သုံးဖက်မြင် (3D) လူကူးမျဉ်းကျားကိစ္စ ရေးဆွဲသူ ကိုအာကာကျော် တောင်းပန်

ရန်ကုန်၊ ဇွန် ၈

နေပြည်တော်တွင် ဇွန်လ ပထမပတ်က ဖွင့်လှစ်ခဲ့သော သုံးဖက်မြင် 3D လူကူးမျဉ်းကြားအပေါ် နိုင်ငံတကာမှ 3D လူကူးမျဉ်းကြားများနှင့် ယှဉ်ပြီး ဝေဖန်ခံရမှုအပေါ် ရေးဆွဲသူ ဂရပ်ဖီတီပညာရှင် ကိုအာကာကျော်က ဇွန်လ ၈ ရက်နေ့က တောင်းပန်စကားပြောကြားသည်။

“ဒီ ၃ီ လူကူးမျဉ်းကျား မျဉ်းကွေးလေးနဲ့ ပတ်သက်ပြီး ပြောစရာတွေဖြစ်လာတော့ ကျွန်တော် တောင်းပန်ချင်လို့ပါ။ ကျွန်တော်လုပ်ထားတဲ့အတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ကျွန်တော့်အမှားပါ။ အဓိကက ကျွန်တော်ညံ့တာပါ။ ဘာကြောင့် ဘယ်လိုမှားတယ်၊ ဘာညာ တော့ မရှင်းပြချင်တော့ပါဘူး။ ရှင်းလေ ရှုပ်လေပိုဖြစ်မှာစိုးတော့ ကျွန်တော့်အမှားတွေကို ကျွန်တော်အပြည့်အဝ တာဝန်ယူပါတယ်” ဟု ကိုအာကာကျော်က လူမှုကွန်ရက်မှတစ်ဆင့် တောင်းပန်စကား ပြောကြားသည်။

ထပ်မံလေ့လာကာ ကြိုးစားလုပ်ဆောင်မည်ဖြစ်ပြီး စိတ်အနှောင့်အယှက်ဖြစ်သွားလျှင် အနူးအညွှန်တောင်းပန်ကြောင်း ၎င်းကဆိုထားသည်။

ဝေဖန်သူများကမူ နိုင်ငံတကာမှ သုံးဖက်မြင် 3D လူကူးမျဉ်းကျားများသည် သိသာထင်ရှားကာ သပ်ရပ်စနစ်ကျသည် ဟု ထောက်ပြပြောဆိုကြသည်။

“စင်ကာပူတို့၊ ထိုင်းတို့၊ မလေးရှားတို့ကို ကျွန်တော်ရောက်ခဲ့ဖူးတယ်။ အဲ့ဒီက 3D လူကူးမျဉ်းကြားတွေက လုပ်ထားတာ စနစ်ကျပြီး သပ်ရပ်တယ်။ သိသာထင်ရှားမှုလည်း ထိထိရောက်ရောက်ပဲ။ အခုနေပြည်တော်က 3D ကတော့ စနစ်မကျဘူး မမြင်သာဘူးလို့ ယူဆပါတယ်” ဟု နေပြည်တော် နိုင်တီအိတ် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ ကိုဇေယျာလွင်က နေပြည်တော် 3D လူကူးမျဉ်းကျားအပေါ် ၎င်းအမြင်ကို ပြောဆိုသည်။

ဇွန်လ ၇ ရက်နေ့တွင် နေပြည်တော် သပြေကုန်းဈေးအနီး၌ မြန်မာနိုင်ငံတွင် ပထမဆုံးသုံးဖက်မြင် ရုပ်ကြွမျဉ်းကြားအဖြစ် HEINEKEN မြန်မာက ပံ့ပိုးကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *