Regional Roundup

အစိုးရသစ်လက်ထက် ဂေါပကအဖွဲ့ ပြင်ဆင်ဖွဲ့ဆည်းပြီးနောက်ပိုင်း အလှူငွေများ ပိုမို ရရှိခဲ့သည်။

#မွန်

ဂေါပက ပြန်ရွေးမယ်

ကျိုက်ထီးရိုးဂေါပကအဖွဲ့ကို ပွဲတော်ဖွင့်ပွဲမတိုင်ခင် အပြီးသတ်ရွေးချယ်တော့မည် ဖြစ်သည်။

တောင်ဖွင့်ပွဲ (သီတင်းကျွတ်လပြည့်နေ့) မတိုင်ခင်ရွေးချယ်နိုင်ရန် ကြီးကြပ်ရေးကော်မတီကိုလည်း ဖွဲ့စည်းထားပြီဟု ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ဆိုသည်။ ဂေါပကလူဟောင်းများလည်း ပြန်အရွေးခံနိုင်သည်ဟု ၎င်းက ပြောဆိုထားသည်။

လက်ရှိဂေါပကအဖွဲ့မှာ ယာယီဖွဲ့စည်းထားခြင်းဖြစ်ပြီး ဂေါပကဖွဲ့စည်းပုံစည်းမျဉ်းစည်းကမ်းများလည်း ထွက်လာပြီဖြစ်သဖြင့် အသစ်ပြန်ရွေးရခြင်းဖြစ်သည်။

ယခင်ဂေါပကလက်ထက်တွင် ရန်ပုံငွေကျပ် ၁ ဒသမ ၅ဘီလီယံသာ ရှိခဲ့သော်လည်း ယာယီဂေါပကအဖွဲ့လက်ထက် ၂နှစ် ကာလတွင် ကျပ်ခုနစ်ဘီလီယံအထိရှိလာသည်။

#ပဲခူး

ဇနီးသည်၏ ဓားစွမ်း

ပဲခူးတိုင်းရေတာရှည်မြို့နယ်တွင် ဇွန်လ၁ရက်တွင် လင်မယား စကားများရာမှ ဇနီးသည်က ခင်ပွန်းဖြစ်သူကို ဓားဖြင့် ခုတ်သတ်ခဲ့သည်။

နေအိမ်အပေါ်ထပ်ဘုရားစင်ရှေ့တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသော သားဖြစ်သူ၏အလောင်းကို မိခင်ဖြစ်သူက တွေ့ရှိ၍ ရဲစခန်းသို့ အကြောင်းကြားရာမှ အမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

အသက်၂၃နှစ်ရှိ ဇနီးဖြစ်သူကို အသက်၂၀ ရှိ ခင်ပွန်းဖြစ်သူက ထိုးကြိတ်ပြီး ဓားနှင့်ခုတ်ရန်ကြံစည်မှုကြောင့် လက်ထဲမှ ဓားကိုပြန်လု၍ ဇနီးဖြစ်သူက ဓားဖြင့် ခုတ်သတ်ခဲ့ခြင်းဖြစ်သည်။

#တနင်္သာရီ

အမောင်းကြမ်း မြေသယ်ကားများ

ထားဝယ်မြို့အတွင်း မြေသယ်ကားများအမောင်းကြမ်းမှုကြောင့် မြို့ခံများက ဝေဖန်လျက်ရှိသည်။

ယခုနှစ်များအတွင်းမှစကာ မြို့တွင်းတည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်ကောင်းလာမှုကြောင့် မြေသယ်ကားများ မြို့တွင်းသို့ ဥဒဟို ဖြတ်သန်းသွားလျက် ရှိသည်။

သို့သော်လည်းအရှိန်ပြင်းပြင်းဖြင့် တရမန်းကြမ်းမောင်းနှင်မှုကြောင့် ယာဉ်အန္တရာယ်ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြသည်။

#ကရင်

ဇွဲကပင်တောင်ခြေက ရိုက်ပွဲ

ဇွဲကပင်တောင်ခြေအဝင်မုခ်အနီး လမ်းတွင် အုပ်စုဖွဲ့ရိုက်နှက်ခုတ်ထစ်မှု ဖြစ်ပွားခဲ့သည်။

ဘားအံမြို့တွင် တည်ရှိသည့် ကရင်ပြည်နယ်၏ အထင်ကရဇွဲကပင်တောင်အနီးတွင် ဆိုင်ကယ်စီးလူငယ်တစ်စုက သောက်ရေသန့်စက်ရုံဝန်ထမ်းအချို့ကို လမ်းသရဲဆန်ဆန် ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

ဇွန်လ၃ရက်နေ့ည ၈ နာရီခွဲခန့်တွင် ဝန်ထမ်းငါးဦးရုပ်ရှင်ကြည့်၍ ပြန်လာစဉ် ဆိုင်ကယ်စီးလူအုပ်က အော်ဟစ်ဆဲဆိုကာ တုတ်၊ ဓားများဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ရိုက်နှက်ခံရသူများထံမှ သိရသည်။

ဒဏ်ရာရသူဝန်ထမ်းသုံးဦးအနက်နှစ်ဦးမှာ စိုးရိမ်ရပြီး တရားခံကိုရှာနေဆဲဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

#မွန်

ချဲဒိုင်ကို CID ဝင်ဖမ်း

မော်လမြိုင်ရှိ ချဲလောင်းကစားဒိုင်များကို နေပြည်တော်မှုခင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးသည်။

မြိုင်သာယာရပ်ကွက်ရှိ နှစ်လုံး၊ သုံးလုံးချဲလောင်းကစားဒိုင်များကို ဇွန်လ ၁ ရက်နေ့တွင် ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်သည်။ နေပြည်တော်သို့ တိုင်စာရောက်သဖြင့် နေပြည်တော် CID က လာရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။

လောင်းကစားစာရင်းချုပ်ချိန်တွင် နေရာနှစ်ခုကို ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ပြီး ဒေသခံငါးဦးနှင့် လောင်းကစား ငွေကျပ် ၁၁ သိန်းတို့ကို ဖမ်းမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

#ရခိုင်

၆၆ (ဃ) နဲ့ အမှုဖွင့်ခံရတဲ့ အမတ်

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ရခိုင်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အမှုဖွင့်ခံထားရသည်။

ရခိုင်ပြည်နယ်တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်ရာခိုင်နှုန်းကို မှားယွင်းရေးသားကာ Facebook တွင် တင်ခဲ့သဖြင့် ရခိုင်အမျိုးသားပါတီ၏ ရမ်းဗြဲမြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦးသန်းမောင်ဦး အမှုဖွင့်ခံရခြင်း ဖြစ်သည်။
၂၁ဒသမ၄၅ရာခိုင်နှုန်းကို ၁၆ ဒသမ ၃၆ရာခိုင်နှုန်းဟု မှားယွင်းရေးသားခဲ့ခြင်းဖြစ်ပြီး တစ်နာရီအကြာတွင် ပြန်လည်ပြင်ဆင်ခဲ့ကြောင်း ဦးသန်းမောင်ဦးက ၎င်း၏ Facebook တွင် ရေးသားထားသည်။

ယင်းရေးသားမှုကိုပြည်နယ် ပညာရေးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်လှထွန်းက တရားလိုပြုကာ အမှုဖွင့်ခြင်းဖြစ်သော်လည်း နောက်ကွယ်က ရခိုင်ပြည်နယ်အစိုးရ ပါဝင်သည်ဟု သတင်းထွက်နေသည်။

#ဟင်္သာတ

တမံကျိုး လယ်မြုပ်

ဟင်္သာတခရိုင်အင်္ဂပူမြို့နယ်နှင့် မြန်အောင်မြို့နယ်တို့ရှိ မြေသားတမံများသည် မေလ ၃၀ နှင့် ၃၁ ရက် မိုးသည်းထန်မှုကြောင့် ကျိုးကျခဲ့သည်။

မြေသားတမံများကျိုးကျခဲ့မှုကြောင့် အနီးအနားရွာများရှိ ပျိုးကြဲထားသည့် လယ်မြေများအတွင်းသို့ ရေများ ဝင်ရောက်ခဲ့ပြီး ပျက်စီးခဲ့ရသည်။

မြေသားတမံနှစ်ခုကျိုးကျမှုကြောင့် ဒေသခံများ၏ လယ်ယာမြေ ၁၈၀ ခန့် ပျက်စီးခဲ့ရပြီး ကာကွယ်မှုများလည်း မလုပ်နိုင်သေးပေ။

#မန္တလေး

ငွေတောင်းတဲ့ စည်ပင်တွေကို ဖမ်း

မန္တလေးမြို့တွင်းသို့ ဝင်ရောက်မည့် သုံးတန်အထက် မော်တော်ယာဉ်များထံမှ ငွေကြေးကောက်ခံနေသည့် စည်ပင်ဝန်ထမ်းလေးဦးနှင့် စည်ပင်ရဲတပ်သားတစ်ဦးကို အရေးယူထားကြောင်း စည်ပင်သာယာရဲတပ်ဖွဲ့ (မန္တလေး) ထံမှ သိရသည်။

မန်းစည်ပင်၏တရားဝင်ဝန်ထမ်းများဖြစ်သော်လည်း ၎င်းတို့တာဝန်ကျသည့်နေရာတွင် မဟုတ်ဘဲ ငွေကြေးကောက်ခံမှုကို မေလ၂၆ရက်နေ့က ညပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မသမာမှုပြုလုပ်ရန်ကြံစည်ခဲ့ကြသည့် စီမံဌာန၊ လမ်းတံတားဌာနနှင့် အဆောက်အအုံနှင့် ကုန်ရုံဌာနတို့မှ အမြဲတန်းဝန်ထမ်းသုံးဦးနှင့် ယာယီဝန်ထမ်း တို့ကို နိုင်ငံ့ဝန်ထမ်းဥပဒေဖြင့် အရေးယူမည်ဖြစ်ပြီး စည်ပင်ရဲတပ်သားကိုမူ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူမည်ဖြစ်ကာ လက်ရှိအစိုးရ လက်ထက်တွင် မသမာမှုပြုလုပ်သည့် မန်းစည်ပင်ဝန်ထမ်း ၁၁ဦးကို ရာထူးမှထုတ်ပယ်ထားပြီးဖြစ်သည်။

#မန္တလေး

ယာဉ်တိုက်မှုနဲ့ အဖမ်းခံရတဲ့ ဝန်ကြီးချုပ်ရဲ့ ယာဉ်မောင်း

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ယာဉ်မောင်းဖြစ်သူ ဦးအေးသိန်းသည် ယာဉ်တိုက် မှုဖြင့် ဇွန်လ ၄ ရက်နေ့က အဖမ်းခံလိုက်ရသည်။

ဇွန်လ ၂ ရက်နေ့ နံနက်အစောပိုင်းက ၆၂လမ်းနှင့် ၃၅လမ်းထောင့်အနီးတွင် ဆိုင်ကယ်တစ်စီးကို တိမ်းရှောင်လိုက်ရာမှ လမ်းဘေးတွင် မတ်တတ်ရပ်နေသည့် အမျိုးသမီးကို ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်ခံရသူသည် နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သဖြင့် ဦးအေးသိန်းကို အမှတ် (၈) ရဲစခန်းတွင် ယာဉ်(ပ)၂၂/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ၃၀၄ (က)ဖြင့် အမှုဖွင့်ဖမ်းဆီးထားသည်။

#ဧရာဝတီ

စက်လှေပျောက် လက်သည်

ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ စက်လှေများ ပျောက်ဆုံးမှုလက်သည်များကို ဖမ်းဆီးရမိခဲ့သည်။

မေလနောက်ဆုံးပတ်အထိ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှ စက်လှေ ၃၈ စီး ခိုးယူခဲ့ကြောင်း ဖော်ထုတ်ရမိခဲ့သည်။

စက်လှေ ၁၈ စီး၏ ပိုင်ရှင်များကို ဆက်သွယ်နိုင်ခဲ့ပြီး ကျန်ရှိသည့် ပိုင်ရှင်များကို ဆက်လက် စုံစမ်းလျက်ရှိကာ ခိုးယူသည့်အဖွဲ့တွင် ပါဝင်သူများကိုလည်း ဆက်လက်စုံစမ်းလျက်ရှိသည်။

#ရခိုင်

မောင်တောမှာ လယ်မစိုက်နိုင်

မောင်တောဒေသတွင် လယ်မြေများကို မစိုက်ပျိုးနိုင်သည့်အခြေအနေ ရောက်နေသည်။

အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည့် မောင်တောဒေသတွင် လုပ်ကိုင်သူမဲ့နေသည့် လယ်ဧကခုနစ်သောင်းကျော်ရှိသော်လည်း လုပ်ကိုင်မည့်သူ ရှားပါးသဖြင့် မစိုက်ပျိုးနိုင်ခြင်းဖြစ်သည်။

စိုက်ပျိုးသူမဲ့ဧကတစ်သောင်းဝန်းကျင်ကို ဌာနဆိုင်ရာများက လုပ်ကိုင်ရန်စီစဉ်သော်လည်း လုပ်သားရှားခြင်း၊ အရင်းအနှီးမရှိခြင်းတို့ကြောင့် မလုပ်ကိုင်ဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးဦးတိုးဝေက ပြောဆိုသည်။ ထို့ကြောင့် ကုမ္ပဏီများကသာ လုပ်သင့်သည်ဟု အစိုးရကို အကြံပြုထားကြောင်း ၎င်းက ဆိုသည်။

#ရခိုင်

မုန်တိုင်းကြောင့် လယ်ဧက ၅၀၀၀ ရေမြုပ်

ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်လာသည့် မုန်တိုင်းကြောင့် ပဲခူးတိုင်းပြည်ခရိုင်တွင် မိုးသည်းထန်ပြီး လယ်ဧက ၅၀၀၀ကျော် ရေနစ်မြုပ်ခဲ့သည်။

စိုက်ပျိုးပြီးစ မိုးစပါးများမှာ ရေဝင်နစ်မြုပ်ခဲ့ပြီး လက်ရှိတွင် ရေပြန်ကျနေသော်လည်း ပျက်စီးမှုပမာဏကို အတိအကျမသိရသေးပေ။

အချို့သော နွေစပါးများလည်း ရေဝင်မှုကြောင့် ပျက်စီးသွားခဲ့ပြီး လယ်သမားများသည် မိုးစပါးအတွက် မျိုးစပါးအခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *