သဘင်သည်တို့၏ သောက

ကြက်တူရွေးမျက်လုံးလောက်စာလုံး မှန်၏။ လောက်စာလုံးမှာ ပရိသတ်ထဲက ပစ်လိုက်ခြင်းဖြစ်ပြီး ကြက်တူရွေးဆိုသည်မှာ အောင်ပင်လယ်ဆပ်ကပ်အဖွဲ့မှ ဟာသပညာရှင်ဖြစ်လေသည်။ အဘယ်ကြောင့် ထိုကဲ့သို့ ဖြစ်ရသနည်း။

မေလပထမပတ်အတွင်းက ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ် အရှေ့ဘက်ရှိ ရွာတန်းကျေးရွာတွင် အောင်ပင်လယ်ဆပ်ကပ်အဖွဲ့မှ ဟာသပညာရှင် ကြက်တူရွေး ခေါ် ကိုနေမင်းဖျော်ဖြေနေစဉ် ဆပ်ကပ်ပွဲလာကြည့်သူ ပရိသတ်တစ်ဦးက လောက်လေးခွဖြင့် ပစ်ခတ်ခဲ့သည်။ ကိုနေမင်း၏ ညာဘက်မျက်စိကို လောက်စာလုံးထိမှန်ခဲ့ပြီး မျက်လုံးကျွတ်ထွက်သွားသည်အထိ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် သဘင်လောကအတွင်း စိုးရိမ်ထိတ်လန့်မှုများနှင့်အတူ ဝေဖန်မှုများလည်း မြင့်တက်ခဲ့သည်။

“ဒီဖြစ်စဉ်ကိုကြည့်ပြီး ကိုယ့်အလှည့်ရောက်ရင်ရော ဘယ်လိုဖြစ်မလဲ သတိထားရမယ်ဆိုတာကို သင်ခန်းစာယူမိပါတယ်” ဟု ရွှေမန်းသဘင်မှ ရွှေမန်းတင်မောင်၏မြေး ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်းက ပြောကြားသည်။

အောင်ပင်လယ်ဆပ်ကပ်အဖွဲ့မှ ကြက်တူရွေး ခေါ် ကိုနေမင်းမှာ ပရိသတ်များနှင့် ပဋိပက္ခဖြစ်ပွားခဲ့မှု ရှိခဲ့သည်ဟု ရမည်းသင်းဒေသရှိ ဒေသခံများက ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။ ကိုနေမင်းသည် သံတုတ်ကိုကိုင်ကာ ပရိသတ်ကို စိန်ခေါ်မှုလည်း ရှိခဲ့သည်ဟု ရမည်းသင်းရွာတန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်သောင်းက ပြောကြားသည်။

မြန်မာနိုင်ငံ သဘင်အစည်းအရုံးကမူ ရွာတန်းဒေသသို့ နောက်နောင် ဇာတ်သဘင်အဖွဲ့များ သွားရောက်ကပြရန်ကို စဉ်းစားရတော့မည်ဖြစ်ပြီး သတိပြုဆင်ခြင်ရတော့မည်ဟု မေလ ၂၀ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ကြေညာခဲ့သည်။

“အခု ရမည်းသင်းရွာတန်းကဖြစ်ရပ်မှာ သတိဆိုတာ ထားရမယ်၊ သည်းခံစိတ်လည်း ရှိရမယ်လို့ မြင်မိပါတယ်။ ယူမယ်ဆို သင်ခန်းစာကြီးကြီးက ရနိုင်ပါတယ်”ဟု မြန်မာနိုင်ငံသဘင်အစည်းအရုံး ဥက္ကဋ္ဌ ဇာတ်မင်းသားဖိုးချစ်က ဆိုသည်။

ကိုကြက်တူရွေး၏ဖြစ်ရပ်အပေါ် သဘင်အနုပညာရှင်များအနေနှင့် သင်ခန်းစာယူရမည်ဟု ဖိုးချစ်က ပြောကြားသည်။

“သဘင်သည်ကတော့ ပရိသတ်အပေါ် သည်းညည်းခံရမှာပဲ။ သူတို့ ဘယ်လောက်ဆိုးဆိုး ကိုယ်က မေတ္တာရပ်ခံရမယ်။ တောင်းပန်ရမယ်။ နောက်ဆုံးမရရင် ကားလိပ်ချပြီး ဖြေရှင်းသင့်တယ်” ဟု ၎င်းကဆိုသည်။

ရမည်းသင်း ရွာတန်းရွာဖြစ်စဉ်နှင့် အလားတူ ကပြဖျော်ဖြေနေသောအချိန်တွင် ပရိသတ်က စင်မြင့်ပေါ်သို့ ကွမ်းတံတွေးထုပ်များ၊ ရေသန့်ဘူးများဖြင့် ပစ်ပေါက်ကာ ဆူပူခဲ့မှုများနှင့် ကြုံခဲ့ဖူးသည်ဟု စံပြဇာတ်သဘင်မှ ဇာတ်မင်းသားဟန်ဇာမိုးဝင်းက ပြောကြားသည်။

“ကျွန်တော် ခရမ်းမှာ ကပြတုန်းက ကျွန်တော်က အင်္ကျီအဖြူရောင်ဝမ်းဆက် ဝတ်ထားတယ်။ ပရိသတ်ထဲက ယောက်ျားကြီးတစ်ယောက်က သူ့ရဲ့ကွမ်းတံတွေးထုပ်နဲ့ ကျွန်တော့်ကိုပစ်လိုက်တယ်၊ တော်တော်စိတ်မကောင်းဖြစ်ရတယ်” ဟု ၎င်းက ပြန်ပြောင်းပြောပြသည်။

သို့သော် ၎င်း၏ဖခင် (ဦးမိုးဝင်း) ကို ထိုဖြစ်စဉ်ပြောပြသည့်အခါ သည်းခံရန်ပြောခဲ့သဖြင့် ဖခင်စကား နားထောင်ခဲ့သည်ဟု ၎င်းကပြောကြားသည်။ ထို၏အကျိုးဆက်ကိုလည်း သူရရှိခဲ့သည်။

“အခုဆို ခရမ်းပရိသတ်နဲ့ ကျွန်တော်က Peace ပဲ။ ခရမ်းက ကျွန်တော်မှ ကျွန်တော်ဖြစ်လောက်အောင် ရင်းနှီးမှုတည်ဆောက်နိုင်ခဲ့ပါတယ်” ဟု ဟန်ဇာမိုးဝင်းက သူနှင့်ပရိသတ်အကြား နားလည်မှုတည်ဆောက်ခဲ့ရပုံကို ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး သဘင်လူမှုကူညီစောင့်ရှောက်ရေး တွဲဖက်အတွင်းရေးမှူးတစ်ဦးလည်းဖြစ်၊ ယခင်က ရွှေမန္တလာဇာတ်သဘင်အဖွဲ့ဦးဆောင်သူတစ်ဦးလည်းဖြစ်သူ ဦးသောင်းထွန်းကမူ ယခု ၂၀၁၈ ခုနှစ်တွင် ယခင်နှစ်များထက်သဘင်သမားများအပေါ် ကူညီစောင့် ရှောက်မှု အများအပြားပြုလုပ်ခဲ့ရကြောင်း ပြောကြားသည်။

“ရမည်းသင်းရွာတန်းမှာဖြစ်သွားတဲ့ အောင်ပင်လယ်ဆပ်ကပ်အဖွဲ့က ကိုကြက်တူရွှေး ဖြစ်စဉ်အပေါ် ကျွန်တော်တို့ သဘင်ကူညီစောင့်ရှောက် ရေးအဖွဲ့နဲ့ မန္တလေးတိုင်းသဘင်အစည်းအရုံး ပူးပေါင်း ပြီး ဆေးရုံတင်ပေးခဲ့ပါတယ်။ ဗဟိုကလည်းလာပြီး ကူညီစောင့်ရှောက်ပေး ပါတယ်။ ကိုကြက်တူရွေးအတွက် ကူညီငွေ ၁၅ သိန်းလောက် ပေးကမ်းကူညီနိုင်ခဲ့ပါတယ်” ဟု ပြောဆိုသည်။

ကိုကြက်တူရွေးမှာ ဆပ်ကပ်သမားတစ်ဦးဖြစ်သဖြင့် မျက်လုံးကို အဓိကအသုံးပြုကာ ဆပ်ကပ်ပြကွက်များလုပ်ရသဖြင့် ယခုအခါ ဇာတ်သဘင်စင်မြင့်ပေါ်တွင် ဆပ်ကပ်ပညာများဖြင့် ရှေ့လျှောက်ကပြရန် မဖြစ်နိုင်တော့ကြောင်းလည်း ၎င်းက ဝမ်းနည်းစကားဆိုသည်။

“အခု အချိန်အထိတော့ ဆေးရုံမှာပဲပေါ့နော်။ ဆေးရုံက ပြန်ဆင်းလာရင်လည်း စင်မြင့်ပေါ်မှာ ဖျော်ဖြေလို့တော့ မဖြစ်နိုင်တော့ဘူး။ တခြားအလုပ်တွေ သူ ပြောင်းလုပ်ရတော့မှာပေါ့” ဟု ဦးသောင်းထွန်းကဆိုသည်။

မြန်မာ့ဇာတ်သဘင် ဆိုင်းဝိုင်းအငြိမ့်အဖွဲ့များသည် ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက တည်ရှိလာခြင်းဖြစ်ပြီး ယနေ့ခေတ်တွင် ဇာတ်သဘင်ကပြမှုအဖွဲ့များ ပုံစံအမျိုးမျိုး၊ တင်ဆက်မှုအမျိုးမျိုးဖြင့် တည်ရှိနေဆဲဖြစ်သည်။ သို့သော် ရှေးယခင်ခေတ်များနှင့်ခြားနားစွာ သဘင်ပညာရှင်တို့ တွေ့ကြုံ ရင်ဆိုင်နေရသည့် အခက်အခဲများလည်း ပိုမိုတိုးပွားများပြားလျက်ရှိသည်ကို တွေ့ရသည်။

ဇာတ်သဘင်အဖွဲ့တစ်ဖွဲ့ဖြစ်သော မင်းမင်းဦး အလှသစ်ဇာတ်သဘင်အဖွဲ့ လိုက်ပါစီးနင်းလာသော မော်တော်ယာဉ်မှာ ယခုနှစ် ဧပြီလ ၂၈ ရက်နေ့က ရှမ်းပြည်နယ်တွင် တိမ်းမှောက်ခဲ့သောကြောင့် ဇာတ်သမားရှစ်ဦးသေဆုံးခဲ့ပြီး ဇာတ်သမား ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်ကိုလည်း ဦးသောင်းထွန်းတို့ ဇာတ်သဘင်ကူညီရေးအဖွဲ့နှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံးဗဟိုက ကူညီမှုများ ပြုလုပ်ခဲ့သေးသည်။

“ဇာတ်သမားတွေ ဒီနှစ်ထဲမှာ အန္တရာယ်တွေနဲ့ကြုံနေရလို့ တော်တော်သတိထားရမယ်။ ဦးလေးကတော့ ကိုယ်ပိုင်ဇာတ်ကို စိတ်ဓာတ်ကျလို့ ဖျက်ပစ်လိုက်တာပါ။ ဇာတ်ထောင်တယ်ဆိုတာ ကိုယ့်လူရင်းပါမှ ပိုကောင်းတယ်။ လူရင်းမပါရင် ဇာတ်ကထောင်ရတာ သိပ်မလွယ်ဘူး။ အရင်းအနှီးလည်းကြီးတယ်” ဟု ဦးသောင်းထွန်းက ဖွင့်ဟသည်။

မင်းမင်းဦး ဇာတ်သဘင်အဖွဲ့ကဲ့သို့ ဇာတ်ကားတိမ်းမှောက်မှု နောက်တစ်မှုလည်း ဖြစ်ပွားခဲ့ပြန်သည်။ ရှမ်းပြည်နယ် လွိုင်လင်တွင် ကပြနေသော ရှမ်းဇာတ်အဖွဲ့တစ်ခုပါလာသည့် ယာဉ်တစ်စီးမှာလည်း ၂၀၁၈ ခုနှစ် မေလအတွင်းတွင် တိမ်းမှောက်ခဲ့သောကြောင့် ငွေကြေး အင်အား၊ လူအင်အားတို့ဖြင့် သွားရောက်ကူညီပေးခဲ့ရကြောင်းလည်း ဦးသောင်းထွန်းကဆိုသည်။

ယနေ့ခေတ်တွင် ဇာတ်သဘင်အဖွဲ့တစ်ခုထူထောင်ရန်မှာ ငွေအရင်းအနှီး ကျပ်သိန်း ၃၀၀၀ ကျော်ဖြင့်ထူထောင်မှ အဆင်ပြေနိုင်ကြောင်း၊ ဇာတ်မင်းသားလည်းဖြစ်၊ မြန်မာနိုင်ငံ ဇာတ်သဘင်အစည်းအရုံးဗဟိုဥက္ကဋ္ဌလည်းဖြစ်သူ မင်းသားဖိုးချစ်၏ ဇာတ်သဘင်အဖွဲ့ဆိုလျှင် အရင်းအနှီး သိန်း ၇၀၀၀ ကျော်ဖြင့် တည်ထောင်ထားကြောင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံး ဗဟိုမှရရှိသော စာရင်းအချက်အလက်များအရ သိရသည်။

အရင်းအနှီး အင်အားကြီးမားသောကြောင့် ဇာတ်သဘင်နယ်ပယ်သို့ ဝါသနာအရ ဝင်ရန်မှာ တော်ရုံမဖြစ်နိုင်ကြောင်းလည်း ဇာတ်သဘင်သမားများက ဖွင့်ဟသည်။

မိုးဦးကျနှင့် မိုးရာသီတစ်တွင်းလုံး ဇာတ်အငှားအေးသဖြင့် ပွင့်လင်းရာသီကိုသာ ဇာတ်သဘင်သမား အများစု မှီခိုနေရကြောင်းလည်း ဇာတ်သမားများက ဖွင့်ဟသည်။

မည်သို့ပင်ဆိုစေ သဘင်အနုပညာရှင်များမှာ အခြားအနုပညာရှင်များထက် ပရိသတ်နှင့် စင်ပေါ် စင်အောက် နီးကပ်စွာ ကပြဖျော်ဖြေတင်ဆက်ရသောကြောင့် အခြား ရုပ်ရှင်ကဲ့သို့သော နယ်ပယ်များထက် အန္တရာယ်ရှိမှု ပိုမိုများပြားသည်ဟု သဘင်သမားများက တညီတညွတ်တည်း ပြောဆိုကြသည်။

ထိုသို့ အန္တရာယ်များမှုကြောင့် သဘင်အနုပညာရှင်များအနေနှင့် လုံခြုံရေးကိုလည်း ဂရုစိုက်ရမည်ဖြစ်ကာ စိတ်ချရသော လုံခြုံရေးအစောင့်အရှောက်ဖြင့် ကပြသင့်ကြောင်း ဝါရင့်သဘင်ပညာရှင်ကြီးများက ထောက်ပြကြသည်။

“ဦးလေးတို့နဲ့ ခေတ်တွေမတူတော့ဘူး။ ဟိုးအရင်တုန်းကပရိသတ်နဲ့ အခုခေတ်ပရိသတ်လည်း မတူတော့ဘူး။ ဟိုတုန်းကပရိသတ်က အပွင့်လင်းဆုံးပြောရရင် မရိုင်းဘူး။ အခု ပရိသတ်ထဲမှာ စုန်းပြူးတွေပါနေတယ်။ ယဉ်ကျေးမှုမရှိတာပေါ့။ အဲဒီလို ရိုင်းတဲ့ပရိသတ်တွေ ရှိလာတော့ လုံခြုံရေးဆိုတာ လိုလာပြီ အရေးကြီးလာပြီ။ လုံခြုံရေးကို မကပြခင် သေချာပြင်ဆင်ထားရမယ့်အထဲ ထည့်ရတော့မယ်” ဟု မန္တလေးမြို့မှ အသက် ၇၀ အရွယ် သဘင်ပညာရှင် ဟာသလူရွှင်တော် ဦးပေါစံက ပြောကြားသည်။

ယနေ့ခေတ်တွင် စင်အောက်က ပရိသတ် အများစုထဲတွင် ယခင်ခေတ်ကကဲ့သို့ အရက်သမားများသာမက မူးယစ်ဆေးသုံးစွဲထားသူများပါ ပါဝင်လာသောကြောင့် ယခင်ထက် ပိုမိုဂရုစိုက်ရကြောင်းလည်း ရွှေညီကိုဇာတ်သဘင်အဖွဲ့မှ ခေါင်းဆောင်မင်းသား ဝင်းကိုကိုက ပြောကြားသည်။

ယခင် ၁၉၈၀ ပြည့်နှစ်အကျော်က မြန်မာနိုင်ငံတွင် ဇာတ်သဘင်အဖွဲ့ပေါင်း ၂၀၀ ကျော်ရှိခဲ့ပြီး ဇာတ်သဘင်လောက၏ အစည်ပင်ဆုံးကာလဖြစ်ခဲ့ကြောင်း၊ ယနေ့ ၂၀၁၈ ခုနှစ်တွင် ဇာတ်သဘင်အဖွဲ့ပေါင်း ၅၀ နီးပါးသာ ကျန်ရှိတော့သဖြင့် ဇာတ်သဘင်လောက ကျဆင်းမှုများ ရှိနေကြောင်း မြန်မာနိုင်ငံ ဇာတ်သဘင်အစည်းအရုံး ဗဟိုမှသိရသည်။

ဇာတ်သဘင်သမားအများစုအပေါ် ကာကွယ်မှုများပေးထားသည့် တိကျသော သဘင်ကာကွယ်ရေးဥပဒေများလည်း လွှတ်တော်တွင် တင်သွင်းစေလိုကြောင်း ဇာတ်မင်းသားဖိုးချစ်က ပြောဆိုသည်။

“ကိုကြက်တူရွေးကိစ္စဆို ကျွန်တော်တို့က အလျော်ဘယ်လောက်ပေးပေး ကျေအေးပေးမှာ မဟုတ်ပါဘူး။ စံပြအနေနှင့် နောက်ကို ဒီလိုမျိုးမလုပ်အောင် အမှုကို ဆက်လက်ဆွဲထားမယ်။ အမှုမပိတ်ပေးပါဘူး” ဟု ၎င်းကပြောကြားသည်။

မန္တလေးတိုင်း ဇာတ်သဘင်ကူညီရေးအဖွဲ့ကမူ ကိုကြက်တူရွေး၏အမှုမှာ တုံးသောလက်နက်ဖြင့် ပစ်ခတ်ခြင်းခံရသောကြောင့် တစ်ဖက်ပစ်ခတ်သူက အာမခံဝင်လျှင် ရနိုင်သဖြင့် အမှုမမြောက်မည်ကို စိုးရိမ်ကြောင်းလည်း ပြောဆိုသည်။

ဇာတ်သဘင်သမားများအတွက် အခြားသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများသို့ ကူးပြောင်းလုပ်ရန်လည်း ဝါသနာအရ အဆင်မပြေသောကြောင့် ပွဲကပြခွင့်ရရှိသော ပွင့်လင်းရာသီအချိန်ရောက်မှသာ တစ်နှစ်စာ ဝမ်းစာအတွက် စုစုဆောင်းဆောင်းလုပ်ရကြောင်း သဘင် အနုပညာရှင်များက ရင်ဖွင့်သည်။

မည်သို့သော အလုပ်အကိုင်များတွင် ဖြစ်စေကာမူ စိန်ခေါ်မှုများကရှိနေရာ သဘင်သည်များအတွက်လည်း စိန်ခေါ်မှုများ ပြဿနာအခက်အခဲများက ရှိနေဦးမည်ဖြစ်သည်။ ယင်းစိန်ခေါ်မှုများကို မကိုင်တွယ်တတ်ပါက သောကအဖြစ်ပုံပြောင်းသွားပြီး ကိုကြက်တူရွေးကဲ့သို့ ဘ၀သင်ခန်းစာယူစရာ ဆုံးရှုံးမှုဖြင့် ကြုံတွေ့နိုင်ပြီး ကိုင်တွယ်တတ်ကာ သတိကြီးကြီးထားတတ်ပါက အောင်မြင်မှုအသီးအပွင့်များအဖြစ်သို့လည်း ပြောင်းလဲနိုင်ပါကြောင်း အောင်မြင်နေသော ဇာတ်သဘင်အဖွဲ့များကဆိုသည်။

မြန်မာနိုင်ငံသဘင်အစည်းအရုံးဥက္ကဋ္ဌ ကိုဖိုးချစ်ကမူ “ကျွန်တော်တို့ကို ဖက်ခွက်စားအနုပညာလို့ခေါ်တယ်ဆိုပြီး စော်ကားပြောဆိုတာတွေလည်းရှိတယ်။ ဒါက သမိုင်းကိုမသိလို့ပြောတာပါ။ ရှေးမြန်မာဘုရင်တွေလက်ထက်က ဖက်ခွက်ကွမ်းတောင်ဆိုတာ မြင့်မြင့်မြတ်မြတ်နဲ့ တကယ့်ကိုတန်ဖိုးထားပြီး သဘင်သည်ကို ပေးကမ်းချီးမြှင့်ပြီး ကပြခိုင်းတာ။ ကျွန်တော်တို့ ဂုဏ်ယူရမယ်။ ဘယ်လိုအခက်အခဲမဆို ကြိုတင်ကာကွယ်ပြင်ဆင်ပြီး ကျော်ဖြတ်ရင်းနဲ့ သောကတွေကို မဖြစ်အောင် ရှောင်ကြဉ်ပြီး အောင်မြင်မှုကို အရယူရပါမယ်” ဟု တိုက်တွန်းပြော ဆိုလေသည်။

 

အေးကျော့ခိုင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *