သောကတံတား

သက်တမ်း ၂၅ နှစ်ခန့်ရှိပြီဖြစ်သော သန်လျင်တံတားကြီးပေါ်တွင် ရာနှင့်ချီသည့် ကျောင်းသား၊ ကျောင်းသူများမှာ သောကအထွေထွေဖြင့် ငိုသူငို၊ ဇောချွေး ပြန်သူက ပြန် ဖြစ်နေကြသည်။

အချိန်ကား မတ်လ ၂၈ ရက် နံနက် ဝေလီဝေလင်း ၇ နာရီဝန်းကျင်ဖြစ်ပြီး ကျောင်းသားများ စာမေးပွဲဖြေရန်အတွက် တစ်လမ်းမောင်း သန်လျင်တံတားကြီးကို ဖြတ်သန်းစဉ် ကားတစ်စီးစက်ချို့ယွင်းရာမှ လမ်းပိတ်ပြီး လိုရာခရီးသို့ ရှေ့မဆက်နိုင်ကြခြင်းဖြစ်သည်။

“မိန်းကလေးတွေဆို ငိုကြတာ။ စာမေးပွဲချိန်မမီတော့ဘူးလေ။ တံတားတစ်လျှောက် လမ်းဆင်းလျှောက်တဲ့ ကျောင်းသားတွေနဲ့ ပြည့်သွားပြီး တံတားအဆင်းကနေ တက္ကသိုလ်အထိ ဆိုင်ကယ်နဲ့ သွားရတာ။ ကျောင်းသား ရာချီတယ်” ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုမင်းသွေးသစ်က ဆိုသည်။

ရာချီသောကျောင်းသားအုပ်ကြီးသည် သန်လျင်တံတားကိုဖြတ်သန်း၍ တတ်ရောက်ရသည့် တက္ကသိုလ်လေးခု အနက်မှ တာဝတက္ကသိုလ်ဟု အများသိကြသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စာမေးပွဲခန်းထဲသို့ စာမေးပွဲဖြေချိန်ကို ကျော်လွန်ပြီးမှ ရောက်ရှိခဲ့ကြရသည်။

၎င်းတို့သည် မြန်မာနိုင်ငံ၏ အရှည်ဆုံးစာရင်းဝင် တစ်လမ်းမောင်းသန်လျင်တံတားပေါ်တွင် မော်တော်ယာဉ်တစ်စီး စက်ချို့ယွင်းမှုနှင့်အတူ ရှေ့ဆက်မတိုးနိုင်တော့သည့် ယာဉ်ကြောကြောင့် သောကရောက်ရသူများ အကြောင်းဖြစ်သည်။

၁၉၉၃ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ရန်ကုန်-သန်လျင်တံတားဆိုသည်မှာ တစ်ချိန်က နိုင်ငံ၏မြို့တော်ဖြစ်သည့် ရန်ကုန်မြို့နှင့် ပဲခူးမြစ်ခြားနေသည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်းနှင့် သုံးခွ မြို့နယ်တို့ကို ဆက်သွယ်ပေးထားသော တံတားတစ်စင်းပင်။

ရန်ကုန်မြို့၏ အထပ်မြင့် အဆောက်အအုံများနှင့် ရန်ကုန်မြို့ဘက်ကမ်းရှိ ချောင်းနှင့် မြစ်ကမ်းစပ်တို့မှပင် လှမ်း၍ ဖူးမျှော်နိုင်သည့် ကျိုက်ခေါက်ဘုရားပြီးလျှင် သန်လျင်တံတားသည် သန်လျင်သားတို့၏ ဒုတိယမြောက် တန်ဖိုးထားဂုဏ်ယူရသည့် အရာဖြစ်သည်။

“တံတားမရှိခင်က သန်လျင်ကနေ ဗိုလ်တထောင်ကို တိုင်းလုံးကျော် (သင်္ဘော) နဲ့သွားရတယ်။ တိုင်းလုံးကျော်နဲ့ ကျောင်းသားတွေပါတဲ့အခေါက် ညနေဘက်မှာ ပြန်လာတဲ့ ကျောင်းသားတွေ၊ ရုံးသမားနဲ့ ဈေးသည်တွေပါ သင်္ဘောမှောက်လို့ သန်လျင်ရဲ့ ရပ်ကွက်တိုင်းမှာ နာရေးအိမ်တွေကြီးပဲ” ဟု သန်လျင်က ဒေသခံတစ်ဦးက ပြောပြသည်။

ထိုအဖြစ်ဆိုးမှာ သန်လျင်သားတို့အတွက် ယနေ့တိုင် အိပ်မက်ဆိုးပင် ဖြစ်သည်။

၂၀၁၆ ခုနှစ် နှစ်လည်ပိုင်းက ပြည်တွင်းသတင်းများတွင် ဝေဝေဆာဆာ ပါခဲ့သည့် ‘အချိန်မရွေး ကျိုးကျနိုင်သည့် ရန်ကုန်- သန်လျင်တံတား’ ဟူသည့် သတင်းမှာ သန်လျင်သားတို့ကို ထပ်မံ ချောက်ချားစေခဲ့ပြန်သည်။

သို့သော်လည်း အချိန်မရွေးကျိုးကျနိုင်သည်ဆိုသော တံတားကြီးပေါ်သို့ တန်ချိန်အမျိုးမျိုးရှိသော ယာဉ်အစီး ပေါင်းထောင်ချီက ယနေ့တိုင်ဖြတ်သန်းနေဆဲဖြစ်သည်။

“အချိန်မရွေး ကျိုးနိုင်တဲ့တံတားအတွက် မြို့သူမြို့သားတွေ စိတ်ပူကြတယ်။ တံတားပေါ်ကားပျက်လို့ ရပ်ရင် ရင်တထိတ်ထိတ် ဖြစ်နေကြရတယ်။ မြောင်းမြတံတားလိုဖြစ်မှာ ကြောက်တယ်” ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုမင်းသွေးသစ်က ပြောဆိုသည်။

ပြီးခဲ့သည့်လပိုင်းကပင် ဧရာဝတီတိုင်းရှိ မြောင်းမြတံတားကျိုးကျခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့သေးသည်။ အသွား အလာကျဲချိန်ဖြစ်သောကြောင့်သာ အသေအပျောက်နည်းခဲ့ခြင်းဖြစ်ပြီး ခရီးသွားအချို့ကမူ တံတားများပေါ်သို့ ဖြတ်သန်းချိန်တွင် အဆိုပါဖြစ်ရပ်ကဲ့သို့ ဖြစ်လာမည်ကို တွေးမြင်ထိတ်လန့်လျက်ရှိသည်။

ယခု သန်လျင်တံတားသည်ကား စိတ်ပူစရာအခြေအနေအလုံးစုံနှင့် ပြည့်စုံလျက်ရှိသည့် တံတားပင်ဖြစ်သည်။ အချိန်မရွေး ကျိုးကျနိုင်သည့်တံတားဟု ကြေညာခံထားခြင်း၊ တံတားပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှု မကြာခဏဖြစ်ပွားခြင်းတို့က ခရီးသွားများအတွက် စိုးရိမ်မှုပိုစေသည်။

သန်လျင်တံတားသည် သန်လျင်သားတို့အတွက် အားထားရာဖြစ်သည်။ သန်လျင်သားတို့အတွက် ပေါင်းကူးလည်း ဖြစ်သည်။ ဒေသခံများ၏ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေးအရပ်ရပ်သော ကိစ္စများမြောင်အတွက် ဤတံတားကြီးကို နိစ္စဓူဝဖြတ်သန်းသွားလာနေကြရခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် အချို့သော ဒေသခံများကလည်း သန်လျင်တံတားကို ကျိုးမည်ဟု မထင်။ တံတားအပေါ်ထားသည့် ယုံကြည်မှုမျိုးလည်း ရှိနေပြန်သည်။

“ဒီတံတားကိုပဲ လူတွေအားကိုးနေရတယ်။ မှီခိုနေရတယ်။ ကိုယ့်တံတား ကိုယ်ယုံတယ်။ အဲဒီလောက် ဆိုးဆိုးရွားရွားဖြစ်မယ် မထင်ဘူး” ဟု ယင်း တံတားအနီးရှိ ဗိုလ်ချုပ်နေဝင်းလမ်းနှင့် ကျိုက်ခေါက်ဘုရား လမ်းဆုံတွင် ဆိုင်ကယ်ကယ်ရီဆွဲသည်မှာ ငါးနှစ်ဝန်းကျင်ရှိပြီဖြစ်သည့် သန်လျင်သား ကိုခင်မောင်ထွေးက ဆိုသည်။

လမ်းဆုံအနီးတွင် ကယ်ရီဆွဲနေသူဖြစ်သဖြင့် နေ့စဉ်နံနက်စောစောကတည်းက သန်လျင်တံတားအနီး ကားလမ်းပိတ်သည်ကို တစ်ပတ်လျှင် နှစ်ရက်ခန့်အနည်းဆုံး မျက်ဝါးထင်ထင် မြင်တွေ့နေရပြီး တံတားပိတ်သဖြင့် အလုပ်နောက်ကျသူများနှင့် ဆုံရသည်က ကိုခင်မောင်ထွေး အတွက် ရိုး၍ပင်နေပြီဖြစ်သည်။

သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဘက်နေထိုင်သူများမှာ ရန်ကုန်မြို့သို့ အလုပ်ခွင်ဝင်ရန် ဘတ်စ်ကားမှတ်တိုင်တွင် နံနက် ၆ နာရီဝန်းကျင်ကတည်းက စောင့်ဆိုင်းနေကြရသည်။

နံနက် ၆ နာရီခန့်မှ ၈ နာရီကြားအချိန်တွင် သန်လျင်မြို့၏ အချက်အချာကျသည့် ကျိုက်ခေါက်ဘုရားအနီးရှိ လမ်းဆုံနှင့် သန်လျင်ဈေးအနီးတွင် ဘတ်စ်ကားများ၊ ခရီးသွားများနှင့် ပြည့်ကျပ်ကာ သန်လျင်မြို့သည် ယာဉ်ကြောပိတ်မှုနှင့် အစပြုရသည်။

ထို့အတူပင် လမ်းကြောတစ်ခုတွင် ကားတစ်စီးသာမောင်းနှင်နိုင်ပြီး လူနှစ်ဦးခန့် ယှဉ်လျှောက်နိုင်သည့် လူသွားလမ်းတစ်လမ်းနှင့်အတူ လမ်းလယ်တွင် မီးရထားလမ်းပါသည့် ရန်ကုန်-သန်လျင်တံတားကြီးသည် တရွေ့ရွေ့မောင်းနှင်နေသည့်ကားများဖြင့် အသက်ဝင်လာတော့သည်။

ဤသို့သော အခြေအနေတွင် တံတားပေါ် ကားတစ်စီးပျက်ပါက သန်လျင်သားတို့၏ သာယာသော နံနက်ခင်းသည် ပျက်စီးရစမြဲပင်ဖြစ်သည်။

သန်လျင်တံတားပေါ်က ယာဉ်ကြောပိတ်ဆို့မှုသည် အချို့သောသူများကိုလည်း မိသားစုနှင့် ကွဲကွာစေခဲ့သည်။

ယာဉ်ကြောပိတ်ဆို့မှုကြောင့် ရုံးနှင့် နီးရာတွင် အိမ်ငှားရာ မိသားစုနှင့်ခွဲ၍ နေထိုင်နေရသည်ဟု ယခင်က သန်လျင်တွင် နေထိုင်ပြီး ယခုအခါ တာမွေတွင် နေထိုင်သူ မနန်းလောင်လျန်းက ပြောပြသည်။

“ကားကျပ်တာနဲ့ လမ်းမှာ အချိန်ကုန် လူပန်းတယ်။ ကားစီးရတာနဲ့ ကိုယ့်ကိုယ်ပိုင်အချိန်တွေ ကုန်သွားတယ်လို့ မြင်တာပဲ။ ကားပိတ်တာကြောင့် မိသားစုနဲ့ ခွဲနေဖို့ တစ်နှစ်လောက် စဉ်းစားလိုက်ရတယ်။ နောက်တံတားတစ်စင်း ဆောက်ပြီးမှ ပြန်နေတော့မယ်” ဟု ၎င်းက ဆိုသည်။

ကျောင်းဖွင့်ရာသီ၏ နံနက်ခင်းနှင့် ညနေပိုင်းများတွင် အရှေ့ပိုင်းတက္ကသိုလ် (တာဝ)၊ နည်းပညာတက္ကသိုလ် (သန်လျင်)၊ သမဝါယမတက္ကသိုလ်နှင့် ရေကြောင်းပညာတက္ကသိုလ်တို့က ကျောင်းကားများဖြင့် ပြည့်ကျပ်နေသလို မြို့တွင်း၊ မြို့ပြင်မှ အများပြည်သူသုံးဘတ်စ်ကားများနှင့် အထူးစီးပွားရေးဇုန်သို့ သွားရာကားများ၏ ဝန်ကို သန်လျင်တံတားကြီးက ထမ်းပိုးနေရသည်။

ယခုအခါ အသေးစားငွေကြေး လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်သော ကိုဖြိုးအာကာအောင်သည် တက္ကသိုလ်ကျောင်းသားဘ၀က စီးပွားရေးတက္ကသိုလ်သို့တက်စဉ် သန်လျင်တံတားကိုအဖြတ် တံတားပေါ်တွင် ဆီဘောက်ဆာယာဉ်တစ်စီးပျက်နေသည်နှင့် ကြုံသောကြောင့် ရှေ့တိုးမရ၊ နောက်ဆုတ်မရဖြင့် အချိန်တစ်နာရီခွဲခန့် စိုးရိမ်ကြီးစွာနေခဲ့ရသည်ဟု ၎င်းကဆိုသည်။

“ရထားသွားချိန်၊ ကားသွားချိန်ဆို တံတားက အရမ်းတုန်ခါတယ်။ တချို့နေရာတွေမှာ ကွန်ကရစ်သားတွေ ခွက်ကျနေတယ်။ တံတားကျိုးလို့ ပါသွားရင်တော့ အများနဲ့နည်းတူ ခံရမှာပဲ”ဟု ၎င်းက ဆိုသည်။

သန်လျင်တံတားကြီး၏ မနိုင်ဝန်ထမ်းနေရသည့်ဒုက္ခကို တာဝန်လွှဲပြောင်းယူမည့် တံတားအသစ်တစ်စင်းကို ယင်းတံတားဘေးတွင် ဆောက်လုပ်မည်ဟုဆိုထားပြီး ၂၀၁၈ ခုနှစ်၏ နှစ်ဝက်အထိ တံတားအနီးရှိ လမ်းအချို့ကို မြေတူးဆွထားခြင်း၊ လမ်းလယ်ကျွန်းများ ဖြိုချထားခြင်းမှလွဲ၍ အကောင်အထည် မမြင်ရသေး။

သန်လျင်သားတို့၏အပူကို သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ရိပ်စားမိဟန်တူသည်။

ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် သန်လျင်-ရန်ကုန် အမှတ် (၁) တံတား ယာဉ်ကြောပိတ်ဆို့မှုကို ထိရောက်စွာစီမံခန့်ခွဲနိုင်ရန် တံတားတစ်ဖက်တွင် ကရိန်းယာဉ်တစ်စီးစီနှင့် ယာဉ်ထိန်းရဲတစ်ဦးစီကို အဆင်သင့်ထားရှိရန် အစီအစဉ် ရှိ မရှိ ဦးလွင်ကိုလတ်က မေးမြန်းခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၏ အဖြေကမူ မထားရှိပေးနိုင်ဟူ၍သာ ဖြစ်သည်။

သို့သော်လည်း ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားစေရန် တံတားထိပ်နှစ်ဖက်တွင် ယာဉ်ထိန်းရဲရှစ်ဦးစီ ချထားပေးပြီး ယာဉ်များ စက်ချို့ယွင်းပါက လျင်မြန်စွာ သတင်းပို့နိုင်ရန် မော်တော်ဆိုင်ကယ်တစ်စီး အသင့်ရှိနေကြောင်း ၎င်းကဆိုသည်။

တံတားပေါ်တွင် ပိတ်ဆို့စေသည့် မော်တော်ယာဉ်ကိုဖယ်ရှားရန် တံတားအနီးရှိ ပုဂ္ဂလိက ကရိန်းဝန်ဆောင်မှု လုပ်ငန်းမှ ငှားရမ်းပေးလျက်ရှိပြီး အခါကြီးရက်ကြီးနေ့ရက်များတွင်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ကရိန်းယာဉ်တစ်စီးကို အသင့်စီစဉ်ထားရှိကြောင်း ဗိုလ်ချုပ်အောင်စိုးက ပြောဆိုခဲ့သည်။

ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပေါ်ပါကလည်း သန်လျင်တံတား အမှတ် (၂) မှ လမ်းကြောင်းပြောင်း ဖြတ်သန်းနိုင်စေရန် ယာဉ်ထိန်းရဲများက လုပ်ဆောင်ပေးလျက်ရှိသည်ဟု ၎င်းကထပ်မံပြောကြားသည်။

သို့သော်လည်း သန်လျင်တံတားကြောင့် ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းပေးရာတွင် တာဝန်ယူမှု၊ ကွပ်ကဲမှုများကို သန်လျင်မှ ရပ်မိရပ်ဖများက အားမလိုအားမရ ဖြစ်ကြရသည်။

“အချိန်နဲ့တစ်ပြေးညီ ကားဆွဲထုတ်ပေးနိုင်ရမှာကို တစ်ခုခုဖြစ်ရင် ယာဉ်ထိန်းရဲလား၊ အုပ်ချုပ်ရေးလား၊ လမ်းတံတားလား။ တံတားကို ဘယ်သူကွပ်ကဲသလဲ။ တာဝန်ယူဖြေရှင်းပေးရမယ်”ဟု ဆိုသူက သမိုင်းဝင်ဆံတော်ရှင်ကျိုက်ခေါက်စေတီတော် ဂေါပကအဖွဲ့၏ဥက္ကဋ္ဌ ဒုရဲမှူးကြီး (ငြိမ်း) ဦးကျော်မိုးကြည် ဖြစ်သည်။

သန်လျင်မြို့တွင် သမိုင်းဝင်ဘုရားများ၊ တက္ကသိုလ်များ၊ စီးပွားရေးဇုန်များရှိသဖြင့် အနာဂတ်တွင် တိုးတက်လာမည်ကို ယုံကြည်ပြီး သန်လျင်က ကြုံနေရသည့် အခက်အခဲကို တာဝန်ရှိသူများက တာဝန်ယူ ဖြေရှင်းပေးနေခြင်းကို ၎င်းက အားမလို အားမရ။
ရန်ကုန်နှင့်နီးပြီး အစွန်မြို့ဖြစ်သော်လည်း သမိုင်းဝင်ကျိုက်ခေါက်ဘုရား၊ ရေလယ်ကျိုက်မှော်ဝန်းဘုရား၊ ကျိုက်ခေါက်ဘိုးဘိုးကြီး၊ နတ်ရှင်နောင်ဂူ၊ ပါဒကြီးဘုရားတို့အပြင် စင်ကာဂူဟု အများက သိကြသည့် ပေါ်တူဂီဘုရားရှိခိုးကျောင်းတို့ဖြင့် စိတ်ဝင်စားစရာနေရာများစွာဖြင့် သမိုင်းဝင်သန်လျင်မြို့ရှိ ဒေသခံများမှာ တံတားသစ်ကြီးကို စောင့်မျှော်လင့်ရှိတော့သည်။

သန်လျင်၏ဒုက္ခကို ဖြေရှင်းပေးမည့် တံတားအသစ်အတွက် အချိန်လေးနှစ်ခန့်ကြာဦးမည်ဖြစ်ရာ သန်လျင်သားများ၊ တက္ကသိုလ်ကျောင်းသားများက ခံရဆဲဒုက္ခများကို ဆက်လက်သည်းခံရဦးမည်ဖြစ်သည်။

သန်လျင်မှမြစ်ကူးတံတားအသစ်ကို အမြန်ဆောက်စေချင်သလို တံတားဆောက်နေသည့် ကာလအတွင်း လက်ရှိအသုံးပြုနေသည့် တံတား၏ကြံ့ခိုင်မှုကို စစ်ဆေးခြင်းနှင့် ထိရောက်သည့်ပြုပြင်မှုများ ပြုလုပ်ပေးစေလိုကြောင်း ကိုမင်းသွေးသစ်က ဆိုသည်။

တံတားကြီး၏ကြံ့ခိုင်မှုအားနည်းချက်ကြောင့် တံတားပေါ်မှဖြတ်သန်းစဉ် စိုးရိမ်သောကရောက်နေရသူများလည်း ရှိသည်။ အသေးစားငွေကြေးလုပ်ငန်းတွင် လုပ်ကိုင်နေသူ ကိုဖြိုးအာကာအောင်ကမူ သန်လျင်တံတားကို ဖြတ်ရသည့်အခါတိုင်း စိတ်ထဲတွင် နာမည်ကျော်ရုပ်ရှင် Final Destination မှ အခန်းတစ်ခုဖြစ်သည့် တံတားကျိုးကျသည့်အဖြစ်ကို အမြဲမြင်ယောင်သည်ဟု ၎င်းက ပြောပြသည်။

ထို့ကြောင့်လည်း သူက သန်လျင်တံတားကြီးနှင့်ပတ်သက်၍ အဆိုးဆုံးအခြေအနေကို တွေး၍ ပြင်ဆင်ထားသည်ဟု ယခုလိုဆိုသည်။

“တကယ်လို့ ဖြစ်လာရင် ဘယ်လိုလွတ်အောင်လုပ်ရမလဲ အမြဲတွေးတယ်။ ဖြစ်ခဲ့ရင် တံတားနဲ့လွတ်ရာကို ဆန်ကူးပြီး ရေစုန်မျှောချပြီး ကမ်းကပ်မယ်။ ဖြစ်လာရင် ပိုက်ဆံတွေ၊ ဘာတွေ ပျောက်မှာလည်း ကြောက်တာကြောင့် အလွယ်ဘယ်တော့မှ မထားဘူး”

ရလေး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *