Whistleblowing – When It works and Why by Roberts Ann Johnson

မနီလာ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *