တိမ်မြုပ်နေတဲ့ ပြဿနာတစ်ခု

လူမှုကွန်ရက်မှာ မကြာခဏတွေ့နေရပါတယ်။ ဘာလဲဆိုတော့ ယောက်ျားက မိန်းမကိုရိုက်လို့ ကွဲကြကွာကြတဲ့ ပြဿနာတွေပါ။ အများစုကတော့ ဒီလိုလုပ်ရပ်မျိုးကို ရှုတ်ချကြပါတယ်။ ယောက်ျားဟာ ခန္ဓာကိုယ်တည်ဆောက်ပုံအားဖြင့် မိန်းမထက် ခွန်အားသာတာမို့ ဒါကို အသုံးချပြီး အနိုင်ကျင့်အကြမ်းဖက်တဲ့လုပ်ရပ်ကို အဆင့်အတန်းရှိတဲ့ ဘယ်လိုယောက်ျားမျိုးကမှ မလုပ်ကြသလို၊ အားပေးထောက်ခံမှုလည်း မပြုကြပါဘူး။ အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တယ်ဆိုတဲ့ စကားပုံမျိုး၊ အလေ့အထမျိုးတွေက ကျွန်တော်တို့ စွန့်ဖယ်ထားခဲ့သင့်တာ တော်တော်ကြာနေပါပြီ။
ဒါပေမဲ့ အမျိုးသမီးရေးရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင်လုပ်နေတဲ့ ကျွန်တော်တို့အတွက်တော့ ဒီလိုလူမှုကွန်ရက်မှာမြင်နေရတဲ့ ပြဿနာတွေ၊ လူတွေရဲ့ ကဲ့ရဲ့ပြစ်တင်မှုတွေဆိုတာက Tip of the Iceberg ပါပဲ။ ရေပေါ်မှာပေါ်နေတဲ့ ရေခဲတုံးရဲ့ အစိတ်အပိုင်းလေးပဲ ဖြစ်ပါတယ်။ ရေအောက်မှာ တကယ့်ကိုကြီးမားတဲ့ အစိုင်အခဲကြီးက ရှိနေပါသေးတယ်။ ကိုယ့်မှာရှိတဲ့ ခွန်အားကိုတစ်လွဲအသုံးချပြီး ကိုယ့် မိန်းမကို ရိုက်နှက်အနိုင်ကျင့်နေတဲ့ ယောက်ျားတွေ၊ ဒီလိုလုပ်ရပ်မျိုးတွေကို အားပေးတဲ့၊ ပုံမှန်လို့ထင်နေတဲ့ လူအုပ်စုတွေကအများကြီးရှိနေပါသေးတယ်။
Domestic Violence လို့ခေါ်တဲ့ အိမ်တွင်းအကြမ်းဖက်မှုဆိုတာ မိသားစုထဲမှာ တစ်ဦးတစ်ယောက်ကနေပြုလုပ်တဲ့ အကြမ်းဖက်မှုတွေကို ဆိုလိုတာပါ။ ဥပမာ – အိမ်ထောင်ရေးဖောက်ပြန်မိတဲ့ သမီးဖြစ်သူကို အဖေက မိသားစုဂုဏ်သိက္ခာအတွက် သတ်ဖြတ်တာ၊ မသေမချင်း ခဲနဲ့ဝိုင်းပေါက်ကြတာ၊ အမျိုးသမီးတွေရဲ့ လိင်ကိစ္စကိုထိန်းချုပ်ဖို့ မလိင်အင်္ဂါအစေ့ကိုလှီးဖြတ်တာ ဒီလိုလုပ်ရပ်တွေကို အိမ်တွင်းအကြမ်းဖက်မှုလို့ ခေါ်ပါတယ်။ ရင်းနှီးသူက အကြမ်းဖက်တာကိုတော့ Intimate Partner Violence (IPV) လို့ခေါ်တယ်။ အိမ်တွင်းအကြမ်းဖက်မှုတွေထဲက အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ အိမ်ထောင်ဖက်က၊ အတူနေချစ်သူက၊ တွဲနေတဲ့ရည်းစားက လုပ်တာမျိုးကို ဆိုလိုတာပါ။
ဘယ်လိုပုံစံတွေနဲ့ အကြမ်းဖက်တာလဲ။ ရိုက်မှ နှက်မှ အကြမ်းဖက် တယ်ခေါ်တာလား။ မဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာအရ နှိပ်စက်ညှဉ်းပန်းတာ၊ ကန်ကျောက်ရိုက်နှက်တာ၊ စိတ်ပိုင်းဆိုင်ရာအရ အနှောင့်အယှက်ပေးတာ၊ ချစ်သူချင်းအတူနေထားတာကို ဓာတ်ပုံရိုက် ဗီဒီယိုရိုက်ထားပြီးမှ ခြိမ်း ခြောက်တာ၊ စကားလုံးတွေနဲ့ ဆဲရေးပြစ်တင်တာ၊ ညစ်ပတ်ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေသုံးတာ၊ လူမှုရေးပိုင်းဆိုင်ရာအရ အလုပ်လုပ်ခွင့်မပေး တာ၊ ဘာသာရေးကို သူ ယုံကြည်တဲ့အတိုင်း ကိုးကွယ်ခွင့်မပြုတာ၊ ကိုယ်ဝန်တားလို့မရဘဲ ကလေးမွေးတဲ့စက်လို သဘောထားခံရတာ၊ နောက်ဆုံး အဓမ္မပြုကျင့်မှုအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရ တာ စတာတွေအားလုံးဟာ ဒီအကြမ်းဖက်မှုခေါင်းစဉ်အောက်မှာ အကျုံးဝင်ပါတယ်။
နောက်တစ်ခု ကျွန်တော်တို့ဆီက လူအများစုသိမနေကြတဲ့ ကိစ္စ တစ်ခုကတော့ လင်မယားကြားမှာလည်း အလိုမတူရင် အဓမ္မပြုကျင့်မှု မြောက်တယ် ဆိုတာပါပဲ။ ဒီလိုအမှုမျိုးတွေက အင်မတန်မှကို ငြင်းရခုန်ရ တဲ့ကိစ္စတွေပါ။ တချို့က ပြောကြတယ်၊ လင်မယားပါဆိုမှ ဘယ်လိုလုပ်ပြီး အဓမ္မပြုကျင့်မှုဆိုတာ ရှိနိုင်ပါမလဲတဲ့။ ဒါကလည်း ကျွန်တော်တို့ မြန်မာ့ အသိုင်းအဝိုင်းမှာက ကာမပိုင်ယောက်ျm;ဆိုပြီး သုံးနှုန်းတတ်ကြတော့ အမျိုးသမီးတစ်ယောက်ကို လက်ထပ်ပြီးသွားတာနဲ့ သူ့ကိုငါပိုင်သွားပြီလို့ ထင်တတ်ကြတာကိုး။ ဒါကြောင့် ဒီလိုအမှုမျိုးတွေမရှိဘူးလို့ ထင်ကြတာပါ။ တကယ်တမ်းကတော့ အဓမ္မပြုကျင့်မှုလို့ပြောဖို့ဆိုရင် ထိုးသွင်းဆက်ဆံမှု ရှိရတယ်၊ အဲဒါကို အမျိုးသမီးဖြစ်သူ အလိုမတူဘဲနဲ့ ပြုလုပ်တယ်ဆိုရင် အဲဒါမုဒိမ်းမှုဖြစ်ပါတယ်။ ဒါက သူစိမ်းကလုပ်လုပ်၊ ကိုယ်နဲ့ လက်ထပ်ထားသူကလုပ်လုပ် အတူတူပါပဲ။
နိုင်ငံတကာမှာတော့ ဒီလိုအကြမ်းဖက်မှုတွေကို တော်တော်လေးအရေးကြီးတဲ့ပြဿနာတစ်ရပ်အဖြစ် ရှုမြင်ကြပါတယ်။ အဲဒီလို ရှုမြင်ဖို့ အတွက်ကိုလည်း အချက်အလက်ပေါင်းမြောက်မြားစွာက ပြောပြနေကြတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ဘယ်အရာမဆိုအချက်အလက် အင်မတန်ရှားပါးတဲ့နိုင်ငံဖြစ်တဲ့အတိုင်း ဒီလိုကိစ္စနဲ့ ပတ်သက်ပြီးလည်း တိတိကျကျ ဘယ်လောက်အခြေအနေထိ ဖြစ်နေတယ်ဆိုတာမျိုး ပြောရခက်ပါတယ်။ ပြီးတော့ ဒီကိစ္စအပေါ် ယဉ်ကျေးမှုထုံးတမ်းစဉ်လာအရ ရှုမြင်မှုတွေကလည်း ဖြစ်ရိုးဖြစ်စဉ်လို သဘောထားနေကြတာမို့ ဒါကို ပြဿနာပါလို့ ထုတ်ပြောလာဖို့ကမလွယ်ကူပါဘူး။ ၂၀၀၅ ခုနှစ်တုန်းက မန္တလေးမှာ အဖွဲ့အစည်းတစ်ခုက လုပ်ခဲ့တဲ့စစ်တမ်းမှာတော့ ၂၈၆ ယောက်သော အိမ်ထောင်သည်အမျိုးသမီးတွေရဲ့ ၆၉ ရာခိုင်နှုန်းက ပြီးခဲ့တဲ့တစ်နှစ်တာကာလအတွင်းမှာ သူတို့အိမ်ထောင်ဖက်ရဲ့ အကြမ်းဖက်ခြင်းကို ခံခဲ့ကြရတယ်ဆိုပြီး ဖြေဆိုခဲ့ပါတယ်။ ဒါ အံ့ဩစရာကိန်းဂဏန်းတစ်ခုတော့ မဟုတ်ပါဘူး။ ဘာလို့ဆိုတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာဆိုလည်း သာမန်ဖြစ်စဉ်လို့ထင်ရလောက်အောင်ကို ဖြစ်နေပျက်နေကြတာမို့လို့ပါပဲ။
ဒီလိုရင်းနှီးသူကပြုလုပ်တဲ့ အကြမ်းဖက်မှုတွေကို ကမ္ဘာအနေနဲ့ပဲကြည့်ကြည့်၊ မြန်မာနိုင်ငံအနေအထားနဲ့ပဲကြည့်ကြည့် ကျူးလွန်ခံရသူ အများစုက အမျိုးသမီးတွေ ဖြစ်နေကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရ ယောက်ျားနဲ့ယှဉ်ရင် ခွန်အားနည်းတယ်။ သတ်မှတ်ချက်တွေအရလည်း မိန်းမကို တစ်ဆင့်နိမ့်သူအဖြစ် ရှုမြင်ထားကြတယ်။ မိခင်နဲ့ကလေးဆိုတာက ဆက်စပ်နေတာမို့ ကလေးမှာလည်း ဒီပြဿနာတွေရဲ့ အကျိုး ဆက်ကို ခံစားကြရတယ်။
ကျူးလွန်ခံရသူအမျိုးသမီးဟာ အတင်းအဓမ္မဆက်ဆံခံရရင်းနဲ့ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ၊ မလိုချင်ဘဲ ကိုယ်ဝန်ရတာတွေ ဖြစ်လာမယ်။ စိတ်ကျရောဂါဝင်လာမယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်လို့ရှိရင် ကလေးအသေမွေးတာ၊ လမစေ့ ပေါင်မပြည့်ဘဲမွေးတာ၊ ပျက်ကျတာတွေ ဖြစ်လာမယ်။ အမျိုးသမီးတွေရဲ့ ဘ၀တိုးတက်မှု မရှိတော့ဘူး။ အဖေက အမေ့ကို နှိပ်စက်နေတာ အမြဲ မြင်နေရတဲ့ကလေးဟာ သူကိုယ်တိုင်လည်း သူတစ်ပါးကို နှိပ်စက်တတ်သူ တစ်ယောက် ဖြစ်လာမယ်။ သူ့အတွက် ဒါတွေက မထူးဆန်းတော့လို့ပဲ။ အဲဒီလိုမှမဟုတ်ရင် သူကိုယ်တိုင်လည်း ရိုက်နှက်ခံရမယ်။ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်အပြည့်နဲ့ လူဖြစ်လာရပါလိမ့်မယ်။
ဒီလိုအကြမ်းဖက်မှုတွေ ဘာကြောင့်ဖြစ်သလဲ။ အရှင်းဆုံးပြောရရင်တော့ ပါဝါမညီမျှမှုကြောင့် ဖြစ်တာပါပဲ။ ယောက်ျားနဲ့ မိန်းမဟာ ရုပ်ပိုင်းဆိုင်ရာအရ ခန္ဓာကိုယ်တည်ဆောက်မှုချင်းမတူတာမို့ ခွန်အားချင်းကွာခြားပါတယ်။ နောက်ပြီး ဝင်ငွေကွာပါတယ်။ ကျွန်တော်တို့ဆီမှာ အမျိုးသမီးအများစုက အပြင်အလုပ်မလုပ်ကြပါဘူး။ ယောက်ျားကပဲ အလုပ်လုပ်တယ်၊ ပိုက်ဆံရှာတယ်၊ မိန်းမက အိမ်ထောင်မှုထိန်းသိမ်းတယ်၊ သားသမီးတွေကိုစောင့်ရှောက်တယ်၊ စီးတဲ့ရေ ဆည်တဲ့ကန်သင်းဆိုတာမျိုး သဘောထားကြတယ်။ ရုတ်တရက်ကြည့်ရင်တော့ ယောက်ျားလုပ်စာ ထိုင်စားနေရတာ သက်သာသလိုပဲ။ ဒါပေမဲ့ တကယ်တမ်း ဘာဖြစ်လာသလဲဆိုတော့ ဒီယောက်ျားအပေါ် လုံးလုံးလျားလျား မှီခိုနေရတယ်။ သူပြုသမျှနုရတယ်။ ဒီအခါ အကြမ်းဖက်ခံရဖို့ရာခိုင်နှုန်း တအားများလာတော့တယ်။
နောက် ဘာပါဝါတွေကွာသေးလဲဆိုတော့ ယောက်ျားနဲ့ မိန်းမ အပေါ်ထားတဲ့ သတ်မှတ်ချက်တွေအရလည်း ကွာခြားပါသေးတယ်။ အစပိုင်းမှာပြောခဲ့တဲ့ စကားပုံလိုပေါ့၊ အရိုးကွဲအောင်ရိုက်မှ အသည်း စွဲအောင်ချစ်တာတဲ့။ လောကမှာ အရိုက်ခံချင်တယ်ဆိုတဲ့လူရယ်လို့ မရှိပါဘူး။ ဘယ်သူမှ အသားမနာချင်ဘူး။ ဒါပေမဲ့ မိန်းမတွေရဲ့ စိတ်သဘောက နူးညံ့ပါတယ်။ ချစ်လို့လက်ထပ်ထားတဲ့သူကို ခွင့်လွှတ်ချင်ကြ တယ်။ နောက်ပြီး အိမ်ထောင်ပျက်ဘ၀ကို မခံယူချင်ကြဘူး။ ပတ်ဝန်းကျင်ကလည်း အထင်အမြင်သေးကြဦးမှာလေ။ ဒီတော့ သံသရာလည်တယ်။ ဘယ်လိုလဲဆိုတော့ ခြိမ်းခြောက်တယ်၊ အကြမ်းဖက်တယ်၊ ပြီးတော့ ခွင့်လွှတ်ဖို့ပြောတယ်၊ လက်ဆောင်တွေ ဘာတွေပေးတယ်၊ ပြီးရင် နောက်တစ်ခါထပ်လုပ်ပြန်တယ်၊ ခွင့်လွှတ်ဖို့ပြောတယ်၊ တောင်းပန်တယ်၊ ပြီးတော့ထပ်လုပ်ပြန်တယ်။ တကယ်တော့ အရိုးကွဲအောင်ရိုက်လို့ အသည်းစွဲအောင်ချစ်တာမဟုတ်ဘဲ အသည်းစွဲအောင်ချစ်လို့၊ အိမ်ထောင်မပျက်ချင်လို့၊ မှီခိုနေရလို့၊ ပတ်ဝန်းကျင်က ကဲ့ရဲ့မခံနိုင်လို့သာ အရိုးကွဲအောင် အရိုက်ခံနေကြရတာသာ ဖြစ်ပါတယ်။
ကာမပိုင်ယောက်ျားဆိုပြီး သုံးနှုန်းတယ်။ ဒီတော့ လက်ထပ်ပြီးရင် ဒီအမျိုးသမီးရဲ့ ကာမကိုကိုယ်ပိုင်သွားပြီ။ ကိုယ်အလိုရှိတဲ့အခါတိုင်း အတူနေရမယ်ဆိုတဲ့ အမြင်မျိုးရှိလာတယ်။ အမျိုးသမီးက ကျန်းမာရေးအရသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း စိတ်မပါတဲ့အချိန်မျိုးမှာ အတင်းအကျပ်ပြုလုပ်ရင် အဲဒါမုဒိမ်းမှုမြောက်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေကလည်းမတိုင်ကြသလို၊ တိုင်ရကောင်းမှန်းတောင် မသိပါဘူး။ တိုင်ရင်လည်း ဘယ်သူကမှ အရေးတယူမလုပ်ပါဘူး။ လင်မယားချင်းပဲညှိလိုက်ပေါ့ ဆိုတာလောက်နဲ့ ပြီးသွားတာကများ ပါတယ်။
ပတ်ဝန်းကျင်ကလည်း ဒါတွေကို သမားရိုးကျအဖြစ်အပျက်လိုပဲ သဘောထားကြတာပါ။ ယောက်ျားက မိန်းမကိုရိုက်တယ်ဆိုတဲ့ အသံ ကြားရင် ဒီမိန်းမ ဘာတွေလုပ်လဲမှ မသိတာ၊ ရိုက်ခံရတာနည်းတောင်နည်းသေးဆိုတာမျိုးတွေပဲ ပြောနေကြပြီး ဘယ်သူကမှ အကြမ်းဖက်မှုလို့ မမြင်ကြပါဘူး။ ရိုက်တဲ့ယောက်ျားက ပတ်ဝန်းကျင်အမြင်မှာ ရှက်စရာဖြစ်မနေဘဲ အရိုက်ခံရတဲ့ မိန်းမကသာ အကဲ့ရဲ့ခံ ဖြစ်နေရတာပါ။
ဒီလိုအကြမ်းဖက်မှုတွေကို ကာကွယ်ဖို့ဆိုရင် ပါဝါဆိုတာကတော့ ဘယ်လိုမှတူအောင် လိုက်လုပ်လို့မရနိုင်တာမို့ အဲဒီပါဝါကို အလွဲသုံးစား မလုပ်အောင်ဘဲ ထိန်းချုပ်လို့ရမှာဖြစ်ပါတယ်။ဒီအတွက် အမျိုးသားတွေရဲ့ ကိုယ်ကျင့်တရားကောင်းဖို့ လိုပါတယ်။ ကိုယ့်ထက် ခွန်အားနည်းတဲ့ မိန်းမကိုရိုက်နှက်တာ၊ အကြမ်းဖက်တာ၊ အဓမ္မလုပ်ယူတာဟာ ယောက်ျား ကောင်းတွေရဲ့ လုပ်ရပ်မဟုတ်ဘူးဆိုတဲ့ အသိရှိနေဖို့ လိုပါတယ်။ ဒီနေရာမှာ မဖြစ်မနေထည့်ပြောရမှာက မိဘတွေရဲ့ သားယောက်ျားလေးအပေါ် ဆိုဆုံးမမှုတွေပါပဲ။ ကိုယ်က သားမွေးထားတာ တစ်ပန်းသာတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ မိန်းကလေးတွေအပေါ် တန်ဖိုးမထားတတ်အောင် ရှေ့ဆောင်လမ်းပြခဲ့ရင် ကိုယ့်သားဟာဒီလိုအကြမ်းဖက်တတ်တဲ့ ယောက်ျားမျိုး ဖြစ်လာမှာပါပဲ။ ဒါကြောင့်မို့ သားယောက်ျားလေးမွေးထားတဲ့ မိဘတိုင်းဟာ ကိုယ့်သားကို မြင့်မြတ်တဲ့ယောက်ျားတစ်ယောက်ဖြစ်လာအောင် သွန်သင်ပေးကြဖို့ လိုပါတယ်။
နောက်တစ်ခုက ပတ်ဝန်းကျင်ကလည်း ထိန်းချုပ်ပေးလို့ရပါတယ်။ မိန်းမကို နှိပ်စက်တဲ့ယောက်ျားကို အပြစ်တင်တတ်တဲ့ အလေ့အထထွန်းကားလာရင်၊ အကြမ်းဖက်ခံရသူကို အားပေးတတ်တဲ့ အလေ့အထထွန်းကားလာရင်၊ ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့အတွေးမျိုးတွေ ပစ်ချထားခဲ့နိုင်ရင် ဒီလိုအမှုအခင်းတွေလည်း နည်းသွားလိမ့်မယ်။ ယောက်ျားတွေအနေနဲ့ လည်း တော်ရုံကျူးလွန်ရဲတော့မှာမဟုတ်ပါဘူး။ နောက်ဆုံးအနေနဲ့တော့ တရားဥပဒေပိုင်းအရ အကြမ်းဖက်ခံရသူကို အကာအကွယ်ပေးနိုင်ဖို့၊ ကျူးလွန်သူကို ထိရောက်တဲ့ပြစ်ဒဏ်ပေးနိုင်ဖို့ လိုပါတယ်။ ဒါမှ ပါဝါအသာရထားတဲ့သူတွေ သူတို့ပါဝါကို အလွဲသုံးစားလုပ်ပြီး အကြမ်းဖက်တာမျိုးတွေ မရှိတော့မှာပါ။
တကယ်တော့ ဒီပြဿနာဟာကမ္ဘာနဲ့ချီပြီး အရေးကြီးတဲ့ ပြဿနာလို့ ပြောလို့ရသလို၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း တော်တော်လေးအတွေ့ရများပါတယ်။ ယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေ၊ သတ်မှတ်ချက်တွေအရ ဒါကို ထုတ်ဖော်ပြောကြားမှု မရှိသေးတာ၊ အကြမ်းဖက်မှုလို့ကို သိမနေကြသေးတာတွေကြောင့်သာ တိမ်မြုပ်နေတာ ဖြစ်ပါတယ်။ ဒါကိုသတိထားမိပြီး လူ့အသိုင်းအဝိုင်းကရော အစိုးရပိုင်းကပါ ဝိုင်းဝန်းပြီးတော့မှ ဆောင်ရွက်နိုင်ကြဖို့ လိုပါတယ်။
ဒေါက်တာ ဖြိုးသီဟ
Ref : Situation Analysis on Gender Equality and Women’s Rights in Myanmar