လူမျိုးစုပြဿနာ အဖြေရှာ

‘တိုင်းရင်းသားစည်းလုံးညီညွတ်ရေး’ ဟူသော စကားလုံးမှာ မြန်မာပြည်တွင် ခေတ်အဆက်ဆက်ရေပန်းစားခဲ့သော စကားလုံး ဖြစ်သည်။ လူမျိုးစုပေါင်းစုံနေထိုင်သော မြန်မာနိုင်ငံအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟူသောစကားရပ်သည်အဓိပ္ပာယ်အားဖြင့်
အလွန်ကောင်းမွန်ပါသည်။ သို့သော်ခက်နေသည်က အနှစ်သာရပိုင်းကို အကောင်အထည်မဖော်နိုင်ခြင်းပင် ဖြစ်သည်။

ပြည်တွင်းစစ်ကိုဖြစ်ပေါ်စေသော အခြေခံအကြောင်းတရားများတွင် လူမျိုးစုပြဿနာက အဓိကအကျဆုံးဖြစ်သည်။ ကွဲပြားသည့်လူမျိုး ပေါင်းစုံနေထိုင်သော နိုင်ငံတစ်ခုတွင် ပြည်တွင်းစစ်ဖြစ်ပွားနေပါက ယင်းမှာ လူမျိုးစုပဋိပက္ခနှင့် ဆက်စပ်မှုရှိနေတတ်ပါသည်။ လူမျိုးစုပဋိပက္ခ ဖြစ်ပွားရခြင်း၏ အခြေခံအကြောင်းအရင်းမှာ “နိုင်ငံတော်တည်ထောင်မှုပုံသဏ္ဌာန်” ( State Formation ) ကြောင့် ဖြစ်သည်။ နိုင်ငံတော် တည်ထောင်မှုပုံသဏ္ဌာန်ကို လိုအပ်သလို ပြောင်းလဲနိုင်လျှင် လူမျိုးစုပြဿနာကို အောင်မြင်စွာဖြေရှင်းနိုင်ပေလိမ့်မည်။ သို့ဖြစ်၍ နိုင်ငံတော် တည်ထောင်မှုပုံသဏ္ဌာန်ပိုင်းနှင့်ပတ်သက်ပြီး လူမျိုးစုပြဿနာကို ဖြေရှင်းနိုင်မည့် အကြောင်းတရားများကို ယခုစာစုတွင် ထုတ်နုတ် တင်ပြသွားမည်ဖြစ်ပါသည်။

အကြောင်းသုံးပါး

လူမျိုးစုပဋိပက္ခ ဘာကြောင့်ဖြစ်ရပါသနည်းဟုဆိုလျှင် တန်းတူညီမျှမှုမရှိလို့ ဖြစ်ပါသည်။ တန်းတူညီမျှမှုကို နိုင်ငံတော်တည်ဆောက်မှုပုံသဏ္ဌာန်ပိုင်းက ပြဋ္ဌာန်းပေးသည်ဖြစ်ရာ ယင်းပုံသဏ္ဌာန်ပိုင်းကို ပြုပြင်ပေးဖို့လိုသည်။ ထို့အတွက်အခြေခံအကြောင်းတရား သုံးပါးရှိပါ သည်။

၁ ။ ဖယ်ဒရယ်ပုံစံပြည်ထောင်စနစ်ကျင့်သုံးခြင်း (Federal)

၂ ။ နိင်ငံရေးမှာ လူမျိုးစုအားလုံးအချိုးကျပါဝင်ခွင့်ရပြီး တန်းတူညီမျှမှုရှိသောအခြေအနေကိုဖန်တီးနိုင်သည့် စနစ်ပုံစံ
(Consociationalism)

၃။ လူမျိုးစုပေါင်းစုံစုစည်းပြီး ဘုံအမှတ်လက္ခဏာ သတ်မှတ်နေထိုင်ခြင်း (Transcendent Identity)

ဆိုခဲ့ပါ ပုံစံသုံးမျိုးမှာ လူမျိုးစုပြဿနာကို ဖြေရှင်းပေးနိုင်သော စနစ်ဒီဇိုင်းများ ဖြစ်ကြသည်။ မိမိတို့နိုင်ငံအနေအထားနှင့် သင့်တော်သလို စီမံအသုံးချတတ်ဖို့တော့ လိုသည်။

၁။ Federal

ဖက်ဒရယ်ဆိုသည်မှာ လက်တင်ဘာသာစကား ‘Foedris’ မှ ဆင်းသက်လာသည်။ ‘ရည်ရွယ်ချက်တူညီကြသော ဒေသများ အစုအဖွဲ့’ ဟုအဓိပ္ပာယ်ဖွင့်ဆိုသည်။ ဖက်ဒရယ်စနစ်တွင် အခြေခံသဘောတရား သုံးခုရှိသည်။

၁။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ လွှမ်းမိုးမှု (Supremacy of the constitution )
၂။ ဗဟိုနှင့် ဒေသအစိုးရများအကြားအာဏာခွဲဝေမှု (Power sharing)
၃။ ဖယ်ဒရယ်တရားရုံးချုပ် (Federal judiciary) တို့ ဖြစ်ကြသည်။

ဖက်ဒရယ်စနစ်တွင် ဗဟိုအစိုးရနှင့်ဒေသအစိုးရတို့၏ အနေအထား၊ လုပ်ပိုင်ခွင့်နှင့် ချိတ်ဆက်မှုပုံသဏ္ဌာန်ဆိုင်ရာ သဘောတူညီချက်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပါဝင်လာသည်။ တစ်နည်းအားဖြင့် ဗဟိုအစိုးရနှင့် ပြည်နယ်ဒေသများအကြား အပြန်အလှန်ထားရှိသော ‘နိုင်ငံရေးပဋိဉာဉ်’ များလည်း ဖြစ်သည်။ ယင်းသည် နိုင်ငံ၏ အခြေခံဖြစ်သော ဖွဲ့စည်းပုံဖြစ်ပါသည်။ ဖက်ဒရယ်အစိုးရတစ်ရပ် အားကောင်းမောင်းသန်လည်ပတ်နိုင်ရန်အတွက် အချက်အလက်အတိအကျ ရေးသားထားသော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် လိုအပ်သည်။

အာဏာခွဲဝေမှုသည် ဖက်ဒရယ်စနစ်၏ အဓိကကျောရိုးဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အာဏာခွဲဝေမှုကို ဆောင်ရွက်သည်။ ဤတွင် ဗဟိုချုပ်ကိုင်မှုကဲသောပုံစံနှင့် ဗဟိုချုပ်ကိုင်မှု အားနည်းသောပုံစံဟူ၍ ရှိကြသည်ဖြစ်ရာ မိမိတို့၏ ပကတိအခြေအနေနှင့် စပ်မိအောင် ညှိနှိုင်းလုပ်ဆောင်ဖို့ဖြစ်သည်။

ဖက်ဒရယ်တရားရုံး၏ သဘောကမူ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စရပ်များအပါအဝင် ဗဟိုနှင့် ပြည်နယ်ဒေသများအကြား အငြင်းပွားမှုများကို ဖြေရှင်းပေးနိုင်သည့် အမြင့်ဆုံးတရားရုံးဖြစ်သည်။ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပေးအပ်ချက်အရ စီရင်ခွင့်အာဏာအမြင့်ဆုံး ဖြစ်သည်။ ထို့ပြင် အခြေခံဥပဒေကို ကျော်လွန်၍ပြဋ္ဌာန်းသော ဥပဒေမှန်သမျှကိုလည်း ပယ်ချခွင့်ရှိသည်။

၂။  Consociationalism 

Consociationalism သီအိုရီကို နိင်ငံရေးသိပ္ပံပညာရှင် Aren Lijphart  ကဖော်ထုတ်ခဲ့သည်။ လက်ရှိ နယ်သာလန်၊ ဆွစ်ဇာလန်နှင့် ဘယ်လဂျီယံနိုင်ငံတို့တွင် ကျင့်သုံးလျက်ရှိသည်။

နိုင်ငံရေးတွင် အားလုံးမျှမျှတတပါဝင်ခွင့်ရှိစေရန်နှင့် တန်းတူ ညီမျှမှုရှိသော အခွင့်အာဏာတို့ကို ဖန်တီးပေးထားသောစနစ်တစ်ခု ဖြစ်သည်။ ယင်းသီအိုရီတွင် အခြေခံအချက်လေးခု ပါဝင်သည်။

(၁) ညွန့်ပေါင်းအစိုးရ (Grand Coalition)

လူမျိုးစုကြီးတစ်ခု ၊ နိုင်ငံရေးအင်အားစုကြီးတစ်ခုက အကြောင်းအရာ အားလုံးကိုချုပ်ကိုင်ပြီး အုပ်ချုပ်ရေးအာဏာကို စိတ်ကြိုက်လုပ် ပိုင်ခွင့်မရှိအောင် ထိန်းညှိထားခြင်းဖြစ်သည်။ ဘက်အသီးသီးက လူများပါဝင်နေသော ညွန့်ပေါင်းအစိုးရဖြစ်သည့်အတွက် တစ်စုတစ်ဖွဲ့ တည်းက အရာရာကို စိတ်တိုင်းကျ ဆုံးဖြတ်နိုင်စွမ်းမရှိပေ။

(၂) တန်းတူသော ဗီတိုအာဏာ (Mutual Veto)

လူများစု၏ အခွင့်အာဏာနှင့် လူနည်းစု၏ အခွင့်အာဏာကို တန်းတူဖြစ်စေသောအချက်ဖြစ်သည်။ လူများစု၏ အဆုံးအဖြတ်ကို လူနည်းစုက (မဲရှုံးနေသည့်တိုင်) ဗီတိုအာဏာဖြင့် ပယ်ချခွင့်ရှိသည်။ ယင်းအချက်မှာ အများစုဆန္ဒကို ဦးစားပေးရသော ဒီမိုကရေစီစနစ်၏ သဘာဝနှင့်ဆန့်ကျင်နေသည်ဟု ထောက်ပြမှုများလည်း ရှိသည်။ သို့နှင့်တိုင် အများသဘောတူသည့်ကိစ္စတိုင်း မျှတမှုရှိပါသလား မှန်ကန်မှုရှိပါသလားဟူ၍ သီအိုရီက မေးခွန်းပြန်ထုတ်သည်။

(၃) အချိုးကျကိုယ်စားပြုခြင်း (Proportionality )

ရွေးကောက်ပွဲများတွင် တစ်မဲနှစ်မဲခန့် ကပ်ရှုံးသွားရုံဖြင့် ကိုယ်စားပြုခွင့်ကို လက်လွတ်ခံလိုက်ရခြင်းမှာ သက်ဆိုင်ရာကာယကံရှင်
အတွက် အတော်လေးနစ်နာသည်ဟုဆိုနိင်သည်။ ထို့ကြောင့် ရရှိသောဆန္ဒမဲအချိုးအစားအတိုင်း ကိုယ်စားပြုခွင့် ရှိစေခြင်းသည် ဘယ်သူမှ မနစ်နာစေသည့်အတွက် ဒအချိုးကျကိုယ်စားပြုမှုဒ ပုံစံကိုသာ သီအိုရီက ရွေးချယ်သည်။

(၄) ဒေသအလိုက်ကိုယ်ပိုင်အုပ်ချုပ်ရေး (Segmental Autonomy )

ဒေသအလိုက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်များကို သင့်တော်သလို ပေးအပ်ထားခြင်းသည် ဗဟိုချုပ်ကိုင်မှုကိုလျှော့ချခြင်းဖြစ်သည်။ထို့ကြောင့် ဗဟိုချုပ်ကိုင်မှုများလွန်းသောကြောင့် ဖြစ်ရသည့် ပြဿနာများကို တစ်စိတ်တစ်ပိုင်းလျော့နည်းသွားစေသည်။ သို့သော် ‘ခွဲထွက်ခွင့်’ ကိစ္စကိုတော့ သီအိုရီက သတ်မှတ်လက်ခံထာခြင်း မရှိပါ ။

၃။ Transcendent  Identity  

ယခုနည်းလမ်းကတော့ နိုင်ငံတည်ထောင်မှု ပုံသဏ္ဌာန်ပိုင်းနှင့် သိပ်မဆိုင်လှပေ။ ယဉ်ကျေးမှု (Culture) ပိုင်းသို့ ယိမ်းသည်။ အဓိကတော့ အမှတ်အသားလက္ခဏာ ကွဲပြားမှုများကို စုစည်းခြင်း ဖြစ်သည်။ လူမျိုးစုပေါင်းစုံတွင် သက်ဆိုင်ရာ အမှတ်အသားပေါင်းစုံရှိ နေသည်။ ယင်းအမှတ်အသား ကွဲပြားမှုများကိုအခြေခံပြီး မိမိတို့၏ ကိုယ်ပိုင်အမှတ်အသားများကိုအလွန်အကျွံရှေ့တန်းတင်ကြလျှင် ပဋိပက္ခများ ဖြစ်လာနိုင်သည်။ ထို့ကြောင့် ပဋိပက္ခများ မဖြစ်ပွားစေရန် နှင့်ရှိနေပြီးသော ပြဿနာများ ပြေလည်စေရန်အတွက် အမှတ်အသား စုစည်းမှုကို စုပေါင်းလုပ်ဆောင်ကြခြင်းဖြစ်သည်။ ယင်းကို Transcendent  Identity ဟု ခေါ်သည်။ အဆိုပါနည်းလမ်းကို ယဉ်ကျေးမှုဓလေ့ထုံးစံ ဆင်တူမှုရှိသော လူမျိုးစုများနေထိုင်သည့်နိုင်ငံများတွင် ပြုလုပ်အောင်မြင်နိုင်သည်။ သတိချပ်ရမည်မှာ ယခုလိုစုစည်းလုပ်ဆောင်ခြင်း သည် လူမျိုးစုအားလုံး၏ စစ်မှန်သော သဘောတူညီချက်များကြောင့်သာဖြစ်သင့်ပြီး အုပ်ချုပ်သူများက အတင်းအကျပ်ဖိအားပေးခိုင်းစေခြင်းကြောင့် မဖြစ်သင့်ပေ။

နိဂုံး

အထက်တွင် ဆိုခဲ့သည့်အချက်များမှာ သီအိုရီဟုဆိုဆို ၊ စနစ်ပုံစံများဟု ပြောပြောတကယ်တမ်းတော့ ပြဿနာဖြေရှင်းမှုပုံသဏ္ဌာန်များသာ ဖြစ်ပါသည်။ ဖြေရှင်းသောပုံစံတိုင်းသည် ဘယ်သောအခါမှ တစ်သမတ်တည်း ဖြစ်နိုင်မည်မဟုတ်ပါ။

မိမိတို့၏ ပကတိအရှိတရားနှင် ချိန်ညှိလုပ်ဆောင်တတ်ဖို့က အရေးအကြီးဆုံးဖြစ်ပါသည်။

ပြဿနာ ဖြေရှင်းမှုပုံစံတိုင်းကို မိတ္တူကူးလို့မရ။ လိုအပ်သလို ဖြည့်ဆည်းဆောင်ရွက်ဖို့သာဖြစ်သည်။ ဆိုခဲ့ပါအချက်များမှာ လူမျိုးစုပြဿနာအပေါ် နိုင်ငံတည်ဆောက်မှုပုံသဏ္ဌာန်ပိုင်းကနေ၍ ချဉ်းကပ်တင်ပြထားခြင်းသာဖြစ်သည်။ ယင်းပြဿနာအတွက် အခြားသော ရှုထောင့်များလည်း ကျန်ပါလိမ့်ဦးမည်။

အချုပ်ဆိုရလျှင် မြန်မာနိင်ငံ၏ လူမျိုးစုပြဿနာမှာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ ယခုထိလည်း မပြေလည်သေး။ ခေတ်အဆက်ဆက် ပြဿနာကို ‘ခွေ’ ထားခဲ့သော အကျိုးဆက်ဖြစ်သည်။ ကနဦးလိုအပ်ချက်က ပြဿနာကို ပြဿနာလို့ မြင်နိုင်ဖို့လိုသည်။ ထို့နောက် အမှန်တကယ်ဖြေရှင်းလိုစိတ် ရှိရမည်။ ပြီးလျှင်နည်းလမ်းရှာရပါမည်။ ယခုစာစုသည် ပြဿနာကို သိမြင်ကာ ဖြေရှင်းလိုစိတ်ရှိပြီး နည်းလမ်းရှာသူ တို့အတွက် လက်လှမ်းမီသမျှလေး တင်ပြပေးလိုက်ရခြင်းသာ ဖြစ်ပါသည်။

ဝင်းကို

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *