စက်မှုတော်လှန်ရေး ၄.၀ မိတ်ဆက် (၃) တွန်းဆော်အားများ

ကျွန်တော်တို့သတင်းစာတွေ ဖတ်ကြတယ်။ အချို့ ဖြစ်ပေါ်တိုးတက်မှုတွေကိုလည်း အမှုမဲ့အမှတ်မဲ့ပဲ ကျော်သွားကြတယ်။ ဒါပေမဲ့ ဒီသတင်းတွေရဲ့နောက်ကွယ်က ချိတ်ဆက်နေတဲ့အကြောင်းတရားကို ရှာဖွေဖို့ ဖြစ်ခဲပါတယ်။ ဒီနေ့ပဲ (မေ ၂၉၊ ၂၀၁၈) ဘန်ကောက်ပို့စ်၊ သည်နေရှင်းသတင်းစာတွေကို ဖတ်တော့ သတင်းအချို့ကို မြင်မိတယ်။ ကျွန်တော်က စက်မှုတော်လှန်ရေး ၄.၀ အကြောင်း ဆောင်းပါးရေးနေတော့ ဒီအဖြစ် အပျက်တွေကို ပိုလို့သတိထားမိတယ်။ ပထမသတင်းတစ်ခုကတော့ ထိုင်းနိုင်ငံမှာ အခုနှစ်ကုန်ရင် အစိုးရရုံးဌာနတွေမှာ မှတ်ပုံတင်လက်မှတ်တွေ၊ အိမ်ထောင်စုစာရင်းတွေကို မိတ္တူကူးစက္ကူတွေနဲ့ စစ်ဆေးတာမျိုး မလိုတော့ဘူးဆိုတဲ့ သတင်းပါပဲ။ ထိုင်းနိုင်ငံက အစိုးရအေဂျင်စီ ၃၀၀ ကျော်နဲ့ အစိုးရလူတွေ့ကောင်တာ ၆၀,၀၀၀ ကျော်မှာ ဒစ်ဂျစ်တယ်နည်းနဲ့ တိုက်ဆိုင်စစ်ဆေးတာပဲ ရှိတော့မယ်။ ဖိုတိုကော်ပီတွေ မလိုအပ်တော့ဘူးဆိုတဲ့ သတင်းပါပဲ။ အစိုးရဒေတာသတင်းအချက်အလက်စီမံခန့်ခွဲပုံ တစ်ဆင့်မြင့်သွားတာပါပဲ။ နောက်သတင်းတစ်ခုကတော့ လူဖန်တီးတဲ့ အသိဉာဏ် (AI) က အရေပြားကင်ဆာရောဂါကို ဆရာဝန်တွေထက်ပိုပြီး ရှာဖွေပေးနိုင်တယ်လို့ ဆိုတယ်။ ဂျာမနီနိုင်ငံ၊ အမေရိကန်နဲ့ ပြင်သစ်နိုင်ငံတွေက ဆရာဝန်သုတေသီတွေက AI စနစ်ကို အရေပြားကင်ဆာနဲ့ ပတ်သက်လို့ သင်ကြားပေးလိုက်ပါတယ်။ ပုံရိပ် ၁၀၀,၀၀၀ ကျော်နဲ့ သင်ကြားပေးပြီး AI က ဆရာဝန်တွေထက် ပိုမြန်ဆန်၊ ပိုတိကျစွာ အရေပြားကင်ဆာကို ရောဂါဖော်ထုတ်ပေးနိုင်တယ်ဆိုပါတယ်။ နောက်သတင်းတစ်ခုက ဥရောပသမဂ္ဂက ဒီဇယ်နဲ့မောင်းတဲ့ကားတွေကို လမ်းပေါ်ကဖယ်ရှားဖို့ ဆောင်ရွက်နေပြီဆိုတာပါပဲ။ လျှပ်စစ်ကားတွေက အစားထိုးဝင်ရောက်နေရာယူလာတော့မယ့်ကိစ္စပါ။ နောက်ထပ်သတင်းတစ်ခု တွေ့ပြန်တယ်။ ထိုင်းစစ်တပ်က ဂြိုဟ်တုဝယ်ဖို့ စဉ်းစားပြောဆိုနေတယ်။ သူတို့က အမျိုးသားအာကာသကာကွယ်ရေးမဟာဗျူဟာအစီအစဉ်ရဲ့ တစ်စိတ်တစ်ဒေသပါတဲ့။ ဒီလိုအကြောင်းအရာတွေကို ဆက်စပ်လိုက်မယ်ဆိုရင် စက်မှုတော်လှန်ရေး ၄.၀ ဖြစ်ပေါ်တိုးတက်မှုနဲ့ ချိတ်ဆက်နေတဲ့အကြောင်းတွေကို တွေ့ရပါလိမ့်မယ်။

ဂျာမန်ပါမောက္ခ ကလော့ဇ်ရွှက် (Klaus Schwab) က စတုတ္ထစက်မှုတော်လှန်ရေးဆိုတဲ့ အခုလိုအပြောင်းအလဲတွေ ဖြစ်လာစေတဲ့ တွန်းဆော်အား (Drivers) တွေကို အခန်း-၂ မှာ ဆက်ဆွေးနွေးထားပါတယ်။ စက်မှုတော်လှန်ရေး ၄.၀ ဖြစ်လာစေတဲ့ တွန်းဆော်အားတွေကို အဖွဲ့အစည်းအမျိုးမျိုးက စာရင်းရေးထိုးပြီး အမျိုးမျိုးဖော်ပြကြပါတယ်။ သိပ္ပံပညာရှာဖွေတွေ့ရှိမှုနဲ့ နည်းပညာဖန်တီးမှုတွေက အတိုင်းအဆမဲ့ပါပဲ။ နယ်ပယ်မျက်နှာစာပေါင်းစုံ၊ နေရာပေါင်းစုံမှာ အချိန်နဲ့အမျှ ဖြစ်ပေါ်နေကြတာပါ။ ဒါပေမဲ့ တူညီချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ ဒစ်ဂျစ်တယ်ဖြစ်ပေါ်မှု (Digitization) က နေရာအနှံ့အပြားမှာ ထိုးဖောက်အင်အားကြီးစွာ ဖြစ်ပေါ်နေခြင်းနဲ့ သတင်းနည်းပညာ (IT) ပါပဲ။

သူကတော့ ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) ရဲ့ ကမ္ဘာလုံးဆိုင်ရာ အာဂျင်ဒါကောင်စီက ဆွေးနွေးချက်တွေအပေါ်အခြေခံပြီး အုပ်စုခွဲတင်ပြပါတယ်။ အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု၊ ဒစ်ဂျစ်တယ်ဖြစ်လာခြင်းနဲ့ ဇီဝဆိုင်ရာဖြစ်ပေါ်တိုးတက်မှုတွေအဖြစ် တင်ပြထားပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု

ပါမောက္ခ ကလော့ဇ်ရွှက် (Klaus Schwab) က စက်မှု တော်လှန်ရေး ၄.၀ ရယ်လို့ ဖြစ်လာစေတဲ့ ရုပ်ပိုင်းဆိုင်ရာ ဖြစ်ပေါ်တိုးတက် မှုလေးခုကို ဆွေးနွေးပါတယ်။ အဲဒါတွေကတော့-
– အလိုအလျောက်မောင်းနှင်ကားများ (Autonomous  Vehicles)
– 3D သုံးဘက်မြင် ပုံနှိပ်ပညာ
– အဆင့်မြင့်ရိုဘော့များ
– အသစ်သောပစ္စည်းများတို့ ဖြစ်ပါတယ်။

အလိုအလျောက် မောင်းနှင်ကားများ

မောင်းသူမဲ့ကားများအကြောင်း သတင်းတွေမှာ မကြာခဏတွေ့နေရပါတယ်။ ဒါပေမဲ့ အခြားယာဉ်တွေဖြစ်တဲ့ ထရပ်ကားများ၊ ဒရုန်းများ၊ လေယာဉ်၊ လှေတွေရှိနေသေးတယ်လို့ ကလော့ဇ်ရွှက် (Klaus Schwab) က ပြောပါတယ်။ အာရုံခံနည်းပညာ (ဆင်ဆာ) ဖွံ့ဖြိုးလာခြင်း၊ လူဖန်တီးအသိဉာဏ်တု (AI) ဖွံ့ဖြိုးလာခြင်းတို့ကြောင့် မောင်းနှင်သူမလိုတဲ့ စက်ပစ္စည်းတွေဟာ အလျင်အမြန်ကို ဖွံ့ဖြိုးလာနေကြပါတယ်။ သိပ်မကြာခင်ကာလမှာပဲ ဈေးချိုချိုနဲ့ ဈေးကွက်ထဲ ရောက်ရှိလာတော့မှာပါ။ ဒရုန်းတွေဟာလည်း ဆင်ဆာစနစ်ကောင်းလာပြီး ပတ်ဝန်းကျင်ကို အာရုံခံနိုင်တယ်၊ အတိုက်အခိုက်မရှိ ပျံသန်းနိုင်ကြပါပြီ။ ဒီလိုပျံသန်းတဲ့ ဒရုန်းတွေနဲ့ လျှပ်စစ်ကောင်းကင်ကြိုးလိုင်းတွေကို စစ်ဆေးတာ၊ တိုက်ပွဲဖြစ်ပွားရာ နယ်မြေတွေအတွင်း ဆေးပစ္စည်းတွေကို ပို့ဆောင်တာ၊ စိုက်ပျိုးရေးကဏ္ဍမှာလည်း ဒရုန်းတွေကို သုံးနိုင်ကြပါလိမ့်မယ်။ ဒေတာသုံးသပ်မှုနဲ့ ဒရုန်းတွေတွဲချိတ်တဲ့အခါ ပိုလို့တိကျတဲ့ မြေဩဇာဖြန်းတာ၊ ရေပေးတာတွေ ဆောင်ရွက်နိုင်ကြပါလိမ့်မယ်။

3D သုံးဘက်မြင် ပုံနှိပ်ပညာ

3D ပုံဆွဲပညာ၊ သို့မဟုတ် မိုဒယ်နည်းစနစ်နဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကို အလွှာလိုက်၊ အလွှာလိုက် ဖန်တီးနိုင်တဲ့စက်ပစ္စည်းတွေ ပေါ်ပေါက် လာပါတယ်။ ဒါကိုသူက ထပ်လွှာဖြည့်ဆည်းထုတ်လုပ်မှု နည်းပညာအသစ် (Additive Manufacturing) လို့ ခေါ်ပါတယ်။ အခုကာလတိုင် ထုတ်လုပ်မှုနည်းပညာက လျှော့ယူထုတ်လုပ် နည်းပညာ (Subtractive  Manufacturing) လို့ ခေါ်ပါတယ်။ ပစ္စည်းကြီးကနေ လိုအပ်တဲ့ပုံစံ ထုတ်ကုန်တစ်ခုရအောင် ဖယ်ရှားပစ်ရတဲ့နည်းပညာပါ။ ဥပမာပေးရရင် ပန်းပုရုပ်တစ်ခုရဖို့ သစ်တုံးကနေ ဖဲ့ယူရတဲ့သဘောပါပဲ။ အခုနည်းပညာကတော့ ဒစ်ဂျစ်တယ်ပုံစံ (Digital Template) သုံးပြီး အတွင်းကနေ အပြင်ကို တည်ဆောက်ယူမယ့်သဘောပါ။

ဒီနည်းပညာကို နေရာကဏ္ဍအများအပြားမှာ အသုံးချနိုင်ပါလိမ့်မယ်။ အကြီးစား (လေရဟတ်တာဘိုင်စက်) တွေကနေ တကယ့်အသေးစား ကိုယ်တွင်းထည့်ဖို့စက်ပစ္စည်းတွေအထိ တိကျစွာ ထုတ်လုပ်နိုင်ပါလိမ့်မယ်။ အခုအချိန်အထိတော့ 3D ပုံနှိပ်နည်းပညာကို မော်တော် ကားစက်ပစ္စည်းတွေ၊ အာကာသ (Aerospace)၊ ဆေးသိပ္ပံလုပ်ငန်းတွေမှာ ထုတ်လုပ်အသုံးပြုနေကြပါသေးတယ်။ သူက ပစ္စည်းအများအပြား ထုတ်ကုန်မျိုးနဲ့မတူစွာဘဲ တစ်ခုချင်း-နှစ်ခုချင်းလည်း ပုံလောင်းထုတ်ယူနိုင်ပါတယ်။ အခုအချိန်မှာတော့ ကုန်ကျစရိတ်နဲ့ အကန့်အသတ်တွေ ရှိနေသေးပေမယ့် တိုးတက်မှုတွေကြောင့် သိပ်မကြာခင်မှာပဲ ကျော်လွှားနိုင်ဖွယ်ရှိပါတယ်။ နောင်အနာဂတ်မှာတော့ အီလက်ထရွန်နစ်ဆားကစ်ဘုတ်များ၊ လူသားဆဲလ်နဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေတောင် ထုတ်လုပ်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ပါမောက္ခ ကလော့ဇ်ရွှက်က ပြောတာက သိပ္ပံပညာရှင်တွေက အခုအခါမှာ 4D ပုံနှိပ်နည်းပညာကိုတောင် အစပျိုး သုတေသနလုပ်ဆောင်နေကြပြီ ဆိုပါတယ်။ 4D ဖြစ်လာတဲ့အခါ အပူနဲ့ စိုထိုင်းမှုစတဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး အလိုအလျောက်တုံ့ပြန်ပြောင်းလဲနိုင်တဲ့ နောက်မျိုးဆက်သစ် ထုတ်ကုန်ပစ္စည်းများ ဖြစ်လာတော့မှာပါ။ ဒီအခါ လူသားကိုယ်ခန္ဓာနဲ့ လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲနိုင်တဲ့ ဆေးပညာထုတ်ကုန်များ ဖြစ်လာနိုင်ပါတယ်။

အဆင့်မြင့် ရိုဘော့များ

အခုမကြာသေးခင်ကာလတိုင် အဆင့်မြင့် ရိုဘော့နည်းပညာကို တိကျတဲ့ ကန့်သတ်လုပ်ငန်းတွေမှာပဲ အသုံးပြုနေပါသေးတယ်။ အထူး သဖြင့် ကားထုတ်လုပ်ရေးစက်ရုံတွေမှာပါ။ သိပ်မကြာခင်မှာတော့ ကဏ္ဍလုပ်ငန်းပေါင်းစုံမှာ အသုံးပြုလာကြတော့မယ်လို့ သူကဆိုပါတယ်။ ဥပမာအားဖြင့်- တိကျထုတ်လုပ်စိုက်ပျိုးနည်းပညာ (Precision  Agriculture) နဲ့ သူနာပြုလုပ်ငန်းတွေအထိ စက်ရုပ်တွေ ဝင်ရောက်လာပါလိမ့်မယ်။ စက်ရုပ်နဲ့ လူသားအပြန်အလှန် ထိတွေ့ဆက်ဆံမှုက နောက်ပိုင်းမှာ နိစ္စဓူဝကိစ္စဖြစ်လာမယ်လို့ ပါမောက္ခကလော့ဇ်ရွှက်က ဆိုပါတယ်။ အမြန်တိုးတက်နေတဲ့ နည်းပညာတွေကြောင့်လည်း ရိုဘော့တွေက တည်ဆောက်ထားပုံ၊ တုံ့ပြန်ပုံတွေမှာ ပိုလို့ပျော့ပျောင်း၊ တုံ့ပြန်မှုကောင်းလာပါလိမ့်မယ်။ နောက်ပိုင်းရိုဘော့တွေမှာ အဆင့်မြင့်ဇီဝပေါင်းစပ်ဖွဲ့စည်း မှု (Complex Biological Structures) လည်း ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ရိုဘော့တွေက နေ့စဉ်အိမ်မှုလုပ်ငန်းတွေကိုလည်း ဝင်ရောက်လုပ်ကိုင်ပေးနိုင်ပါလိမ့်မယ်။ အရင်တုန်းကတော့ စက်ရုပ်တွေက ထည့်သွင်းပေးထားတဲ့ ပရိုဂရမ်အတိုင်းပဲ လုပ်ဆောင်တတ်ကြတာပါ။ နောက်ပိုင်း စက်ရုပ်ရိုဘော့တွေကတော့ ဆက်သွယ်ချိတ်ဆက်မှုကတစ်ဆင့် အဝေးမှာရှိတဲ့ ကလောက်ဒ် (Cloud)၊ ကွန်ရက်တွေကတစ်ဆင့် ဒေတာကိုရယူပြီး တုံ့ပြန်အဖြေပေး၊ ဆောင်ရွက်နိုင်ကြပါလိမ့်မယ်။ ဒါပေမဲ့ လူသား- စက်ရုပ်ဆက်ဆံရေးကိစ္စတွေမှာ ကျင့်ဝတ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ မေးခွန်းတွေလည်း အများအပြားဖြစ်ပေါ်လာနိုင်တယ်လို့ ပါမောက္ခကလော့ဇ်ရွှက်က ဆွေးနွေးပါတယ်။

အသစ်သော ပစ္စည်းများ

လွန်ခဲ့တဲ့နှစ်အနည်းငယ်က မမျှော်မှန်းခဲ့တဲ့ပစ္စည်းတွေဟာ ဒီနေ့ ဈေးကွက်ထဲ ရောက်လာကြပါတယ်။ ဒီပစ္စည်းတွေဟာ ပိုပေါ့ပါး၊ ပိုခိုင်မာ၊ လှည့်လည်သုံးစွဲနိုင် (Recycle)၊ ပတ်ဝန်းကျင်ကို တုံ့ပြန်မှုရှိလာကြပါတယ်။ ဒါတွေကို စမတ်ပစ္စည်းတွေလို့ ခေါ်ဆိုနိုင်မှာပါ။ ဒီပစ္စည်းတွေက နောက်ပိုင်းမှာ ကိုယ့်ဘာသာပြင်နိုင် (self-healing)၊ ကိုယ့်ဘာသာ သန့်ရှင်းရေးလုပ်နိုင် (self-cleaning) လုပ်နိုင်ကြပါလိမ့်မယ်။ ဒါပေမဲ့ စက်မှုတော်လှန်ရေး ၄.၀ မှာ ဘယ်လိုပစ္စည်းအသစ်တွေ ထွက်လာမယ်ဆိုတာတောင် ခန့်မှန်းရခက်လှတယ်လို့ ဆိုပါတယ်။ နာနိုတက္ကနိုလိုဂျီ နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ဂရာဖင်းကာဗွန်ကွန်ပေါင်း (Graphene) ဆိုရင် သံမဏိထက်ကို အဆ ၂၀၀ ခိုင်မာပါတယ်။ လူ့ဆံပင်ထက်လည်း အဆသန်းပေါင်းများစွာ ပေါ့ပါးပါတယ်။ အပူ၊ လျှပ်စစ်တို့ကိုလည်း ထိရောက်စွာ စီးဆင်းစေနိုင်ပါတယ်။ အခုအခါမှာတော့ ဂရာဖင်းဈေးက ခေါင်ခိုက်နေပါတယ်။ (မိုက္ကရိုမီတာဆိုက်ဒ် အပြားလေးကိုဒေါ်လာ ၁၀၀၀ ကျော်ပါတယ်)။ အကယ်၍ဒါကို ဈေးချိုအောင် ထုတ်လုပ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ လူသုံးကုန်ထုတ်လုပ်ငန်း၊ အခြေခံအဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်းကြီးပါ အခြေကစလို့ ပြောင်းသွားနိုင်ပါတယ်။ အချို့သယံဇာတတွေကို လွန်လွန်ကဲကဲမှီခိုနေတဲ့ နိုင်ငံတွေစီးပွားရေး လည်း အကြီးအကျယ် ရိုက်ခတ်မှုရှိလာမှာပါ။

အချို့သော ထုတ်ကုန်ပစ္စည်းသစ်တွေကြောင့်လည်း ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေကို လျှော့ချပေးနိုင်မယ် ဆိုပါတယ်။ ကျွန်တော်တို့ ပုံစံချိုးပြီးရင် ပြန်လည်ပြင်ဆင်အသုံးပြုဖို့ မဖြစ်နိုင်တော့ဘူးလို့ ယူဆထားတဲ့ ပလတ်စတစ်ပစ္စည်းတွေ (သာမိုစက် ပလတ်စတစ် ပိုလီမာ)- ဥပမာ – ဆဲလ်ဖုန်းတွေ၊ ဆားကစ်ဘုတ်တွေကို ပြန်လို့အသုံးပြုနိုင်တဲ့ နည်းပညာတွေ ပေါ်ပေါက်လာပါလိမ့်မယ်။ ပိုလီဟက်ဆာ ဟိုက်ဒရို ထရိုင်ယာဇင်း Polyhexahydrotriazines (PHTs) ဟာ ပြန်လည်လှည့်ပြောင်းအသုံးပြုနိုင်မယ့် ပလတ်စတစ်တွေအတွက် နောက်ထပ်ခြေတစ်လှမ်းပဲလို့ သူက ဆိုပါတယ်။

နောက်ပိုင်းမှာ ပါမောက္ခကလော့ဇ်ရွှက် တင်ပြထားတဲ့ ဒစ်ဂျစ်တယ် နဲ့ ZD နည်းပညာ တိုးတက်ပြောင်းလဲမှုတွေကို ဆက်လက်ဖော်ပြပါမယ်။

 

အောင်သူငြိမ်း

အကိုးအကား-

  1. AFP. “AI better at finding skin cancer than doctors: study”, Bangkok Post, May 26, 2018.
  2. Bloomberg. “EU official sees end of the road for diesel cars”, Bangkok Post, May 26, 2018.
  3. Boonnoon, Jirapan. “Screens to kill off paper ID copies at govt offices”, The Nation, May 26, 2018.
  4. Nanuam, Wassana. “Military mulls new satellite options”, Bangkok Post, May 31, 2018.
  5. Schwab, Klaus. 2016. The Fourth Industrial Revolution, Penguin Random House UK.

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *