မိဘများသတိပြုရမည့် ကလေးကျောပိုးအိတ်နှင့် ကျန်းမာရေး

ကျောင်းဖွင့်ရာသီ ရောက်လို့လာပါပြီ။ ကျောင်းသားအရွယ် ကလေးငယ်တွေရှိတဲ့ မိဘတွေအနေနဲ့ မိမိတို့ကလေးရဲ့ ပခုံး၊ နောက်ကျောကျန်းမာရေးအတွက် ကလေးလွယ်ရမယ့် လွယ်အိတ်နဲ့ ကျောပိုးအိတ်တွေကို သတိပြုရပါမယ်။ ကျောင်းလွယ်အိတ်၊ ကျောပိုးအိတ် အလေးကြီးလွယ်မိတာကြောင့် ကလေးမှာ ပခုံး၊ လက်မောင်း၊ ကြွက်သား၊ ကိုယ်နေဟန်ထားတွေ ထိခိုက်နိုင်လို့ ဂရုတစိုက်ရှိဖို့ လိုအပ်ပါတယ်။ ယခုတစ်ပတ်ကျန်းမာရေးကဏ္ဍမှာ ကျောပိုးအိတ်နဲ့ပတ်သက်လို့ ထိခိုက်မှုမရှိရလေအောင် မိဘတွေ သတိပြုဆင်ခြင်နိုင်မယ့် အကြံပြုချက်တွေကို ပြောပြပေးပါမယ်။

ကိုယ်အလေးချိန် ၁၀ ရာခိုင်နှုန်းထက် မကျော်ပါနဲ့
ကလေးတစ်ယောက်ရဲ့ကျောပိုးအိတ်ဟာ သူ့ကိုယ်အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်းထက် မကျော်သင့်ပါဘူး။ ဥပမာ – ပေါင် ၇၀ ရှိတဲ့ကလေးငယ်တစ်ယောက်ရဲ့ကျောပိုးအိတ်ဟာ ခုနစ်ပေါင်ထက်မပိုရပါဘူး။ နေ့စဉ် ကျောင်းမှာသုံးရမယ့်စာအုပ်တွေနဲ့ လိုအပ်တာတွေပဲ ယူသွားပါစေ။ အိမ်မှာထားခဲ့ရမှာနဲ့ ကျောင်းယူသွားရမှာကို ဂရုတစိုက်ခွဲပေးပါ။ ကျောင်းမှာထားခဲ့နိုင်တဲ့ စာအုပ်မျိုးဆိုရင် ဆရာမထံခွင့်တောင်းပြီး ကျောင်းမှာထားခဲ့ဖို့ ကလေးကို အကြံပေးပါ။ သယ်ယူရမှာ များနေရင်တော့ လွယ်အိတ်ထဲက ပစ္စည်းအချို့ကို လက်နဲ့သယ်ခိုင်းတာမျိုးဖြစ်စေ ဘီးပါတဲ့ စာအုပ်ထည့်တဲ့အိတ်နဲ့ဖြစ်စေ ဆွဲခိုင်းပါ။

ထိခိုက်နိုင်မှု သတိထားပါ
ကျောပိုးအိတ်ဝယ်တဲ့အခါမှာ ကျောပြင်ဘက်မှာ သက်သောင့်သက်သာဖြစ်အောင် အထူသား လုပ်ပေးထားတာမျိုး၊ ခါးသိုင်းကြိုးပါတာမျိုးကို ရွေးဝယ်ပါ။ လွယ်အိတ်ထဲကို ထောက်ချွန်၊ ခဲတံချွန်တဲ့ဓား၊ ပေတံအချွန် စတာတွေနဲ့ မထိုးမိစေဖို့ ကွန်ပါဘူး၊ အိတ်စတာတွေနဲ့ သေချာထည့်ပေးပါ။ အချွန်ပါတဲ့ပစ္စည်းမျိုးကို ကျောနဲ့ကပ်လျက်အတွင်းပိုင်းမှာ မထည့်ခိုင်းပါနဲ့။

ပုံစံမှန်မှန်လွယ်ပါ
ကျောပိုးအိတ်လွယ်တဲ့အခါ ကြိုးနှစ်ဖက်လုံးနဲ့လွယ်ဖို့ ကလေးကိုသတိပေးပါ။ ကြိုးတစ်ဖက်ထဲနဲ့ လွယ်ခြင်း၊ စလွယ်သိုင်းလွယ်ခြင်းတွေက ကျောရိုးတွေကို နာကျင်စေသလို သက်သောင့်သက်သာလည်း ဖြစ်စေမှာမဟုတ်ပါဘူး။ လွယ်အိတ်ဝယ်တဲ့အခါမှာ ကြိုးကို အပြားကြီးကြီး ဖြစ်တာမျိုး ရွေးဝယ်ပါ။ ပခုံးနဲ့ လည်ပင်းမှာ သွေးကြောနဲ့ အာရုံကြောတွေရှိတာကြောင့် လေးလွန်းတာတွေလွယ်စေမယ်ဆိုရင် လက်၊ လက်မောင်း၊ လည်ပင်းတို့မှာ ဒဏ်ဖြစ်နိုင်ပါတယ်။ ဇက်ကြောနာခြင်းနဲ့ ခေါင်းကိုက်ခြင်းတွေဟာလည်း လွယ်အိတ်အလေးကြီးလွယ်တာရဲ့ နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်မှုဆိုတာကို သတိပြုပါ။

ကျောပိုးအိတ်ကြိုးတွေကို ညှိပေးပါ
ကျောပိုးအိတ်လွယ်တဲ့အခါမှာ အိတ်ကို ခါးရဲ့အပေါ် နှစ်လက်မခန့် အကွာအဝေး အနေအထားလောက်နဲ့ လွယ်ခိုင်းပါ။ ကြိုးကိုအရှည်ကြီးလုပ်ပြီး အိတ်ကိုလျှောပြီးလွယ်တာမျိုးဟာ နောက်ကျောကို ထိခိုက်စေပါလိမ့်မယ်။ အိတ်က လေးလွန်းနေရင်တော့ ကိုယ်နေဟန်ထားက နောက်ကို ကော့လန်နေတာမျိုးဖြစ်နိုင်သလို အားစိုက်လွယ်တာကြောင့် ခါးကိုင်းနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ကလေးကို သတိထပ်ပေးရမှာက လမ်းလျှောက်ရင်ဖြစ်စေ၊ ထိုင်ရင်ဖြစ်စေ ခါးကိုမတ်တဲ့အနေအထားနဲ့ နေခိုင်းပါ။

မျက်ခြည်မပြတ် ဂရုစိုက်ပါ
မိဘတွေအနေနဲ့ ကလေးတွေရဲ့ ကျောပိုးအိတ်ကို အချိန်နဲ့အမျှ စစ်ဆေးသင့်တယ်လို့ အနောက်နိုင်ငံက ကလေးအထူးကုဆရာဝန်ကြီးတွေက အကြံပြုကြပါတယ်။ ကလေးတွေဟာ တစ်ခါတစ်ရံ သူတို့သယ်ရမှာတွေထက်ပိုပြီး သယ်မိကြတာတွေရှိပါတယ်။

 

References: https://healthykidstoday.org

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *