မြန်မာစီးပွားရေး ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်

အတက်၊ အကျ ဝိရောဓိဖြစ်နေသော မြန်မာ့စီးပွားရေး မကျပါ။

တိုးတက်မှု ၆ ရာခိုင်နှုန်းကျော်ပင်ရှိနေကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ အာရှဖွံ့ဖြိုး ရေးဘဏ် (ADB) နှင့် ကမ္ဘာ့ဘဏ်အဖွဲ့ အစည်းအသီးသီးက အကဲဖြတ်ထားသည်။

သို့သော် တိုးတက်လာသောနှုန်းသည် စီးပွားရေးစစ်တလင်း၌ လက်တွေ့တိုက်ပွဲဝင်နေသော ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၊ အလုပ်သမားများ၊ တောင်သူလယ်သမားများ၊ စားသုံးသူများ၏ အခြေအနေမှန်အပေါ် ထင်ဟပ်ရန် ခက်ခဲလိမ့်မည်။

တစ်ဦးတစ်ယောက်ချင်းအနေနှင့် ချိန်ထိုးကြည့်လျှင် ဆန့်ကျင်ဘက်ပင် ဖြစ်နေနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် စီးပွားရေးတိုးတက်ခဲ့သည်ဆိုသော ၂၀၁၇-၁၈ ဘဏ္ဍာနှစ်သည် စီးပွားရေးလုပ်ငန်းရှင် ကြီး၊ လတ်၊ ငယ် အများစုအတွက် လုပ်ငန်းမကောင်းသဖြင့် ငိုချင်းချ ညည်းတွားခဲ့ရသော နှစ်ဖြစ်ခြင်းကြောင့်ပင်။

နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့အစည်းများက စီးပွားရေးဝန်းကျင်တစ်ခုလုံး ဖြစ်ပေါ်တိုးတက်မှုကို တိုင်းတာသော မြန်မာနိုင်ငံ၏ အသားတင်ကုန်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (GDP) သည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် တိုးတက်ခဲ့ကြောင်း ကောက်ချက်ချသည်။

ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မရေရာသော အခြေအနေများကြားမှ မြန်မာ့စီးပွားရေးသည် ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာသစ်တွင် ဖော်ပြခဲ့သည်။

လာမည့် ၂၀၁၈-၁၉ ခုနှစ်တွင် မြန်မာ့စီးပွားရေးသည် ၆ ဒသမ ၈ ရာခိုင်နှုန်းအထိတိုးတက်မည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။ ၆ ဒသမ ၇ ရာခိုင်နှုန်းဟု IMF ကလည်းကောင်း၊ ၇ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်မည်ဟု ADB က လည်းကောင်း အသီးသီးဟောကိန်းထုတ်သည်။

မြန်မာ့စီးပွားရေးသည် ကိန်းဂဏန်းများအရ ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာဖြစ်သည်။ မြန်မာ့စီးပွားရေးမကျဟု သက်သေအကိုးအကားပြ၍လက်သီးလက်မောင်းတန်း ကြွေးကြော်နိုင်မည်ဖြစ်သည်။

သို့သော်မြေပြင်၌ စီးပွားရေးအခြေအနေမကောင်းကြောင်း ထပ်တလဲလဲ ညည်းညူနေသော အသံများလည်း ကျယ်လောင်စွာမြည်ဟီးနေဆဲဖြစ်သည်။

မြန်မာနိုင်ငံ၏ လက်လီရောင်းဝယ်ရေးကဏ္ဍ၌ ထိပ်တန်းအောင်မြင်မှုရနေသော City Mart Holding ကုမ္ပဏီလီမိတက်၏ အရောင်းအဝယ်သည် ၂၀၁၇ ခုနှစ်အတွင်း တုံ့ဆိုင်းနှေးကွေးခဲ့ကြောင်း ယင်းကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဒေါ်ဝင်းဝင်းတင့်က The Voice Journal  သို့ ပြောကြားသည်။

“စီးပွားရေးအခြေအနေ တုံ့နှေးနေတာကတော့ အမှန်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါကို ကျွန်မတို့ တွေ့နေရတယ်။ ကိုယ်တိုင်လည်း ခံစားနေရတယ်ပေါ့နော်” ဟု ၎င်းကဆိုသည်။

ထို့အတူ The Voice Journal  က တွေ့ဆုံမေးမြန်းခဲ့သော လုပ်ငန်းရှင်ကြီးများကလည်း ၎င်းတို့လည်ပတ်လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများမကောင်းကြောင်း ဖြေဆိုသည်။

ဆောက်လုပ်ရေး၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်၊ စွမ်းအင်နှင့် စိုက်ပျိုးရေးလုပ်ငန်းပေါင်းများစွာလုပ်ကိုင်သော စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးချစ်ခိုင်ကလည်း ၎င်း၏ လုပ်ငန်းများအကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း ပြောဆိုသည်။

“ကမ္ဘာ့ဘဏ်တို့၊ IMF (အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့) တို့ရဲ့ အစီရင်ခံစာတွေအရ အနည်းငယ်တော့ စီးပွားရေးက တက်နေတယ်ဆိုပေမယ့် ကျွန်တော်တို့ရဲ့ လက်တွေ့ဘ၀မှာတော့ စီးပွားရေးက အကျပ်အတည်းအနည်းငယ်ရှိနေတယ်လို့ ကျွန်တော်တို့မြင်တယ်ပေါ့” ဟု ၎င်းကဆိုသည်။

သို့ဆိုလျှင် အစီရင်ခံစာများပေါ်က စီးပွားရေးတိုးတက်မှုနှင့် မြေပြင်စီးပွားရေးလုပ်ငန်းအခြေအနေသည် တစ်ခုခုတော့ ကွာဟနေပြီဖြစ်သည်။

နိုင်ငံတကာအဖွဲ့အစည်းများသည် တိုင်းပြည်အတွင်း စီးဝင်လာနိုင်သော ငွေကြေး၊ ပြည်တွင်းပြည်ပ ဝယ်လိုအား၊ ရောင်းလိုအား၊ နိုင်ငံတကာတရားဝင် ဖွံ့ဖြိုးရေးအကူအညီများ၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်ထုတ်လုပ်မှုကဏ္ဍအသီးသီး လွှမ်းခြုံ ၍ ဖွံ့ဖြိုးမှုအညွှန်းကိန်းများကို တွက်ထုတ်သည်။

ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာသစ်အရ မြန်မာနိုင်ငံ၏စီးပွားရေးသည် မရေရာမှုများအကြား အကောင်းဘက်တွင် ရှိနေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ဗွေဆော်ဦးကာလဖြစ်သော ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် မြန်မာ့စီးပွားရေးအရှိန်နှေးခဲ့ပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ပြန်လည်ဦးမော့သည်။

ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းပြီး ပြည်ပပို့ကုန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အားကောင်းလာခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။

GDP တန်ဖိုး တိုးတက်လာခြင်းမှာ စိုက်ပျိုးရေးကဏ္ဍ ကောက်ပဲသီးနှံထုတ်လုပ်မှု၊ ကုန်ထုတ်လုပ်မှုတိုးတက်ခဲ့ပြီး ဝန်ဆောင်မှုကဏ္ဍတည်ငြိမ်လာခြင်းကြောင့်ဖြစ်သည်။

သို့သော် အန္တရာယ်များရှိနေဆဲဖြစ်ပြီး ထိရောက်စွာမကိုင်တွယ်လျှင် စီးပွားရေးတိုးတက်မှုကို ရိုက်ခတ်မည်ဟု သတိပေးသည်။ ယင်းမှာ မက်ခရိုစီးပွားရေးအခြေအနေကို ဖြန့်ကြက်တွက်ချက်ခြင်းပင်။

မက်ခရိုစီးပွားရေးသည် တိုင်းပြည်တစ်ခုလုံး၏ လုပ်ငန်းအားလုံးမှစုပေါင်းထွက်လာသော ကိန်းဂဏန်းများဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ဆိုသည်။
လုပ်ငန်းရှင်တစ်ဦး တစ်ယောက်ချင်းလုပ်ကိုင်သောလုပ်ငန်းသည် မိုက်ခရိုစီးပွားရေးဖြစ်သည်။


“မိုက်ခရိုစီးပွားရေးက အသေးစိတ်လုပ်ငန်းတစ်ခုစီသွားတာ။ တစ်ခုစီသွားတဲ့အခါမှာ လုပ်ငန်းကဏ္ဍအများကြီးရှိရင် လုပ်ငန်းရှင်တစ်ဦးနဲ့တစ်ဦး မတူကြဘူး။ မိုက်ခရိုသွားလို့ရှိရင် ကောင်းတဲ့လုပ်ငန်းလည်းရှိတယ်။ အများကြီး အောင်မြင်တာလည်းရှိတယ်။ မအောင်မြင်တာလည်း ရှိတယ်” ဟု ၎င်းကဆိုသည်။

“အမြင်မတူဘူး။ Level မတူဘူး။ ကြည့်တဲ့မျက်စိမတူဘူး” ဟု ၎င်းက ထပ်မံပြောဆိုသည်။

စင်စစ်တိုင်းပြည်တစ်ခုလုံး၏ စီးပွားရေးတိုးတက်သည်ဟုဆိုလျှင် အောက်ခြေစီးပွားရေးလုပ်ငန်း အခြေအနေကောင်းရမည်ဖြစ်သည်။သို့သော် လက်ရှိကိန်းဂဏန်းများက အောက်ခြေသို့ရောင်ပြန်မဟပ်ကြောင်း လုပ်ငန်းရှင်များက ယူဆကြသည်။

တကယ့်စီးပွားရေးအခြေအနေကိုသိရန် ဈေးသို့သွားကြည့်လျှင် သိနိုင်ကြောင်း စီးပွားရေအကြံပေးပညာရှင် ဒေါက်တာဦးမြင့်ကပြောဆိုဖူးသည်။ ရောင်းသူ၊ ဝယ်သူ မည်မျှအထိဒုက္ခရောက်နေသည်ကိုကြည့်လျှင် အမှန်စီးပွားရေးကို မြင်နိုင်သည်။

ဆိုလိုသည်မှာ အိမ်ထောင်စုတစ်ခု၏ စုစုပေါင်းဝင်ငွေမှ နေစဉ်စားဝတ်နေရေးအတွက် မည်မျှစိုက်ထုတ်သုံးစွဲနေရသနည်း၊ ကုန်ထုတ်လုပ်မှု၊ အရောင်းအဝယ်များ မည်သို့ကျပ်တည်းနေသနည်း စသည့်မေးခွန်းများမေးမြန်းလျှင် သိနိုင်သည်။

လက်ရှိတွင် အထွေထွေကုန်ဈေးနှုန်းများမြင့်လာခြင်းကြောင့် အရနှင့် အသုံး မမျှမတဖြစ်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မှ မသဇင်ကဆိုသည်။ သူသည် အိမ်ထောင်စုတစ်ခု၏ နေ့စဉ်စားဝတ်နေရေးအတွက် ဈေးနှင့် အမြဲထိတွေ့နေသူ ဖြစ်သည်။

ဝန်ထမ်းလစာတိုးမြှင့်ခြင်းကြောင့် ကန်စွန်းရွက်ကအစ စားသောက်ကုန်များဈေးမြင့်လာသဖြင့် မိသားစုဝင်ငွေမှ စားဝတ်နေရေးအတွက် ပိုမိုစိုက်ထုတ်သုံးစွဲရကြောင်း ၎င်းကဆိုသည်။

ကုန်ထုတ်လုပ်သူများ၊ ရောင်းချသူများလည်း ပြဿနာကြုံသည်။

“တကယ်လက်တွေ့ ပြောနေတာတွေ၊ ဖြစ်နေတာတွေနဲ့ယှဉ်တော့ အစီရင်ခံစာတွေက သိပ်ပြီးတော့ Reflect မဖြစ် (မထင်ဟပ်) သလိုပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အခက်အခဲတွေ စီးပွားရေးလုပ်ငန်းရှင်တိုင်း၊ လုပ်ငန်းရှင်ကြီးတိုင်း၊ လုပ်ငန်းအငယ်တွေခက်ခဲနေ တယ်” ဟု Unique Network  Marketing ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်မျိုးလှိုင်က ဆိုသည်။

မြန်မာ့နိုင်ငံ၏ စီးပွားရေးအရွယ် အစား သေးငယ်ခြင်းကြောင့်လည်း အောက်ခြေအထိ မသက်ရောက်ခြင်းဖြစ်နိုင်ကြောင်း ၎င်းကတွက်ဆသည်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ ၂၀၁၆ ခုနှစ် GDP တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၆၇ ဘီလီယံရှိသည်။ ထိုင်းနိုင်ငံ၏ GDP သည် ကန်ဒေါ်လာ ၄၀၆ ဘီလီယံကျော် ရှိသည်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် E-Commerce လုပ်ငန်းစုတစ်ခုဖြစ် သော Amazon ကုမ္ပဏီ၏ ၂၀၁၇ ခုနှစ် စုစုပေါင်းအရောင်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၇၇ ဘီလီယံကျော်ရှိသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ GDP တန်ဖိုး ၆ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခြင်းမှာ စိတ်လှုပ်ရှားစရာမကောင်းကြောင်း ဦးဇော်မျိုးလှိုင်ကဆိုသည်။ စီးပွားရေးအရွယ်အစားငယ်သဖြင့် တိုးတက်လာသောနှုန်းထားသည် အောက်ခြေစီးပွားရေးလုပ်ငန်းများအထိ မသက်ရောက်ကြောင်း ၎င်းကဆိုသည်။

GDP တွက်ချက်မှုတွင် ပြည်ပပို့ကုန်ဝင်ငွေအများဆုံးရရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍသည် အချိုးများပြားစွာ ပါဝင်သည်။

သဘာဝဓာတ်ငွေ့လုပ်ငန်းများကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် အစိုးရက အဓိကကိုင်တွယ်ကြောင်း မော်တော်ယာဉ် တင်သွင်းဖြန့်ချိရေးနှင့် ဆန်စပါးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ဆိုသည်။ ယင်းကဏ္ဍတိုးတက်ခြင်းသည် တိုင်းပြည် GDP ကိုတိုးသော်လည်း
လုပ်ငန်းရှင်တစ်ဦးချင်းနှင့်မဆိုင်ကြောင်း ၎င်းကဆိုသည်။

ကမ္ဘာ့ဘဏ်၏အဆိုအရ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် ပြည်တွင်းသဘာဝဓာတ် ငွေ့ထုတ်လုပ်မှုကျသော်လည်း ကမ္ဘာ့ဓာတ်ငွေ့ဈေး မြင့်တက်ခြင်းကြောင့် ပြည်ပတင်ပို့မှု တည်ငြိမ်ခဲ့သည်။

“စီးပွားရေးကျတဲ့သူအများစုက ဆောက်လုပ်ရေးလုပ်ငန်းနဲ့ Real Estate (အိမ်၊ ခြံ၊ မြေ) အများဆုံးထိတာပေါ့နော်။ နောက်ထပ်က ငွေတန်ဖိုးကျတာနဲ့အတူ လုပ်ရကိုင်ရတာ ခက်တာတွေရှိတာပေါ့” ဟု မြေပြင်စီးပွားရေးပုံစံကို ဒေါက်တာ စိုးထွန်းက ပုံဖော်သည်။

NLD အစိုးရသစ်လက်ထက်တွင် အထပ်မြင့်ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်မှ အစပြုပြီး အိမ်၊ ခြံ၊ မြေ ဈေးကွက်ယိုင်နဲ့ခဲ့ပြီး လက်ရှိအချိန်ထိ နာလန်မထူသေးပေ။ ထို့အပြင် ရခိုင်ပြည်နယ်အရေးကြောင့် ခရီးသွားလုပ်ငန်းလည်း ထိခိုက်သည်။

ဆန်ပြည်ပတင်ပို့မှုသည် ထင်သာမြင်သာရှိသော တိုးတက်မှုဖြစ်ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း ဆန်တန်ချိန် သုံးသန်းကျော် အမြင့်ဆုံးတင်ပို့နိုင်ခဲ့သည်။ ဆန်တင်ပို့မှု တိုးတက်မှုများရှိသော်လည်း ပဲမျိုးစုံသည် အိန္ဒိယက တန်ချိန်ကန့်သတ်ခဲ့သဖြင့် ဒုက္ခရောက်ခဲ့သည်။

တိုင်းပြည် GDP တန်ဖိုး၏ ၃၃ ရာခိုင်နှုန်းပါဝင်သော စက်မှုကဏ္ဍမှာလည်း မြေပြင်တွင် အားရဖွယ်မရှိကြောင်း လှိုင်သာယာစက်မှုဇုန် အထွေထွေအတွင်းရေးမှူး ဒေါက်တာခင်မောင်ဦးက ဆိုသည်။ အခြေခံအဆောက်အဦနှင့် လျှပ်စစ်လိုအပ်ချက်ကြောင့် ကုန်ထုတ်စွမ်းအား နိမ့်ကျနေဆဲဟု သူကဆိုသည်။

“ကုန်ထုတ်လုပ်မှုကဏ္ဍမှာ အားရကျေနပ်မှုသိပ်မရှိဘူး။ လျှပ်စစ်ဓာတ်အား မှန်မှန်မလာတာကြောင့် ကုန်ထုတ်လုပ်မှုကျဆင်းတာ၊ နောက်တစ်ခါ ထုတ်ကုန်ပျက်စီးတာရှိတယ်။ တချို့ Processing  လုပ်ငန်းတွေကျတော့ မီးပျက်ရင် ပျက်စီးသွားတာဆိုတော့ အလေအလွင့်တွေ ဘာတွေဖြစ်တယ်လေ” ဟု ၎င်းကဆိုသည်။

အထူးသဖြင့် ရန်ကုန်မြို့တွင် ယာဉ်ကြောအခြေအနေကြောင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးပြီး ကုန်ထုတ်စွမ်းအား ကျဆင်းကြောင်း ၎င်းကဆိုသည်။

ထုတ်လုပ်မှုမမြင့်နိုင်သဖြင့် ပြည်ပမှ တင်သွင်းသုံးစွဲခြင်းကိုသာ အားပြုရသည်။ စိုက်ပျိုးရေးနိုင်ငံဖြစ်သော်လည်း အာလူး၊ ဂေါ်ဖီ၊ ဟင်းသီးဟင်းရွက် စသည်တို့ကိုပင် ပြည်ပမှ တင်သွင်းနေသည်။

နိုင်ငံ့စီးပွားရေးထောက်တိုင်များ ဖြစ်သော အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများသည် ငွေကြေးအရင်းအနှီး၊ နည်းပညာအခက်အခဲကြောင့် ဖွံ့ဖြိုးတိုးတက်မှုမမြင်သေးကြောင်း အမျိုးသားနိုင်ငံတကာကုန်သွယ်ရေးလုပ်ငန်းလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်သီဟက ပြောသည်။

၎င်းသည် Naraa လက်ဖက်ခြောက်ကို ထုတ်လုပ်ဖြန့်ချိနေသော SME လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သည်။

“ဒီအချိန် မြန်မာ့စီးပွားရေးက တက်နေပါတယ်လို့ပြောရင် ကျွန်တော်တော့ လက်မခံဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်လုပ်ငန်းဆိုလည်း ပုံမှန်လေးအတိုင်း မနည်းသွားနေရတယ်။ တစ်ခါတလေဆို ကျသွားတယ်” ဟု ၎င်းက ဆိုသည်။

အသေးစားချေးငွေအရင်းအနှီးများ၊ နည်းပညာများကို အစိုးရအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းအများအပြားက ကူညီသော်လည်း အောက်ခြေတွင်မူ လိုအပ်ချက်များစွာရှိကြောင်း ၎င်းကဆို သည်။ အထူးသဖြင့်ချေးငွေရရန် ခက်ခဲဆဲ ဖြစ်သည်။

အသေးစားလုပ်ငန်းများ အဆင်မပြေလျှင် တိုင်းပြည်စီးပွားရေး ပိုကောင်းလာရန်မရှိဟု ဦးကျော်သီဟက ယူဆသည်။

မည်သို့ဆိုစေ တစ်တိုင်းပြည်လုံး၏ စီးပွားရေးအပေါ် အဖွဲ့အစည်းများက အကောင်းမြင်ထားသည်။ မက်ခရိုစီးပွားရေး တိုးတက်မှုကို နှောင့်ယှက်နိုင်သော ရခိုင်အရေးနှင့် အခြားစိန်ခေါ်မှုအန္တရာယ်များကို ထိရောက်စွာ ကိုင်တွယ်ရန် ကမ္ဘာ့ဘဏ်က သတိပေးသည်။

တကယ့်အနှစ်သာရပိုင်းဖြစ်သည့် မြေပြင်စီးပွားရေးလုပ်ငန်း ပိုမိုစည်ပင်လာရန် မဟာဗျူဟာကျသည့် အစီအမံများ ချမှတ်အားပေးရန် လိုအပ်သည်ဟု UMFCCI တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ၁၉ နှစ်ကျော်ကြာပါဝင်ခဲ့သူ တစ်ဦးက ဆိုသည်။

လက်ရှိ စီးပွားရေးအညွှန်းကိန်းများ တိုးတက်လာခြင်းကို ၎င်းကလက်ခံသည်။ ဆက်လက်တိုးတက်ရန်လည်း ၎င်းက ယုံကြည်သည်။

သို့သော် စီးပွားရေး တိုးတက်လာခြင်းထက် ရင်ဆိုင်ရမည့် ပြဿနာများ ပိုများဖွယ်ရှိကြောင်း သူက ယခုလိုဆိုသည်။

“တိုးတက်မှုမရှိဘူးမဟုတ်ဘူး။ ရှိမယ်။ နှေးမယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရင်ဆိုင်ရမယ့်ပြဿနာတွေက ပိုများမယ်” 

နိုင်လင်းအောင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *