Digital rights

နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနတွင် မေလ ၅ ရက်နေ့၌ ကျင်းပသည့် Digital Rights ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူ Panelist အဖြစ် ဆွေးနွေးခဲ့ရသည်။

ဝန်ကြီးဌာနပေါင်းစုံမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တက်တက်ကြွကြွ ပါဝင်ဆွေးနွေးကြသည့်အတွက် သူ့အမြင် ကိုယ့်အမြင် ဖလှယ်ခွင့်လည်းရခဲ့ပြီး အကျိုးရှိခဲ့သည်။ ထိုဆွေးနွေးပွဲတွင် ကျွန်တော်ဆွေးနွေးခဲ့သမျှထဲမှ အနှစ်ချုပ်ပြီး ပြန်လည်ရေးသားလိုက်ပါသည်။

Digital rights ဟူသည် Offline ခေါ် အပြင်ဘ၀တွင်ရသော လူ့အခွင့်အရေးကို Online ခေါ် အင်တာနက်ပေါ်တွင်ပါ ရယူခြင်း၊ ပေးအပ်ခြင်းပင်ဖြစ်သည်။ Digital Rights ရမှသာ ယနေ့ခေတ်ကြီးတွင် လူဖြစ်ရကျိုးနပ်ပေမည်။ ယနေ့ခေတ်တွင် Digital Life ခေါ် ဒစ်ဂျစ်တယ်ဘ၀နှင့် အပြင်ဘ၀ မကွာခြားတော့ပါ။ မနက်မိုးလင်းသည်နှင့် Mobile phone နှင့်အတူထ၊ Facebook ပေါ်တွင် မနက်မိုးလင်း မေတ္တာပို့စာတင်သူများအတွက် ဒစ်ဂျစ်တယ်ဘ၀သည် ဘ၀ပင်ဖြစ်သည်။

လူ့အခွင့်အရေးသည် များစွာရှိသော်လည်း Digital Rights နှင့်ပတ်သက်လျှင် သုံးချက်သာ ပြောလိုသည်။ Right to Information  သတင်းနှင့် ပညာသိပိုင်ခွင့်၊ Rငါ့အ အသ ဏမငလခေပ ကိုယ်ရေးကိုယ်တာ ထိန်းသိမ်းပိုင်ခွင့်နှင့် Right to Freedom of Expression လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့်တို့ပင်ဖြစ်သည်။

right to information

Right to Information တွင် နှစ်ချက်ပြောလိုသည်။ အင်တာနက်ဆိုင်ရာ အခြေခံအဆောက်အဦနှင့် Content Provider  ခေါ် သတင်းအချက်အလက် ဖြန့်ဖြူးသူ ထုတ်လုပ်သူဟု ဖြစ်သည်။

ယနေ့ခေတ်တွင် သတင်းအချက်အလက်များသည် Online ပေါ်တွင် စုနေကြသည်။ Online ပေါ်တွင် ရှိမနေပင်လျှင် သတင်းအချက်အလက်များသည် ဒစ်ဂျစ်တယ်အသွင် Digital Format ဖြင့် ကွန်ပျူတာပေါ်တွင်၊ Disc ပေါ်တွင် ရှိနေကြသည်။ ထို့ကြောင့် Online ပေါ်တွင် မရှိနေလျှင်၊ ဒစ်ဂျစ်တယ်သတင်းအချက်အလက်များကို မရယူနိုင်လျှင် မျက်စိပိတ်နားပိတ်ဖြစ်ပြီး ကျန်ရစ်မည်။ ကိုယ်သိချင်သော အချက်အလက်များသည် Click တစ်ချက်ခေါက်ရုံဖြင့် သိရှိမည်ဖြစ်သည့်အတွက် Internet Access ခေါ် အင်တာနက်ရနေရန်လိုသည်။ အင်တာနက်ရနေရုံဖြင့်မပြီး အင်တာနက်သည် မြန်ရန်လိုသည်။ မြန်ရုံဖြင့်မပြီး ဈေးသက်သာရန်လိုသည်။ အင်တာနက် မြန်ဆန်ဈေးသက်သာမှသာ အင်တာနက်ကိုသုံးပြီး ဗဟုသုတ၊ သတင်းအချက်အလက်၊ ပညာများကို ရှာမှီးနိုင်မည်။ ပဲစိုက်တောင်သူသည် ကမ္ဘာ့ပဲဈေးကို လက်လှမ်းမီမည်၊ ကျောင်းသားသည် နောက်ဆုံးပေါ်ပညာရပ်များကို အကဲခတ်နိုင်မည်။

အင်တာနက်ရယူသုံးစွဲနိုင်အောင် အခြေခံအဆောက်အဦများ ဖန်တီးပေးခြင်းသည် အစိုးရနှင့် အဓိကသက်ဆိုင်သည်။ အစိုးရက ရေခံ မြေခံကောင်းအောင် ဥပဒေများ၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖန်တီးပေးလိုက်လျှင် အင်တာနက်ရမည်၊ ရသောအင်တာနက်မြန်မည်၊ မြန်သောအင်တာနက် ဈေးသက်သာမည်။ ဖုန်းကတ်များ ဒေါ်လာ ၁၅၀၀ မှ မြန်မာငွေ ၁၅၀၀ ဖြစ်အောင် ဖန်တီးပေးလိုက်ခြင်း၊ Internet Service Provider ခေါ် အင်တာနက်ဝန်ဆောင်မှုပေးသူများ များလာအောင် ဖန်တီးပေးခြင်းသည် ဥပမာများဖြစ်သည်။

အင်တာနက်ပေါ်တွင် သတင်းအချက်အလက်၊ ဗဟုသုတများ ဖြန့်ဝေရာတွင် သတင်းမီဒီယာများနှင့် Individual ခေါ် လူတစ်ဦးချင်းဟု ရှိသည်။ အင်တာနက်ပေါ်တွင် သတင်းအချက်အလက် ဖြန့်ဝေခြင်းသည် အကုန်အကျသက်သာသဖြင့် သတင်းအချက်အလက် ဖြန့်ဝေသူများ များပြားလာပြီး လူတစ်ဦးချင်းသည် သတင်းဌာနတစ်ခုချင်းသဖွယ်ဖြစ်လာသော်လည်း ဘေးထွက်ဆိုးကျိုးအဖြစ် Fake News ခေါ် သတင်းမှား၊ သတင်းလိမ်များ ပေါများလာသည့် အန္တရာယ်ရှိလာသည်။ Fake News ၏ အန္တရာယ်ကို ကာကွယ်ရန် အကောင်းဆုံးနည်းတစ်ရပ်မှာ တရားဝင်ရပ်တည်နေသော ဂျာနယ်၊ သတင်းစာများနှင့် ရုပ်သံမီဒီယာများထံမှ သတင်းအချက်အလက်များကို ရယူခြင်းဖြစ်သည်။ ထိုသတင်း မီဒီယာများသည် အမှားအယွင်းရှိလျှင်၊ လိုအပ်ချက်ရှိလျှင် တာဝန်ယူရမည်ဖြစ်ရာ တာဝန်ယူမှုတာဝန်ခံမှုသည်လည်း အင်တာနက်ပေါ်ရှိ ဘယ်သူ ဘယ်ဝါမှန်းမသိသူ၊ သေချာစွာလေ့ကျင့်ထားခြင်း မရှိသူများထက် မြင့်မားပေသည်။

freedom of expression

လွတ်လပ်စွာ ရေးသားပြောဆိုပိုင်ခွင့်သည် အခြေခံလူ့အခွင့်အရေးဖြစ်သလို ဒီမိုကရေစီအစိုးရတစ်ရပ် ကောင်းစွာလည်ပတ်နိုင်ရေးအတွက် အဓိကကျသော ကိရိယာဖြစ်သည်။ အစိုးရတစ်ရပ်၏ မူဝါဒများ၊ လုပ်ဆောင်ချက်များကို ကြိုက်သည်၊ မကြိုက်သည် သာမန်ပြည်သူများက ပြောပြခြင်းဖြင့် အစိုးရသည် ပိုကောင်းသော မူဝါဒများ ချမှတ်နိုင်ပေသည်။ ဒစ်ဂျစ်တယ်ခေတ်တွင် Freedom of Expression သည် ပိုပြီး ပွင့်လန်းလာသည်။ သာမန်လူတို့ပင် ကိုယ့်အမြင်ကို လူများစွာသိအောင် ဟစ်ခွင့်ရလာသည်။ သို့သော် လွတ်လပ်စွာ ပြောဆိုရေးသားပိုင်ခွင့်သည် သူတစ်ပါး၏အခွင့်အရေးကို ထိခိုက်ခြင်းမျိုးမဖြစ်ရပါ။ ကိုယ့်အမြင်ကို ဖော်ထုတ်ခြင်းဆိုပြီး တစ်ပါးသူကို ဆဲဆိုခွင့်မရှိ။ သူတစ်ပါးကို ဆဲရေးတိုင်းထွာလျှင် အခန့်မသင့်ပါက Hhate Speech ခေါ် အမုန်းစကား စာရင်းဝင်သွားနိုင်သည်ကို သတိပြုသင့်သည်။ အထူးသဖြင့် Digital ခေတ် တွင် ဖရုဿဝါစာ စကားတစ်ခွန်းသည် ခဏလေးနှင့် ကမ္ဘာပတ်နိုင်သည့်အတွက် Online ပေါ်တွင် စာတစ်လုံး၊ စာတစ်ကြောင်း မတင်ခင် သေချာစဉ်းစားသင့်သည်။

right to privacy

ကိုယ်ရေးကိုယ်တာများကို လူသိမခံဘဲနေခွင့် လူတိုင်းတွင်ရှိသည်။ ယင်းတွင် နှစ်ပိုင်းရှိပါသည်။ နည်းပညာကုမ္ပဏီများ၏ ကိုယ်ကျင့်သိက္ခာနှင့် သုံးစွဲသူတစ်ဦးတစ်ယောက်ချင်း၏ အသိပညာစောင့်စည်းမှုဟု ဖြစ်သည်။

ယနေ့ခေတ်တွင် Data ခေါ် သတင်းအချက်အလက်သည် ရွှေဖြစ်သည့်အတွက် နည်းပညာကုမ္ပဏီများသည် သုံးစွဲသူတို့ထံမှအချက် အလက်ကို ရသည့်နည်းနှင့်စုသည်။ ကိုယ်ကိုင်သည့် လက်ကိုင်ဖုန်း Samsung၊ Huawei၊ iPhone စသည်တို့က စုသလို သုံးသည့် အင်တာနက်ရှာစက် Search Engine များဖြစ်သည့် Google စသည် တို့ကလည်း စုသည်။ ကိုယ် Account ဖွင့်ထားသည့် Social Media၊  Facebook၊ Twitter တို့ကလည်း စုသည်။ ထိုကုမ္ပဏီကြီးများ မိမိ၏ တစ်ကိုယ်ရေတစ်ကာယအချက်အလက်များကို အခြားသူများထံ ရောင်းစားလျှင်၊ ဝေမျှလျှင် မိမိလူ့အခွင့်အရေးဖြစ်သည့် Right to  Privacy ကို ထိခိုက်သည်။ မြန်မာတို့ အများဆုံးသုံးနေကြသည့် Facebook ဆိုလျှင် ထိုကိစ္စနှင့်ပတ်သက်ပြီး အကြီးအကျယ် ရှင်းလင်းနေရသည်။ လွန်ခဲ့သော တစ်ရက် နှစ်ရက်ခန့်ကပင်လျှင် အမေရိကန်အခြေစိုက် သတင်းမီဒီယာကြီးဖြစ်သည့်New York Times က Facebook သည် သုံးစွဲသူများ၏ အချက်အလက်များကို သူတို့၏ သဘောတူညီချက်မယူဘဲ နည်းပညာကုမ္ပဏီအချို့နှင့် ဝေငှခဲ့သည်ဟု ရေးသားခဲ့သေးသည်။

Right to  Privacy နှင့်ပတ်သက်လျှင် ဒုတိယအချက်မှာ သုံးစွဲသူကိုယ်တိုင်၏ သတိ၊ အသိနှင့် စောင့်စည်းမှုဖြစ်သည်။ ကိုယ်ပိုင်အချက်အလက်များ မလိုအပ်ဘဲပါမသွားအောင် သတိထားရမည်။ ဒစ်ဂျစ်တယ်ပါးဝခြင်း Digital Literacy သည် အရေးကြီးလာပြီ။ ‘သမိုင်းသင်သည်မှာ မ ‘အ’ အောင်’ ဟူသော ဆရာကြီး ဒေါက်တာ သန်းထွန်း၏ စကားကိုယူပြီး ‘ဒစ်ဂျစ်တယ်အကြောင်းသိသည်မှာ မ
‘အ’ အောင်’ ဟုပြောလျှင် မှားအံ့မထင်။ ကိုယ်သုံးစွဲသည့် Facebook၊ Twitter ၊ လက်ကိုင်ဖုန်းတို့၏အထာများကို ကောင်းကောင်းသိအောင် ကြိုးစားရမည်။ ကိုယ့်ကလေးပုံကို ဓာတ်ပုံရိုက်တင်၊ ကိုယ့်ကလေးကျောင်းကို ဓာတ်ပုံရိုက်တင်ခြင်းမှာ ကိုယ့်အခွင့်အရေးဖြစ်သော်လည်း ကလေးသူငယ်အဓမ္မကျင့်မှုများ ပိုကြားရချိန်များတွင် တင်သင့်၊ မတင်သင့် စဉ်းစားဖွယ်ဖြစ်သည်။ အိမ်တွင် သက်ကြီးများသာကျန်ချိန်တွင် ကိုယ်ခရီးသွားသည်ကို လူအများသိအောင် ဓာတ်ပုံရိုက်တင်ခြင်းမျိုးသည် အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်နိုင်သည်။

ကြောက်လွန်းရင်လည်းမရ ချစ်လွန်းရင်လည်း မလှ

Digital နှင့်ပတ်သက်လျှင် ကြောက်လွန်းခြင်းနှင့် ချစ်လွန်းခြင်း ဟူသော အစွန်းတရားနှစ်ပါးကို ရှောင်မှ။ Digital Phobia ခေါ် Terminator ဇာတ်လမ်းများကြည့်ပြီး ကမ္ဘာကြီးကို စက်ရုပ်များက အုပ်စိုးတော့မည့် ကြောက်လန့်ခြင်းမျိုးမဖြစ်ရန်။ Digital Phobia ဖြစ်ပြီး နည်းပညာကို ရှောင်နေလျှင် ကိုယ်သာကျန်ခဲ့မည်။ ကိုယ့်တိုင်းပြည်သာကျန်ခဲ့မည်။ နည်းပညာတန်ခိုးဖြင့် အားလုံးသာယာမည်ဟူသော Digital Paradise ဒစ်ဂျစ်တယ်သုခဘုံမျိုး အယူအဆကိုလည်း ရှောင်သင့်သည်။ ဒစ်ဂျစ်တယ်သည် မသုံးတတ်လျှင် အန္တရာယ်လည်း ဖြစ်နိုင်သည်။

ကိုယ့်နိုင်ငံသားများ Digital Rights ပြည့်ပြည့်၀၀ခံစားနိုင်ရေး ဖော်ဆောင်ပေးရေးသည် အစိုးရပိုင်းတာဝန်ရှိသူများအတွက် အလွန်အရေးကြီးသည်။ နိုင်ငံသားများ Digital Rights ခံစားနိုင်မှသာ နိုင်ငံသားများသည် ကမ္ဘာနှင့် ရင်ပေါင်တန်းလိုက်နိုင်ပြီး ဒီမိုကရေစီစနစ်လည်း ကောင်းစွာလည်ပတ်မည်။ နည်းပညာကုမ္ပဏီများသည် ဒစ်ဂျစ်တယ်ကိုယ်ကျင့်သိက္ခာကို လိုက်နာအောင် အစိုးရက ကြပ်မတ်ရမည်။ ပြည်သူပြည်သားများ Digital Literacy တိုးတက်အောင် ပညာပေးခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သင့်သည်။

အချုပ်ဆိုရလျှင် သတင်း၊ ပညာသိပိုင်ခွင့်၊ ကိုယ်ရေးကိုယ်တာထိန်းသိမ်းခွင့်နှင့် လွတ်လပ်စွာရေးသားပြောဆိုခွင့်တို့ဖြစ်သည်။ Fake News ဒဏ် မမိအောင် အပြင်လောကတွင် တကယ်ရပ်တည်နေသော သတင်းမီဒီယာများကို ကြည့်ရှုဖတ်ရှုခြင်း၊ Digital Privacy မထိခိုက်အောင် Digital Literacy မြင့်မားအောင် ဆောင်ရွက်ခြင်း၊ Digital အစွန်းနှစ်ပါးကို ရှောင်ခြင်းတို့သည် Digital Rights အဖြေများ ဖြစ်သည်။ 

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *