လမ်း (၈) တရုတ်ပြည်၏ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် စီမံကိန်းနှင့် ပိုးလမ်းမသစ်အပေါ် အမေရိကန်၏တုံ့ပြန်ချက်

China - Indochina Peninsula Economic Corridor (CICPEC)

၅။ ပဉ္စမ မဏ္ဍိုင်

တရုတ် – အင်ဒိုချိုင်းနားကျွန်းဆွယ်စီးပွားရေးစင်္ကြံ(CICPEC)

အကယ်၍ ASEAN အဖွဲ့ဝင်နိုင်ငံများကိုသာ အမျိုးသား အရှိတရားတစ်ခုအဖြစ် ယူဆမည်ဆိုလျှင် တရုတ်နှင့်အိန္ဒိယပြီးလျှင် တတိယလူဦးရေ အထူထပ်ဆုံး တိုင်းပြည်တစ်ပြည် ဖြစ်လာပါလိမ့်မည်။ ပြောကြစတမ်းဆိုလျှင် စုစုပေါင်းလူဦးရေ သန်း ၆၀၀ ရှိပြီး တရုတ်ပြည်မကြီးနှင့် ကုန်းလမ်းဖြင့် ဆက်သွယ်ထားသော ASEAN မှာ တရုတ်စီးပွားရေးကို သဘာဝအတိုင်း ချဲ့ထွင်လိုက်သည့်သဘောဟုဆိုနိုင်သည်။ ‘တရုတ် – ASEAN လွတ်လပ်သော ကုန်သွယ်ရေးဧရိယာ’ (CAFTA) စတင်ဆောင်ရွက်သော ၂၀၁၀ မတိုင်မီကပင် ASEAN နိုင်ငံများမှာ ဟိုး ရှေးပဝေသဏီကပင် တရုတ်ပြည်၏ အဓိကကုန်သွယ်ဖက်များဖြစ်နေကြသည်။ သို့နှင့်တိုင် CAFTA သဘောတူညီချက်ကို အဆင့်မြှင့်လိုက်ပြီး ရင်းနှီးမြှုပ်နှံမှု၊ ကုန်စည်၊ စွမ်းအင်နှင့် ဝန်ဆောင်မှု ကုန်သွယ်ရေး၊ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုတို့ကို အဓိကအားဖြင့် ဆောင်ရွက်လိုက်ခြင်းက ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို လုံးဝဥဿုံအဆင့်သစ်တစ်ရပ်သို့ မြှင့်တင်လိုက်ရာ ရောက်သွားသည်။ ဤအချက်ကြောင့်ပင် BRI စီမံကိန်းအားလုံးအနက် ‘တရုတ် – အင်ဒိုချိုင်းနားကျွန်းဆွယ် စီးပွားရေးစင်္ကြံ(CICPEC)’ မှာ တရုတ်စီးပွား ရေးအတွက်သာမက ကျယ်ကျယ်ပြန့်ပြန့်ဆိုရလျှင် ကမ္ဘာလုံးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အလားအလာအကောင်းဆုံးဟု ဆိုနိုင်လောက်ခြင်းဖြစ်ပါသည်။

‘နန်နင်း – စင်ကာပူစီးပွားရေးစင်္ကြံ’ ဟုလည်း လူသိများသော CICPEC ၏ ရည်ရွယ်ချက်မှာ အဓိကမြို့ကြီးရှစ်မြို့ကို ဆက်သွယ်ပေးဖို့ဖြစ်သည်။ စင်ကာပူ၊ ကွာလာလမ်ပူ၊ ဘန်ကောက်၊ ဖနွမ်းပင်၊ ဟိုချီမင်း၊ ဗီယန်ကျင်း၊ ဟနွိုင်းနှင့် တရုတ်ပြည်၏ မြို့တစ်မြို့ဖြစ်သော နန်နင်းတို့ ဖြစ်သည်။ ထိုမှတစ်ဆင့် နောက်ထပ်ဆက်ထုံးတစ်ခုမှာ ကွမ်ကျိုး၏ အဓိကစီးပွားရေးဗဟိုနှင့် ဟောင်ကောင်ထိ တိုးချဲ့သွားဖို့ရှိသည်။ ဤသို့ဖြင့် မြို့ကြီးဆယ်မြို့ကို ဆက်သွယ်မည့်ကွန်ရက်တစ်ခု ဖြစ်လာမည်ဖြစ်ရာ လူဦးရေအားဖြင့် သန်း ၅၀ ကျော် တိုးပွားလာမည့်သဘော ရှိသည်။

အမှန်စင်စစ် CICPEC မှာ ရှိပြီးသား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ယန္တရားများကို တိုးချဲ့တည်ဆောက်ခြင်းပင်ဖြစ်သည်။ ၎င်းတို့မှာ ပိုမိုကြီးမားကျယ်ပြန့်သော ‘မဲခေါင်တစ်ပိုင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု’ (GMS) ၊ ‘ကူမင်း – စင်ကာပူရထားလမ်းကွန်ရက်’ (အာရှတစ်ခွင် ရထားလမ်းကွန်ရက်’ ဟုလည်းခေါ်သည်) နှင့် ၂၀၁၅ နိုဝင်ဘာကမှ လက်မှတ်ရေးထိုးခဲ့ကြသော ‘ASEAN စီးပွားရေးအသိုင်းအဝိုင်း’ (AEC) သဘောတူညီချက်တို့ဖြစ်သည်။ GMS ၏ ကျောရိုးဖြစ်သော ကိုးနိုင်ငံသယ်ယူပို့ဆောင်ရေးစင်္ကြံဆိုလျှင် ယခုပင် တည်ဆောက်နေပြီဖြစ် သည်။ ဤစင်္ကြံက ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့ကို တရုတ်ပြည်နယ်များဖြစ်သော ယူနန်နှင့် ကွမ်ရှီးတို့ဖြင့် ဆက်သွယ်မည်ဖြစ်သည်။ အဆိုပါတည်ဆောက်ရေးစီမံကိန်း တော်တော်များများမှာ ယခုပင်ပြီးသလောက် ဖြစ်နေပါပြီ။ ဥပမာ – ကွမ်ရှီးပြည်နယ်ဆိုလျှင် ‘မိတ်ဆွေဖြစ်ဂိတ်’ နှင့်ရော၊ တရုတ်-ဗီယက်နမ်နယ်စပ်ရှိ တုန်ရှင်းဆိပ်ကမ်းနှင့်ပါ အမြန်လမ်းနှင့် ဆက်သွယ်ထားသည်။ အဆိုပါပြည်နယ်မှာ နန်နင်းမှ ဟနွိုင်းသို့ပျံသန်းသော နိုင်ငံတကာလေကြောင်းလိုင်းလည်း ဖွင့်ထားသည်။ အရှေ့တောင်အာရှရှိ အဓိကမြို့ကြီးများနှင့်လည်း လေကြောင်းအဆက်အသွယ်ရှိသည်။ ထို့ထက် သန်စွမ်းသော ရေလမ်းအစိတ်အပိုင်းတစ်ရပ်လည်း ရှိနေပြီဖြစ်ပါသည်။

ထို့ထက် တရုတ်ပြည်မှာ မလ္လကာတွင် ဆိပ်ကမ်းတစ်ခုတည်ဆောက်ရန် မလေးရှားနှင့် ဖက်စပ်စီမံကိန်းတစ်ခု ဆောင်ရွက်လျက်ရှိသည်။ တစ်ပြိုင်နက်တည်းမှာပင် ထိုင်းနှင့်လက်တွဲပြီး နယ်စပ်ဖြတ်ကျော်ရထားလမ်းကွန်ရက်တစ်ခုကို အဆင့်မြှင့်နေသည်။ ဤရထားလမ်းမှာ ထိုင်းနိုင်ငံ၏ ဆိပ်ကမ်းမြို့ကြီးနှစ်မြို့ဖြစ်သော ‘လမ်ချာဘန်’ နှင့် ‘မက်ထာပွတ်’ တို့ကို လာအိုမြို့တော် ဗီယန်ကျန်းအနီးရှိ စက်မှုနယ်စပ်ဒေသ ‘နုန်ခေး’ မှတစ်ဆင့် တရုတ်ပြည် ကူမင်းနှင့် ဆက်သွယ်မည်ဖြစ်သည်။ နောက်ထပ် လမ်းကြောင်းတစ်ခုမှာ ထိုင်းနိုင်ငံမြောက်ဖျားရှိ ချင်းလီကို ဘန်ကောက်မြောက်ဘက်ရှိ ‘အယုဒ္ဓယ’ နှင့် ဆက်သွယ်မည်ဖြစ်သည်။ ထိုမျှမက တရုတ်ပြည်မှာ အင်ဒိုနီးရှား၏ ပထမဆုံးမြန်နှုန်းမြင့်ရထားလမ်းတစ်ခုတည်ဆောက်ရန် သဘောတူညီချက်ရထားပြီးဖြစ်သည်။ ဤရထားလမ်းက ဂျာကာတာမြို့တော်ကို ချည်ထည်လုပ်ငန်းဗဟို ဘန်ဒေါင်းနှင့် ဆက်သွယ်မည်ဖြစ်သည်။ ‘တရုတ်ဆက်သွယ်ရေးနှင့် တည်ဆောက်ရေးအုပ်စု’ (CCCG) ဦးဆောင်သော တရုတ်ကုမ္ပဏီအစုတစ်ခုသည်လည်း မိုင် ၂၀၀ ကျည်ဆန်ရထားတည်ဆောက်ရန် စီမံကိန်းကို လေလံအောင်ထားသည်။ ဤလမ်းက ကွာလာလမ်ပူနှင့် စင်ကာပူကို ဆက်သွယ်ပေးမည်ဖြစ်သည်။ ဤကျည်ဆန်ရထားလမ်းသာ ပြီးသွားပါက ယနေ့ ကားလမ်းဖြင့် ငါးနာရီကျော်သွားရသောခရီးကို မိနစ် ၉၀ မျှဖြင့် ရောက်နိုင်မည်ဖြစ်သည်။

CICPEC တွင် တရုတ်ပြည်၏ မဟာဗျူဟာဆုံးဖြတ်ချက်များကို ထင်ဟပ်ဖော်ပြလျက်ရှိသည်ဟု ဆိုနိုင်စရာများရှိသည်။ တရုတ်ပြည်အနေနှင့် ၎င်း၏အနောက်တောင်ပိုင်းပြည်နယ်များမှ တောင်တရုတ်ပင်လယ်သို့ ထွက်ပေါက်တစ်ခုဖန်တီးရန် စဉ်းစားနေဟန်ရှိသည်။ ဗီယက်နမ်နိုင်ငံနှင့် ရှုပ်ထွေးသော ဆက်ဆံရေးကြောင့်ရော မြန်မာနိုင်ငံ၏ မရေရာသော နိုင်ငံရေးလမ်းကြောင်းအရပါ တရုတ်တို့၏ ပင်လယ်ထွက်ပေါက်ရှာပုံတော်ကို အရှေ့တောင်အာရှ ပင်မကုန်းမြေကြီး၏ မြောက်နှင့် တောင် (တစ်နည်း) လာအိုနှင့် ထိုင်းမှ လမ်းကြောင်းပြောင်း ရှာဖွေလိုဟန်ရှိသည်။

ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်သော လာအိုမှာ ASEAN နိုင်ငံများထဲတွင် တရုတ်ပြည်အပေါ် သစ္စာအရှိဆုံးဖြစ်သည်။ ထို့ထက် အရှေ့တောင်အာရှ၏ ပိုမိုဆိုးဝါးလာသော ရေရှားပါးမှုကြောင့် မဲခေါင်မြစ်ကို ထိန်းချုပ်ထားနိုင်သော တရုတ်ပြည်အနေနှင့် ဒေသတွင်းနိုင်ငံရေးကို ထိထိမိမိ ကစားနိုင်သည့်အနေအထားရှိသည်။ ထိုမျှမက တရုတ်ပြည်မှာ ယခုပင်လျှင် လာအို၏ အဓိကရင်းနှီးမြှုပ်နှံသူဖြစ်နေသည်။ လာအိုတွင် တရုတ်တို့ရထားသော စီမံကိန်းများအနက် ၂၆၅ မိုင်ရှည်လျားသော မြန်နှုန်းမြင့်ရထားလမ်းဖောက်လုပ်ရေးလည်းပါသည်။ အထက်တွင် ဆိုခဲ့ပြီးသည့်အတိုင်း ဤရထားလမ်းမှာ ဗီယန်ကျင်းအနီး ‘နုန်ခေး’ မှ ကူမင်းနှင့် ဆက်သွယ်မည်ဖြစ်သည်။ ဤလမ်းကြောင်းမှာ တရုတ်အတွက်ရော၊ လာအိုအတွက်ပါ မဟာဗျူဟာအချက်အချာဖြစ်လာနိုင်သည်။ အဆိုပါလမ်းမှာ ထိုင်းနိုင်ငံ၏ဆိပ်ကမ်းမြို့ ‘မတ်တာပွတ်’ နှင့်ရော၊ ထိုင်းပင်လယ်ကွေ့ရှိ စက်မှုဇုန်နှင့်ပါ ဆက်သွယ်မည်ဖြစ်ရာ နှစ်နိုင်ငံလုံး (တရုတ်နှင့် လာအို) အတွက် တောင်ဘက်ပင်လယ်ထွက်ပေါက်ဖြစ်နေသည်။

ယခုလောလောဆယ် ထိုင်းနိုင်ငံမှာလည်း တရုတ်ပြည်ကိုဦးတည်ပြီး ပတ်လမ်းပြောင်းလျက်ရှိသည်။ ၂၀၁၄ ခုနှစ်က အာဏာရလာသော စစ်အစိုးရမှာ ၎င်း၏ပဲ့ကိုင်အနေအထားကို လာမည့်နှစ်များစွာအထိ ဆက်လက်ထိန်းချုပ်ထားလိုသည့်သဘောရှိသည်။ ဤတွင် ဒီမိုကရေစီ လူ့အခွင့်အရေးတို့နှင့်ပတ်သက်လျှင် အတိမ်းအစောင်းမခံသော ဝါရှင်တန်ထက် ပေကျင်းနှင့် ပို၍ဆက်ဆံလိုဟန်ရှိသည်။

မဲခေါင်မြစ်မှ စိန်ခေါ်သံ

ခန့်မှန်းခြေအားဖြင့် မိုင်ပေါင်း ၃,၀၀၀ ကျော် ရှည်လျားသော မဲခေါင်မြစ်မှာ အရှေ့တောင်အာရှဒေသ၏ ရေ၊ ရိက္ခာနှင့် စွမ်းအင်အတွက် အဓိကအရင်းအမြစ်တစ်ရပ်ဖြစ်ပါသည်။ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့တွင် နေထိုင်ကြသော လူပေါင်းသန်း ၆၀ ကျော်မှာ သန့်ရှင်းသော သောက်သုံးရေအတွက် မဲခေါင်မြစ်ဝှမ်းကိုသာ အဓိက အားထားနေရသည်။ တရုတ်ပြည်၏ မဲခေါင်မြစ်ညာပိုင်းတွင် ကြီးမားသောဆည်များ တည်ဆောက်ပြီး ရေအားလျှပ်စစ်ထုတ်ယူမှုမှာ မြစ်ခြေဒေသတိုင်းပြည်များတွင် မိုးခေါင်ခြင်းများ မကြာခဏဖြစ်ပေါ်စေသည်။ သို့နှင့်အမျှ မဲခေါင်မြစ်ရေ မျှဝေသုံးစွဲရေးမှာ ညှိနှိုင်းဖို့လိုလာရသည်။ တရုတ်ပြည်မှာရော၊ မြစ်ခြေဒေသတိုင်းပြည်များတွင်ပါ ဆည်များအပြိုင်တည်ဆောက်လာကြခြင်းမှာ ပြဿနာကို ပို၍ဆိုးဝါးစေသည်။ ယခုလောလောဆယ် တရုတ်ပြည်က ဆည်ပေါင်း ၁၄ ခု တည်ဆောက်လျက်ရှိသလို မြစ်ခြေနိုင်ငံများမှလည်း အလားတူ ဆည်ပေါင်း ၁၁ ခု တည်ဆောက်နေသည်။ ရေနှင့်ပတ်သက်သော ပဋိပက္ခများကိုရှောင်နိုင်ရန် တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများမှာ တရုတ်ရေကာတာများမှ ရေမည်ရွေ့မည်မျှ လွှတ်ရေး၊ ဆည်သစ်များတည်ဆောက်ရေး စသည်များကို ညှိနှိုင်းဆောင်ရွက်နေကြရသည်။ ဤသို့မလုပ်နိုင်လျှင် ဒေသတွင်းလုံခြုံရေးကိုပင် ထိခိုက်လာနိုင်သည်။ တောင်တရုတ်ပင်လယ် အငြင်းပွားမှုများကိုလည်း သည်းသန်ပြင်းထန်လာစေပါလိမ့်မည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဘက်မှကြည့်လျှင်မူ CICPEC မှာ ဒေသဆိုင်ရာပေါင်းစည်းရေးအတွက် အရေးကြီးသော ယန္တရားတစ်ရပ် ဖြစ်ပါလိမ့်မည်။ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်ပို့ဆောင်ရေးဆိုင်ရာ ရွေးချယ်စရာအသစ်များက တောင်တရုတ်ပင်လယ်အတွင်း ယာဉ်အသွားအလာကို လျှော့ချနိုင်သည်။ မလ္လကာရေလက်ကြားမှတစ်ဆင့် ဖြတ်သွားရသော ခြိမ်းခြောက်မှုများအတွက် တရုတ်ပြည်၏စိုးရိမ်မှုကိုလည်း သက်သာစေနိုင်ပါသည်။ တရုတ်ပြည်မကြီးနှင့် မလေးကျွန်းဆွယ်ကို ချိတ်ဆက်လိုက်ခြင်းဖြင့် တရုတ်ပြည်အနေနှင့် ၎င်း၏ တိုးတက်မှုကို ချိန်ခွင်လျှာမျှစေရန် ASEAN ကို မဟာဗျူဟာအုပ်စုတစ်ခုအဖြစ် လက်ဦးမှုရှိရှိ ဖန်တီးနိုင်သည်။ ထိုမျှမက ‘ဒေသတွင်း အပြည့်အဝ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု’ (RCEP) လက်မှတ်ရေးထိုးနိုင်ရေး အလားအလာအတွက်လည်း နည်းလမ်းရှာဖွေနိုင်သည်။ RCEP မှာ ASEAN နှင့် ပစိဖိတ်နိုင်ငံများကြား ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုရရန် အဆိုပြုထားခြင်းဖြစ်သည်။ ပြောရလျှင် ASEAN မှာ ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်တို့နှင့် ယခုပင် ကုန်သွယ်ရေးသဘောတူညီချက်ရပြီးဖြစ်သည်။ တရုတ်နှင့် အိန္ဒိယကို ဖယ်ထုတ်ထားသော အမေရိကဦးဆောင်သည့် ‘ပစိဖိတ်ဖြတ်ကျော် ပတ်တနာရှစ်’ (TTP) ထက်စာလျှင် ပေကျင်းက RCEP ကို ပိုနှစ်သက်ဟန်ရှိသည်။

နောက်ဆုံးအချက်အနေနှင့်ပြောရလျှင် ဖိလစ်ပိုင်နိုင်ငံ၏ ပါဝင်ပတ်သက်လာနိုင်မှုကို ထည့်သွင်းစဉ်းစားဖို့ ဖြစ်ပါသည်။ သမ္မတ ‘ရိုဒရီဂို ဒူတာတေး’ ဩဇာကြီးလာခြင်းနှင့်အတူ မနီလာ – ဝါရှင်တန် မဟာမိတ်ဆက်ဆံရေးမှာ သွက်သွက်ခါလာရာ ဤအချက်က တရုတ်ပြည်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာစေသည်။ တောင်တရုတ်ပင်လယ် အငြင်းပွားမှုနှင့်ပတ်သက်သော ‘သဟိတ်’ (ICC ရုံးစိုက်ရာမြို့) ၏ စီရင်ထုံးကို တရုတ်က ငြင်းဆန်ထားသည့်တိုင် ဖိလစ်ပိုင်နှင့် ဆက်ဆံရေး ခိုင်မာအောင်လုပ်ဖို့ လမ်းပွင့်လာစေသည်။ ၂၀၁၆ အောက်တိုဘာလ အတွင်း သွားရောက်ခဲ့သော ‘ဒူတာတေး’ ၏ ပေကျင်းခရီးစဉ်က သံခင်းတမန်ခင်း ကာလသစ်တစ်ရပ်ကို ဖွင့်လှစ်လိုက်ရာရောက်သည်။ ဒူတာတေးဘက်မှ BRI ကို စိတ်ဝင်စားမှုရှိပြီး တရုတ်ပြည်၏ မလေးကျွန်းဆွယ်စီမံကိန်းတွင် ဖိလစ်ပိုင်၏အခန်းကဏ္ဍအတွက် နည်းလမ်းရှာဖွေလာသည်။ တရုတ်ပြည်ဘက်မှလည်း ဖိလစ်ပိုင်နှင့်ရှိနေသော တင်းမာမှုများကို တတ်နိုင်သလောက် လျှော့ချပြီး တောင်တရုတ်ပင်လယ်တွင် အမေရိကန်ပြည်ထောင်စု၏ပါဝင်မှုကို ကန့်သတ်ဖို့ စဉ်းစားလာပါသည်။

 

ဆက်လက်ဖော်ပြပါမည်
ကျော်ဝင်း(၃ ဇွန်လ၊ ၂၀၁၈)
စာညွှန်း – It Takes a Road.

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *