REGIONAL ROUNUP

#ဧရာဝတီ
မီးလင်းဖို့ သိန်း ၁၀၀ ပေး
ဧရာဝတီတိုင်း အိမ်မဲမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်သည် ကျေးရွာမီးလင်းရေးအတွက် ကျပ်သိန်း ၁၀၀ တောင်းခံခဲ့သည်ဟုဆိုကာ တိုင်ကြားခံထားရသည်။
အိမ်မဲမြို့နယ် တကောကျေးရွာမီးလင်းရေး ဘတ်ဂျက်ကို အခြားကျေးရွာများသို့ ခေါင်းစဉ်ပြောင်းသုံးစွဲရန်စီစဉ်ခဲ့ပြီး သက်ဆိုင်ရာသို့ပေးရန် ကျေးရွာမီးလင်းရေးကော်မတီထံမှ ကျပ်သိန်း ၁၀၀ တောင်းယူခဲ့ခြင်းဖြစ်သည်။
ယင်းကိစ္စကို သတင်းမရေးရန် ဒေသခံသတင်းထောက်ထံ ပြောကြားခဲ့ပြီး ကျပ်သိန်း ၁၀၀ ကို မီးလင်းရေးကော်မတီထံ ပြန်လည်ပေးအပ်ခဲ့သော်လည်း သတင်းထောက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်ကာ ကိုယ်စားလှယ်ကို စိစစ်ရေးကော်မတီက စစ်ဆေးမည်ဖြစ်သည်။
#တနင်္သာရီ
ကြမ်းပိုးသတ်ဆေးရှူမိသည့် ကျောင်းသားများ
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကနက်သီရိရွာ စာကျက်ဝိုင်းတွင် ကြမ်းပိုးသတ်ဆေးရှူမိသောကြောင့် ကျောင်းသူ ၂၀ နီးပါး အဆိပ်သင့်ခဲ့သည်။
စာကျက်ဝိုင်းတွင် မေလ ၂၀ ရက်က ကြမ်းပိုးသတ်ဆေးဖျန်းကာ အိမ်ပြန်ခဲ့ပြီး ညနေပိုင်းစာလာကျက်ချိန်တွင် အဆိုပါကြမ်းပိုးသတ်ဆေးရှူမိ၍ ကျောင်းသူများ မူးဝေအော့အန်ခြင်းများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အဆိပ်သင့်ကျောင်းသူများကို မေလ ၂၀ ရက်တွင် ဆေးရုံတင်ကုသ နိုင်ခဲ့သည်။
#ရှမ်း
စစ်ဘေးရှောင်များကို တရုတ်ပြန်လွှဲ
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တရုတ်နိုင်ငံဘက်သို့ စစ်ဘေးရှောင်ခဲ့သော လူ ၁၀၀ ကျော်ကို မေလ ၁၈ ရက်နေ့တွင် မြန်မာအစိုးရထံသို့ လွှဲပြောင်းပေးခဲ့သည်။
တိုက်ပွဲရှောင်သူ ၉၆ ဦးနှင့် အကျဉ်းကျရာမှ ပြန်လွတ်လာသူ ၆၈ ဦးတို့ကို မြန်မာအစိုးရထံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
မူဆယ်တွင် မေလ ၁၂ ရက်နေ့တွင် TNLA သည် လက်နက်ကြီးများနှင့် တိုက်ခိုက်မှုကြောင့် ရဲ၊ ပြည်သူ့စစ်အပါအဝင် ၂၁ ဦးသေဆုံးခဲ့ပြီး လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
#ကချင်
အားသွင်းရင်း ဖုန်းပြောစဉ်ပေါက်ကွဲ
ကချင်ပြည်နယ် ပူတာအိုမြို့နယ် မကျော့ဝမ်ကျေးရွာနေ ပူတာအိုခရိုင် အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲတီသည် ဖုန်းအားသွင်းရင်း ဖုန်းပြောရာမှ ဖုန်းပေါက်ကွဲခဲ့ပြီး ဒဏ်ရာများရရှိခဲ့သည်။
မေလ ၁၈ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ဝဲဘက်လက်ဖဝါး ကြေမွပျက်စီးခဲ့သဖြင့် လက်ကိုဖြတ်ပစ်ခဲ့ရကာ မျက်စိတွင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
#ဧရာဝတီ
လွှတ်တော်ကိုယ်စားလှယ် ဆန္ဒပြခံရ
ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်ရှိ ဒေသခံ ၅၀၀ က ၎င်းတို့မဲဆန္ဒနယ်ရှိ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကို မေလ ၂၁ ရက်တွင် ဆန္ဒပြခဲ့ကြသည်။
အိုင်သပြုကျေးရွာဒေသခံများက တင်မြှောက်ထားသည့် အုပ်ချုပ်ရေးမှူးကို အစိုးရအဖွဲ့ဆုံးဖြတ်ချက်ဟုဆိုကာ ဇန်နဝါရီလအတွင်း ရာထူးမှထုတ်ပယ်လိုက်ခြင်းကြောင့် ယင်းသို့ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
#မွန်
လက်စွမ်းပြတဲ့ ဗိုလ်ကြီး
ရေးမြို့နယ်တွင် အရပ်သားတစ်ဦး သေနတ်ဒဏ်ရာလေးချက်ဖြင့် သေဆုံးသွားသည်။
လမိုင်းမြို့နယ်ခွဲ ကုလားကုတ်ကျွန်း အလယ်ဆိပ်ရပ်တွင်နေထိုင်သည့် ကိုတင်စိုးမြင့်ဆိုသူကို ဖမ်းဆီးကာ သေနတ်ဖြင့်ပစ်ခတ်မှုနှင့်ပတ်သက်၍ ဗိုလ်ကြီးအောင်ကိုကိုမင်းကို အမှုဖွင့်ထားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
မိသားစုအချင်းချင်း မြေပြဿနာနှင့်ပတ်သက်ပြီး အဆင်မပြေမှုများရှိနေသဖြင့် တပ်မတော်က မေလ ၁၆ ရက်နေ့က ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ၁၇ ရက်နေ့တွင် သေဆုံးသွားသည်ကို သိရကြောင်း ကုလားကုတ်အလယ်ကျွန်း ရာအိမ်မှူးက ပြောဆိုထားသည်။
#စစ်ကိုင်း
စစ်ကိုင်း လုံ/နယ်ဝန်ကြီး ပြောင်းလဲ
စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးဗိုလ်မှူးကြီး ကျော်သန့်နိုင်နေရာကို ပြောင်းလဲခန့်ထားလိုက်ကြောင်း နိုင်ငံတော်သမ္မတက မေလ ၂၂ ရက်နေ့က ကြေညာသည်။
ဗိုလ်မှူးကြီး ကျော်သန့်နိုင်သည် စစ်ဘက်မူလတာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ပြီး ၎င်းနေရာတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်မှူးကြီး သန်းထွန်းအောင်ကို ခန့်အပ်ကြောင်း သမ္မတက ဆိုသည်။
စစ်ကိုင်းတိုင်း လုံ/နယ်ဝန်ကြီးအသစ်ကို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သို့ အမည်စာရင်း တင်သွင်းခဲ့ပြီး လွှတ်တော်အတည်ပြုချက်ဖြင့် မေလ ၂၁ ရက်နေ့တွင် ခန့်အပ်ခဲ့သည်။
#ရခိုင်
နယ်စပ်က သတိပေးသံ
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းအနီးတွင် နေထိုင်သူများကို မြန်မာဘက်က အသံချဲ့စက်ဖြင့် နေ့စဉ်သတိပေးနေသည်။
လူနေထိုင်ခွင့်မရှိသည့် ယင်းနေရာတွင် ယာယီတဲထိုးကာနေထိုင်နေသည့် ဘင်္ဂါလီသုံးထောင်ကျော် ဆက်လက်မနေထိုင်ကြရန် နေ့စဉ်ရက်ဆက် သတိပေးနေကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ထံမှ သိရသည်။
နယ်စပ်မျဉ်း၏ မြန်မာဘက်ခြမ်းတွင် ဝင်ရောက်နေထိုင်မှု ခြောက်လခန့်ကြာနေပြီဖြစ်ပြီး ယင်းနေရာတွင် မနေထိုင်ရန် မြန်မာ၊ ဘင်္ဂါလီ နှစ်ဘာသာဖြင့် တစ်ရက်နှစ်ကြိမ် သတိပေးနေခြင်းဖြစ်သည်။
သို့သော်လည်း နှင်ထုတ်ခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံသို့ တရားဝင်လမ်းကြောင့်အတိုင်း ပြန်လည်ဝင်ရောက်ရန် နှိုးဆော်နေခြင်းဖြစ်ကြောင်း အဆိုပါရဲတပ်ဖွဲ့ထံမှ သိရသည်။
#မကွေး
မဲဇလီကြိုးတံတား ကြံ့ခိုင်မှုမကောင်းပါ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာ လမ်းမကြီးပေါ် မုန်းချောင်းကို ဖြတ်၍တည်ဆောက်ထားသည့် မဲဇလီဘေလီကြိုးတံတားမှာ ကြံ့ခိုင်မှုအဆင့် (၅) ရောက်ရှိနေသဖြင့် ယာဉ်သွားလာမှု ကန့်သတ်လိုက်ပြီ ဖြစ်သည်။
မေလမှစတင်၍ အန္တရာယ်ရှိအဆင့်သတ်မှတ်လိုက်ကာ ၁၃ တန်အထိသာ သွားလာခွင့်ပြုထားသည်။ လက်ရှိတွင် ယင်းတံတား၏ အောက်ဘက် ပေ ၂၀၀၀ အကွာတွင် ပေ ၇၂၀ ရှိသည့် ယာယီတံတားတစ်စင်းကို တစ်လအတွင်း အမြန်ဆုံးတည်ဆောက်မည်ဟုလည်း တံတားအထူးအဖွဲ့ (၅) က ဆိုထားသည်။
အရှည်ပေ ၉၄၀ ရှိသော အဆိုပါတံတားကို ၂၀၀၄ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။

ငွေကြေးအကျပ်အတည်းကြောင့် ပြန်မဆပ်နိုင်ကြခြင်းဖြစ်သည်။
#ရခိုင်
ချေးငွေမဆပ်တဲ့ တောင်သူကို အရေးယူမယ်
စိုက်ပျိုးစရိတ် ချေးငွေပြန်မဆပ်သည့် တောင်သူများကို ဥပဒေအရ အရေးယူမည်ဖြစ်သည်။
၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မိုးရာသီနှင့် ဆောင်းရာသီသီးနှံစိုက်ပျိုးရေး စရိတ်ချေးငွေ မဆပ်သည့် တောင်သူ ၁၄၀၀ ကျော်နှင့် ကြွေးကျန်ငွေ ကျပ်သိန်း ၅၂၀၀ ကျော် ရှိနေသည်။
ကြွေးကျန်များအတွက် ဘဏ်ဝန်ထမ်းများနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းကာ ပထမအဆင့်အနေနှင့် စည်းရုံးကောက်ခံနေကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရခိုင်ပြည်နယ်ဘဏ်ခွဲမန်နေဂျာ ဦးအေးသိန်းက ပြောဆိုသည်။ ဇွန်လကုန်အထိ ချေးငွေပြန်မဆပ်လျှင် အရေးယူတော့မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
#မန္တလေး
ပျံကျများ ဒုတိယထပ်မှာ ရောင်းချပါ
မန္တလေးမြို့ ဈေးချိုတော်ဝန်းကျင်တွင် အစားအသောက်များ ပျံကျရောင်းချသူများအနေနှင့် ဈေးချိုတော်ဒုတိယထပ်တွင် ရောင်းချနိုင်ရန် စီစဉ်ပေးမည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
ဈေးချိုတော်ဝန်းကျင်တွင် အစားအသောက်ပျံကျရောင်းချသည့် ဈေးသည်ပေါင်း ၅၀ ခန့်ရှိပြီး ဆိုင်ခန်းများကို အငှားစနစ်ဖြင့် ချထားပေးမည်ဖြစ်သည်။
ဈေးချိုတော်ဒုတိယထပ်တွင် အစားအသောက်ဆိုင်တန်း ဖွင့်လှစ်ရန်အတွက်လည်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက စီစဉ်ထားသည်။
#ပဲခူး
တစ်ကိုယ်တော်ဆန္ဒပြသည့် အယ်ဒီတာ
ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ပဲခူးအခြေစိုက် The Bago Weekly အယ်ဒီတာ ဦးရန်နိုင်အောင်က မေလ ၂၀ ရက်တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။
ပြည်သူများ၏ သတင်းအချက်သိပိုင်ခွင့်ကို ပိတ်ပင်တားဆီးသောကြောင့် ယင်းသို့ဆန္ဒပြရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
ဆန္ဒထုတ်ဖော်မှုကို ပဲခူးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရုံးရှေ့တွင် တစ်ကိုယ်တော် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး NLD အစိုးရလက်ထက်တွင် သတင်းမီဒီယာလွတ်လပ်ခွင့် ဆိုးရွားလာကြောင်း မကြာမီကပင် မီဒီယာများက ထုတ်ဖော်ပြောကြားထားပြီးဖြစ်သည်။
#တနင်္သာရီ
ကုမ္ပဏီနှစ်ခု လုပ်ကိုင်ခွင့်ရပ်
အရည်အသွေးညံ့ပစ္စည်းများသုံးစွဲခဲ့သည့် ဆောက်လုပ်ရေးကုမ္ပဏီနှစ်ခု၏ လုပ်ပိုင်ခွင့်များကို တနင်္သာရီတိုင်းအစိုးရက ရပ်စဲလိုက်ကြောင်း မေလတတိယပတ်အတွင်း ပြောသည်။
အစိုးရဘတ်ဂျက်ဖြင့်လုပ်ကိုင်သည့် လုပ်ငန်းများတွင် အဆိုပါကုမ္ပဏီနှစ်ခုသည် အရည်အသွေးညံ့ပစ္စည်းများကို သုံးစွဲခဲ့ခြင်းဖြစ်သည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကလည်း စာချုပ်ပါစည်းကမ်းချိုးဖောက်ခဲ့သည့် ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီရှစ်ခုကို တနင်္သာရီတိုင်းအစိုးရက အရေးယူခဲ့သေးသည်။