လမ်း (၇) တရုတ်ပြည်၏ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် စီမံကိန်းနှင့် ပိုးလမ်းမသစ်အပေါ် အမေရိကန်၏တုံ့ပြန်ချက်

၂၀၁၆ ခုနှစ်တွင် အိန္ဒိယက သဘောတူညီချက်တစ်ရပ်ကို ထုတ်ပြန်ကြေညာလိုက်ခြင်းဖြင့် CPEC ကို တရားဝင်တုံ့ပြန်လိုက်သည်။ အိန္ဒိယ၊ အီရန်နှင့် အာဖဂန်နစ္စတန် သုံးနိုင်ငံသဘောတူညီချက်အရ ဂွာဒါအနောက်ဘက် မိုင် (၃၀) အကွာ အာရေဗျပင်လယ်၏ အီရန်ဆိပ်ကမ်း ‘ချာဘာဟာ’ ကိုအခြေခံ၍ အခြားသောကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး စင်္ကြံတစ်ခု တည်ဆောက်တော့မည့်အကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။ အကယ်၍ ဤစီမံကိန်းသာ တည်ဆောက်ပြီးပါက ချာဘာဟာမှာ အာဖဂန်မြို့တော် ‘ကန်ဒါဟာ’ နှင့် ကားလမ်းဖြင့်ဆက်သွယ်နိုင်မည်ဖြစ်ပြီး ကုန်းတွင်းပိတ်အာဖဂန်နစ္စတန်ကို ပင်လယ်လမ်း ပွင့်သွားစေမည်ဖြစ်သည်။ ဤလမ်းကြောင်းကပင် ‘တာဂျစ် စတန်’ ‘ဥဇဘက်ကစ္စတန်’ နှင့် ‘တာ့မင်နစ်စတန်’ စသော ဗဟိုအာရှနိုင်ငံများကိုလည်း ၎င်းတို့ထွက်ကုန်ကျောက်မီးသွေးကို ဥရောပသို့တင်ပို့ရန် အချိန်နှင့် ကုန်ကျစရိတ် တစ်ဝက်မျှ သက်သာစေမည်ဖြစ်သည်။

ယခုချိန်အထိတော့ အိန္ဒိယမှာ အာဖဂန်နစ္စတန်နှင့်ရော ကျန်ဗဟိုအာရှနိုင်ငံများနှင့်ပါ ပါကစ္စတန်မှတစ်ဆင့်သာ ဆက်သွယ်နေရရာ အကန့်အသတ်များရှိနေသည်။ ပါကစ္စတန်ကလည်း အိန္ဒိယထရပ်ကားများ အာဖဂန်နစ္စတန်သို့ လမ်းပေါက်သွားမည်ကို တားမြစ်ထားသည်။ ချာဘာဟာ ကန်ဒါဟာစင်္ကြံလမ်းသာ တည်ဆောက်နိုင်လျှင် အိန္ဒိယအနေနှင့် ပါကစ္စတန်ကို အပိုင်အနိုင်ကိုင်လိုက်နိုင်ရုံမျှမက CPEC ၏ ကောင်းမွန်သော အလားအလာကိုပါ စိန်ခေါ်နိုင်မည်ဖြစ်သည်။ CPEC ဇာတ်လမ်း၏ သိပ်အားမကောင်းလှသော အချက်တစ်ခုမှာ ချာဘာဟာ၏ အာဖဂန်နစ္စတန်နှင့် အဆက်အသွယ်မှာ အီရန်လမ်းကွန်ရက်များနှင့် နယ်စပ်မြို့တော် ‘ဇာအန်နစ်’ ပါဝင်နေခြင်းပင်ဖြစ်သည်။ ဤအချက်က အီရန်အတွက် အာဖဂန်နစ္စတန် ဝင်ပေါက်ရစေရန် ထိထိရောက်ရောက် အကျိုးပြုပေလိမ့်မည်။ အမေရိကန်ပြည်ထောင်စုနှင့် သူ့မဟာမိတ်များကိုယ်တိုင်က အစ္စလာမ်မစ်သမ္မတနိုင်ငံ (အီရန်)ကို ထိန်းနိုင်ဖို့ကြိုးစားနေချိန်တွင် အီရန်၏ မဟာဗျူဟာအရေးပါမှုကို ဆိုခဲ့ပါအချက်က မြှင့်တင်ပေးရာရောက်ပါသည်။

အီရန်နိုင်ငံအပေါ် နိုင်ငံတကာအရေးယူပိတ်ဆို့မှုများ ဖယ်ရှားပြီး နောက်ပိုင်းတွင် တရုတ်သမ္မတ ရှီကျင်းဖျင် တီဟီရန်သို့ အလည်အပတ်ရောက်လာသည်။ သူ့ခရီးစဉ်အတွင်း နှစ်နိုင်ငံကုန်သွယ်ရေးကို လာမည့်ဆယ်စုအတွင်း ဒေါ်လာ ၆၀၀ ဘီလီယံထိရောက်အောင် ဆယ်ဆမြှင့်ဖို့ သဘောတူညီခဲ့ကြသည်။ ဤအချက်က တရုတ်တို့ကို ကတိပေးပြီးသား CPEC မှ သပ်သပ်ရပ်ရပ်ဆုတ်ခွာပြီး ၎င်း၏စိတ်ဝင်စားမှုကို ချာဘာဟာ ကန်ဒါဟာစင်္ကြံလမ်းသို့ ပြောင်းလဲသွားစေရန် သွေးဆောင်နိုင်ခဲ့ဟန်တူပါသည်။ ဤအပြောင်းအလဲက တရုတ်ပြည်အတွက် အကျိုးတစ်စုံတစ်ရာရှိစေသည်။ တရုတ်ပြည်အနေနှင့် CPEC ၏ ကြောက်မက်ဖွယ်မြေပြင်အနေအထားကို တွေ့ထိစရာမလိုတော့သလို အီရန်၏ အခြေခံအဆောက်အဦအများစုမှာလည်း တည်ဆောက်ပြီးဖြစ်ရာ ခေတ်မီအောင်အဆင့်မြှင့်ရန်သာ လိုတော့သည်။ ထို့ထက် အီရန်မှတစ်ဆင့်သွားသောလမ်းကြောင်းမှာ ပါကစ္စတန်မှတစ်ဆင့်သွားသောလမ်းကြောင်းထက် လုံခြုံရေးအရ ပို၍အာမခံချက်ရှိနေသည်။

လုံခြုံရေးအရ မပြည့်စုံသော ပါကစ္စတန်ထက် ထိရောက်သော လမ်းကြောင်းအဖြစ် အီရန်ကိုအသုံးပြုမည်ဆိုလျှင် တရုတ်ပြည်အတွက် စိုးရိမ်မကင်းဖြစ်စရာဆို၍ တစ်ခုပဲရှိပါသည်။ ပါကစ္စတန်အစိုးရအနေနှင့် လူနည်းစုများနှင့် ခွဲထွက်ရေးဝါဒီများ၏ လှုပ်ရှားမှုများကို ထိထိရောက်ရောက် နှိမ်နှင်းနိုင်ရန် အရှိန်မြှင့်လိုက်မည့်အရေးပင်ဖြစ်သည်။ ယခုပင်လျှင် ‘ဘလူချစ်စတန်’ ဒေသ တည်ငြိမ်ရေးအတွက် နောက်ထပ် အင်အား ၆၀,၀၀၀ ကျော် ချထားပြီးပြီဟု အစိုးရက ကြေညာထားသည်။ ဤပြဿနာကြီးထွားလာလျှင် ပြည်တွင်းမငြိမ်သက်မှုများ ပေါ်ထွက်လာနိုင်သည်။ အစ္စလာမ်မာဘက်နှင့် ဆွေးနွေးရာတွင် ‘ဘလူချီ’ လက်နက်ကိုင်များ၏ အဓိကတောင်းဆိုချက်မှာ ပြည်နယ်အတွင်း စစ်တပ်များ စစ်ရေးလှုပ်ရှားမှုများ ကင်းစင်စေရေးဖြစ်သည်။

အခြားတစ်ဖက်မှ ကြည့်ပြန်လျှင်လည်း ‘ချာဘာဟာ – ကန်ဒါဟာ’ စင်္ကြံလမ်းမှာ တရုတ်ပြည်အနောက်ခြမ်းဒေသများနှင့် တိုက်ရိုက် အဆက်အသွယ်ရှိသည်တော့မဟုတ်ပါ။ နောက်ထပ် BRI စီမံကိန်းတစ်ခု ထပ်ဖြည့်ပါမှ ဤအတိုင်းဖြစ်ပါလိမ့်မည်။ ရှေ့တွင်ဆက်လက်ဖော်ပြမည့် တရုတ် – ဗဟိုအာရှ – အနောက်အာရှ စီးပွားရေးစင်္ကြံ (CCWAEC) သည်လည်း နောက်ထပ်စိန်ခေါ်ချက်တစ်ခုဖြစ်သည်။ သို့အတွက် ယခုလောလောဆယ်တွင်တော့ တရုတ်ပြည်မှာ နှစ်ဖက်ခွထားသည့်သဘောရှိသည်။ လမ်းကြောင်းနှစ်ခုလုံးကို ရင်းနှီးမြှုပ်နှံမည့်ပုံရှိသည်။ ဂွာဒါနှင့် ချန်ဘာဟာကိုပင် နယ်စပ်ဖြတ်ကျော်ရထားလမ်းနှင့် ကားလမ်းအတိုများ ဖောက်လုပ်ကောင်း ဖောက်လုပ်လာနိုင်သည်။

၎။ စတုတ္ထမဏ္ဍိုင်

ဘင်္ဂလားဒေ့ရှ် – တရုတ် – အိန္ဒိယ – မြန်မာ စီးပွားရေးစင်္ကြံ (BCIMEC)
တောင်အာရှသို့ နိုင်ငံတကာထွက်ပေါက်တစ်ခုဟု ရည်ညွှန်းဖော်ပြနေကြသော BCIMEC မှာ အနှစ်သာရကျကျဆိုရလျှင် တရုတ်ပြည် ယူနန်ပြည်၏မြို့တော် ကူမင်း၊ အိန္ဒိယမှ ကိုးလ်ကတ္တား၊ မြန်မာမှ မန္တလေးနှင့် ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာတို့ကို အမြန်လမ်းမကြီးနှင့် မြန်နှုန်းမြင့်ရထားလမ်းတို့ဖြင့် ချိတ်ဆက်ထားခြင်းဖြစ်သည်။ အဆိုပါလေးနိုင်ငံမှာ ‘မြေတံတား’ နှင့် ချိတ်ထားရုံမျှမက တစ်နိုင်ငံနှင့်တစ်နိုင်ငံ လေကြောင်းနှင့် ရေကြောင်းပါ ချိတ်ဆက်ပြီး ပါဝါထုတ်လွှင့်ရေးလမ်းကြောင်းနှင့် ရေနံပိုက်လိုင်းများကိုပါ တည်ဆောက်ဖို့ သဘောတူညီချက်ရထားသည်။ အဆိုပါစင်္ကြံမှာ လူပေါင်း သန်း ၄၀၀ ကျော်၏ စုပေါင်းဈေးကွက်တစ်ခုနှင့် ချိတ်ဆက်ထားမည်ဖြစ်သည်။ အဆိုပါလူဦးရေထဲတွင် အိန္ဒိယ၏ စတုတ္ထမြောက်လူဦးရေအထူထပ်ဆုံး အနောက်ဘင်ဂေါပြည်နယ်လည်းပါသည်။

အကယ်၍ MSR နှင့် CPEC တို့မှာ အိန္ဒိယအတွက် စိုးရိမ်ပူပန်စရာ ရေခံမြေခံတစ်ခုဖြစ်နေသည်ဆိုလျှင် BCIMEC ကား အခြားအရာများထက် အာရှ၏ဖွံ့ဖြိုးမှုနောက်အကျဆုံးဒေသတစ်ခုဖြစ်သည့် အိန္ဒိယအရှေ့ဘက်ခြမ်းပြည်နယ်များဖြစ်သော ‘ညီမခုနစ်ဖော်’ အတွက်မူ မျှော်လင့်ချက်များ ယူဆောင်ပေးနိုင်ပါသည်။ ‘ညီမခုနစ်ဖော်’ အဖြစ် တင်စားခေါ်ဝေါ်ကြသော ဆိုခဲ့ပါ ပြည်နယ်ခုနစ်ခုမှာ ‘အာရန် အချယ်လ်ပရာဒက်ခ်ျ’ ၊ ‘အာဆံ’ ၊ ‘မဂါလယာ’ ၊ ‘မနိပါ’ ၊ ‘မီဇိုရမ်’၊ ‘နာဂလန်း’ နှင့် ‘တွိုင်ပူရ’ တို့ဖြစ်သည်။ ဤပြည်နယ်ခုနစ်ခု၏ လူဦးရေစုစုပေါင်းမှာ သန်း ၅၀ ထိ ဖြစ်သွားနိုင်သည်။ ယခုလောလောဆယ်တွင်မူ ဆိုခဲ့ပြီးသော ပြည်နယ်များမှာ အိန္ဒိယ၏ကျန်ဒေသများနှင့် ကျဉ်းမြောင်းသော ဆီလီဂူရိစင်္ကြံလမ်းနှင့်သာ ဆက်သွယ်နိုင်ပြီး ဘူတန် ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့် မြန်မာတို့၏ ဝိုင်းရံမှုကို ခံနေရသည်။ စီးပွားရေးဖွံ့ဖြိုးမှုဘက်မှ ကြည့်မည်ဆိုလျှင် ‘ညီမခုနစ်ဖော်’ မှာ အိန္ဒိယ၏ အဆင်းရဲဆုံးပြည်နယ်များဖြစ်ပြီး ဤသို့ဖြစ်ရသည်မှာလည်း အဓိကအားဖြင့် ပင်လယ်ထွက်ပေါက် ပျောက်နေသောကြောင့်ဖြစ်သည်။ BCIMEC မှာ ‘ညီမခုနစ်ဖော်’ အတွက် ဘင်္ဂလားပင်လယ်အော်နှင့် ချိတ်ဆက်ပေးရုံမျှမက တရုတ်ပြည်မကြီး၏ ကျယ်ပြောလှသော ဈေးကွက်နှင့်ပါ ဆက်ပေးနိုင်မည့် အခွင့်အလမ်းကောင်းတစ်ရပ်ရှိနေသည်။

တရုတ်ပြည်အတွက်မူ BCIMEC မှာ မနည်းလှသော အကျိုးကျေးဇူးတွေရဖို့ရှိနေသည်။ တရုတ်ပြည်၏ အနောက်တောင်ပိုင်းပြည်နယ်များကို အလွန်ကြီးမားသော အိန္ဒိယဈေးကွက်ကြီးနှင့် ချိတ်ဆက်ပေးနိုင်ရုံမက တရုတ်ပြည်အတွက် ဘင်္ဂလားပင်လယ်အော်ထွက်ပေါက်ကိုလည်းပေးသည်။ ဒုတိယအချက်မှာ တရုတ်ပြည်ကို မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦအတွက် အစောဆုံးရင်းနှီးမြှုပ်နှံသူ ဖြစ်လာစေခြင်းပင်ဖြစ်သည်။ လူဦးရေ ၅၅ သန်းမျှရှိသော မြန်မာနိုင်ငံမှာ ယခုအခါ ဆယ်စုနှစ်များနှင့်ချီ၍ ကြာမြင့်ခဲ့ရသော နိုင်ငံရေး၊ စီးပွားရေး အထီးကျန်ဘ၀မှ ရုန်းထွက်နိုင်ခဲ့ပြီဖြစ်သည်။ မကြာသေးခင်က အရေးယူပိတ်ဆို့မှုနှင့် ခရီးသွားလာမှုတားမြစ်ချက်များ ဖယ်ရှားပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ကမ္ဘာ့အမြန်ဆုံး စီးပွားရေးတိုးတက်လာမည့် ဒေသတစ်ခု ဖြစ်လာနိုင်စရာရှိသည်။ ၎င်း၏ဈေးချိုသောလုပ်အားကြောင့်လည်း မကြာမီမှာပင် အာရှ၏ ထုတ်လုပ်ရေးဗဟိုချက်အသစ် ဖြစ်လာဖွယ်ရှိသည်။ တရုတ်ပြည်အနေနှင့် မြန်မာနိုင်ငံ၏ အဆိုပါအလားအလာများကို အသေအချာဖော်ထုတ်အသုံးချနိုင်ပါလိမ့်မည်။

သို့နှင့်တိုင် မြန်မာမှာ ကျန်အာရှစီးပွားရေးနှင့် ပေါင်းစပ်နိုင်ရန် လိုအပ်သော သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အဦ အားနည်းနေသည်။ ထို့ထက် လတ်တလော စွမ်းအင်ချို့တဲ့မှုနှင့်လည်း ရင်ဆိုင်နေရသည်။ လူဦးရေ၏ ၃၀ ရာခိုင်နှုန်းလောက်သာ လျှပ်စစ်ကွန်ရက်စနစ်နှင့် ချိတ်ဆက်ထားနိုင်သည်။

တရုတ်ပြည်၏ မြန်မာနိုင်ငံနှင့် ပေါင်းစည်းရေးဖြစ်စဉ်မှာ ယခုပင် စတင်နေပြီဖြစ်သည်။ ကျောက်ဖြူမှ နမ်းခမ်းကိုဖြတ်၍ တရုတ်ပြည် ရွှေလီထိရောက်သော ပိုက်လိုင်းသစ်တစ်ရပ်ကို နှစ်နိုင်ငံသဘောတူ ဖောက်လုပ်ထားကြသည်။ ဤပိုက်လိုင်းမှတစ်ဆင့် မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှ သဘာဝဓာတ်ငွေ့၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံတို့ကို တရုတ်ပြည်သို့ပို့ပေးမည်ဖြစ်သည်။ တရုတ်ပြည်အနေနှင့် မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေးကိုလည်း အကူအညီပေးလျက်ရှိသည်။ မြန်မာပြည်အနှံ့ ရေကာတာပေါင်း ၄၃ ခုကို တည်ဆောက်ပေးနေသည်။ နောက်ထပ် ဒေသတွင်း ဆက်သွယ်ရေးစီမံကိန်းများကား စာရင်းစာရွက်ပေါ်တွင် အပြည့်ဖြစ်သည်။ ဥပမာအားဖြင့် အိန္ဒိယ၏ နယ်စပ်ပြည်နယ်တစ်ခုဖြစ်သော မီဇိုရမ်မှ မြန်မာနိုင်ငံ၏ ပင်လယ်ရေနက်ဆိပ်ကမ်း စစ်တွေသို့ ဆက်သွယ်သောလမ်းဆိုလျှင် မိုင်ပေါင်း ၈၀၀ ကျော်ဝေးသည်။ သို့တစေ မီဇိုရမ်မှာ စစ်တွေနှင့် ကုလားတန်မြစ်မှတစ်ဆင့် ဆက်သွယ်လို့ရနိုင်သည်။ ဤလမ်းကိုသုံးလျှင် မြန်မာမှ ‘ညီမခုနစ်ဖော်’ သို့ ခရီးမိုင်တစ်ဝက်တိတိ ကျုံ့သွားနိုင်သည်။ သို့တိုင် ကုလားတန်လမ်းကြောင်းမှာ BRI တွင် အကျုံးဝင်သည်တော့မဟုတ်ပါ။ သို့နှင့်တိုင် တရုတ်ပြည်ကသာ ငွေရေးကြေးရေးနှင့် မဟာဗျူဟာအရ စီမံကိန်းအတွက် အကျိုးရှိလိမ့်မည်ဟု ယူဆလျှင်မူ BRI ဘောင်ထဲတွင် ပါကောင်းပါသွားနိုင်သည်။

BCIMEC မှာ ဘင်္ဂလားဒေ့ရှ်အတွက်မူ အားဆေးတစ်ခွက်ဟု ဆိုနိုင်လောက်သည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း ဒါကာသို့ သွားရောက်ခဲ့သောခရီးစဉ်အတွင်း (ဤခရီးစဉ်မှာ နှစ်ပေါင်း ၃၀ အတွင်း တရုတ်ခေါင်းဆောင်တစ်ယောက်၏ ပထမဆုံးခရီးစဉ်ဖြစ်သည်။) သမ္မတရှီက ဒေါ်လာ ၂၄ ဘီလီယံထုတ်ချေးရန် ကတိပေးခဲ့သည်။ ထိုမျှမက ဓာတ်အားပေးစက်ရုံတစ်ခုနှင့် ‘ဆိုနာဒီယာကျွန်း’ တွင် ပင်လယ်ရေနက်ဆိပ်ကမ်းတစ်ခု တည်ဆောက်ရေးအပါအဝင် စီမံကိန်းပေါင်း ၂၅ ခုအတွက်လည်း အရင်းအနှီးစိုက်ထုတ်ပေးမည်ဖြစ်သည်။ ဤသည်မှာ ၂၀၁၅ ခုအတွင်း အိန္ဒိယက ဘင်္ဂလားဒေ့ရှ်သို့ပေးဖို့ အာမခံထားသော ချေးငွေထက် ဆယ်ဆကျော်ပိုပါသည်။

အခြားသော BRI စင်္ကြံများလိုပင် BCIMEC မှာ လူရော၊ သဘာဝနှစ်ခုလုံး၏ စိန်ခေါ်မှုခံနေရသည်။ ဤလမ်းကြောင်း၏ သေးငယ်သောအစိတ်အပိုင်းတစ်ရပ်မှာ ‘အာရန်အချယ်လ်ပရာဒက်ခ်ျ’ ကို ဖြတ်သွားရမည်ဖြစ်ရာ ဤဒေသမှာ အိန္ဒိယနှင့် တရုတ်တို့ နယ်မြေအငြင်းပွားရာ ဒေသဖြစ်နေသည်။ သို့အတွက် လမ်းကြောင်းကိုယ်တိုင်က ပြဿနာဖြစ်နေရသည်။ ထို့ထက် ဤတစ်ကျောမှာ အိန္ဒိယအရှေ့ပိုင်း ခွဲထွက်ရေးဝါဒီများ၏ ပုန်ကန်မှုများပေါ်ထွက်လေ့ရှိရာ လုံခြုံရေးအရ စိတ်မချရဖြစ်နေသည်။ ၂၀၀၅ မှ ၂၀၁၅ အတွင်း ဤဒေသတစ်ခုတည်းမှာပင် လူပေါင်း ၅,၀၀၀ ကျော် အသတ်ခံခဲ့ရသည်။ နောက်ဆုံးနှင့် အရေးအကြီးဆုံးအချက်မှာ အဆိုပါစင်္ကြံ၏ စီးပွားရေးအလားအလာကို အကဲဖြတ် ချင့်တွက်ဖို့ရန်မှာ ယခုထက်တိုင် အချိန်မတိုင်သေးခြင်းဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်။

ကျော်ဝင်း (၂၉ မေ ၂၀၁၈)
စာညွှန်း – It Takes a Road

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *