ဒီမိုကရေစီဖြစ်စဉ်တွင် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု၏ အရေးပါမှု

ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု အားကောင်းခိုင်မာစေရန် အားထုတ်ကြိုးပမ်းမှုများရှိသော်လည်း မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးအခင်းအကျင်းနှင့် အခြေအနေတွင် ယခင်အလေ့အထများဖြစ်သည့် ဗဟိုဦးစီးစနစ်မှ ဆုံးဖြတ် ချက်ချခြင်းများရှိနေဆဲ၊ ကျင့်သုံးဆဲဖြစ်သည်။ ရွေးကောက်ခံအစိုးရ၏ ဦးစားပေးမူဝါဒများနှင့် မြန်မာ့ဒီမိုကရေစီ ဖြစ်စဉ်များနှင့်အညီ ဘတ်ဂျက် ဖြစ်စဉ်ကိုလည်း လိုက်လျောညီထွေစွာ ပြုပြင်ပြောင်းလဲမှုလုပ်ဆောင်ရန် ပိုမိုလိုအပ်နေပါသည်။

မြန်မာနိုင်ငံတွင် ပြည်သူ့ဘဏ္ဍာနှင့် ပတ်သက်သော အချက်အလက်များ အထူးသဖြင့် ဘတ်ဂျက်အချက်အလက်များကို နိုင်ငံတော်လျှို့ဝှက်အချက်အလက်များအဖြစ် ဆယ်စုနှစ်ငါးစုလောက်အထိ သတ်မှတ်ခဲ့သည်။ ဘတ်ဂျက်ဦးစားပေးများနှင့်ပတ်သက်၍ ပြည်သူများနှင့် တိုင်ပင်ဆွေးနွေးမှုများမရှိခဲ့ဘဲ ဘဏ္ဍာရေးဆိုင်ရာသတင်းအချက်အလက်များကို ရရှိရန် နေပြည်တော်ရှိ အဆင့်မြင့်အရာရှိ အဆက်အသွယ်များကို လိုအပ်ခဲ့သည်။ အစိုးရဌာနဆိုင်ရာများအတွင်းပင် ဘဏ္ဍာရေးသတင်း အချက်အလက် မျှဝေခြင်းမှာ အလွန်နည်းပါးသည်။ အစိုးရဦးစားပေး မူဝါဒများနှင့် ဘတ်ဂျက်အပေါ် ပြည်သူများ၏ နားလည်မှုရေချိန်မှာ ယခင်စစ်အစိုးရလက်ထက်တွင် အလွန်အမင်းအကန့်အသတ်ရှိလှသည်။

၂၀၀၈ အခြေခံဥပဒေသည် မြန်မာ့ဘဏ္ဍာရေးအခင်းအကျင်းတွင် သိသာထင်ရှားသော အပြောင်းအလဲများ ဖြစ်ပေါ်စေခဲ့သည်။ ဘဏ္ဍာရေးဆိုင်ရာ ဗဟိုဦးစီးစနစ်ဖြေလျှော့ခြင်းများ- ပြည်ထောင်စုမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသို့ ကိုယ်ပိုင်ဘတ်ဂျက်ရေးဆွဲခြင်းနှင့် စီမံကိန်း ရေးဆွဲခြင်းများကို လုပ်ဆောင်ခွင့်များ ပေးအပ်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် လွှတ်တော်များ၌ ပြည်သူ့ငွေစာရင်းကော်မတီများဖွဲ့စည်းခဲ့ပြီး ၂၀၁၃ ခုနှစ် တွင် ဗဟိုဘဏ်သို့ လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်ခဲ့သည်။ ပြည်ထောင်စုအစိုးရက ယခုအခါ ဘတ်ဂျက်ဆိုင်ရာ အသိပညာတိုးတက်စေရန်ရည်ရွယ်၍ ပြည်ထောင်စုအဆင့် ရသုံးခန့်မှန်းခြေ ငွေစာရင်းစာစောင် (Union Citizen’s Budget) နှင့် ပြည်ထောင်စုဘတ်ဂျက်ဥပဒေတို့ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝက်က်ဆိုက်တွင် ဖော်ပြထားသည်။

ဤသို့သော ပြုပြင်ပြောင်းလဲမှုများရှိခဲ့သော်လည်း မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး အဓိကမျက်နှာစာတွင် သိသာသော အပြောင်းအလဲများ မပြုလုပ်နိုင်သေးပါ။ ကဏ္ဍအတော်များများတွင် ယခင်အလေ့အထများ လွှမ်းမိုးဆဲဖြစ်ပြီး၊ အာဏာဖြင့် အုပ်ချုပ်ခဲ့ခြင်း၏ သက်ရောက်မှုများလည်း ရှိနေသေးသောကြောင့် အခြေတကျမဖြစ်သေးသည့် ဒီမိုကရေစီစနစ်ကိုလည်း အကူအညီ ပေးနိုင်မှုမရှိသေးချေ။ မြန်မာနိုင်ငံသည် ဘဏ္ဍာရေးဆိုင်ရာပွင့်လင်း မြင်သာမှုအဆင့်သတ်မှတ်ချက်တွင် နိမ့်ပါးနေသေးသည်။ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် ပွင့်လင်းမြင်သာ ဘတ်ဂျက်စစ်တမ်းတွင် (Open Budget Survey) အရ မြန်မာနိုင်ငံသည် အမှတ် ၁၀၀ တွင် ၇ မှတ်သာရရှိသည်။ ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် တိုးတက်လာသည်ဟုဆိုနိုင်သော်လည်း အခြားသောဒေသတွင်း နိုင်ငံများနှင့်စာလျှင် အလွန်နည်းသော သတ်မှတ်ချက်တွင် ရှိနေဆဲဖြစ်သည်။ လွှတ်တော်၏ဘတ်ဂျက် စိစစ်သုံးသပ်ခြင်းကဏ္ဍ ပိုမိုအားကောင်းအောင်လုပ်ဆောင်ရန်နှင့် ဘတ်ဂျက်ဖြစ်စဉ်တွင် ပြည်သူများပါဝင်နိုင်မှု အခွင့်အလမ်းများ ပိုမိုရရှိရန် လိုအပ်နေသေးသည်။ ကမ္ဘာလုံးဆိုင်ရာပျမ်းမျှအမှတ်မှာ ၄၂ မှတ် ဖြစ်သည်။ ပြည်သူ့မူဝါဒရေးရာ ရည်မှန်းချက်များ သတ်မှတ်ဖော်ထုတ်ခြင်း နှင့် ပြည်သူများ၏ ဦးစားပေးကဏ္ဍများကို ဖော်ဆောင်နိုင်ရန် ဘဏ္ဍာရင်းမြစ်များကို ခွဲဝေခြင်းစသည်တို့ ပါဝင်သော မူဝါဒအခြခံဘတ်ဂျက် ရေးဆွဲခြင်းဖြစ်စဉ်ကို ဖော်ဆောင်ရန်လည်း အကန့်အသတ်များရှိဆဲဖြစ်သည်။ မြန်မာနိုင်ငံ အုပ်ချုပ်မှုယန္တရား၏ ငါးနှစ်စီမံကိန်းပုံစံကြောင့် ဘတ်ဂျက်ရေးဆွဲခြင်းဖြစ်စဉ်မှာလည်း ကန့်သတ်မှုတစ်ခုအဖြစ်ရှိနေသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘတ်ဂျက်များသည်လည်း အပေါ်မှအောက်သို့ ညွှန်ကြားချက်ပေးသည့် အလေ့အထ လွှမ်းမိုးနေဆဲဖြစ်ပြီး ဆိုလိုသည်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသည် ပြည်ထောင်စုက အားပေးသည့် ပုံစံအတိုင်း ဘတ်ဂျက်များကို ပြင်ဆင်ရေးဆွဲနေခြင်းဖြစ်သည်။

NLD အစိုးရအနေနှင့် အာဏာရပြီး သုံးနှစ်မြောက်တွင် အဓိကလုပ်ဆောင်ရမည့်အချက်မှာ အစိုးရ၏ စီမံကိန်းရေးဆွဲခြင်းနှင့် ဘတ်ဂျက်ရေးဆွဲခြင်းဖြစ်စဉ်ကို ဒီမိုကရေစီနည်းကျ ဖော်ဆောင်ရန်ဖြစ်သည်။ ရွေးကောက်ခံအစိုးရ၏ ဦးစားပေးမူဝါဒများနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကျယ်ပြန့်လာသည်နှင့်အမျှ အခြားသော ပြုပြင်ပြောင်းလဲမည့်ကဏ္ဍများနည်းတူ ဘတ်ဂျက်ရေးဆွဲခြင်းဖြစ်စဉ်ကိုလည်း အရှိန်မြှင့်တင်ရမည် ဖြစ်သည်။ တပ်မတော် တစ်နည်းအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ထဲထဲဝင်ဝင် ပါဝင်ပတ်သတ်နေသော ဒေသန္တရအုပ်ချုပ်ရေးယန္တရားတွင် ရွေးကောက်ခံအစိုးရများ ရှိလာစေရန်မှာလည်း နောက်ထပ်အရေးကြီးသော အဓိကအချက်ဖြစ်သည်။ ဤသည်မှာ ပြုပြင်ပြောင်းလဲမှုများတွင် တပ်မတော်က အတားအဆီးဖြစ်နေသည်ဟု ဆိုလိုရင်းမဟုတ်ပါ။ မြန်မာနိုင်ငံရှိ အုပ်ချုပ်မှုစနစ်သည် ဒီမိုကရေစီနည်းကျ အစိုးရများအတွက် ဒီဇိုင်းရေးဆွဲထားခြင်း မရှိကြောင်းကို ဆိုလိုရင်းဖြစ်သည်။ အစိုးရသစ်တစ်ရပ်၏ ပွင့်လင်းမြင်သာမှု တိုးတက်အောင် အကောင်အထည်ဖော်ရန်နှင့် လုပ်ဆောင်နိုင်စွမ်းရှိကြောင်းကို ပြသနိုင်ရန် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုသည် NLD အစိုးရအတွက် ဦးစားပေးကဏ္ဍတစ်ရပ်ဖြစ်သင့်သည်။

ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်ဆောင်ရွက်ရန် ခက်ခဲပြီး ရှုပ်ထွေးတတ်သော အခြားကဏ္ဍများထက် ဘတ်ဂျက်များသည် ဘဏ္ဍာရေးပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နိုင်သော မြင်သာထင်သာရှိသည့် ရလဒ်ရှိသော နည်းလမ်းတစ်ခုဖြစ်သည်။ ဘတ်ဂျက်သည် ကမ္ဘာပေါ်ရှိ အစိုးရများပိုင်ဆိုင်သော စွမ်းအားအရှိဆုံး မူဝါဒရေးရာနည်းလမ်းဖြစ်သည်။ ထို့ကြောင့် ဘဏ္ဍာရေးဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းနှင့် ပြည်သူများ ပိုမိုပါဝင်လာနိုင်စေခြင်းဖြင့် ပွင့်လင်းမြင်သာမှုတိုးတက်လာစေသော မူဝါဒအခြေခံသော ဘတ်ဂျက်များ ရေးဆွဲခြင်းက ဒီမိုကရေစီနည်းကျ ရွေးကောက်ခံမြန်မာအစိုးရ၏ အမှန်တကယ်အပြောင်းအလဲကို ဖော်ဆောင်ရန်အတွက် အဓိကမောင်းနှင်အားနေရာတစ်ခု ဖြစ်လာနိုင်ပေမည်။

ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲမှုများကို အဓိပ္ပာယ်ရှိသော ရလဒ်များပေါ်ထွက်လာစေရန်၊ ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုများ လျော့ကျစေရန်နှင့် ထိရောက်ကောင်းမွန်သော ပြည်သူ့ဝန်ဆောင်မှု များဖြစ်ပေါ်စေရန် NLD အစိုးရအနေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှ စတင်ဆောင်ရွက်သင့်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသည် နိုင်ငံတစ်ဝန်းတွင် ရှိနေသည့်အပြင် ပြည်သူများနှင့် တိုက်ရိုက် ဆက်သွယ်ရသော မျက်နှာစာများလည်းဖြစ်သည်။ သို့သော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ဦးစားပေးမူဝါဒများမှာ ရှင်းလင်းမှုမရှိသေးဘဲ ဘတ်ဂျက်စိစစ်သုံးသပ်ခြင်းတွင် ယင်းတို့၏ အခန်းကဏ္ဍမှာ အကန့်အသတ်ဖြင့်ရှိဆဲဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသည် ယခင်က အခွန်အခများအနေဖြင် ၁၉ မျိုးသာကောက်ခံ ရရှိခဲ့သော်လည်း ဖွဲ့စည်းပုံအခြခံဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ အခွန်အခ ၃၉ မျိုးထိ ကောက်ခံလာနိုင်သည်။ သို့သော် ပြည်ထောင်စု၏ ဘဏ္ဍာငွေလွှဲပြောင်းမှု (ထောက်ပံ့ငွေများနှင့် မျှဝေသုံးစွဲသည့် ရငွေများ နှစ်ခုပေါင်း) အပေါ် ယင်းတို့၏ လုပ်ငန်းအစီအစဉ်များအတွက် မှီခိုနေရသည်။

ဤတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါပါသည်။ လွှတ်တော်များအနေနှင့် ဘတ်ဂျက်စိစစ်ခြင်းတွင် ပြည်သူ့ငွေစာရင်းကော်မတီများ။ဘဏ္ဍာရေးကော်တီများ၏ အခန်းကဏ္ဍမြင့်တက်လာစေရန် ကော်မတီဝင်များ၏ ပညာရပ်ဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ခြင်းများ၊ ကော်မတီများတွင် ပြင်ပမှပညာရှင်များနှင့် အကြံပေးများကို ခန့်အပ်ခြင်းများ ဆောင်ရွက်သင့်သည်။ ယင်းအပြင် အစိုးရအဖွဲ့၏ ဦးစားပေးမူဝါဒများကို ဗျူရိုကရေစီယန္တရားမှ တာဝန်ခံမှုရှိစွာဖြင့် ဆောင်ရွက်ရန် တွန်းအားပေးသင့်သည်။

ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများနှင့် လွှတ်တော်များအနေနှင့် ဘတ်ဂျက်ရေးဆွဲခြင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူများ၏ အသိပညာနှင့်ပါဝင်နိုင်မှု ပိုမိုတိုးတက်လာစေရန် သမားရိုးကျနည်းများဖြစ်သော ပြည်သူ့ကြားနာပွဲများအပြင် အခြားသောနည်းလမ်းများ အသုံးပြုသင့်သည်။ ဥပမာ – တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသည် ပြည်သူများ ဘတ်ဂျက်နှင့်သက်ဆိုင်သော သတင်းအချက်အလက်များ အလွယ်တကူရရှိနိုင်ရန်နှင့် ပြည်သူများ၏ ဘတ်ဂျက်အပေါ်မှတ်ချက်များကို ပြန်လည်စုဆောင်းနိုင်ရန် လူမှုကွန်ရက်ပလတ်ဖောင်းများကို အသုံးပြုဖန်တီးပေးထားသင့်သည်။ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရ၏ အဓိကပန်းတိုင်မှာ ပြည်သူများ လိုအပ်သည်များကို တာဝန်ခံမှုရှိရှိဖြင့် တုံ့ပြန်ဆောင်ရွက်နိုင်ရန် ဖြစ်သည်။

အချုပ်အားဖြင့် NLD အစိုးရသည် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု ပွင့်လင်းမြင်သာမှုတိုးတက်ရန်အတွက် ကောင်းမွန်သော ခြေလှမ်းများ စတင်ဆောင်ရွက်နေပြီဖြစ်သ်ာလည်း ပြည်သူ့လိုအပ်ချက်များနှင့် ကိုက်ညီ သော ဘတ်ဂျက်ရေးဆွဲခြင်းဖြစ်စေရန် ခိုင်မာသော မူဝါဒအခြေပြု ဘတ်ဂျက်ရေးဆွဲခြင်းမျိုးဖြစ်သင့်သည်။ ယင်းကို အကောင်အထည်ဖော်ရာတွင် ဒီမိုကရေစီစံနှုန်းအလေ့အထများနှင့် ပြည်သူပါဝင်နိုင်သည့် အခွင့်အလမ်းများကို တစ်ပြိုင်တည်းဖော်ဆောင်ကြိုးပမ်းသင့်သည်။ လွှတ်တော်မျုားအနေဖြင့်လည်း ယင်းတို့၏ ဘတ်ဂျက်စိစစ်ခြင်းအခန်း ကဏ္ဍကို ယခုထိ အားကောင်းခိုင်မာအောင်လုပ်ဆောင်၍ အစိုးရအဖွဲ့ကို တာဝန်ခံမှု တာဝန်ယူမှုရှိရန် တွန်းအားပေးဆောင်ရွက်သင့်သည်။ ကောင်းမွန် သောပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု စရိုက်လက္ခဏာသည် ပြည်သူ့ဘဏ္ဍာငွေများကို အလေအလွင့်မရှိအောင် စီစဉ်ဆောင်ရွက်ခြင်း၊ သုံးစွဲသည့် ဘဏ္ဍာငွေများနှင့်ဆက်စပ်၍ အစိုးရ၏ တာဝန်ယူမှု တာဝန်ခံမှုကို ပြည်သူ များမှ သိရှိနိုင်ခြင်းတို့ဖြစ်သည်။

(ဇော်မင်းထွဋ်သည် အာရှဖောင်ဒေးရှင်းမြန်မာမှ အကြီးတန်း အစီအစဉ် ညွှန်ကြားရေးအရာရှိတစ်ဦးဖြစ်သည်။ အေးမို့မို့ခိုင်သည်လည်း အာရှဖောင်ဒေးရှင်းမြန်မာမှ အစီအစဉ် ညွှန်ကြားရေးအရာရှိတစ်ဦး ဖြစ်သည်။)

ဇော်မင်းထွဋ်၊ အေးမို့မို့ခိုင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *