စက်မှုတော်လှန်ရေး ၄.၀ မိတ်ဆက် (၂)

ကျွန်တော်တို့ သိပ္ပံဝတ္ထုလို့ထင်နေတဲ့ကိစ္စတွေက တကယ်ဖြစ်လာပါတယ်။ အပြောင်းအလဲတွေရဲ့ အတိုင်းအဆနဲ့ ပမာဏက ကြီးလွန်းလှပါတယ်။ ဒီလိုအခြေအနေတွေကို ပေါင်းရုံးဖော်ပြပြီး ပါမောက္ခ ကလော့စ်ရွှက် (Klaus Schwab) က စတုတ္ထစက်မှုတော်လှန်ရေးဆိုပြီး စာအုပ်တစ်အုပ် ရေးသားခဲ့ပါတယ်။ သူက ဒီစာအုပ်ကို ရေးသားရတာက အခုဖြစ်လာတဲ့ စတုတ္ထမြောက် စက်မှုတော်လှန်ရေး Industrial revolution 4.0 ဟာ ယခင်စက်မှုတော်လှန်ရေးကြီးတွေလိုပဲ အင်အားကြီးမားလွန်းတယ်၊ သက်ရောက်မှုများမယ်၊ သမိုင်းဖြစ်ပေါ်မှုအရ အရေးကြီးတယ်… ဒါကြောင့်ပဲ မိတ်ဆက်ပေးနိုင်ဖို့ ဒီစာအုပ်ကို ရေးတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စတုတ္ထစက်မှုတော်လှန်ရေးရဲ့ ဖြစ်လာနိုင်တဲ့ အလားအလာကောင်းတွေကိုကန့်သတ်ဖို့ အကြောင်းအချက်နှစ်ခုကို သူက စိုးရိမ်တယ်လို့ ဆိုပါတယ်။ ပထမအချက်ကတော့ အခုအပြောင်းအလဲတွေကို ဦးဆောင်နိုင်ဖို့ ခေါင်းဆောင်မှုနဲ့ နားလည်သဘောပေါက်မှု ဖြစ်ပါတယ်။ ကဏ္ဍအားလုံးက ခေါင်းဆောင်မှုကို ဆိုလိုတာပါ။ ဒီအခါမှာ အပြောင်းအလဲကို တုံ့ပြန်ဖို့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစနစ်တွေမှာ ကျွန်တော်တို့ တွေ ဘယ်လို ပြန်လည်ဖွဲ့စည်းကြမယ်ဆိုတာ တစ်ဖန်ပြန်လို့ စဉ်းစားဖို့ လိုအပ်လာပါပြီ။ ကျွန်တော်တို့ နိုင်ငံတစ်ခုချင်း အဆင့်အလိုက်မှာရေး၊ ကမ္ဘာအဆင့်မှာပါ တီထွင်ဆန်းသစ်မှု (Innovation) တွေကို ဘယ်လို ဖြန့်ဖြူးနိုင်စေမလဲ၊ အစီအစဉ်ပျက်ယွင်းပြောင်းလဲမှု (Disruptions) တွေရဲ့ ဆိုးကျိုးလျော့နည်းစေအောင် ဘယ်လိုစီမံကြမလဲဆိုတာ အရေးကြီးပါတယ်တဲ့။ တစ်နိုင်ငံချင်းဆောင်ရွက်ဖို့ လိုအပ်သလို၊ ပူးပေါင်း ဆောင်ရွက်မှုတွေလည်း လိုအပ်နေပါတယ်။ ဒုတိယအချက်ကတော့ အခု စတုတ္ထစက်မှုတော်လှန်ရေးကနေ ဖြစ်လာမယ့်အလားအလာနဲ့ စိန်ခေါ်မှုတွေကို တစ်စိုက်မတ်မတ် အပြုသဘောဆောင်ပြီး လူအများ နားလည်ဖို့ ဖွင့်ဆိုရှင်းပြတဲ့ အကြောင်းတွေ မရှိသေးတာပါပဲ။ သူကတော့ ဒီလိုဇာတ်ကြောင်းပြော ရှင်းပြတာဟာ မရှိမဖြစ်လိုအပ်တယ်လို့ ဆိုပါတယ်။ အပြောင်းအလဲဆိုးကျိုးတွေကို လူတွေခံစားလာကြရတဲ့အခါ ဆန့်ကျင်မှုတွေမဖြစ်အောင် ဒါမှပဲ ရှောင်လွှဲနိုင်မှာပါ။

သိသာထင်ရှားတဲ့ အပြောင်းအလဲများ

နည်းပညာတက္ကနိုလိုဂျီနဲ့ ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲခြင်း (Digitization) ကြောင့် အရာရာဟာ တော်လှန်ရေးဆန်ဆန် ပြောင်းလဲခဲ့ရပါတယ်။ နောက်ထပ် တီထွင်ဆန်းသစ်မှုအသစ်တွေလည်း တံခါးဝမှာပါ။ သူတို့က အခုလို အပြောင်းအလဲကြီးရဲ့အရှိန်ကို မြှင့်ပေးကြမှာပါ။ ကျွန်တော်တို့ကြားထဲကို အိုင်ဖုန်း (iPhone) ကို စမိတ်ဆက်ပေးတာ ၂၀၀၇ ခုနှစ်ကမှပါ။ ဘာမှ မကြာသေးပါဘူး။ အခုအခါ ၂၀၁၅ ခုနှစ် အကုန်မှာ စမတ်ဖုန်းကိုင်သုံးနိုင်သူ သန်း ၂၀၀၀ ရှိနေပြီ ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် မှာ ဂူးဂဲလ် (google) ကုမ္ပဏီက အလိုအလျောက် လူမပါဘဲမောင်းနှင့်မယ့်ကားကို ကြေညာခဲ့ပါတယ်။ သိပ်မကြာခင်မှာ လမ်းမတွေပေါ် တွေ့လာရတော့မှာပါ။

အဲဒါအပြင် ဓနစုဆောင်းမှုနဲ့ ရင်းနှီးမှုအပေါ်ပြန်ရတဲ့အမြတ် အတိုင်းအဆ (Return to Scale) ကလည်း အံ့မခန်းဖြစ်လာတယ်လို့ ဆိုပါတယ်။ ၁၉၉၀ ပြည့်နှစ်တုန်းက အမေရိကန်နိုင်ငံက စက်မှုမြို့တစ်ခုဖြစ်တဲ့ ဒက်ထရွိုက် (ကားတွေထုတ်ပါတယ်) မှာ အကြီးဆုံးကုမ္ပဏီ သုံးခုရဲ့ ဈေးကွက်ဝင်တန်ဖိုးဟာ ဒေါ်လာ ၃၆ ဘီလီယံရှိပါတယ်။ ဝင်ငွေ ဒေါ်လာ ၂၅၀ ဘီလီယံရှိပါတယ်။ ဝန်ထမ်း ၁ ဒသမ ၂ ဘီလီယံကို တာဝန် ချထားနိုင်ပါတယ်။ ၂၀၁၄ ရောက်လာတဲ့အခါ ဆီလီကွန်ဗယ်လီလို့ခေါ်တဲ့ ဆယ်မီကွန်ဒတ်တာတွေ၊ ဆော့ဖ်ဝဲတွေထုတ်တဲ့ စက်မှုဇုန်မှာ ဈေးကွက်ဝင် တန်ဖိုးက ဒေါ်လာ ၁ ဒသမ ၀၉ ထရီလီယံရှိပါတယ်။ ဝင်ငွေက အကြမ်းဖျင်းအားဖြင့် တန်းတူလောက်ပါပဲ (ဒေါ်လာ ၂၄၇ ဘီလီယံ)၊ လုပ်သားကတော့ ၁၀ ဆလောက် နည်းသွားပါတယ်။ (လုပ်သား ၁၃၇,၀၀၀ ပဲ ရှိပါ တော့တယ်။) သူဆိုလိုတာက ဒီနေ့မှာ လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ်နဲ့စာရင် လုပ်သားနည်းနည်းနဲ့ ချမ်းသာကြွယ်ဝမှု ယူနစ်ပိုများများကို ဖန်တီးလာ နိုင်တဲ့သဘောပါ။

အကြောင်းကတော့ ဒစ်ဂျစ်တယ်ဘိဇနက်လုပ်ငန်းတွေကြောင့် ဖြစ်ပါတယ်။ ဘိဇနက်လုပ်ငန်းအသစ်တွေက ‘သတင်းကုန်စည် (Information Goods) တွေကိုပဲ ပေးဆောင်ကြတော့တာ မို့ပါ။ ဒီအခါမှာ Marginal Cost လို့ခေါ်တဲ့ ပစ္စည်းအသစ်တစ်ခု တိုးထုတ်တိုင်း ထပ်မံကုန်ကျရတဲ့စရိတ်စကက သုညနီးပါး ဖြစ်သွားခဲ့ပါတယ်။ သူတို့ကို သိုလှောင်ထိန်းသိမ်းစရိတ်၊ သယ်ယူပို့ဆောင်ရေး၊ ပြန်လည်ဆင့်ပွားထုတ် စရိတ်တွေကလည်း မဖြစ်စလောက်မျှသာ ရှိပါတော့တယ်။ အချို့စီးပွားလုပ်ငန်းတွေဖြစ်တဲ့ ဓာတ်ပုံတွေရှယ်ယာပြုနိုင်တဲ့ ဆိုက်ဖြစ်တဲ့ အင်စတာဂရမ် (Instagram)၊ လူမှုမီဒီယာ WhatApps တို့အတွက် လုပ်ငန်း စတင်ထူထောင်တဲ့ စရိတ်ဟာလည်း သိပ်လိုလှတာမဟုတ်ပါဘူး။ ဒီအခါမှာ အရင်းအနှီး (Capital) ရဲ့ အခန်းကဏ္ဍနဲ့ လုပ်ငန်းဆပွားမှု (Scaling of Business) သဘောဟာလည်း ပြောင်းလဲသွားပါပြီ။

အဲဒါအပြင် စတုတ္ထစက်မှုတော်လှန်ရေးက တစ်မူခြားနားတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ ပညာရပ်နယ်ပယ် (Discipline) နဲ့ အသစ်တွေ့ရှိမှု (Discoveries) အများအပြားကို သဟဇာတပြုတာ (Harmonization)၊ ပေါင်းစည်းစေတာ (Integration) တွေ ဖြစ်စေလို့ပါပဲ။ မတူခြားနားတဲ့ နည်းပညာတက္ကနိုလိုဂျီတွေ တစ်ခုနဲ့တစ်ခု အမှီသဟဲပြုလာကြရပါတယ်။ သိပ္ပံဇာတ်လမ်းတွေ မဟုတ်တော့ပါဘူး။ ဥပမာ အားဖြင့်- ဒစ်ဂျစ်တယ်နည်းနဲ့ အတုပြုတဲ့နည်းပညာနဲ့ ဇီဝဗေဒကမ္ဘာနဲ့ ပေါင်းစပ်လာပါတယ်။ 3D ပုံနှိပ်နည်းပညာနဲ့ အချို့ပစ္စည်းတွေ ထုတ်နိုင် ပါတော့မယ်။ လူ့ကိုယ်ခန္ဓာကိုယ်က အင်္ဂါအစားထိုးကုသမှုတွေမှာ ဒီလို နည်းပညာတွေကို အသုံးချကြပါတော့မယ်။ ဒီအခါမှာ အင်ဂျင်နီယာပညာ၊ ဆေးပညာ၊ ဇီဝဗေဒ စသည်ဖြင့် အားလုံးနယ်ပယ်တွေ ပေါင်းစပ်ကုန်ကြ ပါတယ်။ ကျွန်တော်တို့ဆီမှာက ဆေးတက္ကသိုလ်တွေမှာ ဆရာဝန်တွေကို ကောင်းကောင်းလေ့ကျင့်သင်ကြားပေးပါလိမ့်မယ်။ ဒါပေမဲ့ နောက်ပိုင်း နှလုံးခွဲစိတ်ကုသမှုတွေ၊ လူကို ခွဲစိတ်ကုသမှုတွေကို ရိုဘော့စက်ရုပ်တွေက ဆောင်ရွက်ကြပါလိမ့်မယ်။

ကျွန်တော်တို့ဆီမှာတော့ တက္ကသိုလ်တွေဟာ ကဏ္ဍနယ်ပယ်တွေ သီးခြားခွဲထားကြတာတွေ့ရပါ။ ဆေး၊ စက်မှု၊ သတင်းနည်းပညာ၊ စီးပွားရေး၊ ဥပဒေ စသည်ဖြင့် အပိုင်းပိုင်းအကန့်ကန့် ဖြစ်နေတာ ဘယ်အချိန်ကျမှ ပေါင်းစည်းနိုင်မယ်မသိနိုင်သေးပါဘူး။ အခု စတုတ္ထစက်မှုတော်လှန်ရေးမှာတော့ ဒီဇိုင်းသမား၊ ဗိသုကာပညာရှင်တွေလည်း ကွန်ပျူတာဖန်တီးတဲ့ ဒီဇိုင်း၊ ထုတ်လုပ်မှု၊ ရုပ်ဝတ္ထု အင်ဂျင်နီယာပညာနဲ့ ဆင်သက်တစ် (လူလုပ်) ဇီဝဗေဒ (Synthetic Biology) စသည်ဖြင့် ပေါင်းစည်းဖြစ် ပေါ်လာနေတာ တွေ့ရပါတယ်။ အဲဒါအပြင် ဖန်တီးထုတ်လုပ်တဲ့ပစ္စည်း တွေက အပင်လောက၊ သတ္တဝါလောက (Plant and Animal Kingdoms) ကနေ လက်ခံတဲ့၊ ဆက်လက်ကြီးထွားစေနိုင်တဲ့ (Mutable and Adaptable Objects) တွေလည်း ဖြစ်ပေါ်လာတော့မယ် ဆိုပါတယ်။

ဒုတိယ စက္ကောမခေတ် (The second Age) စာအုပ်ရေးတဲ့ ဘရိုင်ယန်ဂျိုဖ်ဆန် (Brynjolfsson) နဲ့ မက်အေဖီး (McAfee) တို့ ပြောတာကတော့ ကွန်ပျူတာတွေဟာ သိပ်ကိုဉာဏ်ကြီးကျယ်သွားပါပြီ။ နောက်လာမယ့်နှစ် အနည်းငယ်အတွင်း ဘယ်လိုဆော့ဖ်ဝဲတွေ သုံးကြမယ်ဆိုတာတောင် မခန့်မှန်းတတ်နိုင်အောင် ဖြစ်နေရပြီလို့ ဆိုပါတယ်။ အသိဉာဏ်တု (AI) ၊ အလိုအလျောက် မောင်းနှင်မယ့်ကားတွေ၊ လူတွေကို ကူညီနိုင်မယ့် ဒရုန်းပျံတွေ၊ ဘာသာပြန် ဆော့ဖ်ဝဲယား (Translation software) တွေ ရှိလာတဲ့အခါ ကျွန်တော်တို့ဘ၀တွေကို တစ်ဆစ်ချိုး အသွင်ပြောင်းလဲစေတော့မှာပါ။ ဒီလို နည်းပညာတွေကနေ ဆေးဝါးသစ်တွေ၊ ဒစ်ဂျစ်တယ်ကမ္ဘာထဲ ကျွန်တော်တို့ချန်ရစ်ခဲ့တဲ့ ဒစ်ဂျစ်တယ်ဒေတာတွေ၊ သတင်းတွေကနေ ဖြစ်လာမယ့် အယ်ဂိုလ်ရစ်သမ် (Algorithms) (ကွန်ပျူတာကနေ ပြဿနာဖြေရှင်းရေးအတွက် ရေးဆွဲထားတဲ့ နည်းဥပဒေသများ၊ စည်းမျဉ်း၊ လုပ်ငန်းစဉ်များ) ဖြစ်လာပါလိမ့်မယ်။ စက်တွေက သူ့ဘာသာလေ့လာသင်ယူမှု (Machine Learning) ဖြစ်လာမယ်၊ သူ့ဘာသာအဖြေထုတ်နိုင်မယ့် ‘အသိဉာဏ်ရှိ’ ရိုဘော့တွေ ဖြစ်လာပါလိမ့်မယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကူအညီပေးမယ့် ရိုဘော့အကူအညီစနစ်တွေလည်း ဖြစ်လာပါလိမ့်မယ်။ ဒီလိုစနစ်တွေက ကျွန်တော် တို့ဘေးက ဂေဟဗေဒစနစ်သစ် (Ecosystem) ဖြစ်လာပါလိမ့်မယ်။

စနစ်အပြောင်းနဲ့ ဆူကြုံနိမ့်မြင့်ကွာဟမှု

ဆင်းရဲ-ချမ်းသာ ကွာဟမှုလိုပဲ၊ အခုအပြောင်းအလဲကြီးမှာ ပေါက်သူနဲ့ ကွဲသူ (Winers and Losers) တွေ ပေါ်ထွက်လာပါဦးမယ်။ ဒီလို တန်းတူညီမျှမှုမရှိနိုင်ခြင်းကပဲ အထူးစိုးရိမ်ဖွယ်အခြေအနေ ဖြစ်ပါတယ်။ ဘယ်လိုကွာဟမှုတွေရှိမလဲ၊ ကိန်းဂဏန်းအရေအတွက်အရ ဖော်ပြရတာခက်တယ်လို့ ပါမောက္ခ ကလော့စ်ရွှက်ဖ် (Klaus Schwab) က ပြောပါတယ်။

စားသောက်သူ (Consumers) တွေက အခုနည်းပညာဆန်းသစ်မှုတွေကြောင့် အကျိုးအရှိဆုံး ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ကုန်စည်အသစ်၊ ဝန်ဆောင်မှုအသစ်တွေ ဖြစ်ပေါ်လာစေမှာပါ။ တက္ကစီ စီးဖို့ ကားငှားတာ၊ လေယာဉ်လက်မှတ် ဝယ်တာ၊ ကုန်ပစ္စည်းဝယ်တာ၊ ငွေပေးချေတာ၊ သီချင်းနားထောင်တာ၊ ဖျော်ဖြေမှုအတွက် ရုပ်ရှင်ကြည့်တာ … ပို၍ လွယ်ကူလာမှာပါ။ အင်တာနက်၊ စမတ်ဖုန်း၊ ထောင်သောင်းချီ တဲ့ အပ်ပ် (App) တွေက ကျွန်တော်တို့ဘ၀တွေကို လွယ်ကူအောင် လုပ်ပေးကြမှာပါ။ ပိုပြီး ထုတ်လုပ်နိုင်စွမ်း ဖြစ်စေမှာပါ။ အခုကျွန်တော်တို့ သုံးစွဲနေတဲ့ တက်ဘလက် (Tablet) တွေက လွန်ခဲ့တဲ့ နှစ် ၃၀ (သမ္မတဟောင်း ဦးထင်ကျော် ကွန်ပျူတာပညာရှင်ဘ၀လက်ထက်က သုံးခဲ့တဲ့) ကွန်ပျူတာကြီးများရဲ့ အခု ၅,၀၀၀ စာ အင်အားပါဝါ ရှိနေပါပြီ။ မှတ်ဉာဏ် သိုမှီးမှု စရိတ်စကကလည်း သုညမျှသာရှိတော့မှာပါ။ (ဒီနေ့ကာလမှာ မှတ်ဉာဏ် 1GB ကို တစ်နှစ်သိမ်းဆည်းမယ်ဆိုရင် ဒေါ်လာ ၀ ဒသမ ၀၃ ပဲ ကျသင့်ပါတော့တယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ က ဒေါ်လာ ၁၀,၀၀၀ လောက် ကျသင့်ခဲ့ပါတယ်)။

စတုတ္ထစက်မှုတော်လှန်ရေးရဲ့ စိန်ခေါ်မှုပြဿနာတွေက ပစ္စည်း ရောင်းလိုအား၊ ပံ့ပိုးပေးမှု (Supply Side) မှာ ရှိမယ်လို့ ပါမောက္ခ ကလော့ဇ်က ပြောပါတယ်။ လုပ်ငန်းနဲ့ ထုတ်လုပ်မှုကမ္ဘာဘက်အခြမ်းမှာပါ။ တရုတ်နိုင်ငံအပါအဝင် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေမှာ မကြာသေးခင် နှစ်များအတွင်း တိုင်းပြည်ရဲ့ GDP(အသားတင်ထုတ်လုပ်မှုတန်ဖိုး) မှာ လုပ်အားက ထည့်ဝင်မှုသိသိသာသာကျဆင်းနေတယ်လို့ ဆိုပါတယ်။ ခုလိုလုပ်အားဘက်ကထည့်ဝင်မှု ကျဆင်းနေရတဲ့အကြောင်းကတော့ ရင်းနှီးမြှုပ်နှံမှုပြုမယ့် ကုန်ပစ္စည်းများ (Investment Goods) များရဲ့ တန်ဖိုးကျဆင်းလာနေခြင်းနဲ့ တီထွင်ဆန်းသစ်မှုများ မြင့်တက်လာခြင်း တို့ကြောင့်လို့ ဆိုပါတယ်။ ကုမ္ပဏီတွေက လုပ်အားအစားထိုး စက်တွေနဲ့ ဖြည့်ဆည်းလာနေခဲ့ပါတယ်။

ဒါကြောင့် စတုတ္ထတော်လှန်ရေးမှာ အကျိုးအမြတ်မြိုးမြိုးမြက်မြက်ရှိမယ့်သူတွေက အသိဉာဏ်ဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ အရင်းအမြစ်တွေအတွက် တီထွင်ဆန်းသစ်သူများ၊ ရင်းနှီးမြှုပ်နှံသူများ၊ အစု ရှယ်ယာဝင်များ ဖြစ်ပါလိမ့်မယ်။ လုပ်အားကို ရောင်းချရတဲ့သူများကတော့ စိုးရိမ်ဖွယ်ဖြစ်လာနိုင်ပါတယ်။ သူတို့ဘ၀သက်တမ်းမှာ တကယ့်အစစ်အမှန် လုပ်ခလစာ (Real Income) တိုးလာဖို့ ရှိတော့မှာ မဟုတ်ဘူး။ သူတို့ကလေးတွေရဲ့ အနာဂတ်ကိုလည်း သူတို့ဘ၀ထက် ကောင်းလာအောင် ဖန်တီးနိုင်တော့မှာ မဟုတ်ဘူးဆိုတဲ့ စိတ်ပျက်ပြားခြောက်ခြားမှုတွေလည်း ဖြစ်လာနိုင်ပါတယ်။ ပုံပျက်ပြောင်းလဲခြင်း (Disruptions) တွေ ကြုံလာရတာနဲ့အမျှ ‘ငါဘ၀လည်း ပုံပျက်သက်ရောက်တာ ခံရတော့မှာလား’ ဆိုတဲ့ ခြောက်အိပ်မက်တွေလည်း ခံစားလာရနိုင်ပါတယ်။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစနစ်တွေမှာ အခြေခံကျကျ ပြောင်းလဲမှုတွေက ပြန်လည်ပြင်ဆင်လို့မရနိုင်အောင် သက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ ဘုံတန်ဖိုးထားမှု (Common Value) တွေက ဘာတွေလဲ၊ မူဝါဒဆိုင်ရာ ရွေးချယ်မှုတွေ (Policy Choices) တွေ ဘယ်လိုသေချာရှိစေမလဲ … ဒါတွေကို စဉ်းစားကြရမှာတော့ ကျွန်တော်တို့အားလုံးရဲ့ တာဝန်တွေ ဖြစ်ပါတယ်။

ကိုးကား – Schwab, Klaus. 2016. The Fourth Industrial Revolution, Penguin Random House UK.

အောင်သူငြိမ်း

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *