မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း) ဦးမောင်တိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

“နည်းပညာတွေကို ပြောင်းနိုင်ပေမယ့်လည်း ဥပဒေကြီးက အားနည်းနေတဲ့အခါကျတော့၊ နိုင်ငံတော်က ယူတဲ့ဟာက များနေတဲ့အခါကျတော့ ဘယ်သူမှ သိပ်လာပြီးရင်းနှီးမြှုပ်နှံမှုမရှိဘူး”

မြန်မာနိုင်ငံထွက် မွေးပုလဲများသည် သဘာဝကို အခြေခံသောထုတ်ကုန်ဖြစ်သော်လည်း ကျောက်စိမ်းတူးဖော်ခြင်း၊ ရေနံသဘာဝဓာတ်ငွေ့ထုတ်ယူခြင်းတို့ကဲ့သို့ သဘာဝသယံဇာတများ ကုန်ဆုံးသွားခြင်းမဟုတ်ဘဲ အစဉ်အဆက် နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်သောလုပ်ငန်းဖြစ်ပြီး မြန်မာ့ထွက်ကုန် Made in Myanmar Product အဖြစ် မြန်မာ့ဂုဏ်သတင်းကို ဆောင်နိုင်မည့်လုပ်ငန်းဖြစ်သည်။ ၁၉၉၅ တွင်ရေးဆွဲခဲ့သော မြန်မာ့ပုလဲဥပဒေကို ၂၀၁၄ တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး ယခုအခါ ထပ်မံပြင်ဆင်ရန် လွှတ်တော်သို့တင်သွင်းထားသည်။ ထိုကြောင့် မြန်မာ့ပုလဲ၏ အလားအလာနှင့်ရင်ဆိုင်နေရသော အခက်အခဲများအကြောင်း မြန်မာ့ပုလဲဆိုင်ရာကျွမ်းကျင်သူ ယခင် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း) ဦးမောင်တိုးကို ဆက်သွယ်မေးမြန်းထားပါသည်။

The Voice Journal – ပုလဲလုပ်ငန်းက မြန်မာ့စီးပွားရေးပေါ် ဘယ်လိုအကျိုးပြုနိုင်လဲ။

UMT – ဒီပုလဲက မြန်မာ့ပုလဲကနေရာတိုင်းမှာ မထွက်ဘူးဗျ။ ကမ္ဘာပေါ်မှာလည်း ဒီပုလဲက အီကွေတာ နဲ့နီးတဲ့ စောစောက ပြောတဲ့ ဩစတြေးလျရယ်၊ ဖိလစ်ပိုင်ရယ်၊ အင်ဒိုနီးရှားရယ်၊ ကျွန်တော်တို့မြန်မာပြည်ရယ် ဒီလေးခုပဲ ထွက်တာ။ ကျွန်တော်တို့ ရေပြင်မှာ ကြည့်တော့လည်း မြိတ်က ရေပြင်မှာပဲ ထွက်တယ်။ သံတွဲက ရေပြင်မှာ မထွက်ဘူး။အဲဒီတော့ ဒီလိုရှားပါးတဲ့ကိစ္စကို ကျွန်တော်တို့က အများကြီး အားပေးသင့်တယ်။ ကျွန်တော်တို့ ရေမြေမှာ ဘုရားပေးတဲ့ အနေအထားပေါ့။ နောက်တစ်ခါ ကျွန်တော်တို့ဆီမှာ အရင်တုန်းက သုတေသနပြုထားချက်တွေအရ ထားဝယ်ကနေ ကော့သောင်းထိ (ပုလဲထွက်တဲ့) မုတ်ကောင်တွေ ရှင်သန်နိုင်တယ်။ နိုင်ငံခြားကကျတော့ သဘောကျတယ်။ အဲဒီအခါကျတော့ မွေးမယ်ဆိုရင် တွင်းထွက်သယံဇာတလို ကုန်ခန်းမသွားဘဲ။ နောက်တစ်ခါ ဒါကို နိုင်ငံခြားသူတွေက ကြိုက်တာဖြစ်တဲ့အတွက် နိုင်ငံခြားမှာ ဈေးကွက်ရှိတယ်။ ဒေါ်လာ ရနိုင်တယ်။ နောက်တစ်ခါ ဒီလုပ်ငန်းက Labor- intensive ဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံက လုပ်သားတွေက Skilled Labor ကျွမ်းကျင်လုပ်သားအဆင့် မရောက်သေးဘူး။ Labor-intensive လုပ်သားများများ သုံးတဲ့ လုပ်ငန်းမျိုးဆိုရင် အလုပ်အကိုင်များများ ရနိုင်တယ်။ နိုင်ငံခြားငွေရဖို့ရယ်၊ အလုပ်အကိုင်ဖန်တီးနိုင်မှုရယ်မှာ သိပ်ကို အားပေးသင့်တယ်။ ဈေးကွက်ဝေစုကလည်း ရပြီးသား ဖြစ်နေတယ်။ ကျွန်တော်တို့သာ များများထုတ်လိုက်လို့ရှိရင် ဖိလစ်ပိုင်တို့၊ အင်ဒိုနီးရှားတို့ ဩစတြေးလျ တို့ကို ကောင်းကောင်းယှဉ်နိုင်တယ်။ ဒါကိုအများကြီး အားပေးသင့်တယ်လို့ ထင်ပါတယ်။

The Voice Journal -မြန်မာ့ပုလဲလုပ်ငန်းရဲ့ လက်ရှိအခြေအနေကရော။

UMT – ကျွန်တော်တို့ပုလဲက ရေငန်ပုလဲထဲမှာ ပါဝင်ပြီးတော့ ကမ္ဘာပေါ်မှာ ကျွန်တော်တို့ပုလဲကို ထုတ်တာ ဩစတြေးလျရယ်၊ အင်ဒိုနီးရှားရယ်၊ ဖိလစ်ပိုင်ရယ်၊ ကျွန်တော်တို့ရယ် ဒီလေးခုပဲ ရှိပါတယ်။ မြိတ်ကျွန်းစုက လူမနေဘဲနဲ့ ရေပြင်အနေအထားကို လေ့လာစမ်းသပ်ကြည့်တော့ ကျွန်တော်တို့ပုလဲက တော်တော်လေး ကောင်းပါတယ်။ ကမ္ဘာမှာလည်း ကြိုက်တဲ့လူများတာပေါ့နော်။ နာမည်ကြီးပါတယ်။ ခုလိုပြောတာကလည်း ကိုယ့်ဘာသာပြောတာ မဟုတ်ပါဘူး။ စာအုပ်တွေဖတ်ပြီး ပြောတာပါ။ သို့သော်လည်း အစိုးရရဲ့ထိန်းချုပ်မှုတွေက များခဲ့တော့ ကျွန်တော်တို့ရဲ့ဈေးကွက်ဝေစုက အရမ်းနည်းတာပေါ့နော်။ ကျွန်တော်တို့ရဲ့ Cost of Production ထုတ်လုပ်မှုကုန်ကျစရိတ်တွေကလည်း အစိုးရက ယူထားတာ များတဲ့အတွက် မယှဉ်နိုင်ဘူးပေါ့။ အင်ဒိုနီးရှားတို့၊ ဖိလစ်ပိုင်တို့မှာ လုံးဝလွှတ်ပေးထားတာ။ ကျွန်တော်တို့ရဲ့ပုလဲက အလားအလာအများကြီး ရှိတယ်။ သို့သော်လည်း အစိုးရရဲ့ယူထားတဲ့ ထိန်းချုပ်မှုတွေ၊ အခွန်ယူထားတာတွေကို အများကြီးလျှော့ပေးရမယ်လို့ ကျွန်တော်တို့က မြင်ပါတယ်။

The Voice Journal – ခုနက ဆရာက အလားအလာ ကောင်းတယ်၊ အားပေးသင့်တယ် ပြောသွားတယ်။ သို့သော်လည်း ပုလဲလုပ်ငန်းမှာ ၁၉၉၀ လောက် ကနေစပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ခေါ်ခဲ့ပေမယ့် မှန်းသလောက် တက်မလာဘူးလို့ သိရတယ်။ ဘာ့ကြောင့်လဲ။

UMT – ရင်းနှီးမြှုပ်နှံမှုစခေါ်ပြီးကတည်းက PSC စနစ် (ထုတ်လုပ်မှုကို ခွဲဝေခံစားသောစနစ် Production Sharing Contract) ကို ကျင့်သုံးခဲ့တာပေါ့။ ထုတ်လုပ်မှုကို ခွဲဝေတဲ့စနစ်အရ နိုင်ငံတော်ကို ၃၀ ရာခိုင်နှုန်း ပေးရတယ်။ ထွက်လာတဲ့ ပုလဲတွေရဲ့ ၃၀ ရာခိုင်နှုန်းကို သူတို့ကို ပေးရတယ်။ ပြီးတော့ ကျန်တဲ့သူရတဲ့ ၇၀ ရာခိုင်နှုန်းထဲကမှ ထပ်ပြီး Commercial Tax ဆိုပြီး အဲဒီတုန်းက အရောင်းပေါ်က ၃၀ ရာခိုင်နှုန်းပေးရတဲ့အခါကျတော့ သူက မကိုက်ဘူး။ မကိုက်တဲ့အခါကျတော့ ဘယ်သူမှ မလုပ်ကြဘူး။ လူတွေ လုပ်ငန်းရှင်တွေက သူတို့ကိုက်တဲ့ဟာကိုပဲ ဝိုင်းတူးကြတဲ့အခါကျတော့ ကျောက်မျက်တို့၊ ရွှေတို့ တခြားလုပ်ငန်းတွေမှာပဲ လုပ်ကြတယ်။ ပုလဲကို လုပ်ကြတဲ့ သူမရှိဘူး။ ကျွန်တော်တာဝန်ယူခဲ့တဲ့ ၁၁ နှစ်ကာလမှာတော့ မြန်မာနိုင်ငံက အရင်က နည်းပညာတွေက နိမ့်ကျနေတယ်။ စက်ပစ္စည်းတွေကလည်း ခေတ်မမီဘူး။ အဲဒါတွေကို ကျွန်တော်ဘောင်ထဲကနေ အားလုံးပြောင်းခိုင်းတယ်။ နည်းပညာတွေကို ပြောင်းနိုင်ပေမယ့်လည်း ဥပဒေကြီးက အားနည်းနေတဲ့အခါကျတော့၊ နိုင်ငံတော်က ယူတဲ့ဟာက များနေတဲ့အခါကျတော့ ဘယ်သူမှ သိပ်လာပြီး ရင်းနှီးမြှုပ်နှံမှုမရှိဘူး။ အဲဒီလိုဖြစ်ခဲ့တာပေါ့နော်။

The Voice Journal – ဥပဒေအားနည်းတယ်လို့ ဆရာကပြောတယ်။ လက်ရှိမှာလည်း ဥပဒေကြမ်းက လွှတ်တော်ကို ရောက်နေပြီဆိုတဲ့အခါ ဆရာကလည်း မြန်မာ့ပုလဲလုပ်ငန်းမှာ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် အတွေ့အကြုံများခဲ့တဲ့အတွက် ဘာတွေ ပြင်သင့်တယ်၊ ဘာတွေထားသင့်တယ် မြင်လဲ။

UMT –၂၀၁၄ ခုနှစ်က ကျွန်တော်ကလည်း လွှတ်တော်ကိုယ်စားလှယ်ဆိုတော့ ကိုယ်စားလှယ် အနေနဲ့ ပုလဲဥပဒေကို ပြင်လိုက်တာပေါ့။ ပြင်တဲ့အခါကျတော့ PSC စနစ်ကို မလုပ်တော့ဘဲ တကယ်ပြင်ပကမ္ဘာမှာ ပုလဲမွေးမြူရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်က ယူတာအရမ်းနည်းပါတယ်။ ပုလဲမွေးမြူတဲ့ ရေပြင်ဧရိယာတွေပေါ်မှာပဲ အခွန်ထမ်းဆောင်ရတယ်။ ဖိလစ်ပိုင်မှာဆိုရင် ပုလဲမွေးမြူရေးဧရိယာ တစ်ဟက်တာကို တစ်နှစ်ကို၁၀၀ပီဆိုလောက်ပဲ ပေးရတယ်။ နှစ်စဉ်ကြေးယူတာ ရှိတယ်။ ဩစတြေးလျမှာဆိုရင် လိုင်စင်ကြေးဆိုပြီး ဒေါ်လာသုံးလေးရာလောက် ယူတယ်၊ နှစ်စဉ်ကြေးဆိုပြီး ဒေါ်လာသုံးလေးရာလောက် ယူတယ်။ ဒါပဲရှိတာ။ PSC လည်း မရှိဘူး။တခြား ဘာမှယူတာ မရှိဘူး။ သို့သော်လည်း ကျွန်တော်က အဲဒီအဆင့်ကို တန်းသွားလို့ရှိရင် ကျွန်တော်တို့နိုင်ငံက စီးပွားရေးအရ အဆင်သင့်ဖြစ်ဖို့လိုသေးတယ်ဆိုပြီး ကျွန်တော်က မုတ်ကောင်တစ်ကောင်ကို တစ်ကြိမ်ဝတ်ဆံသွင်းရင် အခွန်နှစ်ထောင်ပေးရမယ်ဆိုပြီး ပြင်ဆင်ခဲ့ပါတယ်။ အဲဒီအခါကျ ပြည်ထောင်စုရဲ့ဘတ်ဂျက်မှာ အဲဒီငွေက ဝင်သွားတာပေါ့။

အခုကျတော့ ဒုတိယအကြိမ်၂၀၁၈မှာပြင်မယ်ဆိုတဲ့အခါကျတော့ ဌာနက ပြန်ပြင်တဲ့အခါမှာ PSC စနစ်ကို ပြန်သွားဖို့ လုပ်နေတာ တွေ့ရတယ်။ ကျွန်တော် ပြင်ထားတာကို ကျော်ဖြတ်ပြီးတော့ PSC စနစ်ကို ပြန်သွားဖို့ လုပ်နေတာ တွေ့ရတယ်။

The Voice Journal – ပုလဲကဏ္ဍမှာက နိုင်ငံခြားသားပိုင်လုပ်ငန်း၊ နိုင်ငံပိုင်လုပ်ငန်း၊ ပုဂ္ဂလိကပိုင် လုပ်ငန်းဆိုပြီး ရှိနေတဲ့အခါကျတော့ ဘယ်လုပ်ငန်းတွေကို အားပေးရင် ပုလဲကဏ္ဍတိုးတက်လာမယ် ထင်လဲ။

UMT – ပုဂ္ဂလိကကို အားပေးရမှာပဲဗျ။ အဓိကကတော့။ အဓိကအားပေးရမှာကတော့ ပြည်တွင်းလုပ်ငန်းရှင်တွေပဲဗျ။ ဒုတိယကတော့ ပြည်တွင်းလုပ်ငန်းရှင်တွေက မရဘူးဆိုရင်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အားပေးရမှာပေါ့။ ပြည်တွင်းလုပ်ငန်းရှင်တွေကတော့ တိုင်းပြည်အတွက် ပိုအကျိုးရှိတာပေါ့။ နိုင်ငံတော်ကတော့ ပြည်သူတွေက မလုပ်နိုင်တဲ့လုပ်ငန်းတွေကိုပဲ လုပ်သင့်တယ်။ ပုလဲလုပ်ငန်းလို ပြည်သူတွေ လုပ်နေတဲ့ လုပ်ငန်းကို အစိုးရက ဘယ်လိုမှ မလုပ်သင့်တော့ဘူး။

အစိုးရက အခုလုပ်တာလဲ ဘယ်လိုမှမြတ်စရာ အကြောင်းမရှိဘူး။ ဘာ့ကြောင့်မြတ်နေလဲဆိုတော့ ဒီကုမ္ပဏီတွေကဟာတွေ ရလို့လေ။ အဲဒါတွေနဲ့ ပြတဲ့အခါကျတော့ မြတ်သလို ဖြစ်နေတာပေါ့။ အဓိကကတော့ ပုဂ္ဂလိကကို ဦးစားပေးရမယ်။ ပုဂ္ဂလိကရဲ့လိုအပ်ချက်တွေ ပံ့ပိုးပေးရမယ်။ အဓိကကတော့ ပုဂ္ဂလိကကို ဦးစားပေးဖို့ပါပဲ။ ကျွန်တော်ပြောချင်တာကတော့ အစိုးရက မထုတ်သင့်တော့ဘူး။

The Voice Journal – မြန်မာ့ပုလဲတွေ ကမ္ဘာကို အခုထက် ပိုထိုးဖောက်နိုင်ဖို့ အရေးကြီးဆုံး ဘာလုပ်ရမလဲ။

UMT – ကျွန်တော်တို့နိုင်ငံက နိုင်ငံတော်ကများများ ယူရမယ်ဆိုတဲ့ ဆိုရှယ်လစ်အတွေးအခေါ်စိတ်တွေက ပါခဲ့တဲ့အခါကျတော့ န၀တခေတ်မှာ ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းမယ်ဆိုသော်လည်းပဲ တာဝန်ရှိတဲ့ သူ တော်တော်များများက ဆိုရှယ်လစ်အတွေးအခေါ်နဲ့ ယူဖို့ပဲ များနေတာပေါ့။ အဲဒီတော့ ဒီလုပ်ငန်းတွေက မဖွံ့ဖြိုးဘူးပေါ့။ အဲဒီတော့ ပြီးခဲ့တဲ့ လွှတ်တော်ကာလမှာ ကျွန်တော်တို့က ဒါကို ပြောင်းလဲဖို့လုပ်တယ်။ နိုင်ငံတော်က ယူတာကို လျှော့ပြီးတော့ ပုဂ္ဂလိကကို ဦးစားပေးရမယ်။ ဒါမှသာလျှင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးမယ်။ သို့ပေမယ့် ဒါကို ဌာနဆိုင်ရာက ကြည့်ရင် မကြိုက်ဘူး။ ဌာနဆိုင်ရာက မကြိုက်တာကတော့ သူတို့က PSC နဲ့လုပ်မှ သူတို့ရတဲ့ဟာအနေနဲ့ ပြလို့ရမယ်ဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ဝင်ငွေကို များများပြနိုင်ရင် ဘတ်ဂျက်ကို တောင်းရတာ လွယ်တာပေါ့နော်။ ဒီတော့ဒါကို သူတို့က သဘောကျနေတာပေါ့။

အခုလက်ရှိ လွှတ်တော်ကို ပြန်တင်တဲ့အခါကျ PSC မှာတုန်းက နိုင်ငံတော်က ရတာများတယ်ပေါ့နော် ပြောတာရှိတယ်။ ၂၀၁၄ ပြင်လိုက်တဲ့ ဥပဒေမှာတော့ နိုင်ငံတော်က ရတာနည်းတယ်ပေါ့နော်။

ကျွန်တော့်အမြင်က ဒီပုလဲလုပ်ငန်းတွေရေရှည်မှာ တိုးတက်စေချင်တယ်ဆိုရင်တော့ နိုင်ငံတော်က ယူတာကို တတ်နိုင်သမျှ လျှော့ရမယ်ပေါ့။ ဒါမှ အလုပ်အကိုင် ဖန်တီးနိုင်မယ်။ အစိုးရဆိုတာ အလုပ်အကိုင်ဖန်တီးပေးဖို့ အဓိကတာဝန်လည်း ဖြစ်တယ်။ ဒါက ဒုတိယအကြိမ်ပြင်ဆင်တဲ့အခါမှာ ဌာနက တင်တာလေးကလွဲနေ တယ်ထင်လို့ ဒါ ကျွန်တော်တင်ပြတာပါ။

The Voice Journal

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *