မူဆယ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းများကို KIO က ဆက်ကြေးကောက်သည်ဟုဆို

ရန်ကုန်၊ ဇွန် ၈

ရှမ်းပြည်နယ်မူဆယ်မြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘော်ဒါဆောင် ၂၁ ခု ကို ကချင်လက်နက်ကိုင်တပ် KIOက ဆက်ကြေးကောက်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇွန်လ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ဘော်ဒါကိုးခုတို့ကို ကျပ် ၁၅ သိန်းစီ ပေးရန် တောင်းခံထားပြီး အခြားကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ဘော်ဒါ ၁၁ ခုကို ကျပ်၁၀ သိန်းစီ၊ မူလတန်းကျောင်းတစ်ကျောင်း ကိုမူ ကျပ်ကိုးသိန်းပေးရန် တောင်းခံထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကောက်ခွန်ဌာနခွဲ၊ ကွတ်ခိုင်ခရိုင်၊ အမှတ် (၉) တပ်ရင်းက ကောက်ခံခြင်းဖြစ်ပြီး ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ပေးဆောင်ရမည်ဟု ယင်းစာတွင် ပါရှိကြောင်း၊ KIO က ဆက်ကြေးကောက်ခြင်း မဟုတ်ဘဲ နှစ်စဉ်နှစ်တိုင်းကောက်ခံသည့် အခွန်ဟု ဖော်ပြထားကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကို The Voice Journal က ဆက်သွယ်မေးမြန်းရာ တိတိကျကျရှင်းလင်းပြောဆိုခြင်း မရှိခဲ့ပေ။

“အဲဒီ စာတိတိကျကျပေါ့နော်။ ကျွန်တော် မတွေ့ရတဲ့အခါကျတော့ KIO ဘက်က ရေးတဲ့စာ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ ကျွန်တော်ဝန်ခံဖို့ ကျွန်တော့်ဆီမှာ အခက်အခဲရှိပါတယ်။ အဆင်မပြေဘူး။ အဲဒီဟာကို မဟုတ်ဘူးလို့ ငြင်းဆိုဖို့လည်း အဆင်မပြေဘူး။ အဲဒါ ကြောင့် ကျွန်တော်က ဘာမှမသိဘူးလို့ ပြောရမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ဇွန်၅ရက် ညပိုင်းတွင် GALAXY အဆင့်မြင့်ကျောင်းသို့ အသက်၃၅နှစ်ခန့်ရှိ အမျိုးသားတစ်ဦးက မော်တော်ဆိုင်ကယ်ဖြင့် လာရောက်၍ ကျောင်းသားတစ်ဦးကို ပေးအပ်ခဲ့ခြင်းဖြစ်ပြီး စာအိတ်ပေါင်း ၂၁ အိတ် ပါရှိကြောင်း၊ GALAXY အဆင့်မြင့်ကျောင်းကို ပေးပို့သောစာအိတ်တွင် အခြားစာများကို ညတွင်းချင်း ဝေငှပေးစေလိုသည်ဟုလည်း ဖော်ပြထားသည်ဟု ဆက်ကြေးတောင်းသည့်စာနှင့်တကွ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *