ဆ – ဆရာ ပြတိုက်မှာ

အညာဒေသရှိ ရွာတစ်ရွာတွင် ရွာ၏စာသင်ကျောင်းအတွင်း ဆရာကန်တော့ပွဲကို ကျင်းပနေသည်။

စုစုပေါင်းဆရာနှင့် ဆရာမ၄၅ဦး အနက် ၃၀ ဦးသည် ဆရာများ ဖြစ်သည်။ တစ်နည်းအားဖြင့် ဆရာများ၏ ၆၆ ရာခိုင်နှုန်းသည် အမျိုးသားဆရာများ ဖြစ်သည်။

သို့သော်။

အဆိုပါအရေအတွက် ၃၀ ထဲမှ၂၀ ဦးသည် အငြိမ်းစားယူခဲ့ပြီးဖြစ်သလို ကျန်၁၀ဦးသည်လည်း လာမည့်ဆယ်နှစ်အတွင်း အငြိမ်းစားယူရမည့် အသက်၅၀ကျော်အရွယ်များ ဖြစ်သည်။

အာစရိယဟု ဆိုလိုက်လျှင် ရှေးယခင်က အမျိုးသားဆရာများကိုသာ မျက်စိထဲပြေးမြင်ကြရလောက်အောင် ဆရာများက အင်နှင့်အားနှင့်အရေအတွက်များစွာ ရှိနေခဲ့သော်လည်း ယခုမူ ပြောင်းပြန်ဖြစ်ခဲ့ပြီ။

“အခု ကျွန်မတို့နိုင်ငံမှာ ကျောင်းဆရာတွေ နည်းနေပါတယ်။ အဲဒါအားလုံး သတိပြုကြပါ”ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဆိုလိုက်သည်။

နေပြည်တော်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသားများကို စစ်ဆေးနေသည့် ဆရာတစ်ဦးကို တွေ့ရစဉ်။

ပြီးခဲ့သည့်လက ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

တစ်ဆက်တည်းမှာပင် အမျိုးသားငယ်များ ကျောင်းဆရာလောကထဲသို့ ဝင်ရောက်လာကြရန် သူက ဖိတ်ခေါ်လိုက်သည်။

မြန်မာ့ပညာရေးလောကတွင် အမျိုးသားဆရာဦးရေသည် ကြောက်ခမန်းလိလိကျဆင်းလာနေပြီး အမျိုးသားများသည် ကျောင်းဆရာလောကကို စွန့်ခွာခဲ့ကြသလို ထပ်မံဝင်ရောက်ရန်မှာလည်း တွန့်ဆုတ်လျက်ရှိနေကြသည်။

ဆရာများ မည်သည့်နေရာသို့ ရောက်ရှိသွားပြီနည်း။

သာသနာရေးဝန်ကြီးဌာန လက်အောက်ရှိ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများအပါအဝင် ပညာရေးဝန်ကြီး ဌာနလက်အောက်ရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းစသည့် အခြေခံပညာရေးလောကတွင် ကျောင်းသားပေါင်း ကိုးသန်းကျော်ကို ဆရာ၊ ဆရာမလေးသိန်းဝန်းကျင်က ပညာကြားပေးလျက်ရှိသည်။

အများစုမှာ အမျိုးသမီးများသာ။

မည်သည့်အချက်အလက်ကို အခြေ ခံ၍ ပြောဆိုမှန်းမသိရသော်လည်း အစိုးရအဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏အဆိုအရ မြန်မာ့ပညာရေးလောကတွင် အမျိုးသား ဆရာနှင့် အမျိုးသမီးဆရာမတို့၏ အချိုးအဆမှာ ၉၈း၂ ဖြစ်သည်။ တစ်နည်းအားဖြင့် ဆရာ/ဆရာမတစ်ရာရှိလျှင် အမျိုးသားဆရာက နှစ်ဦးသာ။

ယခု မေလတတိယပတ်အတွင်းက ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း)ရှိ အထက်တန်းကျောင်းများသို့ အထက် တန်းပြဆရာ၊ ဆရာမ ပြောင်းရွှေ့ခန့်ထားသည့်စာရင်းတွင် စုစုပေါင်းဆရာ၊ ဆရာမ ၂၈၅ ဦးအနက် ၄၀ ဦးကသာ အမျိုးသားများဖြစ်သည်။ ရာခိုင်နှုန်းဖြင့်ဆိုလျှင် ၁၄ ရာခိုင်နှုန်းကျော်သာ။

စာသင်ကျောင်းအတွင်း အမျိုးသမီးဆရာမများ များပြားလာနေပြီး တစ်ချိန်တည်းတွင် လုပ်ဖော်ကိုင်ဖက် အမျိုးသားဆရာများက တစ်ဦးပြီး တစ်ဦး အနားယူသွားကြပြီဖြစ်ရာ သူ့အနေနှင့်လည်း ကျောင်းဆရာဘ၀ကို ငြီးငွေ့လျက်ရှိကြောင်း လုပ်သက် ၂၅ နှစ် ကျော်လာပြီဖြစ် သည့် ဝါရင့်ကျောင်းဆရာတစ်ဦးက ဖွင့်ဟသည်။

“ကျောင်းမှာဆိုရင် စကားပြောဖော်တွေ သိပ်မကျန်တော့ဘူး”ဟု သူက ဆိုသည်။

လူ့အဖွဲ့အစည်းအတွင်း ကျား၊ မ ပိုင်းခြား၍ ရှုမြင်ကြခြင်းသည် မြန်မာ့လူ့ဘောင်က နိုင်ငံတကာအထိ နာမည်ကျော်သည်။

နိုင်ငံ၏ နေရာများစွာ၊ အခန်းကဏ္ဍများစွာတွင် အမျိုးသားများက ဦးဆောင်နေရာအသာစီးရယူထားခြင်းဖြစ်ပြီး ယင်းကို အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့် ကျားမတန်းတူရေးလှုပ်ရှားသူများက အစဉ်တစိုက် ဝေဖန်ထောက်ပြကြသည်။

ယေဘုယျအားဖြင့်လည်း မြန်မာ နိုင်ငံ၏အဖွဲ့အစည်းများအနေနှင့် ခေါင်းဆောင်ခြင်း၊ မူဝါဒများ ချမှတ်ခြင်း၊ စီမံခန့်ခွဲခြင်းကိစ္စများတွင် အမျိုးသားများကသာ နေရာရလေ့ရှိကြသည်။

ယခုပညာရေးကဏ္ဍတွင် ပြောင်းပြန် ဖြစ်နေသလော။

ကမ္ဘာ့ဘဏ်နှင့် မြန်မာနိုင်ငံအစိုးရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြုစုသည့် ‘မြန်မာနိုင်ငံ၏ နိုင်ငံဝန်ထမ်း၊ စရိတ်၊ ချီးမြှင့်ငွေစနစ်နှင့် လူ့ စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲခြင်း’ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ ပညာရေးကဏ္ဍသည် အခြားကဏ္ဍများနှင့် ခြားနားလျက်ရှိသည်။

အခြေခံပညာကျောင်းများရှိ ကျောင်းအုပ်ကြီးများတွင် ၆၀ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်သည်။

သို့သော်ဆုံးဖြတ်ခွင့်ရသူ၊ မူဝါဒချ နိုင်သူများဖြစ်သည့် ပညာရေးမှူးများနှင့် အထက်အရာရှိများတွင်မူ အမျိုးသားများက ကြီးစိုးထားဆဲ။

ပညာရေးဝန်ကြီးဌာနသုတေသနနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်လည်းဖြစ်၊ ဝန်ကြီး ဌာန၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဦးကိုလေးဝင်းကမူ ၎င်းတို့ဌာနအတွင်း ကျား၊ မ ခွဲခြားခြင်းမရှိဘဲ အရည်အချင်းကိုသာ အခြေပြုဆောင်ရွက်ကြောင်း ပြောဆိုသည်။

တက္ကသိုလ်ပေါင်းစုံတွင် ပါမောက္ခချုပ်ရာထူးများကို ရယူထားသည့် အမျိုးသမီးများစွာရှိနေခြင်းအပေါ် ၎င်းက ထောက်ပြသည်။ အင်္ဂါစဉ်အရ ပါမောက္ခချုပ်သည် ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်တူ ဖြစ်သည်။

သို့သော်၊ ယင်းသို့ပင် အမျိုးသမီးပါမောက္ခချုပ်များ များပြားနေမှုသည်ပင် ပညာရေးလောကတွင် အမျိုးသမီးပါဝင်မှုနှုန်းမြင့်မားနေကြောင်းကို ထပ်ဆင့်ဖော်ပြနေခြင်းလည်း ဖြစ်သည်။

“ဒါ အခြေခံပညာမှာတင် မဟုတ်ဘူး။ အဆင့်မြင့်ပညာမှာလည်း ဒီအတိုင်းပဲ။ ကျွန်တော်တို့ပါမောက္ခတွေကို ကြည့်လိုက်ရင် အမျိုးသမီးပါမောက္ခတွေက များတယ်ပေါ့နော်”ဟု ဦးကိုလေးဝင်းက The Voice Journal သို့ ပြောဆိုသည်။

မြန်မာ့ပညာရေးသမိုင်းကို ပြန်ကြည့်လျှင် အမျိုးသားများက ဦးဆောင်ဦးရွက်ပြုခဲ့ကြပြီး နိုင်ငံတော်အဆင့်မှ ကျေးလက်တောရွာအထိ စာသင်ကျောင်းများ စတင်တည်ထောင်ခဲ့သူများသည် အမျိုးသားများဖြစ်သည်။ ကျောင်းများ၏ရုံးခန်းများအတွင်း ချိတ်ဆွဲထားသည့် အစဉ်အဆက် ကျောင်းအုပ်ကြီးများ၏ ဓာတ်ပုံကို ကြည့်လျှင်လည်း ယင်းအချက်ကို ထင်ရှားစေမည်ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး၊အုပ်ချုပ်ရေးစနစ်များက အဆိုပါအနေအထားကို ပြောင်းပြန် ပြောင်းလဲစေခဲ့သည်။

နှစ်ပေါင်းခြောက်ဆယ်ကြာအောင် မြန်မာနိုင်ငံအနေနှင့် တပ်မတော်၏အုပ်ချုပ်ရေးအောက်တွင် ရှိနေခဲ့ရပြီး နိုင်ငံရေးအရ ဖိနှိပ်မှုများပြင်းပြင်းထန်ထန် ခံခဲ့ရသည်။

အဆိုပါအခြေအနေတွင် ကျောင်းသားများသည် အစိုးရကို တော်လှန်ပုန်ကန်သူအဖြစ် ရှိခဲ့သလို နိုင်ငံရေးအသိနိုးကြားသည့် ကျောင်းဆရာများသည်လည်း တစ်စိတ်တစ်ပိုင်းအဖြစ် သူပုန်ခေါင်းဆောင် သို့မဟုတ် အားပေးအားမြှောက်ပြုသူများအဖြစ် သတ်မှတ်ခံခဲ့ရသည်။

ယင်းက အစိုးရက ကျောင်းဆရာများအပေါ် မျက်မုန်းကျိုးစေခဲ့သလို စာသင်ခန်းများ အစိုးရကို တော်လှန်သည့် စခန်းများ ဖြစ်မလာစေရန်အတွက်လည်း သတိကြီးစွာကြပ်မတ်ခဲ့ကြသည်။

သမိုင်းဘာသာရပ်နှင့်ပတ်သက်၍ သင်ခန်းစာများကို သင်ကြားရာတွင်လည်း နိုင်ငံရေးသဘောတရားနှင့် အစိုးရအာဘော်မဟုတ်သည့် သမိုင်းအချက်အလက်များကို သင်ကြားရန် အစိုးရခွင့်မပြုခဲ့ဘဲ နိုင်ငံရေးနှင့် ဝေးဝေးနေကြရန်သာ လိုလားခဲ့ကြသည်။

ယေဘုယျအားဖြင့် အမျိုးသားများသည် အမျိုးသမီးများထက် အထက်အရာရှိကို ပြန်လှန်ပြောဆိုမှုများ ပြုတတ်ကြရာ ဖိနှိပ်မှုကိုမခံလိုသည့် အမျိုးသားများသည် ဆရာဘ၀ကို ကျောခိုင်းသွားခဲ့ကြသည်။

“ဆရာ့ဝမ်းစာပြည့်တယ်ဆိုရင်တော့ ဆရာတွေက ဘယ်သူ့မှ မကြောက်ဘူး။ ပြောရဲဆိုရဲတယ်၊ အမှန်တရားကို အမှန်တရားအတိုင်း ပြောရဲတယ်။ ဟိုဘက်ခေတ်မှာ ပြဿနာရှိခဲ့တာပေါ့။ ပြုတ်တယ်၊ ထောင်ကျတယ်၊ အဲဒီလိုမျိုးနဲ့ တကယ့်ဆရာကောင်းတွေ အရမ်းနည်းသွားတယ်”ဟု လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် မူလတန်းပြဆရာတစ်ဦးက မှတ်ချက်ပြုသည်။

ဖိနှိပ်ချုပ်ချယ်မှုကြီးမားသည် အမှောင်ခေတ်တွင် ကျောခိုင်းသူက ကျောခိုင်းသွားကြသလို မျိုးဆက်သစ်များကလည်း ဆရာလောကအတွင်းသို့ ခြေဦးမလှည့်ခဲ့ကြ။

လုပ်ခလစာကိစ္စသည်လည်း အကြောင်းရင်းတစ်ချက်ဖြစ်သည်။

နိုင်ငံ၏ကျပ်တည်းသည့် စီးပွားရေးအောက်တွင် ကျောင်းဆရာလစာဖြင့် မိသားစုကို ပြည့်စုံအောင် မထောက်ပံ့နိုင်။

မြန်မာ့လူ့ဘောင်တွင် အမျိုးသားသည် အိမ်ထောင်ဦးစီးဖြစ်လေ့ရှိပြီး မိသားစု၏ စားဝတ်နေရေးကို ဦးဆောင်ဖြေရှင်းရသူအဖြစ် အကြမ်းဖျင်းမှတ်ယူနိုင်သည်။

ပညာရေးဝန်ထမ်းများအပါအဝင် နိုင်ငံဝန်ထမ်းများ၏ လစာသည် မိသားစုကို လောက်ငအောင် ထောက်ပံ့နိုင်ဖို့ မဆိုထားနှင့်၊ မိမိတစ်ကိုယ်ရေအတွက်ပင် ရုန်းကန်ရသည့်အနေအထားသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းရှည်ကြာစွာရှိနေခဲ့ခြင်း ဖြစ်သည်။

မှတ်တမ်းများအရ ၁၉၇၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ နှစ်ပေါင်းလေးဆယ်အတွင်း ဝန်ထမ်းလစာခြောက်ကြိမ်တိုးမြှင့်ခဲ့ပြီး ၂၀၁၅ခုနှစ်တွင် တစ်ကြိမ်၊ ယခု ၂၀၁၈ ခုနှစ်တွင် တစ်ကြိမ် ထပ်မံတိုးမြှင့်ခဲ့သည်။

သို့သော် ငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများကြောင့် တိုးသည်ဆိုသော်လည်း မကာမိခဲ့။

အိမ်ထောင်ဦးစီးအဖြစ် ဆောင်ရွက်ရမည့် အမျိုးသားများအနေနှင့် ကျောင်းဆရာလောကထဲသို့ တိုးဝင်လာရန် စိတ်မထက်သန်စေပါ။

“အိမ်ထောင်ဦးစီးကျောင်းဆရာတစ်ယောက်အနေနဲ့ မိသားစုနဲ့ အလုပ်ထွက်ဖို့ ဘယ်ဟာကို ရွေးမလဲ၊ ကျောင်းဆရာ ဆက်လုပ်မလား၊ မိသားစုကို စွန့်မလားဆိုတဲ့ပြဿနာမျိုးတွေ ရင်ဆိုင်ရတာမျိုးတွေ ရှိတယ်ဗျ”ဟု လက်ရှိတာဝန် ထမ်းဆောင်ဆဲဖြစ်သည့် မူလတန်းပြဆရာ ဦးမြတ်သီဟထွန်းက ဆိုသည်။

ထိုသို့သော အကြောင်းအမျိုးမျိုးကြောင့် မြန်မာ့ပညာရေးလောကတွင် အမျိုးသားဆရာများ ရှားပါးလာမှုသည် အရှိန်အဟုန်နှင့် ကြီးထွားခဲ့ခြင်း ဖြစ်သည်။

ကေဂျီတန်း သင်တန်းတက်ရောက်နေသည့် ဆရာမများ ။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ မြို့နှင့် မိုင်၂၀ကျော်ဝေးသည့် နန့်မလွန်မူလတန်းကျောင်းတွင် အမျိုးသားဆရာတစ်ဦးမျှ မရှိပေ။

ယင်းက အခက်အခဲများကို ကြုံရစေသည်ဟု အဆိုပါကျောင်း၏ ကျောင်းအုပ်ဖြစ်သူ ဒေါ်ခိုင်ဝေဖြိုးက ဆိုသည်။

မိုးဒဏ်၊ လေဒဏ်စသည့် ရာသီဥတုဒဏ်တို့ကြောင့် ကျောင်းအဆောက်အအုံ၏ အမိုးအကာများ ပျက်စီးမှုကို ပြုပြင်ခြင်း၊ နံရံအမြင့်ထက်တွင် ပိုစတာနှင့်သင်ထောက်ကူကဲ့သို့ ပစ္စည်းများချိတ်ဆွဲခြင်းစသည့် ကိစ္စများတွင် အမျိုးသားများနှင့် သင့်လျော်ရာ အကူအညီတောင်းခံစရာလူမရှိ ဖြစ်ရသည်။

သူ့ကျောင်းပေါက်စတွင် ဝန်ထမ်းအင်အားကိုလည်း ပြည့်စုံစွာ မခန့်ထားနိုင်သေး။ ကျောင်းလုပ်သားလည်း မရှိ။

“အခုကျတော့ သူတို့မရှိတဲ့အခါကျတော့ ကျွန်မတို့ဘာလုပ်ရလဲဆိုရင် ကျွန်မတို့ ကိုယ်တိုင်ကြိုးစားပြီးတော့ လုပ်ကြည့်ရတယ်။ ကျွန်မတို့ကြိုးစားလို့မရတဲ့ မြင့်တဲ့ နေရာတွေ၊ နောက်တစ်ခါ မိန်းကလေးတွေ မနိုင်တဲ့ ထမ်းရပိုးရမယ့်ကိစ္စမျိုးဆိုရင် ကျွန်မတို့က ရပ်ရွာကို အကူအညီတောင်းရတယ်ပေါ့”ဟု ဒေါ်ခိုင်ဝေဖြိုးက ဆိုသည်။

ကျေးရွာသို့ အကူအညီတောင်းရခြင်းသည်က ကျောင်းရှိဆရာကို အကူ အညီတောင်းရခြင်းနှင့် မတူ။ သူတို့ အလုပ်မအားဖြစ်နေလျှင် အားနာရသည်။ မကြာခဏဆိုလျှင်လည်း မျက်နှာပူရသည်။

“ရပ်ရွာကို အကူအညီတောင်းရတာဖြစ်တဲ့အတွက် ကိုယ့်ကျောင်းမှာ ကျောင်းဆရာရှိတာလောက်တော့ မလျင်မြန်ဘူး။ ကျွန်မက ကျောင်းအုပ်ဖြစ်တဲ့အတွက် ဆရာရှိတယ်ဆိုလို့ရင် ဆရာရေ၊ ဒါလေးတော့ ဝိုင်းကူပါဦးဆိုပြီး ကျွန်မက ကျောင်းအုပ်အနေနဲ့ ချက်ချင်းခိုင်းလို့ ရတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ပြဿနာတင် မကပါ။

လစဉ်မြို့နယ်ရုံးသို့သွားကာ လစာငွေထုတ်ရခြင်း၊ အစည်းအဝေးတက်ရခြင်းနှင့် ကျောင်း၏ အရေးကိစ္စများကိုပါ ကျောင်းအုပ်များက ဆောင်ရွက်ရရာ မြို့သို့ သွားရန်တွင် အခက်အခဲများဖြစ်ရသည်။ အလှမ်းဝေးလျှင် ပို၍ဆိုး၏။

ဆရာမဒေါ်ခိုင်ဝေဖြိုးဆိုလျှင်လည်း မိုင်၂၀ကျော် ဝေးသည့် ကန့်ဘလူမြို့သို့ သွားရသည်မှာ လမ်းတွင် ချောင်းတစ်ခုကို ဖြတ်ရသေးသည်။ မိုးကျလျှင် ချောင်းက ရေတက်လေ့ရှိပြီး အန္တရာယ်ရှိနေသည်။ လမ်းက လူပြတ်တောက်ပြီး အဖော်မပါဘဲ သွားရန်အဆင်မပြေ။

လစာထုတ်ပြီးချိန်သည် ညနေစောင်းမှဖြစ်ရာ အပြန်တွင်လည်း မိုးချုပ်လေ့ရှိသည်။ လက်ထဲတွင် အခြားဆရာမများ၏ လစာငွေများနှင့်။ အမျိုးသမီးဖြစ်သည်နှင့်အညီ ကိုယ်တိုင်ကလည်း လက်ဝတ်လက်စားကလေးများ ဆင်ထားလေ့ရှိပြန်သည်။ ပြီးလျှင် လစာထုတ်ရက်ဖြစ်ကြောင်း အားလုံးကသိနေကြသည်ဖြစ်ရာ ယင်းနေ့မျိုးတွင် မသမာသူလူများ၏ အန္တရာယ်ကို အထူးစိုးရိမ်ရသည်။

“ကျွန်မကိုယ်တိုင်ပဲ ဘယ်နေရာ ဖြစ်ဖြစ် သွားရတယ်။ ကျွန်မတစ်ယောက်ထဲ မပြီးလို့ရှိရင် ဆရာမလေးတွေနဲ့ သွားရတဲ့အခါကျတော့ ဆရာရှိတာလောက်တော့ အဆင်မပြေဘူးပေါ့”ဟု သူက ဆိုသည်။

တပ်မတော်အစိုးရမှ အသွင်ပြောင်းလဲခဲ့ပြီးနောက် လျစ်လျူရှုခဲ့သည့် ပညာရေးကဏ္ဍကို နောက်အစိုးရများက ပြန်လည်စောင်းငဲ့ကြည့်ခဲ့ပြီး အသုံးစရိတ်တိုးမြှင့်ခဲ့သည်။

၂၀၁၁မှယခုနှစ်အထိ ပညာရေးအသုံးစရိတ်များ တောက်လျှောက်မြင့်တက်ခဲ့ပြီး ယခုနှစ်အတွက် ကျပ်ဘီလီယံ ပေါင်း ၁၇၀၀ ကျော် သုံးစွဲခဲ့သည်။ ယင်းသည် ပြီးခဲ့သည့် ငါးနှစ်ထက်နှစ်ဆခွဲဝန်းကျင် မြင့်တက်လာခြင်း ဖြစ်သည်။

ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက် အစိုးရအနေနှင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ ငါးနှစ်တာမဟာဗျူဟာစီမံကိန်းတစ်ခုကို ထားရှိဆောင်ရွက်လျက်ရှိသလို ပညာရေးဝန်ထမ်း (ဆရာ၊ဆရာမ)များ သိန်းဂဏန်းဝန်းကျင် အသစ်ခန့်အပ်ခဲ့သည်။ လာမည့်သုံးနှစ်အတွင်းလည်း မူလတန်းပြငါးသောင်းကို ထပ်မံခန့်ထားရန်စီစဉ်လျက်ရှိသည်။

သို့သော် ကျား၊ မအချိုးကွာဟချက်နှင့်ပတ်သက်၍ အဆိုပါမဟာဗျူဟာ တွင် ထည့်သွင်းထားသည်ကို မတွေ့ရပေ။

ဝန်ကြီးဌာနအနေနှင့် ဝန်ထမ်းရွေးချယ်ခန့်ထားရာတွင် အမျိုးသမီးများ၏ ဒုက္ခကို နားလည်ပြီး ဝေးလံ၍ ခေါင်းပါးကာ အန္တရာယ်ရှိနိုင်သည့်ဒေသများသို့ စေလွှတ်လေ့မရှိဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆိုသည်။

မြစ်ကူးပြီး စာသင်သွားမည့် ဆရာ၊ ဆရာမအချို့

“ကျွန်တော်တို့ကတော့ သား၊သမီးချင်းကိုယ်ချင်းစာပြီးတော့ တစ်ခါတလေကျလို့ရှိရင် မိန်းကလေးတွေကိုတော့ သူတို့ကိုမြို့နဲ့ နီးနီးတို့၊ ပိုပြီးတော့ အဆင်ပြေတဲ့နေရာတို့၊ ဝေးလံခေါင်ဖျားဆိုရင်လည်း ယောက်ျားလေးကို ဦးစားပေးရတာပေါ့”ဟု ၎င်းက ဆိုသည်။

သို့သော် အမျိုးသားသည် ရှားပါးလွန်းနေရာ အချို့ကိစ္စများတွင်မူ ဝန်ကြီးဌာနအနေနှင့်လည်း မတတ်နိုင်ခဲ့။

“ဒါပေမဲ့ ရွေးစရာ ယောက်ျားလေးမရှိဘူးဆိုရင်လည်း မိန်းကလေးတွေပဲ သွားရတာပဲ။ မတတ်နိုင်ဘူးလေ။ ဒါက”

စာသင်ကျောင်းများတွင် အမျိုးသားဆရာရှားပါးလာခြင်းက နောက်ထပ်အကျိုးဆက်ဖြစ်ပေါ်စေသည်မှာ ကျောင်းသားများအပေါ်တွင် ဖြစ်သည်။

သင်ကြားရေးနှင့် ကျောင်းစီမံခန့်ခွဲရေးကိစ္စတွင် အမျိုးသားဖြစ်ခြင်း၊ အမျိုးသမီးဖြစ်ခြင်းကြောင့် အားနည်း၊ အားသာချက်များကို မပြောဆိုနိုင်သော်လည်း အမျိုးသားနှင့် အမျိုးသမီးသည် သဘာဝချင်းမတူ။

ကျောင်းသားများကို သူ့အနေနှင့် ဘောလုံးအားကစားနည်း သင်မပေးနိုင်ကြောင်း အလယ်တန်းပြဆရာမတစ်ဦးက ပြောဆိုသည်။

အချို့ကျောင်းများတွင် ဆရာကတစ်ယောက်တည်း၊ ကျန်အားလုံးက ဆရာမများချည်း ဖြစ်နေသည်မျိုးလည်း ရှိနေသည်။

ယင်းအခါမျိုးတွင် အမျိုးသမီးများနှင့် မရောနှောတတ်လျှင် ဆရာအနေနှင့် ပျင်းရိဖွယ်။

“ရွာထဲကနေ ရေနွေးပွဲလာပို့ကြတဲ့ အခါ၊ အဲဒီလိုမျိုးလာပို့တဲ့နေ့ရှိရင် ခဏ တဖြုတ်ထိုင်ပြီးတော့ စားသောက်၊ စကားပြောတာပေါ့။ ဒီအတိုင်းဆိုရင်တော့ ဆရာကြီးက အိမ်ပြန်ရင်ပြန်တယ်။ မဟုတ်ရင်တော့ သူ့ဟာသူ ပိတောက်ပင်ရိပ်အောက်မှာပဲ သူ့ဟာသူ လမ်းလျှောက်နေတာပေါ့”ဟု ကျောင်းအုပ်ကြီးတစ်ဦးတည်းကသာ အမျိုးသားဖြစ်နေပြီး ကျန်ဝန်ထမ်းများက အမျိုးသမီးများဖြစ်နေသည့် ကျောင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အလယ်တန်းပြဆရာမတစ်ဦးက ပြောဆိုသည်။

ပြီးလျှင် မြန်မာ့အစဉ်အလာအရပင် တပည့်ဆိုသည်က ဆရာကို ပိုပြီးစံနမူနာယူတတ်ကြသည်ဖြစ်ရာ မျက်မှောက်အခြေအနေတွင် ဆရာက မရှိ။

တစ်ချိန်တည်းမှာပင် အမျိုးသားကျောင်းဆရာရှားပါးလာမှုနှင့်အတူ အခြားတစ်ဖက်တွင်ရှိနေသည့် အမျိုးသား ဆရာများ၏ ပြဿနာများကလည်း ရှိနေပြန်သေးသည်။

ကျင့်ဝတ်နှင့်စည်းဘောင်များ ယွင်းပျက်လာမှုဖြစ်သည်။

အထူးသဖြင့် တပည့်များအပေါ် ဆရာများက ကျူးလွန်သည့် ပြစ်မှုများက ပေါပေါလောလောဖြစ်ပေါ်နေသည်။

ယင်းတို့အထဲတွင် လိင်တူ၊ လိင်ကွဲ၊ အရွယ်ရောက်သူ၊ အရွယ်မရောက်သေးသူ တပည့်များအပေါ် ကာမကျူးလွန်မှုများက မကြာခဏ။ တပည့်များအပေါ်သာမက လုပ်ဖော်ကိုင်ဖက်အမျိုးသမီးများနှင့်လည်း လူမှုရေးကိစ္စငြိစွန်းကာ ပြဿနာဖြစ်နိုင်သေးသည်။

ပြီးခဲ့သည့်ရက်ပိုင်းကပင် မန္တလေးတိုင်းဒေသကြီးအတွင်း သင်ရိုးသစ်အတွက် သင်တန်းတက်ရောက်နေသည့် ဆရာအုပ်စုမှ ဂစ်တာတီး၊ သီချင်းဆိုနေသည့် ဆရာသုံးဦးနှင့် ဒေသခံအချို့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့အကြား ခိုက်ရန်ဖြစ်ပွားခဲ့သေးသည်။

ယင်းအချက်တို့ကိုမူ ဂရုပြုရလိမ့်မည်ဟု ဒေါ်ခိုင်ဝေဖြိုးက ဆိုသည်။

သို့သော်အမျိုးသားများသည် အမျိုးသမီးများထက် ကြံရည်ဖန်ရည်ကောင်းသလို ပြောရဲဆိုရဲပြီး ဖြတ်ထိုးဉာဏ်ကောင်းသည်မှာမူ သူ့ကိုယ်တွေ့။

ပြီးခဲ့သည့်ရက်များက ပြုလုပ်ခဲ့သည့် ဘာသာရပ်ဆိုင်ရာသင်တန်းတစ်ခုအတွင်း နည်းပြအဖြစ် သူတာဝန်ယူခဲ့ရာ အမျိုးသားဆရာများသည် ပြောဆိုဆွေးနွေးရာတွင် နှိုက်နှိုက်ချွတ်ချွတ်တွေးတောတတ်ပြီး နည်းပြဖြစ်သူကို ပြန်လှန်မေးခွန်းများ ထုတ်တတ်ခြင်းများ ပြုလုပ်ကြသည်။

ယေဘုယျအားဖြင့် ဆရာမများက ထိုသို့မေးခွန်းထုတ်မှုနည်းပါးသည်။

“ဆရာတွေများများ ကျောင်းဆရာ လောကထဲကို ရောက်လာမယ်ဆိုလို့ရှိရင် ဘာပဲပြောပြော တို့ဆရာမတွေထက်ပိုပြီးတော့အောင်မြင်မယ်လို့တောင် မြင်မိတယ်”ဟု သူက ဆိုသည်။

အမျိုးသမီးများသည် ကလေးများ၊ တပည့်များအပေါ် မိခင်သဖွယ်၊ အကြင်နာဖြင့် ပြုစုပျိုးထောင်၊ သင်ပြနိုင်မည်ဖြစ်သော်လည်း အမျိုးသားများသည် ရဲရင့်ခြင်း၊ သတ္တိရှိခြင်းစသည့် ဂုဏ်အင်္ဂါရပ်များလည်း ရှိနေပြန်သည်။

ယခုနောက်ပိုင်းကလေးများ၊ အထူးသဖြင့် ယောက်ျားလေးများသည် ပျော့ပျောင်းနွဲ့နှောင်းလာသည်ဟု ခံစားရကြောင်း ဦးမြတ်သီဟထွန်းက ဆိုသည်။

“ယောက်ျားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အသွေး၊ စိတ်ဓာတ်ဘာညာဆိုတာကို သူတို့ကို ကောင်းကောင်းပျိုးထောင်ပေးနိုင်တဲ့ ဆရာတွေမရှိတဲ့ အခါမှာ တချို့တွေက လိင်အရ၊ လူကတော့ ယောက်ျားပဲ။ ဒါပေမဲ့စိတ်ဓာတ်တွေက ယောက်ျားစိတ်ဓာတ်မရှိဘူး၊ တည်ကြည်မှုမရှိဘူး”ဟု ၎င်းက ဆိုသည်။

ပညာရေးဝန်ကြီးဌာန ကျောင်းဆရာလောကတစ်ခုတည်းတွင် မဟုတ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ သူနာပြုများလောကတွင်လည်း ထိုနည်းတူစွာပင် ဖြစ်သည်။ သူနာပြုဟူသည် အမျိုးသားများ၏ အလုပ်မဟုတ်ဟုပင် မြန်မာ့လူ့ဘောင်က ထင်မြင်ယူဆထားကြသေးသည်။

လက်ရှိတွင် သူနာပြုတက္ကသိုလ်သို့ တက်ရောက်သူများတွင် အမျိုးသားသည် ၁၀ ရာခိုင်နှုန်း ဝန်းကျင်မျှသာ။ ဆေးရုံ၊ ဆေးခန်းများတွင် မြင်မြင်ရာ သူနာပြုများသည် အမျိုးသမီးများဖြစ်နေသည်ကို တွေ့ရပါလိမ့်မည်။

အချို့က ကျောင်းပြီးအောင်တက်၍ သူနာပြုဘွဲ့ကို ရရှိပါကလည်း အစိုးရအလုပ်ကို ဝင်မလုပ်ကြ။ အများစုသည် နိုင်ငံခြားထွက်ကြသည်။ အချို့က အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGOs) တွင် ဝင်ရောက်လုပ်ကိုင်ကြသည်။

“ဝင်မလုပ်တဲ့အကြောင်းရင်းကတော့ ခုနကပြောသလို အမျိုးသားဖြစ်ခြင်း၊ အမျိုးသမီးဖြစ်ခြင်းအပေါ် ခွဲခြားဆက်ဆံမှုတွေ ရှိတယ်။ ဆိုပါစို့၊ ဥပမာ နယ်က လူတွေဆိုလို့ရှိရင် ပိုဆိုးတာပေါ့။ ယောက်ျားလေး ဆိုလို့ရှိရင် ဟဲ့၊ ယောက်ျားလေးက သူနာပြုရှိလို့လား။ သူနာပြုဆိုတာ မိန်းကလေးပဲ လုပ်ရတာ မဟုတ်လားဆိုတဲ့ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုအမြင်ကြောင့်လည်း ပါတာပေါ့”ဟု ကိုကျော်မိုးလွင်က ဆိုသည်။

၎င်းသည် သူနာပြုဘွဲ့ရဖြစ်သော်လည်း အစိုးရထံတွင် အလုပ်မလုပ်။ နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာ NGO တစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေသူဖြစ်သည်။

သူနာပြုခြင်းကိစ္စတွင် ပင်ကိုစရိုက်အရ အမျိုးသမီးများက ဝါသနာထုံလေ့ရှိသော်လည်း လူနာသည် အရှက်အကြောက်ကြီး၍ အမျိုးသား သို့မဟုတ် သံဃာတော်များဖြစ်နေလျှင် အမျိုးသားများနှင့် ပို၍သင့်လျော်သည်။

ယခုမူအားလုံးလိုလို အမျိုးသမီးသူနာပြုများက ဒိုင်ခံ၍ ဖြေရှင်းပေးနေရသည်။

“ယောက်ျားလူနာ၊ မိန်းမလူနာလို့ ခွဲခြားကိုင်လို့ မရဘူးလေ” ဟု ချင်းတောင်တန်းတွင် တာဝန်ထမ်းဆောင်နေသည့် သူနာပြုဆရာမ ဒေါ်စန္ဒာက ဆိုသည်။
ကျောင်းသားများတွင် ယောက်ျားလေးရော၊ မိန်းကလေးပါရှိကြသည်ဖြစ်ရာ သင်ကြားရေးနှင့်စီမံခန့်ခွဲရေးအပိုင်းတွင်လည်း အမျိုးသားရော၊ အမျိုးသမီးပါ လိုအပ်မည်ဖြစ်သည်။

ပညာရေးကဏ္ဍသာ မဟုတ်။ မည်သည့်ကိစ္စတွင်မဆို ကျား၊ မ သဘောသဘာဝကွဲပြားသည်ဖြစ်ရာ မူဝါဒများချမှတ်ရာတွင်လည်း အချိုးအစားမျှတနေရန်မှာ အရေးကြီးသည်။

နိုင်ငံတကာကျား၊ မဆိုင်ရာသဘာဝနှင့် သဘောတရားကျွမ်းကျင်သူများ၏ သုတေသနများအရ မူဝါဒတစ်ခုကို အကောင်အထည်ဖော်ရာတွင် အမျိုးသားဦးဆောင်ခြင်းနှင့် အမျိုးသမီးဦးဆောင်ခြင်းအပေါ်မူတည်၍ ပြည်သူလူထုအပေါ်သို့ သက်ရောက်မှုကလည်း ကွဲပြားသွားတတ်သည်။

၅၀-၅၀အထိမမျှလျှင်တောင်မှ အနည်းဆုံး၃၀ရာခိုင်နှုန်းပါဝင်ရန် လိုအပ်သည်။ ယင်းသို့ မဟုတ်လျှင် မူဝါဒသည် အကျိုးမဖြစ်ထွန်းနိုင်။

“Gender တစ်ခုခုဟာ၃၀ ရာခိုင်နှုန်းထက်အောက်ကျနေပြီဆိုရင် အဲဒီမူဝါဒရဲ့ သက်ရောက်မှုဟာ မမှန်တော့ဘူး”ဟု နိုင်ငံရေးနှင့်စီမံခန့်ခွဲမှုရေးရာ ဆရာမလည်းဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်း ဖြစ်သည့် ဒေါက်တာညိုညိုသင်းက ဆိုသည်။

ပညာရေးဌာနများတွင် အမျိုးသမီးများများပြားနေခြင်းကြောင့် အကျိုးဆက် မည်သို့ရှိလာနေသည် သို့မဟုတ် ရှိလာနိုင်သည်ဆိုသည်နှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် သုတေသနပြုလုပ်ထားခြင်း မရှိသေးရာ တိကျသည့်အဖြေကိုမူ ပြောဆိုရန်ခက်ပါလိမ့်မည်။

သို့သော် အထက်ပါအခြေအနေများကိုမူ ကြုံတွေ့နေရသည်။

“အမှန်က ပညာရေးဝန်ကြီးဌာနသုတေသနအဖွဲ့က ဒီကိစ္စတွေကို သေသေချာချာ ဆောင်ရွက်သင့်တယ်”ဟု ဒေါ်ညိုညိုသင်းက ဆိုသည်။

ပညာရေးဝန်ကြီးဌာနအနေနှင့် အဆိုပါဆရာလောက၏ ပြဿနာကို ရိပ်စားမိပါသည်။

ယင်းကြောင့်ပင် ဆရာများဖြစ်လာစေရန်ပြုစုပျိုးထောင်ပေးသည့် ပညာရေးကောလိပ်နှင့်တက္ကသိုလ်များ၏ ဝင်ခွင့်အမှတ်များကို အမျိုးသားများအတွက် လျှော့ချပေးထားပြီး များနိုင်သမျှများများဝင်ရောက်လာစေရန် တံခါးဖွင့်ပေးထားသည်။

ယခုနှစ်အတွက် အဆိုပါကောလိပ်နှင့်တက္ကသိုလ်များသို့ ဝင်ခွင့်ပြုထားသည့် အမှတ်များတွင် ပျမ်းမျှအားဖြင့် အမျိုးသားများက အမျိုးသမီးများထက် ဆယ်မှတ်ခန့် လျော့နည်းသည်။

“ခုနကပြောသလိုပေါ့။ဆရာ Profession (အသက်မွေးဝမ်းကျောင်းလုပ်ငန်း)ကို လူတိုင်းက စိတ်ဝင်တစားနဲ့လုပ်ချင်ပြီဆိုရင်တော့ သေချာပေါက်ယောက်ျားလေးတွေလည်း များလာမယ်။ အဲဒီအတွက်က အချိန်ယူပြောင်းရမယ်။ တော်တော်ကြီးကြာမှာပေါ့နော်” ဝန်ကြီး ဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆိုသည်။

အခြားတစ်ဖက်တွင်လည်း ဂုဏ်သိက္ခာ ရှိမှု၊ လစာဝင်ငွေကောင်းမှု၊ အနာဂတ်အလားအလာ စသည့်အချက်များနှင့် ဆွဲဆောင်ရန်လိုအပ်မည်ဖြစ်သည်။

တစ်ချိန်ကဆိုလျှင် စာသင်ကြားရန်ဝါသနာကြီးလွန်းသဖြင့် ဆေးတက္ကသိုလ်သို့ တက်ရောက်ရန် အမှတ်မီသော်လည်း ကျောင်းဆရာဘ၀ကိုသာ ရွေးချယ်ခဲ့သူများပင် ရှိခဲ့သည်။

“အဓိကတော့ ဝါသနာပဲ။ ဝါသနာရယ်၊ယောက်ျားလေးဆိုတဲ့အတိုင်း လွတ်လပ်မှုကို ကြိုက်တယ်။ လွတ်လွတ်လပ်လပ်နေချင်တယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ဦးနှောက်နဲ့ အဲဒီလိုမျိုးပဲလုပ်ချင်တယ်”ဟု အမျိုးသားကျောင်းဆရာများရှားပါးလာမှုနှင့်ပတ်သက်၍ အမျိုးသမီးကျောင်းအုပ်တစ်ဦးက မှတ်ချက်ပြုသည်။
“အစ်မတို့ ပညာရေးဌာနမှာထိန်းချုပ်ထားတာတွေ တော်တော်များများရှိတယ်”

ယခုမူဆရာများက ပြတိုက်သို့ရောက်သွားကြပြီလောဟုပင် မေးရမည့်ကိန်း။

မြောင်းမြမြို့တွင် ပြီးခဲ့သည့်ဧပြီလက ပြုလုပ်သည့်ငြိမ်းချမ်းရေးစကားဝိုင်းကို ပါဝင်ဆွေးနွေးသူများတွင် အမျိုးသားကျောင်းဆရာတစ်ဦးပါဝင်ခဲ့ပြီး ပညာရေးနှင့်အားကစားသည် နိုင်ငံ၏ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် အထောက်အကူများစွာပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြဆွေးနွေးခဲ့သည်။

ယင်းကိုပင် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ယူကျေနပ်လျက်ရှိသည်။ တစ်ဆက်တည်းပင် အမျိုးသားကျောင်းဆရာရှားပါးနေမှုနှင့်ပတ်သက်၍ သတိပေးပြောဆိုခဲ့ကာ အဆိုပါကျောင်းဆရာကို ညွှန်ပြကာ ယခုလိုစကားဆိုသည်။

“ဒီမှာအမျိုးသားကျောင်းဆရာတစ်ယောက် ပါလာတယ်ဆိုတာ ဒါ ရှားပါးပစ္စည်းပဲနော်”ဟု ဒေါ်အောင်ဆန်းစုကြည် ကဆိုသည်။

အောင်မျိုးထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *