ICC

နယ်သာလန်နိုင်ငံသည်ဟိတ်မြို့တွင်ရှိသည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး(ICC) သည် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်မှုများအပေါ် တရားစီရင်ရာတွင် နောက်ဆုံးအဆင့်အဖြစ် အားထားရာတရားရုံးဖြစ်သည်။

ယင်းတရားရုံးထူထောင်ရေး သဘောတူစာချုပ်ဖြစ်သည့် ရောမရပ်တည်ချက် (The  Rome Statue) မှုသည် ၂၀၀၂ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှ စတင်အသက်ဝင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာလုံးချီ ပြစ်မှုများကို တရားစီရင်သည့် အဆိုပါတရားရုံးတွင် ကမ္ဘာ့အင်အားအကြီးမားဆုံး အမေရိကန်ပြည်ထောင်စု မပါဝင်သလို ကမ္ဘာ့နိုင်ငံများအားလုံးအပေါ် သက်ရောက်နိုင်ခြင်းမရှိဘဲ အာဖရိကနိုင်ငံများအပေါ်တွင်သာ အဓိကတရားစီရင်နေမှုကြောင့်လည်း မေးခွန်းထုတ်ခံနေရသည်။ တရားရုံးတည်ရှိမှုသည် သက်ဆိုင်ရာနိုင်ငံများ၏ တရားစီရင်မှုကို လွှမ်းမိုးရန်မဟုတ်ဘဲ ယင်းနိုင်ငံများ၏ တရားစီရင်မှုကို ဖြည့်စွက်ပေးရန်ဖြစ်သည်ဟု အဆိုပါတရားရုံးက ထုတ်ပြန်ထားသည်။

ကုန်လွန်ခဲ့သည့် ဆယ်စုနှစ်တွင်မူ ကမ္ဘာ့မြေပုံပေါ်၌ အပြည်ပြည်ဆိုင်ရာ တရားမျှတမှု ပေါ်ပေါက်နေရေး တရားရုံး သိသိသာသာ ကြိုးပမ်းအားထုတ်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဇွန်လတွင် အပြည်ပြည်ဆိုင်ရာတရားရုံးအဖွဲ့ဝင် ၁၂၃ နိုင်ငံရှိပြီး နိုင်ငံပေါင်းရှစ်ခုတွင် စုံစမ်းစစ်ဆေးနေသလို ဖြစ်စဉ်သုံးခုတွင် စီရင်ချက်ချမှတ်ခဲ့ပြီးဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ ရာဇဝတ်မှု များအတွက် အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် တာဝန်ရှိသော်လည်း ယင်းကဲ့သို့ ပမာဏကြီးမားသည့် တာဝန်နှင့် ကမ္ဘာလုံးချီ လွှမ်းခြုံထားမှုကြောင့်လည်း တရားရုံး၏ လိုအပ်ချက်များသာ ပိုမိုပေါ်လွင်လျက်ရှိသည်။ ထို့ကြောင့်လည်း တိုးပွားလာသည့် မျှော်လင့်ချက်များကို လက်တွေ့ပြည့်မီနိုင်ရေး ရုန်းကန်နေရသည်။

ဖွဲ့စည်းပုံ

ရောမရပ်တည်ချက်အရ သီးခြားအဖွဲ့အစည်းသုံးရပ်ဖြစ်သည့်အဖွဲ့ဝင်နိုင်ငံများညီလာခံ၊ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး၊ မတရားခံခဲ့ရသူများအတွက် ရန်ပုံငွေအဖွဲ့တို့ ဖွဲ့စည်းထားသည်။ အဖွဲ့ဝင်နိုင်ငံများ ညီလာခံသည် တရားသူ ကြီးများနှင့် ရှေ့နေများတင်မြှောက်ခြင်း၊ တရားရုံးဘတ်ဂျက် အတည်ပြုခြင်းအပါအဝင် တရားရုံးစီမံခန့်ခွဲမှုကို ကြီးကြပ်သည်။ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် အဖွဲ့လေးခု ပါဝင်သည်။ ဥက္ကဋ္ဌရုံးသည် နိုင်ငံများနှင့် ဆက်ဆံရေး၊ တရားသူကြီးများ၊ အခြေအနေများနှင့် ဌာနများကို တာဝန်ခွဲဝေပေးခြင်း စသည့် တရားရေးကိစ္စများ ညှိနှိုင်းပေးခြင်း၊ မှတ်တမ်းရုံး၏ အုပ်ချုပ်ရေးကိစ္စရပ်များ ကြီးကြပ်ခြင်းတို့ လုပ်ဆောင်သည်။ တရားရေးဌာနတွင် တရားသူကြီး ၁၈ ဦးရှိပြီး တရားမစီရင်ခင်၊ တရားစီရင်ခြင်း၊ အယူခံဝင်ခြင်းဟူ၍ ဌာနခွဲ သုံးခုရှိကာ တရားစီရင်မှု လုပ်ဆောင်သည်။ တရားလိုရှေ့နေများဌာန (OTP) သည် သီးခြားလွတ်လပ်သည့်အဖွဲ့ဖြစ်ကာ ကနဦးစစ်ဆေးမှု၊ စုံစမ်းမှုနှင့် တရားစွဲဆိုခြင်း လုပ်ဆောင်သည်။ မှတ်တမ်းရုံးသည် တရားစီရင်မှုမဟုတ်သည့် အလုပ်များဖြစ်သော လုံခြုံရေး၊ ဘာသာပြန်ဆိုရေး၊ ထိတွေ့ရေး၊ တရားခံနှင့် မတရားခံရသူများကို အထောက်အပံ့ပေးခြင်း စသည်တို့ လုပ်ဆောင်သည်။ မတရားခံရသူများအတွက် ရန်ပုံငွေဌာနသည် ယင်းကဲ့သို့ ခံစားခဲ့ရသူများကို အကူအညီနှင့် အထောက်အပံ့ပေးသည်။

တရားရေး ဖြစ်စဉ်

ရာဇဝတ်မှုဖြစ်ပွားပြီးနောက် လုပ်ဆောင်သည့် တရားရေးဖြစ်စဉ်သည် ကနဦးစစ်ဆေးမှုဖြစ်သည်။ ယင်းနောက်တွင် စုံစမ်းစစ်ဆေးမှု၊ တရားမစီရင်ခင်အဆင့်၊ တရားစီရင်သည့်အဆင့်၊ အယူခံဝင်သည့်အဆင့်နှင့် ပြစ်ဒဏ်ချမှတ်ခြင်း အဆင့်တို့ပါဝင်သည်။ တရားရုံးထူထောင်သည့် ၂၀၀၂ ခုနှစ် ဇူလိုင် ၁ ရက်နေ့ သို့မဟုတ် ယင်းနေ့နောက်ပိုင်းတွင် ဖြစ်ပွားသည့် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်မှု၊ စစ်ရာဇဝတ်မှုတို့ကိုသာ တရားရုံးက ကိုင်တွယ်သည်။ ယင်းကာလမတိုင်ခင် အမှုများအပေါ် တရားစီရင်ခြင်းမရှိပေ။

အမှုတစ်ခုကို တရားရုံးကိုင်တွယ်နိုင်ရေးအတွက် ရာဇဝတ်မှုသည် အဖွဲ့ဝင်နိုင်ငံမှ နိုင်ငံသား ကျူးလွန်ခြင်း၊ အဖွဲ့ဝင်နိုင်ငံ၏နယ်မြေတွင် ဖြစ်ပွားခြင်း သို့မဟုတ် တရားရုံး၏ တရားစီရင်မှုကို လက်ခံထားသည့် နိုင်ငံတစ်ခုတွင် ဖြစ်ပွားခြင်းတို့ဖြစ်ရမည်။ သို့မဟုတ် ကုလသမဂ္ဂပဋိညာဉ် အခန်း ၇ အရ လုံခြုံရေးကောင်စီက အပြည်ပြည်ဆိုင်ရာတရားရုံး တရားလိုရှေ့နေများထံသို့ လွှဲပြောင်းပေးသည့် ရာဇဝတ်မှုဖြစ်ရမည်။ လုံခြုံရေးကောင်စီ၏ ညွှန်းဆိုမှုမရှိပါက တရားလိုရှေ့နေများအနေနှင့် ၎င်းတို့ကိုယ်တိုင် စုံစမ်းမှုလုပ်ဆောင်နိုင်သည်။ ထို့အပြင် တရားမစီရင်ခင်ဌာန၏ ကြိုတင်ခွင့်ပြုချက်ရရှိပြီးပါက အဖွဲ့ဝင်နိုင်ငံတစ်ခုခု၏ တောင်းဆိုမှုအရလည်း တရားစီရင်နိုင်သည်။ ပတ်သက်လျက်ရှိသည့်နိုင်ငံ ကျူးလွန်သည့် ရန်စမှုအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် ချ မချ သို့မဟုတ် လုံခြုံရေးကောင်စီကို ဖြစ်စဉ်နှင့်ပတ်သက်၍ တရားလိုရှေ့နေများက တရားဝင်အသိပေးပြီး ခြောက်လအတွင်း ကောင်စီကဆုံးဖြတ်ခြင်း ရှိ မရှိ ကို ဦးစွာသေချာအောင် လုပ်ဆောင်ရမည်။ ယင်းအခြေအနေအောက်တွင်ပင် အဖွဲ့ဝင်မဟုတ်သည့်နိုင်ငံတွင် ကျူးလွန်သည့် ရာဇဝတ်မှုကို တရားရုံးက တရားစီရင်ပိုင်ခွင့်မရှိပေ။ ထို့အပြင် တရားရုံး၏ တရားစီရင်မှုကို လက်မခံဟု ထုတ်ပြန်ထားသည့်အဖွဲ့ဝင်နိုင်ငံ သို့မဟုတ် ၎င်းနိုင်ငံ၏ နိုင်ငံသားအပေါ် တရားစီရင်ပိုင်ခွင့်မရှိပေ။

တရားရုံးသည် အသက် ၁၈ နှစ်အောက်အရွယ်ရှိသူ ကျူးလွန်သည့် ရာဇဝတ်မှုကို တရားစီရင်မည်မဟုတ်ပေ။ တရားလိုရှေ့နေများ စုံစမ်းခြင်းမပြုခင်တွင် ယင်းဖြစ်စဉ်တွင် လုံလောက်သည့် အထောက်အထား၊ တရားစီရင်ပိုင်ခွင့်၊ ပြင်းအား၊ ရှုပ်ထွေးမှု၊ တရားရေးအရ အကျိုးစီးပွားရှိ မရှိ စသည်တို့ကို ကနဦး စစ်ဆေးရမည်ဖြစ်သည်။ စုံစမ်းစစ်ဆေးနေ စဉ်ကာလအတွင်း အပြစ်ရှိခြင်းနှင့် အပြစ်မှ ကင်းလွတ်ခြင်း အထောက်အထားများကို စုဆောင်း၊ ဖော်ထုတ်ရမည်။ အပြစ်ရှိကြောင်း အတည်ပြုနိုင်ခြင်း မရှိခင်အထိ တရားခံသည် အပြစ်ကင်းကြောင်း သတ်မှတ်ရမည်။ အထောက်အထား ပြသရေးသည် တရားလိုရှေ့နေနှင့်သာ ဆိုင်သည်။ တရား စီရင်မှု အဆင့်အားလုံးတွင် တရားခံထံတွင် ဘာသာစကား အခွင့်အရေးရှိသည်။ ထို့ကြောင့် သူ သို့မဟုတ် သူမ နားလည် သည့်ဘာသာစကားဖြင့်သာ တရားစီရင်ရ မည်ဖြစ်ပြီး ဘာသာပြန်များ၊ စကားပြန်များ ထားရှိရမည်။ ထိန်းသိမ်းရေး ၀ရမ်းကို တရားစီရင်ခြင်း မတိုင်ခင် တရားသူကြီး များက ထုတ်ရမည်ဖြစ်ပြီး တရားခွင်သို့အမှုရောက်လာချိန်တွင် လုံလောက်သည့်အထောက်အထားရှိရမည်။ အမှုတရားခွင်သို့မရောက်ခင်တွင် တရားခံကို သံသယရှိသူဟုသာ ရည်ညွန်းရမည်။ အမှုကို တရားခွင်သို့တင်ပြီး ပြစ်မှုကို အတည်ပြုပြီးပါက တရားခံကို စွပ်စွဲခံရသူဟု ရည်ညွန်းရမည်။ တရားလို ရှေ့နေ၊ တရားခံ၊ မတရားခံရသူ၏ ရှေ့နေများ၏ အထောက်အထားများကို တရားသူကြီးက ကြားနာရမည်။ တရားလိုရှေ့နေ သို့မဟုတ် တရားခံထံမှလာသော အယူခံကို အယူခံတရားသူကြီး က စီရင်သည်။ အပြစ်မရှိကြောင်း တွေ့ရှိပြီး ဖြစ်စဉ်ကို ပိတ်သိမ်းလိုက်သော်လည်း တရားလိုရှေ့နေက အထောက်အထားသစ် တင်ပြပါက ယင်းဖြစ်စဉ်ကို ပြန်လည်စတင် နိုင်သည်။

အချက်အလက်

အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံးတွင် နိုင်ငံပေါင်း ၁၀၀ ခန့်မှ ဝန်ထမ်း ၉၀၀ ကျော်ရှိသည်။ တရားရုံး၏ ရုံးသုံးဘာသာစကားအဖြစ် အင်္ဂလိပ်၊ ပြင်သစ်၊ အာရပ်၊ တရုတ်၊ ရုရှားနှင့် စပိန်တို့ကို သတ်မှတ်ထားသော်လည်း လုပ်ငန်းလည်ပတ်ရာတွင် အသုံးပြုသည့်ဘာသာမှာ အင်္ဂလိပ်နှင့် ပြင်သစ်တို့ဖြစ်သည်။ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံ၊ ကင်ဆနာနှင့် ဘူနီယာ၊ ယူဂန်ဂါနိုင်ငံ ကန်ပလာ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ ဘန်ဂူအီ၊ ကင်ညာနိုင်ငံ နိုင်ရိုဘီ၊ ကိတ်ဒီဗာနိုင်ငံ အဘစ်ဂျန်တို့တွင် ဒေသဆိုင်ရာရုံးခွဲခြောက်ခုဖွင့်လှစ်ထားသည်။ ဌာနချုပ်ကို နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့တွင်ထားရှိသည်။ ၂၀၁၈ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ တရားရုံးဘတ်ဂျက်သည် ယူရို ၁၄၇ သန်း ကျော်ရှိသည်။ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့က တရားရုံးအသုံးစရိတ်ကို အများဆုံးထည့်ဝင်သည်။

ကနဦးစစ်ဆေးမှုကို အာဖဂန်နစ္စတန်၊ ကိုလံဘီယာ၊ ဂါဘွန်၊ ဂူနီယာ၊ အီရတ်/UK၊ နိုင်ဂျီးရီးယား၊ ပါလက်စတိုင်း၊ ဖိလစ်ပိုင်၊ ယူကရိန်း၊ ဗင်နီဇွဲလားနိုင်ငံတို့တွင် လုပ်ဆောင်လျက်ရှိသည်။ စုံစမ်းစစ်ဆေးမှုများကို ယူဂန်ဒါ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဆူဒန်ဒါဖာ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ကင်ညာသမ္မတနိုင်ငံ၊ လစ်ဗျား၊ ကိတ်ဒီဗာ၊ မာလီ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ ၂၊ ဂျော်ဂျီယာနှင့် ဘူရွန်ဒီတို့တွင် လုပ်ဆောင်လျက်ရှိသည်။

စီရင်ချက် ချမှတ်မှု

တရားရုံး၏ ပထမဆုံးအကြိမ် စီရင်ချက်ချမှတ်မှု ၂၀၁၂ ခုနှစ် မတ်လတွင် ပေါ်ပေါက်လာသည်။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ သောမတ်လူဘန်ဂါကို စစ်ပွဲအတွင်း ကလေးစစ်သားအသုံးပြုမှုဖြင့် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့သည်။ တရားရုံးသို့ ရောက်ရှိလာသည့် ရာထူးအကြီးဆုံးပုဂ္ဂိုလ်သည် အိုင်ဗရီကို့စ်သမ္မတဟောင်း လောရန့်ဂတ်ဘိုဖြစ်ပြီး ၎င်းကို လူသတ်မှု၊ မုဒိန်းမှု၊ လိင်ပိုင်းအကြမ်းဖက်မှု၊ လူသားမဆန်စွာပြုမူမှုများဖြင့် ၂၀၁၁ ခုနှစ်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အခြားသော လူသိများသည့်ဖြစ်စဉ်သည် ကင်ညာသမ္မတ ယူဟူရာကန်ယတာကို ၂၀၀၇-၀၈ ရွေးကောက်ပွဲအပြီးပေါ်ပေါက်လာသည့် လူမျိုးစုအကြမ်းဖက်မှုများကြောင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်မှုဖြင့် တရားစွဲဆိုခဲ့မှု ဖြစ်သည်။ သို့သော် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် အဆိုပါအမှုကို တရားရုံးက ရပ်ဆိုင်းလိုက်သည်။

အမေရိကန်ပြည်ထောင်စု မပါရခြင်း

အမေရိကန်စစ်သားများကို နိုင်ငံရေးအရလှုံ့ဆော်မှုရှိသော၊ မရေရာသောပြစ်မှုများဖြင့် တရားစွဲကြလိမ့်မည်ဟု အမေရိကန်ပြည်ထောင်စုက ထောက်ပြကာ တရားရုံးတွင် မပါပေ။ ယင်းနောက် များစွာသောချွင်းချက်နှင့် ကာကွယ်မှုများ လုပ်ဆောင်ပြီးနောက်တွင် ဘီလ်ကလင်တန် သမ္မတအဖြစ်တာဝန်ယူခဲ့သည့် နောက်ဆုံးနေ့ရက်များတွင် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ သို့သော်လည်း ယင်းစာချုပ်ကို အမေရိကန်လွှတ်တော်က မည်သည့်အခါမျှ အတည်မပြုပေ။ တရားရုံးကို ဘုရှ်အုပ်ချုပ်ရေးအဖွဲ့က ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သလို ရာဝဇတ်မှု တရားစီရင်ရေးအပေါ် အမေရိကန်၏ အချုပ်အခြာအာဏာကို ရေရောမည့်ဖြစ်စဉ်မှန်သမျှကို ဆန့်ကျင်ခဲ့သည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး၏ တရားစွဲဆိုမှုမှ အမေရိကန်စစ်သားများကို ကင်းလွတ်ခွင့်မပေးပါက ဘော့စနီးယားရှိ ကုလတပ်များမှ အမေရိကန်တပ်ဖွဲ့ကို ရုပ်သိမ်းမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထို့ကြောင့် အမေရိကန်တပ်များကို ၁၂ လတာ ကင်းလွတ် ခွင့်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ၂၀၀၂ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သလို နှစ်စဉ်အတည်ပြုပေးခဲ့သည်။ တရားရုံးတွင် အမေရိကန်ပါဝင်ခြင်းမရှိသဖြင့် တရားစီရင်ရေး အားပျော့ခဲ့ရသော်လည်း သီးခြားဖြစ်စဉ်များတွင် ပူးပေါင်းပါဝင်နိုင်မှုကို ဝါရှင်တန်က ငြင်းဆိုခြင်း မရှိပေ။

ကိုးကား – ICC, BBC, Human Rights Watch

ချမ်းမြေ့

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *