Regional Roundup

ကျောင်းပြောင်းရွှေ့မှုများတွင် ငွေတောင်းခံနေကြဆဲ ဖြစ်သည်။

#ပဲခူး

ကျောင်းအပ်လျှင် ငွေမတောင်းရ

ပဲခူးတိုင်းရှိအခြေခံပညာကျောင်းများတွင်ကျောင်းအပ်ချိန်ငွေတောင်းမှုများဖြစ်ပေါ်လာပါကအရေးယူမည်ဟုတိုင်းပညာရေးမှူးရုံးကပြောကြားလိုက်သည်။

ပဲခူးတိုင်းရှိအခြေခံပညာကျောင်းများတွင်ကျောင်းအပ်ပါကငွေတောင်းသည်ဟုသတင်းများ Fခေနဘသသု ပေါ်၌ပျံ့နှံ့လျက်ရှိပြီးငွေကြေးတစ်စုံတစ်ရာမတောင်းခံရန်ပညာရေးဝန်ကြီးဌာနကနိုင်ငံပိုင်သတင်းစာမှတစ်ဆင့်ကြေညာထားပြီးဖြစ်သည်။

သို့သော်လည်းပဲခူးရှိကျောင်းအချို့သည်ကျပ်သိန်းချီတောင်းခံခြင်းများပင်ပြုလုပ်လျက်ရှိသည်ဟုသတင်းထွက်လျက်ရှိသည်။

#တနင်္သာရီ

ရုပ်ရှင်ဆန်ဆန် လုယက်မှု

တနင်္သာရီတိုင်းကော့သောင်းတွင် မေလ ၂၇ ရက်က မော်တော်ယာဉ်ရှေ့ဆိုင်ကယ်နှစ်စီး ပိတ်ဆို့ကာ ရုပ်ရှင်ပြကွက်ဆန်ဆန် လုယက်ခဲ့သည်။

မောင်းနှင်လာသည့်ခွေးဘီလူးဟိုင်းဂျက်ရှေ့သို့ ဆိုင်ကယ်နှစ်စီး ထိုးဝင်လာပြီး ကားကို ကွေ့ရှောင်၍ ရပ်လိုက်သည့်အချိန်တွင် ဆိုင်ကယ်ပေါ်မှ လူလေးဦးက စကေဘာဖြင့် ထောက်၍ ထိုးကြိတ်လုယက်ခဲ့ခြင်း ဖြစ်သည်။

ကားသော့၊ ပိုက်ဆံအိတ်နှင့် ဖုန်းတို့ကို လုယက်ခံခဲ့ရပြီး လုယက်သူများကို ယင်းနေ့တွင်ပင် ဖမ်းမိခဲ့သည်။

#မန္တလေး

ကလေးကစားကွင်းမှာ ဓားရှည်ကိုင်ပြီး လုယက်

မန္တလေးမြို့လယ်ကောင်ရှိ ဂရိတ်ဝေါပလာဇာငါးလွှာတွင် ဖွင့်လှစ်ထား သည့် ကလေးကစားကွင်းတစ်ခုသို့ မျက်နှာဖုံးများ တပ်ဆင်ထားပြီး ဓားရှည်နှစ်ချောင်းကိုင်ထားသည့် လူလေးဦးက မေလ ၂၇ ရက် ညပိုင်းက လုယက်ခဲ့သည်။

လုယက်ရာတွင် ဆိုင်ဝန်ထမ်းရှစ်ဦး၏ ဖုန်းရှစ်လုံးနှင့် ငွေရှစ်သောင်းခန့် ပါသွားပြီး ၎င်းတို့ကို စီစီတီဗီမှတ်တမ်းမှ တစ်ဆင့် ခြေရာခံကာ နာရီပိုင်းအကြာတွင် ဖမ်းမိခဲ့သည်။

ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ ခုနစ်ဦးရှိပြီး ၎င်းတို့ကို အမှတ် (၈) မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၆/၁၁၄ (ခြိမ်းခြောက်တောင်းယူမှု၊ အားပေးကူညီမှု) တို့အပြင် လက်နက်ပုဒ်မ ၁၉(င) ဖြင့် အမှုဖွင့် အရေးယူထားသည်။ မန္တလေးတွင် ယခုရက်ပိုင်းအတွင်း ဓားကိုင်၍ လုယက်မှု၊ ခိုးမှုများ မကြာခဏ ကြုံတွေ့နေရသည်။

#စစ်ကိုင်း

လူ ၈၀ ကျော် ဝမ်းပျက်

ရွှေဘိုမြို့နယ်တင့်တယ်ကျေးရွာ၌ မေလ ၂၉ ရက်နေ့က လူ ၈၇ ဦး ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားခဲ့သည်။

၎င်းတို့ကို အဆိုပါ ကျေးရွာရှိ ရတနာဗိမ္မာန်အောင် ဘုန်းကြီးကျောင်း၌ အရေးပေါ်ကုသပေးခဲ့ပြီး ၎င်းတို့အနက် ငါးဦးကို ဆိပ်ခွန်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသထားသည်။ အဘယ့်ကြောင့် ဖြစ်ပွားသနည်းဆိုသည်ကိုမူ မသိရသေးပေ။

#ဧရာဝတီ

အာဏာစက်ပြင်းတဲ့ မြို့နယ်အဆင့်

ဧရာဝတီတိုင်းတွင် မြို့နယ်အဆင့်အမိန့်၊ ညွှန်ကြားချက်များသည် တိုင်းအဆင့်ထက် ပိုမိုအရာရောက်နေကြောင်း မေလ၂၅ ရက် ဧရာဝတီတိုင်းလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

တိုင်းအဆင့်က ထုတ်ပြန်သောငါးကန် မတူးဖော်ရန် တားမြစ်အမိန့်များကို မြို့နယ်အဆင့်က မလိုက်နာသောကြောင့် အောက်ခြေတွင် ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းရမှုများ ပေါ်ပေါက်လျက်ရှိသည်။ တိုင်းစိုက်ပျိုးမွေးမြူရေးဝန်ကြီးကမူ အထက်အမိန့်မလိုက်နာသော ဝန်ထမ်းအဆင့်ဆင့်ကို အရေးယူမည်ဟု ဆိုသည်။

#ဧရာဝတီ

လေပြင်းလို့ သင်္ဘောကမ်းတင်

ဧရာဝတီတိုင်းဟိုင်းကြီး ကျွန်းဒေသတွင် မိုးသက်လေပြင်းကျသောကြောင့် မေလ ၂၈ ရက်က သင်္ဘောတစ်စင်း ကမ်းတင်ခဲ့သည်။

အဆိုပါသင်္ဘောမှာ ပုသိမ်-ငပုတော-ဟိုင်းကြီး- ကျောက်ချောင်း ပြေးဆွဲသော သင်္ဘောဖြစ်ပြီး ကျောက်ငူရွာအနီးတွင် လေပြင်းကြောင့် ကမ်းတင်နေခဲ့ခြင်း ဖြစ်သည်။

အဆိုပါသင်္ဘောတွင် ခရီးသည် ၇၀ လိုက်ပါလာပြီး မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ချေ။

#ကချင်

မယ်တော်ထမ်းစင်များထမ်း၍ ငြိမ်းချမ်းရေးဆုတောင်း

ကချင်အပါအဝင် မြန်မာနိုင်ငံဒေသအချို့တွင် ဖြစ်ပွားနေသော စစ်ပွဲများငြိမ်းချမ်းစေရန် မြစ်ကြီးနားမြို့တွင် ကက်သလစ်ဘာသာဝင် ၅၀၀၀ ခန့်သည် မေလ၂၈ ရက်နေ့က စီတန်းလမ်းလျှောက်ဆုတောင်းခဲ့ကြသည်။

မြစ်ကြီးနားမြို့ စီတာပူဘုန်းတော်ကြီးတိုက်နယ်နှင့် မြစ်ကြီးနား ဘုန်းတော်ကြီးတိုက်နယ်တို့မှ ကက်သလစ် ဘာသာဝင်ရဟန်းများ၊ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဘာသာတူများသည် ငြိမ်းချမ်းရေးအတွက် မယ်တော်ထမ်းစင်များ ထမ်း၍ ဆုတောင်းမေတ္တာပို့လမ်းလျှောက်ခဲ့ကြခြင်း ဖြစ်သည်။

#မွန်

လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ရာထူးမှ နုတ်ထွက်

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်ကို မေလ၂၉ ရက်နေ့က ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်။ ထိုရာထူးဖြင့် တာဝန်ထမ်းဆောင်စဉ်တွင် စီမံကိန်းအချို့နှင့် ပတ်သက်၍ ဝေဖန်ခံရမှုများရှိခဲ့သည်။

၎င်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားလှယ်အဖြစ်နှင့် မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ပါတီကိုယ်စားလှယ်လောင်း မဖြစ်ခင်ကတည်းက ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းအပါအဝင် အခြား စီးပွားရေးလုပ်ငန်းမျာကို လုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။

#ရခိုင်

နေရပ်စွန့်ခွာ ၆၀ ကျော်ကို ပြန်လက်ခံ

မြန်မာအစိုးရသည်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နေရပ်စွန့်ခွာ ၆၂ ဦးကို ရခိုင်ပြည်နယ် ငါးခူရပြန်လည်လက်ခံရေးစခန်းတွင် စတင်လက်ခံလိုက်ပြီဟု အစိုးရက မေလ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

မိမိသဘောဆန္ဒဖြင့်ပြန်လည်ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူများကို အကြမ်းဖက်မှုများတွင် ပါဝင်ခဲ့ခြင်း ရှိ မရှိ စိစစ်ခဲ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သူ ၅၈ ဦးနှင့် တရားစွဲဆိုမှုရုပ်သိမ်းခဲ့သူ လေးဦး စုစုပေါင်း ၆၂ ဦးကို မေလ ၂၆ ရက်နေ့တွင် ဘူးသီးတောင်မှ ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ တိမ်းရှောင်သူ ခြောက်သိန်းကျော်ရှိကြောင်း နိုင်ငံတကာကထုတ်ပြန်ထားပြီးနောက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့ တွေ့ဆုံခဲ့ပြီး နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေး သဘောတူညီချက်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ၂၃ ရက်နေ့တွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

#မန္တလေး

ပုဂံခေတ်လက်ရာ နောက်ဆုံးကျန်ရှိသည့် တံခါးဖြစ်သည်။

သရပါတံခါး ပြန်ဖွင့်

ပုဂံမြို့ဟောင်းရှိသရပါတံခါးကို မေလ ၂၅ ရက်နေ့မှ စတင်၍ ရှစ်တန်အောက်ယာဉ်များ ပြန်လည်ဖြတ်သန်းခွင့်ပြုလိုက်ပြီ ဖြစ်သည်။

ပုဂံခေတ်လက်ရာအစစ်ဖြစ်ပြီး ကြီးမားသည့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ပြသစရာ တံခါးမှာ သရပါတံခါးတစ်ခုတည်းသာ ရှိသဖြင့် မော်တော်ယာဉ်များ ဖြတ်သန်းခွင့်ကြောင့် အန္တရာယ်ရှိလာမည်ကို စိုးရိမ်ကြောင်း ဒေသခံတို့က ဆိုသည်။

သရပါတံခါးတွင် ယာဉ်ကြီးများဖြတ်သန်းခွင့်ကိုမူ ပိတ်ပင်ထားပြီး ယာဉ်ငယ်များဖြတ်သန်းခွင့်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းက ပိတ်ပင်ခဲ့ကာ မော်တော်ဆိုင်ကယ်၊ မြင်းလှည်း၊ လျှပ်စစ်ဆိုင်ကယ် စသည်တို့ကိုမူ ဖြတ်သန်းခွင့်ပြုထားခဲ့သည်။

ယခုတစ်ဖန် ရှစ်တန်အောက်ယာဉ်ငယ်များကို ပြန်လည်ဖြတ်သန်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။

#ပဲခူး

ကျပ်သိန်း ၅၀၀ အလွဲသုံးမှု

ပဲခူးတိုင်း၊တောင်ငူမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ Regency စက်သုံးဆီအရောင်းဆိုင် မန်နေဂျာနှင့် လက်ထောက်မန်နေဂျာတို့ကို ကျပ်သိန်း၅၀၀ကျော် အလွဲသုံးမှုဖြင့် မေလ ၂၈ ရက်တွင် ကုမ္ပဏီက အမှုဖွင့်ခဲ့သည်။

စက်သုံးဆီအရောင်းစာရင်းများ မပေးပို့၍ လာရောက်စစ်ဆေးရာမှ ယင်းသို့ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ကျပ်သိန်း ၅၅၀ ဖိုးရှိ စက်သုံးဆီဂါလန် ၁၂,၀၀၀ ကျော်ကို ကိုယ်ကျိုးအတွက် သုံးစွဲ ထားသည်ဟုဆိုကာ အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး မန်နေဂျာကိုမူ တာဝန်ရှိသူများက စုံစမ်းနေဆဲဖြစ်သည်။

#ရှမ်း

အကျဉ်းသားတွေကို လာတွေ့တဲ့ ထိုင်းသံအမတ်

ကျိုင်းတုံမြို့အကျဉ်းထောင်အတွင်း အကျဉ်းကျနေသည့် ထိုင်းနိုင်ငံသားများကို မေလ ၂၈ ရက်နေ့တွင် ထိုင်းနိုင်ငံ သံအမတ်ကြီး HE Mr.Jukr Boon Long နှင့်အဖွဲ့ လာရောက် တွေ့ဆုံခဲ့သည်။ ယင်းအပြင် ထိုင်းသံအမတ်အဖွဲ့သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံ တက္ကသိုလ်၊ ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံတို့မှ တာဝန်ရှိသူတို့နှင့်လည်း တွေ့ဆုံမည်ဟုလည်း ဆိုထားသည်။

#ရခိုင်

ဒေါက်တာအေးမောင်ကို ဆေးစစ်

နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲခံထားရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်သည် ခါးနာသည့်ရောဂါ ဖြစ်ပေါ်လာသဖြင့် စစ်တွေပြည်သူ့ဆေးရုံတွင် မေလ၂၈ရက်နေ့က ဆေးစစ်မှုခံယူခဲ့သည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ရသေ့တောင်မြို့တွင် ဇန်နဝါရီလ၁၅ ရက်နေ့၌ စာပေဟောပြောခဲ့မှုနှင့်ပတ်သက်ကာ နိုင်ငံတော်ပုန်ကန်သစ္စာဖောက်ဖျက်မှု ပုဒ်မ၁၂၂ ၊ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ) (ဂ)နှင့် မတရားအသင်းဆက်သွယ်မှု ပုဒ်မ၁၇(၁) တို့ဖြင့် ဖမ်းဆီးတရားစွဲထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *