လူ့အခွင့်အရေး နိဂုံးချုပ်ပြီလား

FP

အပြည်ပြည်ဆိုင်ရာအော်ဒါတွင် အဓိကကစားသမားအဖြစ် စတင်ပေါ်ထွက်လာသည့် ၁၉၇၀ ပြည့်လွန်နှစ်များ နောက်ပိုင်း အကြီးမားဆုံးသော စိန်ခေါ်ချက်ကို လူ့အခွင့်အရေးလှုပ်ရှားမှု ရင်ဆိုင်နေရသည်။

ယင်းအကျပ်အတည်းလားရာကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ၏ နှစ်ပတ်လည်အစီရင်ခံစာများ ၏ အဖွင့်ရေးသားချက်များတွင် တွေ့နိုင်သည်။ အဆိုပါအဖွဲ့၏ ၂၀၁၄ ခုနစ် အစီရင်ခံစာခေါင်းစဉ်ကို ‘အစုလိုက်အပြုံလိုက် ရက်စက်သတ်ဖြတ်မှုများ၊ လူများစု အနိုင်ကျင့်မှု၊ အလွဲသုံးစားအကြမ်းဖက်ဝါဒ တန်ပြန်မှု ရပ်’ ဟု ပေးထားသည်။ ၂၀၁၆ ခုနှစ်တွင်မူ ‘အကြောက်တရားနိုင်ငံရေး၊ အရပ်ဘက်လူ့အဖွဲ့အစည်းပေါ် ဖိနှိပ်မှုက ကမ္ဘာလုံးချီအခွင့်အရေးများအပေါ် ဘယ်လိုအနှောင့်အယှက်ဖြစ်စေလဲ’ ဟုသာ ရေးသားနိုင်တော့သည်။ ယင်းနောက်နှစ်တွင်မူ ‘ခေတ်သစ်လူ့အခွင့်အရေးလှုပ်ရှားမှု၏ ပြီးမြောက်အောင်မြင်မှုများကို ခေါင်းထောင်လာသည့် ပေါ်ပြူလာဝါဒီက ခြိမ်းခြောက်လျက်ရှိသည်’ဟုသာ သတိပေးနိုင်တော့သည်။ ၂၀၁၈ ခုနှစ် အစီရင်ခံစာတွင်မူ ‘ယခင်သုံးနှစ်ကကဲ့သို့ အခြေအနေ ဆိုးရွားခြင်း မရှိသော်လည်း လွန်စွာဆိုးရွားသည့်အနေအထားတွင် ဆက်လက်တည်ရှိနေသည်’ ဟု ဖော်ပြထားသည်။

ထို့ကြောင့်လည်း အောင်ပွဲရပြီးပြီဟု ယခင်က ယူဆထားသည့် တိုက်ပွဲပြန်တိုက်ရေး လူ့အခွင့်အရေးလှုပ်ရှားမှု ပြန်လည် ပြင်ဆင်လာရပြီဖြစ်သည်။ အလုံးစုံ ပြန်လည်သုံးသပ်ရန် ပြင်ဆင်နေသည့်အဖွဲ့သည် HRW အဖွဲ့တစ်ဖွဲ့တည်းသာ မဟုတ်ပေ။ ၂၀၁၇-၁၈ ခုနှစ် အစီရင်ခံစာတွင်လည်း အခြားသော လူ့အခွင့် အရေးအုပ်စုဖြစ်သည့် Amnesty International က ‘ပြီးခဲ့တဲ့နှစ်မှာ ခေါင်းဆောင်တွေက အမုန်းတရားတွေ၊ လူ့အခွင့်အရေးပေါ် တိုက်ခိုက်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကို လျစ်လျူရှုတာတွေ၊ ထိခိုက်ခံစားရမှု၊ မညီမျှမှုတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတာတွေကို ပျော်ပျော်ရွှင်ရွှင်ကို ခွင့်ပြုပေးနေပါတယ်’ဟု ဖော်ပြထားသည်။ ဥရောပတိုက်တွင် ပေါ်ပြူလာဝါဒီခေါင်းထောင်လာခြင်းနှင့် အတူ လူ့အခွင့်အရေးကို ချိုးဖျက်မည့် မုန်တိုင်းအားယူလာခြင်းကို မည်သည့်အတွက် ထင်ရှားသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအုပ်စုအများစု မျက်စိလျှမ်းမိခဲ့သနည်းဟု မေးရမည်။

လူ့အခွင့်အရေး လှုပ်ရှားမှုကို ဝေဖန်သုံးသပ်သူများ၊ ပညာရှင်များဖြစ်သည့် စတိဖန်ဟေ့ဂွတ်၊ ဆန်မြူရယ်မိုး၊ အဲရစ်ဆိုနာတို့ကဲ့သို့သောသူများက အဆိုပါလှုပ်ရှားမှု၏ဥပဒေဝါဒ (Legalism) လုံလောက်ခြင်း မရှိကြောင်း ကနဦးကတည်းက ခန့်မှန်းခဲ့ပြီးဖြစ်သည်။ လစ်ဘရယ်လူ့အခွင့်အရေးလှုပ်ရှားသူများ ယုံကြည်ခဲ့ကြသည်မှာ လိုက်နာရန် လိုအပ်မည့် ဥပဒေစံနှုန်းများကို ချမှတ်လိုက်ပါက လက်တွေ့အခြေအနေများသည်လည်း ယင်းနှင့် အလိုက်သင့်ပြောင်းလဲလာလိမ့်မည်ဟု ယူဆခဲ့ခြင်းဖြစ်သည်။ ယင်းဥပဒေပိုင်းဆိုင်ရာချဉ်းကပ်မှုတွင် ဂျာမန်ပညာရှင်ကားစမစ်၏ အိုင်ဒီယာပါဝင်ခြင်း မရှိပေ။ နိုင်ငံရေးအပေါ်တွင် ဥပဒေရှိနေမည့်အစား ဥပဒေသည် နိုင်ငံရေးနှင့် ခွဲထုတ်မရသည့် အစိတ်အပိုင်း ဖြစ်သင့်သည်ဟု ၎င်းက ယူဆသည်။ သို့သော်လည်း ဒုတိယကမ္ဘာ စစ်လွန်ကာလသည် ‘ကျင့်ဝတ်ပိုင်း တော်လှန်ရေးကာလ’ ဟု စာရေးဆရာ မိုက်ကယ်အစ်နက်တစ်က တစ်ခါက ရေးသားခဲ့ပြီး တစ်ကမ္ဘာလုံးကို လူ့အခွင့်အရေး အခြေပြု အပြည်ပြည်ဆိုင်ရာစနစ်လွှမ်းခြုံ မှု မည်သည့်အချိန်တွင် ပေါ်လာမည်ကို စောင့်ကြည့်ရန်သာ လိုတော့သည်ဟု ခန့်မှန်းခဲ့သည်။

ယင်းကဲ့သို့ရှောင်လွှဲမရ သေချာလှသည့် တိုးတက်မှုကြီးကို ဘရက်ဇစ်၊ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာမှု၊ တရုတ်နိုင်ငံ ပုံမှန်အားကောင်းလာမှုတို့က တစ်စစီခွဲချေလိုက်ပြီဖြစ်သည်။ သို့သော်လည်း ယဉ်ကျေးမှုနှင့် စနစ်အားလုံး၏ ကျင့်ဝတ်များသည် လူ့အခွင့်အရေးကို အနှေးနှင့် အမြန် လက်ခံလာမည်ဖြစ်သည်။ ထို့ကြောင့် လည်း HRW နှင့် AI တို့က အရှုံးကိုလက်ခံရန် ငြင်းဆန်နေခြင်းဖြစ်သည်။ စုပေါင်းထောက်ခံမှုသာရှိပါက လူ့အခွင့်အရေးလှုပ်ရှားမှု ပိုမိုထိရောက်လာမည် ဖြစ်သည်။

လက်တွေ့တွင်မူ ကမ္ဘာ့လုံးချီပါဝါမျှချေသည် လူ့အခွင့်အရေးကို ကိုင်စွဲသည့် အစိုးရများမှ ဝေးရာသို့ ယိမ်းလျက်ရှိပြီး ယင်းအရေးကို ရန်လို သို့မဟုတ် လျစ်လျူရှုသည့်ဘက်သို့ ဦးတည်လျက်ရှိသည်။ ဒုတိယအုပ်စုတွင် သိသာထင်ရှားစွာပင် တရုတ်၊ ရုရှား၊ တူရကီ၊ ဖိလစ်ပိုင်နှင့် ဗင်နီ ဇွဲလားတို့ ပါဝင်လျက် ရှိသည်။ လူ့အခွင့်အရေးလှုပ်ရှားမှုတွင် အသေးစားနှင့် အငယ်စားတိုင်းပြည်များ ဝင်ရောက်လှုပ် ရှားလာသည့်တိုင်အောင် အဓိကပါဝါများသည် လှုပ်ရှားမှုမှ ဆုတ်ခွာသွားပြီဟု ၂၀၁၈ အစီရင်ခံစာတွင် HRW က ဝန်ခံထားသည်။

လူ့အခွင့်အရေးလှုပ်ရှားမှုဝန်ခံရန် တွန့်ဆုတ်နေသည်မှာ ၎င်းတို့၏အနေအထား သိသိသာသာ အားပျော့မှုအတွက် ပြစ်တင်မှုများကို လက်ခံရန်ဖြစ်သည်။ တစ်ဦးတစ်ယောက်၏ ရည်မှန်းချက်များသည် ထောင်စုနှစ်ချီသည့် ရည်မှန်းချက်များဖြစ်ပါက သမိုင်းသည် ၎င်းတို့ဘက်တွင်ရှိမည်ဟု ယုံကြည်မည်သာ ဖြစ်သည်။ ယင်းသို့အနေအထားတွင် သံသယဝင်မှုများ၊ ဝေဖန်မှုများက အဆိုပါသူများ၏ ရပ်တည်ချက်ပြောင်းအောင် လုပ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် နည်းဗျူဟာအဆင့်ပြင်ဆင်မှုများထက် ပိုသည့်အရာများ လုပ်ဆောင်ခြင်းကို သုံးသပ်သင့်သည်။

‘နိုင်ငံရေးနှင့် အားကျဖွယ်ရာဖြစ်နေသော လူ့အခွင့်အရေး’ ဟု ခေါင်းစဉ်တပ်ထားသည့် ၂၀၀၁ ခုနှစ် ထုတ်စာအုပ်တွင် ထင်ရှားသည့် လူ့အခွင့်အရေးလှုပ်ရှားသူ အစ်နက်တစ်က ‘လာမည့် နှစ်ငါးဆယ် ကာလတွင်း ၁၉၄၈ ခုနှစ် ကမ္ဘာလုံးချီလူ့အခွင့်အရေကြေညာစာတန်းကို ကျောကန်ထားသည့် ကျင့်ဝတ်ပိုင်းဘုံတူညီမှု ဆက်လက်အကွဲကွဲအပြားပြားဖြစ်လာမည်။ စီးပွားရေးဂလိုဘယ်ပြုမှုသည် ကျင့်ဝတ်ဂလိုဘယ်ဖြစ်မှုဆီသို့ ဦးတည်လာမည်ဟု ယုံရန်အကြောင်းမရှိ’ ဟု သတိပေးထားသည်။ ယင်းသို့သော ရပ်တည်မှုကို လူ့အခွင့်အရေးလိုလားသူများက သန့်စင်မြင့်မြတ်မှုဟု ခေါ်ဆိုမည်ဖြစ်သော်လည်း သံသယရှိသူများက မာနထောင်လွှားမှုအဖြစ်သာ ခံယူမည်ဖြစ်သည်။ ယင်းသို့သော မာနထောင်လွှားမှုမျိုးကို အပြည်ပြည်ဆိုင်ရာ ပိတ်ဆို့မှု၊ လူမျိုးတုံးသတ်ဖြတ်မှု ၊ စစ်ရာဇဝတ်မှု၊ ယင်းသို့သော ပြစ်မှုကျူးလွန်မှုများကို ကိုင်တွယ်မည်ဆိုသည့် အင်စတီကျူးရှင်းဖွဲ့စည်းပုံနှင့် မူဘောင်များတွင် အသိသာ အထင်ရှားဆုံး တွေ့မြင်နိုင်သည်။

ယင်းအနက် ပထမဆုံးသောမူဘောင်သည် ၂၀၀၂ ခုနှစ်တွင် ထူထောင်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုရုံး ( ICC) ဖြစ်သည်။ ဒုတိယသည် ၂၀၀၅ ခုနှစ်တွင် စတင်လက်ခံလိုက်သည့် ကာကွယ်စောင့်ရှောက်ရန် တာဝန် (R2P) ဟု ခေါ်ဆိုလေ့ရှိသော အယူဝါဒဖြစ်သည်။

လူ့အခွင့်အရေး သို့မဟုတ် လူသားချင်းစာနာထောက်ထားမှု ရပ်တည်ချက်အပေါ် အခြေပြု၍ အပြည်ပြည်ဆိုင်ရာစစ်ရေးစွက်ဖက်မှု မလုပ်ဆောင်ခင်တွင် အကြမ်းဖက်မှုမဟုတ်သည့် နည်းလမ်းများစွာကို ဦးစွာအသုံးပြုရေး R2P က အသေးစိတ်ဖော်ပြထားသည်။ အောင်မြင်နိုင်ရန်ခိုင်လုံမှ တုံ့ပြန်ရန်လိုအပ်မှ အင်အားအသုံးပြုသင့်သည်ဟု R2P ကို လိုလားသူများက ထောက်ပြထားသည်။ သို့သော် အပြည် ပြည်ဆိုင်ရာလက်ခံထားသည့် စံနှုန်းတစ်ခုဖြစ်ခြင်းကြောင့် ပြင်ပပါဝါများ ထောက်ခံမှုရရန်လိုသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ထောက်ခံမှုရမှသာလျှင် လူမျိုးတုံးသတ်ဖြတ်မှု သို့မဟုတ် အစုလိုက် အပြုံလိုက်ဖြစ်နေသည့် တိုင်းပြည်တစ်ခုထံ ဝင်ရောက်စွက်ဖက်နိုင်မည်ဖြစ်သည်။ ထို့အပြင် ယင်းတိုင်းပြည်၏ အစိုးရသည် ဖော်ပြပါ ရာဇဝတ်မှုများကို ကျူးလွန်လျက် ရှိသည် သို့မဟုတ် ယင်းပြစ်မှုများမဖြစ်ရေး တားနိုင်သည့် အခြေအနေတွင် မရှိဖြစ်နေသည်ဆိုသည့် အခြေအနေအောက်တွင် စွက်ဖက်ခြင်းဖြစ်သည်။

R2P နှင့် ICC နှစ်ခုလုံး၏ လွှမ်းခြုံမှုသည်လည်း လွန်စွာကျယ်ပြန့်သည်။ ယင်း ရပ်တည်ချက် ပေါ်ထွက်လာမှုကြောင့် ‘အစုလိုက် အပြုံလိုက်သတ်ဖြတ်သည့် ရာဇဝတ်မှုများ အလုံးစုံရပ်တန့်ရေး၊ ပိုမိုနီးကပ်လာပြီဟု R2P ၏ အဓိကဗိသုကာတစ်ဦးဖြစ်သူ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂါရက်အီဗန်က ရေးသားထားသည်။ ‘ဘယ်တော့မှ မဖြစ်စေရ’ ဆိုသည့် ကတိကဝတ်သည် လက်တွေ့ဖြစ်လာပြီ ဖြစ်သည်။ ICC နှင့် ဆိုင်သည့် ကတိကဝတ်များကမူ အနည်းငယ်အားပျော့သည်။ အဆိုပါ တရားရုံးထူထောင်ရေး ရောမရပ်တည်ချက် လက်မှတ်ထိုးလိုက်ပြီးနောက်တွင် ကမ္ဘာလုံးချီ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကြီးစွာရှေ့တန်းရောက်သွားသည်ဟု ယင်းကာလ ကုသမဂ္ဂ အထွေထွေအတွင်းရေးမှူး ကိုဖီအာနမ်က ချီးကျူးခဲ့သည်။

သို့သော် နှစ်အနည်းငယ်ကြာပြီး နောက်တွင် R2P နှင့် ICC တို့နှစ်ခုစလုံးသည် ကမ္ဘာပေါ်တွင် လက်တွေ့မဖြစ်နိုင်သည့် အယူအဆများဖြစ်လာသည်။ ယင်းကဲ့သို့ဖြစ်ရခြင်းကို ၎င်းတို့ ကိုယ်တိုင်လုပ် ဆောင်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံရေးအားဖြင့်ကြည့်လျှင် ICC ၏ စုံစမ်းမှုအားလုံးနီးပါးကို အာဖရိကတွင်သာ ICC ပထမဆုံးသော ရှေ့နေချုပ် လူဝစပ်မိုရီနို လုပ်ဆောင်ခဲ့မှုသည် ကြီးစွာသောအမှား ဖြစ်သည်။ ဥပဒေပိုင်းအရ မှန်ကန်သော်လည်း အာဖရိကသားများကိုသာ ပြစ်မှတ်ထားနေသည်ဟု ရှုမြင်ခံခဲ့ရသည်။ ထို့ကြောင့်လည်း ICC မှ အာဖရိကသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနုတ်ထွက်ရေး အကြီးအကျယ်လှုံ့ဆော်မှု ၂၀၁၇ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည်။

brown edu

အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုများကို စစ်ရေးအရတားဆီးရေး ကမ္ဘာလုံးချီလိုအပ်ချက်ဖြစ်သည့် R2P ကို တစ်ကြိမ်တည်းသာ လက်တွေ့ကျင့်သုံးရသေးသည်။ ၂၀၁၁ ခုနှစ် လစ်ဗျားနိုင်ငံတွင်ဖြစ်သည်။ သို့သော်လည်း အရပ်သားများအပေါ် ကာကွယ်ရေး လစ်ဗျားတွင် ဝင်ရောက်စွက်ဖက်မှုသည် မကြာခင်ပင် အုပ်စိုးမှုစနစ် အပြောင်းအလဲလုပ်ဆောင်ရေးသို့ ဦးတည်သွားသည်။ လစ်ဗျားစွက်ဖက်မှုသည် မှန်ကန်သည်၊ လက်တွေ့လုပ်ဆောင်မှုသာ မှားယွင်းသည်ဟု R2P ကို အဓိကလိုလားသူများက ကျယ်ပြန့်စွာ ရှုမြင်ထားသည်။ မှန်ကန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အခြားသော R2P စွက်ဖက်မှု အနာဂတ်တွင် ပေါ်လာနိုင်ခြေလွန်စွာနည်းသွားပြီဖြစ်သည်။ ဆီးရီးယား၊ ယီမင်၊ မြန်မာဖြစ်စဉ်များက ယင်းလားရာကို နာကျင်စွာ ပြသလျက်ရှိသည်။

ICC နှင့် R2P တို့ မည်သည့်အတွက် မျှော်မှန်းထားသည့်အတိုင်း မဆောင်ရွက်နိုင်သနည်းဆိုသည်ကို နက်ရှိုင်းသည့် ကျင့်ဝတ်ပိုင်းနှင့် နိုင်ငံရေး အကြောင်းတရားများက ရှင်းပြထားသည်။ ICC ဖြစ်စဉ်တွင် တရားရုံးအမိန့်ကို အကောင်အထည်ဖော်သည့် ရဲတပ်ဖွဲ့မရှိဘဲ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ တစ်ဖန်များစွာသော ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်၊ အမေရိကန်၊ အိန္ဒိယနှင့် ရုရှားတို့ တရားရုံးတွင် ပါဝင်ခြင်းမရှိပေ။

ထို့ကြောင့် အခြားသောနိုင်ငံ မည်မျှများများ လက်မှတ်ထိုးသည်ဖြစ်စေ တရားရုံး၏ တရားဝင်မှုအပေါ် မေးခွန်းထုတ်နိုင်သည်။ တရားဝင်မှုနှင့် ဥပဒေအရ တရားဝင်ဖြစ်မှု မတူပေ။ လစ်ဗျားကို ဝင်ရောက်စွက်ဖက်မှု သည် ဥပဒေအရ တရားဝင်သည်၊ ၁၉၉၉ ခုနှစ် ကိုဆိုဗိုအပေါ် စွက်ဖက်မှု တရားမဝင် ပေ။ စံနှုန်းနှစ်ရပ် ကျင့်သုံးသည်ဟု ရှုမြင်ခံ ထားရသည့် အင်စတီကျူးရှင်းသည် ကမ္ဘာ လုံးချီ တရားမျှတမှုပေါ်လာရေး လုပ်ဆောင် နိုင်မည် မဟုတ်ပေ။

R2P ဖြစ်စဉ်တွင် စစ်ရေးမဟုတ်သည့် နည်းလမ်းများသည် ဖြစ်စဉ်များစွာတွင် အောင်မြင်စွာ ကစားခဲ့သည်။ ၂၀၀၇ ခုနစ် ကင်ညာရွေးကောက်ပွဲအပြီး လူအသေအပျောက်များသည့် အဓိကရုဏ်းပေါ်ထွက်မှုနှင့် ပတ်သတ်၍ ဆွေးနွေးရာတွင် R2P အရေးကို အာနမ်ထည့်သွင်းပြောကြားခဲ့သည်။ ကင်ညာတွင် R2P သည် အသုံးဝင်သည့် စေ့စပ်ရေးကိရိယာတစ်ခုဖြစ်ခဲ့ သော်လည်း စံတော်ဝင်သံတမန်ရေးနည်းလမ်းအဖြစ် ပေါ်ထွက်လာခြင်းမရှိပေ။ ယင်းမှ ပေါ်ထွက်လာသည့် ကျင့်ဝတ်ဆိုင်ရာ စွမ်းအားကသာ လူမျိုးတုံးသတ် ဖြတ်မှုများကို ရပ်တန့်နိုင်ခဲ့ခြင်းဖြစ်သည်။

ရေရှည်တွင် ကမ္ဘာကြီး ပိုကောင်းလာလိမ့်မည်၊ လက်တွေ့အခြေအနေများပြောင်းလာလိမ့်မည်ဟု R2P နှင့် ICC ကို ခုခံကာကွယ်သူများက ငြင်းချက်ထုတ်မည်ဖြစ်သည်။ သို့သော် ယင်းကဲ့သို့သော တွေးဆချက်ကြောင့်ပင် ဒီမိုကရေစီ နောက်ကြောင်းပြန်လာချိန်တွင် လူ့အခွင့် အရေးလှုပ်ရှားမှု အကျပ်ဆိုက်လာခြင်းဖြစ် သည်။ R2P နှင့် ICC တို့ နှစ်ခုစလုံးသည် အာဏာရှင်စနစ် ပိုမိုအားကောင်းလာသည့် ကမ္ဘာတွင် အလုပ်မဖြစ် ဖြစ်နေသည့် အိုင်ဒီယာများဖြစ်သည်။ ကြိုတင်ခန့်မှန်းနိုင်လောက်သည့် အနာဂတ်ကာလအထိ အာဏာရှင်စနစ် အားကောင်းလျက်ရှိပြီး ဒီမိုကရေစီအားနည်းနေမည်ဖြစ်ခြင်းကြောင့် လူ့အခွင့်အရေးလှုပ်ရှားသူများ၏ တောင်းဆိုချက်သက်သက်သည် လုံလောက်မည် မဟုတ်ပေ။

ကိုးကား – Foreign Policy

ချမ်းမြေ့

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *