ရခိုင်စုံစမ်းရေးကော်မရှင် ICC ကို ကြိုကာခြင်းလော

နိုင်ငံတကာစွပ်စွဲချက်များအပေါ် ဘူးခံငြင်းဆန်နေမှုကို မြန်မာအစိုးရ စွန့်လွှတ်လိုက်ပြီလား။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုတွင် ဘင်္ဂါလီသိန်းနှင့်ချီ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားပြီးနောက် မြန်မာအပေါ် နိုင်ငံတကာ၏ ပြစ်တင်စွပ်စွဲချက်များပြင်းထန်နေပြီး စုံစမ်းစစ်ဆေးခွင့်ပေးရန်လည်း တောင်းဆိုနေကြသည်။

မြန်မာအစိုးရကမူ ယင်းတောင်းဆိုချက်ကို ခွင့်မပြုခဲ့ပေ။ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ ကျူးလွန်သော ခိုင်လုံသည့် အထောက်အထားပို့ပေးလျှင် စစ်ဆေးအရေးယူမည်ဟုသာ တုံ့ပြန်ထားသည်။ သို့သော်လည်း ယင်းရပ်တည်ချက်ဖြင့် တောင့်ခံရန်မလွယ်ကူဟု ယူဆကာ အစိုးရ ဆုံးဖြတ်ချက်သစ် ချလိုက်ဖွယ်ရှိသည်။

မောင်တောဒေသအကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာကပုဂ္ဂိုလ်တစ်ဦး အပါအဝင် အဖွဲ့ဝင်သုံးဦးပါဝင်သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

“မြန်မာနိုင်ငံအပေါ် ဖိအားတွေ အများကြီးဗျ။ အဲဒါကို သင့်တင့်တဲ့ တုံ့ပြန်မှုလုပ်ဖို့ ကြိုးစားနေတယ်လို့ မြင်ပါတယ်”ဟု ရခိုင်ပြည်နယ်အရေးနှင့် တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က မှတ်ချက်ပေးသည်။

မောင်တောဒေသအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီး ကိုးလကျော်အကြာတွင် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို မြန်မာအစိုးရ မည်သည့်အကြောင်းအရင်းကြောင့် ဖွဲ့စည်းတာဝန်ပေးရန် ပြင်ဆင်နေခြင်း ဖြစ်မည်နည်း။

အမျိုးသားအစီအစဉ်

ARSA အဖွဲ့က အကြမ်းဖက်တိုက်ခိုက်ပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ယင်းနှင့်ဆက်နွှယ်သည့်ကိစ္စများကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အတွင်း ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာတွင် အမျိုးသားအစီအစဉ်တစ်ရပ်အဖြစ် ယင်းကော်မရှင်ကို ဖွဲ့စည်းရန်ဆုံးဖြတ်ခြင်းဟု ဆိုသည်။

သို့သော်လည်း ယင်းအဖွဲ့ဖွဲ့စည်းမည့်အချိန်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။ ကော်မရှင်ကို ပြည်တွင်းနှင့် နိုင်ငံတကာက ဥပဒေနှင့် နည်းပညာကျွမ်းကျင်သူများပံ့ပိုးပေးမည်ဟုလည်း ထုတ်ပြန်ထားသည်။

NLD အစိုးရလက်ထက် ရခိုင်ပြည်နယ်အရေးကို ကိုင်တွယ်ရန် ကိုဖီအာနန်ဦးဆောင်သည့် အကြံပေးကော်မရှင်ကိုလည်း ဖွဲ့စည်းတာဝန်ပေးခဲ့သေးသည်။ ယင်းအပြင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်း ဦးဆောင်သည့် အကြံပေးအဖွဲ့ကိုလည်း လက်ရှိတွင် တာဝန်ပေးထားသေးသည်။

သို့သော်လည်း လက်ရှိဖွဲ့စည်းမည့် စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ NLD အစိုးရလက်ထက်တွင် နိုင်ငံတကာက ပုဂ္ဂိုလ်ပါဝင်သည့် ပထမဆုံးစုံစမ်းစစ်ဆေးရေး ကော်မရှင်ဖြစ်လာမည် ဖြစ်သည်။

ဖိအားများနှင့် နပန်းလုံးနေရသည်

အကြမ်းဖက်တိုက်ခိုက်မှုအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရာတွင် ဘင်္ဂါလီခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ကြသည်ဟု စာရင်းပေါက်နေသည်။

မောင်တောဒေသမှ ထွက်ပြေးစေရန် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက ရာဇဝတ်မှုများကျူးလွန်ခဲ့သည်ဟု ကုလ သမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်စွပ်စွဲနေကြသည်။

ယင်းလုပ်ရပ်မှာ လူမျိုးနွယ်စု အလိုက်သုတ်သင်ရှင်းလင်းမှု၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုဟု ခေါင်းစဉ်တပ်ကာ မြန်မာ့တပ်မတော်နှင့် မြန်မာအစိုးရတာဝန်ရှိသူများကို အရေးယူနိုင်ရန် နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) သို့ တင်ပို့နိုင်ရန်အထိ ကြိုးပမ်းနေကြသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံခရီးစဉ်တွင် ဗြိတိန်ကိုယ်စားလှယ်က မောင်တောဒေသက လူ့အခွင့်အရေးချိုးဖောက်မှုများကို မြန်မာအစိုးရကိုယ်တိုင် စစ်ဆေးအရေးယူရန် သတိပေးခဲ့သေးသည်။

ယင်းသို့မစစ်ဆေးလျှင် တစ်ခုတည်းသော နည်းလမ်းမှာ ICC သို့ တင်ပို့ရန်သာဖြစ်သည်ဟုလည်း ပြောဆိုခဲ့သေးသည်။

ယင်းသတိပေးမှုနှင့် တိုက်ရိုက်သက်ဆိုင်ခြင်း ရှိ မရှိ မသေချာသော်လည်း နိုင်ငံတကာက ပုဂ္ဂိုလ်ပါဝင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို မြန်မာအစိုးရက ဖွဲ့စည်းတာဝန်ပေးရန် ပြင်ဆင်နေပြီဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း မြန်မာသည် ICC အဖွဲ့ဝင်မဟုတ်သဖြင့် စိုးရိမ်ရန်မလိုဟုလည်း မြန်မာအစိုးရက ဆိုထားပြန်သည်။

ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ကို မောင်တောဒေသသို့ ဝင်ရောက်စစ်ဆေးခွင့်ပြုရန် တောင်းဆိုမှုကို တုံ့ပြန် ခြင်းဖြစ်နိုင်ကြောင်း ရခိုင်ပြည်နယ်အရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဆိုသည်။

“နိုင်ငံတကာက ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့တွေ လွှတ်ဖို့ သို့မဟုတ် ကုလသမဂ္ဂက တောင်းဆိုနေတာကို ပြန်လည်တုံ့ပြန်တဲ့အချက်လို့ပဲ မြင်တယ်” ဟု ၎င်းက သုံးသပ်သည်။

ကော်မရှင်တွင်ပါဝင်မည့် နိုင်ငံတကာက ပုဂ္ဂိုလ်မှာ အစိုးရနှင့်ဆက်ဆံရေး ကောင်းမွန်သူဖြစ်နိုင်ပြီး ထိုင်း ဒုတိယဝန်ကြီးချုပ်ဟောင်းအဖွဲ့ကလည်း ဖြစ်နိုင်ကြောင်း ဦးမောင်မောင်စိုးက ယူဆသည်။

“အစိုးရကတော့ မြန်မာနိုင်ငံကို နားလည်တဲ့ နိုင်ငံတကာက လူတစ်ယောက်ထည့်ပြီးတော့ ပြည်ပက လက်ခံနိုင်မယ့် အချက်အလက်တွေ ထုတ်ပြန်ပေးနိုင်ဖို့ ကြိုးစားတယ်လို့ ထင်တယ်”ဟုလည်း ၎င်းက မှတ်ချက်ပေးသည်။

မောင်တောဒေသအရေးနှင့် ပတ်သက်၍ ဒုတိယသမ္မတဦးမြင့်ဆွေ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်အပြင် တပ်မတော်ကလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သေးသည်။

သို့သော်လည်း အစိုးရက နိုင်ငံတကာပုဂ္ဂိုလ် ပါဝင်သည့် ကော်မရှင် ထပ်ဖွဲ့ခြင်းမှာ နိုင်ငံတကာဖိအားများကို တွန်းလှန်ရန် ကြိုးပမ်းသည့် ခြေလှမ်းသစ်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဖေသန်းက ပြောကြားသည်။

“ကိုယ့်လူအချင်းချင်း လုပ်တာမဟုတ်ဘဲနဲ့ နိုင်ငံခြားသားတွေပါပါတယ်ဆိုပြီး လုပ်ပြချင်တာလို့ မြင်တယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ၎င်းက ဆိုသည်။

ယုံကြည်မှုရနိုင်ပါ့မလား

မြန်မာအစိုးရနှင့်တပ်မတော်တို့က စုံစမ်းစစ်ဆေးကာ အစီရင်ခံစာများထုတ် ပြန်ခဲ့သော်လည်း နိုင်ငံတကာ၏ယုံကြညှ်ု မရခဲ့ကြပေ။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အပြစ်ကို ဖုံးရန်ကြိုးပမ်းခြင်းဟုပင် စွပ်စွဲခံခဲ့ရသေးသည်။

ယင်းကြောင့် နိုင်ငံတကာပုဂ္ဂိုလ်ပါဝင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကလည်း နိုင်ငံတကာလက်ခံနိုင်မည်လောဆိုသည့်မေးခွန်းပေါ်လာသည်။

“အထူးသဖြင့် ရခိုင်ကိစ္စဖြစ်ကတည်းက သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးဟာမျိုး ဖြစ်စေချင်တာပေါ့ဗျာ။ အစိုးရကလည်း သူ့ဘာသာသူ စုံစမ်းစစ်ဆေးရေးလုပ်တယ်ဆိုပေမယ့် နိုင်ငံတကာဘက်က ယုံကြည်လက်ခံဖို့ ခက်တာကိုး။ အဲဒါကြောင့် အခုကော်မရှင်ဖွဲ့ပြီး လုပ်တယ်လို့ ထင်ပါတယ်”ဟု ပြောဆိုသူက ဦးအောင်သူငြိမ်း ဖြစ်သည်။

ဦးအောင်သူငြိမ်းသည် အုပ်ချုပ်ရေးနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူဖြစ်ပြီး ရခိုင်ပြည်နယ်အရေးကိုလည်း သုံးသပ်နေသူ ဖြစ်သည်။

မြန်မာအစိုးရက နိုင်ငံတကာပုဂ္ဂိုလ်ထည့်သွင်းကာ လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့မည်ဆိုသော်လည်း နိုင်ငံတကာက ယုံကြည်လက်ခံရန်ခက်ခဲ နေဦးမည်ဟုလည်း ၎င်းက မှတ်ချက်ပြုသည်။

“နိုင်ငံတကာဘက်က လိုချင်တာက သတင်းမီဒီယာတွေပိုပြီး လွတ်လွတ်လပ်လပ် သွားရောက်သတင်းယူခွင့်ပေါ့ဗျာ။ နိုင်ငံတကာဘက်ကတော့ ပိုပြီးထိတွေ့ခွင့် သွားရောက်ခွင့်ပိုပြီး လိုချင်တာပေါ့”

လက်ရှိတွင်အစိုးရက ကမကထပြုလုပ်ကာ မောင်တောဒေသသို့ သံတမန်များ၊ သတင်းမီဒီယာများကို ပို့ဆောင်ပေးနေသော်လည်း နိုင်ငံတကာက ယုံကြည်လက်ခံရန် ခက်ခဲနေဦးမည်ဟုလည်း ၎င်းက ဆိုသည်။

ဖိအားလျော့ပါ့မလား

စုံစမ်းစစ်ဆေးရေးကော်မရှင် မည်မျှလုပ်ပိုင်ခွင့်ရမည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။

ARSA အကြမ်းဖက်အဖွဲ့က ဟိန္ဒူ များကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည်ကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ဖော်ထုတ်လိုက်ပြီးနောက် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ARSA နှစ်ဖက်လုံးက ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို ဖော်ထုတ်ရန်လိုအပ်သည်ဟု ထောက်ပြမှုများ ရှိနေသည်။

“နှစ်ဖက်စလုံးရဲ့အားနည်းချက်၊ အားသာချက်ကို မျှမျှတတဖော်ထုတ်နိုင်မှသာလျှင် နိုင်ငံတကာက လက်ခံနိုင်တဲ့အခြေအနေမျိုးဖြစ်လိမ့်မယ်လို့ ထင်ပါတယ်”ဟု ဦးမောင်မောင်စိုးက သုံးသပ်သည်။

နှစ်ဖက် အပြန်အလှန်စွပ်စွဲနေသည့် ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို အသေးစိတ်စစ်ဆေးနိုင်ရန်ခက်ခဲမည်ဖြစ်ပြီး ကော်မရှင်ကို လုပ်ပိုင်ခွင့် အပြည့်အဝမပေးလျှင်လည်း ဟန်ပြစစ်ဆေးမှုသာဖြစ်မည်ဟု ဦးဖေသန်းက ပြောဆိုသည်။

လက်ကုန်နှိုက်နိုင်အောင်အထိ စုံစမ်းစစ်ဆေးခွင့်ပေးမည်ဆိုလျှင်လည်း ရှုပ်ထွေးမှုများ ပေါ်ပေါက်လာနိုင်သဖြင့် အပြစ်ရှာရန် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ခြင်းထက် နောင်မဖြစ်အောင်လုပ်ဆောင်သည့် ကော်မရှင်ကသာ သင့်တော်သည်ဟုလည်း ၎င်းက ရှုမြင်သည်။

“နိုင်ငံတကာဖိအားကို ကာကွယ်ချင်လို့ လုပ်ပေမယ့် ကောင်းကျိုးမဖြစ်ဘဲ ဆိုးကျိုးဖြစ်လာမှာကို စိုးရိမ်တယ်”ဟု ၎င်းက ဆိုသည်။

ကော်မရှင်တွင် နိုင်ငံတကာက ပုဂ္ဂိုလ်ပါဝင်ခြင်းဖြင့် နိုင်ငံတကာဖိအားလျော့ကျသွားမည်ဟု မယူဆကြောင်း ဦးဖေသန်းက ပြောဆိုသည်။

“သူတို့က ရတဲ့နည်းနဲ့ ဖိအားပေးနေမှာပဲ။ ဒီကော်မရှင်ဖွဲ့တဲ့အတွက် တစ်ဖက်က ဖိအားလျော့သွားလိမ့်မယ်၊ အမြင်မှန်ရသွားလိမ့်မယ်လို့ မယူဆဘူး။ ရုံးဖွင့်ခွင့်တွေ အနီးကပ်စောင့်ကြည့်ခွင့်တွေ တိုးလို့ပဲ တောင်းဆိုလာလိမ့်မယ်”ဟု ၎င်းက သုံးသပ်သည်။

ICC ကို ကြိုကာခြင်းလော

မောင်တောဒေသအရေးနှင့် ပတ်သက်၍ နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) အောက်ခြေအဆင့်တွင် ဇွန်လ တတိယပတ်၌ ကြားနာစစ်ဆေးတော့မည်ဖြစ်သည်။ သုံးပါးထိုင်တရားရုံးဟုခေါ်သည့် ယင်းအဆင့်တွင် ICC ရှေ့နေချုပ်က အစီရင်ခံမည် ဖြစ်သည်။

မြန်မာကို ICC တွင် အမှုဖွင့်နိုင်ရေးအတွက် အထောက်အထားများ တင်ပြနိုင်ရန် ဘင်္ဂလားဒေ့ရှ် ကြိုးပမ်းနေသည်။

ယင်းကဲ့သို့အချိန်တွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းခြင်းမှာ ICC ကိုရှောင်ရှားရန် ကြိုတင်ပြင်ဆင်ခြင်းလောဆိုသည့် မေးခွန်းကလည်း ရှိနေသည်။

ဦးအောင်သူငြိမ်းကမူ “ကြိုတင် ကာကွယ်တဲ့အနေနဲ့ လုပ်တာမျိုးလည်း ဖြစ်နိုင်တယ်”ဟု မှတ်ချက်ပေးသည်။

ဦးမောင်မောင်စိုးကမူ ICC အပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာဖိအား၊ လတ်တလော အမေရိကန်က မြန်မာ့တပ်မတော်အရာရှိများကို ပစ်မှတ်ထားအရေးယူသည့် Burma Act of 2018 ဟုခေါ်သည့် ဥပဒေသစ်ကို ပြဋ္ဌာန်းမှုတို့ကို တုံ့ပြန်ခြင်းဟု ရှုမြင်သည်။

ယင်းသို့မဖွဲ့မီကပင်မြန်မာကို နိုင်ငံတကာရာဇဝတ်မှုခုံရုံးသို့ တင်ပို့ရန်မဖြစ်နိုင်ဟု အစိုးရဘက်က ငြင်းဆိုထားသည်။

မြန်မာနိုင်ငံသည့် ICC ဖွဲ့စည်းရန်ချုပ်ဆိုသည့် ရောမစာချုပ် (Rome Statue) တွင် မြန်မာက လက်မှတ်ရေးထိုးထားခြင်းမရှိသဖြင့် ယင်းခုံရုံးသို့ တင်ပို့ရန် မဖြစ်နိုင်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုသည်။

မေလ၂၃ရက်နေ့က ပြုလုပ်သည့် အစိုးရတစ်နှစ်တာလုပ်ဆောင်ချက် သတင်းစာရှင်းလင်းအပွဲအပြီးတွင် မီဒီယာသမားများကို ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် သက်ဆိုင်ရာနိုင်ငံက ရာဇဝတ်မှုကို စုံစမ်းစစ်ဆေးအရေးယူရန် ပျက်ကွက်ခြင်း သို့မဟုတ် မလုပ်ဆောင်နိုင်လျှင် ICC သို့ တင်ပို့နိုင်ပြီး လက်ရှိတွင် မြန်မာအစိုးရက ယင်းသို့ပျက်ကွက်ခြင်း မရှိသဖြင့် တင်ပို့၍မရဟု ၎င်းက တုံ့ပြန်ထားသည်။

“ချိုးဖောက်မှုတွေရှိတယ်ဆိုရင် ခိုင်မာတဲ့ အထောက်အထားပေး။ ပေးရင် စစ်ဆေးမယ်။ဥပဒေနဲ့အညီ အရေးယူမယ်။ မြန်မာအစိုးရက မလုပ်နိုင်တာလည်း မဟုတ်ဘူး။မလုပ်ချင်တာလည်း မဟုတ်ဘူး။ဥပဒေနဲ့အညီ ရေးယူမယ်လို့ ပြောထားပြီးသား။ အဲဒါကြောင့် ICC ပို့လို့မရဘူး”ဟု ဦးဇော်ဌေးက ပြောဆိုထားသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းရန်လုပ်ဆောင်မှုနှင့်ပတ်သက်၍ မေးမြန်းရန် ဦးဇော်ဌေးကို ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

ရခိုင်ပြည်နယ်အရေးကြောင့် မြန်မာအပေါ်ဖိအားများ တိုးသထက်တိုးလာသည်။ မြန်မာအစိုးရက ဖြေရှင်းနည်းအပြောင်းအလဲ စလုပ်နေပြီဖြစ်သည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ရန် စီစဉ်မှုနှင့်ပတ်သက်၍ ANP ၏ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်ဦးဖေသန်းက အောက်ပါအတိုင်း မှတ်ချက်ပေးသည်။

“R2P၊ ICC အသံထွက်လာတော့ အစိုးရက နောက်တစ်လှမ်းခြေလှမ်းသစ် အနေနဲ့ နိုင်ငံခြားသားကို ထည့်သွင်းဖွဲ့တာ ဖြစ်မယ်”

The Voice

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *