တစ်ဆုလော၊ နှစ်ဆုလော – ပွဲဆူအမျိုးသားကဗျာဆု

ကာလကြာရှည် အားပြိုင်နေခဲ့သည့် ကဗျာရေးသားမှုပုံစံနှစ်ခုသည် နောက်ဆုံးတွင် ဆုပေးရေးကိစ္စတွင်ပါ အငြင်းပွားလာစရာ ဖြစ်လာသည်။

အစဉ်အလာ ရိုးရာနည်းနာများဖြင့် ရေးသားခြင်းနှင့်လွတ်လပ်စွာရေးသားခြင်းဟူသည့် ဂန္ထဝင်ဟန်နှင့်မော်ဒန်ရေးဟန်တို့အကြား အားပြိုင်မှုဖြစ်ပြီး နှစ်စဉ်ချီးမြှင့်နေကျဖြစ်သည့် အမျိုးသား စာပေဆုနှင့် ပတ်သက်၍ မကျေလည်ကြခြင်းဖြစ်သည်။

၂၀၁၇ခုနှစ်အတွင်း ထွက်ရှိခဲ့သည့် စာအုပ်များအနက်မှ အမျိုးသားစာပေဆုနှင့် ထိုက်တန်သည့် စာအုပ်များကို ရွေးထုတ်ရန်အတွက် အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီကို ဖွဲ့စည်းထားသည်။

ယင်းကော်မတီကို ယခုအစိုးရလက်ထက်တွင် ပြင်ဆင်ဖွဲ့စည်းထားပြီး လွတ်လပ်သည့် အဖွဲ့အစည်းဖြစ်လာစေရန် အစိုးရက ပါဝင်ပတ်သက်မှုမပြုတော့ဘဲ စာပေပညာရှင်များနှင့် စာရေးဆရာ၊ကဗျာ ဆရာ ၆၅ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဝတ္ထုရှည်၊ ဝတ္ထုတို၊ ကဗျာ၊ မြန်မာ့ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ၊ ကလေး၊ လူငယ်၊ ဘာသာပြန်စသဖြင့် ဘာသာရပ် (ကဏ္ဍခွဲ) ၁၀ခုကျော် ခွဲခြားထားသည့် အဆိုပါဆုများအနက် ကဗျာဆုနှင့် ပတ်သက်၍ ပြဿနာပေါ်ပေါက်နေခြင်းမှာ ပြီးခဲ့သည့် နှစ်ရော၊ ယခုနှစ်တွင်ပါ ဖြစ်သည်။

နိုင်ငံကျော်စာရေးဆရာလည်းဖြစ်၊ အမျိုးသားစာပေဆုစိစစ်ရေးကော်မတီတွင်လည်း နှစ်များစွာပါဝင်ခဲ့သည့် မစန္ဒာ (ဒေါ်ချိုချိုတင်)၏ ပြီးခဲ့သည့်ရက်ပိုင်းက နုတ်ထွက်သွားမှုက ယင်းပြဿနာကို ပို၍ပေါ်လွင်စေခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့် လက်ထက်တွင် အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီက မြန်မာ့အစဉ်အလာ ရိုးရာကဗျာ (ဂန္ထဝင်ကဗျာ)ကို မှေးမှိန်ပျောက်ကွယ်သွားအောင် သမိုင်းတွင်တော့မည် ဖြစ်ပါသည်ဟု ၎င်းက စွပ်စွဲကာ သူ့အနေနှင့်သမိုင်းတရားခံမဖြစ်စေရန် အဆိုပါကော်မတီမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

နောက်တစ်ရက်တွင်ပင် နောက်ထပ်ကော်မတီဝင်လည်းဖြစ်သည့် စာရေးဆရာ သူရဇော် (ဦးစိန်လှိုင်-မဟာဝိဇ္ဇာ)ကလည်း ပြန်ကြားရေးဝန်ကြီးနှင့်ကော်မတီတို့၏ လုပ်ရပ်အပေါ်ကျေနပ်မှုမရှိဟုဆိုကာ ထပ်မံနုတ်ထွက်သွားသည်။

အမျိုးသားစာပေဆု (ကဗျာ)နှင့် ပတ်သက်၍ အစဉ်အလာရေးဟန်ကဗျာနှင့် ခေတ်ပေါ်ရေးဟန်တို့ကို ခွဲခြားကာ ဆုနှစ်ဆုသတ်မှတ်ရန် ၎င်းတို့က လိုလားခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်ကလည်း နာမည်ကျော်ကဗျာဆရာများဖြစ်သည့် မောင်စိန်ဝင်း (ပုတီးကုန်း)နှင့် မြင်းမူမောင်နိုင်မိုးတို့လည်း ဆုရွေးချယ်ရေးကော်မတီမှ နုတ်ထွက်ခဲ့ကြသေးသည်။

အစဉ်အလာရိုးရာကဗျာနှင့် ခေတ်ပေါ် ကဗျာတို့သည် သဘောသဘာဝမတူသဖြင့် တစ်ဆုစီ သီးသန့်ပေးရမည်ဟု စာရေးဆရာသူရဇော် (ဦးစိန်လှိုင်-မဟာဝိဇ္ဇာ)က ဆိုသည်။

အစဉ်အလာရိုးရာကဗျာအတွက် အမျိုးသားစာပေဆုတစ်ဆု၊ ခေတ်ပေါ်ကဗျာအတွက် အမျိုးသားစာပေဆုတစ်ဆုနှစ်ဆု ခွဲခြားရန်လိုလားခြင်းဖြစ်သည်။

အမျိုးသားစာပေဆုသည် မြန်မာနိုင်ငံတွင် ဂုဏ်သိက္ခာကြီးမားသည့် ဆုဖြစ်သော်လည်း ယခင်အစိုးရများလက်ထက်တွင် အစိုးရ၏ဩဇာလွှမ်းမိုးမှုများရှိနေခဲ့ပြီး စာပေပညာရှင်များ စိတ်ကြိုက်ရွေးချယ် ပေးခွင့်မရခဲ့ပေ။ ဆုရွေးချယ်ရေးအဖွဲ့များတွင်လည်း အစိုးရအရာရှိ (ပြန်ကြားရေး ဝန်ကြီးဌာနအရာထမ်း)များ ပါဝင်နေခဲ့ကာ အကဲဖြတ်မှုများကို လုပ်ဆောင်ခဲ့သည်။

အစိုးရနှင့်ပနံသင့်ကာ အစိုးရအကြိုက်ရေးသားနိုင်သူများကိုသာ ဆုချီးမြှင့်လေ့ရှိသည်ဟု စာပေအသိုင်းအဝိုင်း ကရှုမြင်ခြင်းလည်း ခံထားရသည်။

ဆုရရှိသူများသည် စာဖတ်ပရိသတ်အတွင်း ထင်ရှားကျော်ကြားသူများဖြစ်လေ့မရှိဘဲ လူသိပ်မသိသူများဖြစ်နေမှုနှင့် ပတ်သက်၍ လူငယ်စာရေးဆရာလည်းဖြစ်၊ ထုတ်ဝေသူလည်းဖြစ်သည့် မြေမှုန်လွင်က ထောက်ပြဖူးသည်။

ယင်းအပြင်ကဗျာဆုနှင့် ပတ်သက်၍ ခေတ်ပေါ်ရေးဟန်ကို ထည့်သွင်းစဉ်းစား ခဲ့ခြင်းမပြုခဲ့ဘဲ အစဉ်အလာရေးဟန်ကဗျာများကိုသာ တောက်လျှောက်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ထို့အတူ စကားပြောဟန်ဖြင့် ရေးသားထားသည့် စကားပြေများကိုလည်း ဆုချီးမြှင့်ခြင်းမပြုခဲ့ပေ။ ပြီးခဲ့သည့်နှစ်က စ၍သာ ယင်းအချက်များကို ပြင်ဆင်နိုင်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ အစိုးရဖြစ်လာပြီး ကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် အစိုးရအရာရှိများကို ပါဝင်ခွင့်မပြုတော့ဘဲ လွတ်လပ်သည့် အဖွဲ့အစည်းဖြစ်လာစေရန် ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အားပေးခဲ့သည်။

ပြီးခဲ့သည့်နှစ်မှစ၍သာ ခေတ်ပေါ်ကဗျာကို အစဉ်အလာကဗျာများနှင့် တန်းတူသတ်မှတ်ကာ ဆုရွေးချယ်ရေးအဖွဲ့က ထည့်သွင်းစဉ်းစားခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ခုနှစ်ဒီဇင်ဘာလအတွင်းက ရန်ကုန်မြို့တော်တွင် စာပေညီလာခံတစ်ရပ်ကို ကျင်းပခဲ့သည်။ ယင်းညီလာခံ တွင်အမျိုးသားစာပေဆု (ကဗျာ)နှင့် ပတ်သက်၍ နှစ်ဆုခွဲခြားရန် အများစုဆန္ဒဖြင့် ဆုံးဖြတ်ချက်ချခဲ့ပြီး ယင်းကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့လည်း တင်ပြခဲ့သည်။

ညီလာခံဆုံးဖြတ်ချက်ကို ဝန်ကြီးအနေနှင့် အကောင်အထည်ဖော်ပေးလိမ့်မည်ဟု စာပေအသိုင်းအဝိုင်းက မျှော်လင့်ခဲ့ကြသည်။

သို့သော် အဖွဲ့ဝင် ၆၅ ဦး ပါဝင်သည့် ဆုစိစစ်ရွေးချယ်ရေးကော်မတီက ဇွန်လ၂ ရက်နေ့တွင် အစည်းအဝေးပြုလုပ်ကာ ယင်းကိစ္စကို ညှိနှိုင်းဆွေးခဲ့သော်လည်း မပြေလည်ခဲ့သဖြင့် လျှို့ဝှက်မဲဆန္ဒပေးခြင်းဖြင့် ဆုံးဖြတ်ခဲ့ရာ တစ်ဆုတည်းပေးရေး အတွက် အဖွဲ့ဝင် ၄၀ က ထောက်ခံခဲ့ရာ နှစ်ဆုပေးရေးဘက်က ရှုံးနိမ့်သွားခဲ့သည်။

ယင်းအပေါ်မကျေနပ်သဖြင့် မစန္ဒာ အပါအဝင်အချို့က နုတ်ထွက်သွားခြင်းဖြစ်သည်။

ဒီမိုကရေစီနည်းကျအများစုဆန္ဒဖြင့် မဲခွဲဆုံးဖြတ်ထားခြင်းသာဖြစ်ပြီး ယင်းဆန္ဒတို့ကို ကော်မတီအနေနှင့် လွန်ဆန်၍မရဟု ကော်မတီခေါင်းဆောင်များနှင့် ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းချက်ထုတ်သည်။

‘ထိုသို့အမျိုးသားစာပေကဗျာဆုကို တစ်ဆုသာပေးမည်ဟူသော ကိစ္စရပ် နှင့် ပတ်သက်၍ ကျေနပ်နှစ်သက်မှုမရှိကြသည့် စာပေပညာရှင်အချို့က ဆုရွေးချယ်ရေးအဖွဲ့မှ နုတ်ထွက်ကြောင်း ပြောဆိုကြရာတွင်၎င်းတို့၏နုတ်ထွက်သည့် အကြောင်းရင်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့အပေါ် ဝေဖန်ပြစ်တင်ပြောကြားမှုများပါပါဝင်နေသည်ကို တွေ့ရှိရပါသည်။ အမှန်စင်စစ်အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ပြန်ကြားရေးဝန်ကြီး ဌာနအနေနှင့် ဆုများချီးမြှင့်ပေးနိုင်ရန် ဘဏ္ဍာငွေပေးအပ်ခြင်း၊ ဆုများ ရွေးချယ်နိုင်ရေးအတွက် အစည်းအဝေးပြုလုပ်ရာတွင် အုပ်ချုပ်ထောက်ပံ့မှုများဆိုင်ရာ ကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးခြင်း၊ ကော်မတီ၏ အခြားလိုအပ်သော အုပ်ချုပ်မှုကိစ္စရပ်များအား ဆောင်ရွက်ပေးခြင်းမှအပ တစ်စုံတစ်ရာ ဝင်ရောက်စွက်ဖက်ဆောင်ရွက်ခဲ့ခြင်းမျိုး မရှိခဲ့ဘဲ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ၏ ဆုံးဖြတ်ချက်များကိုသာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်စေရန် ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်ပါသည်။’ဟု ပြန်ကြားရေးဝန်ကြီးဌာနက ၎င်းတို့၏ အင်တာနက်စာမျက်နှာများမှတစ်ဆင့် ထုတ်ပြန်ပြောဆိုခဲ့သည်။

အလားတူပင် ဆုစိစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌစည်သူဒေါက်တာ ဦးသော်ကောင်းကလည်း “အများစုရဲ့ သဘောကိုတော့ လိုက်နာဖို့လိုတယ်။ အဲဒီတော့မှပဲ အလုပ်လုပ်လို့ရပါမယ်။ ဒီနှစ်ဆိုရင် ကဗျာဆုနှစ်ဆု ပေးချင်တဲ့သူတွေက မဲပေးတဲ့အခါမှာ သူတို့မဲအသာ မရဘူး၊ နည်းသွားတယ်ဆိုတော့ မကျေနပ်ကြဘူး။ အဲဒီလိုကတော့ ဆရာ့အမြင်အရ ပြောရရင်သိပ်မကောင်းပါဘူး။အများ ဆန္ဒကိုပဲ လူနည်းစုက လိုက်နာရမယ်လို့ ဆရာထင်ပါတယ်” ဟု နိုင်ငံပိုင်သတင်းစာများနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ ကလည်း သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၇ ရက်တွင် ပြုလုပ်သည်။

ဆုနှစ်ဆုပေးရေးနှင့် ပတ်သက်၍ စာပေညီလာခံက ဆုံးဖြတ်ထားသော်လည်း ယင်းကို လိုက်လံအကောင်အထည်ဖော်ပေးရန် ပြည်ထာင်စုဝန်ကြီးတွင် တာဝန်မရှိသလို ကော်မတီအနေနှင့်လည်း အဖွဲ့ဝင်များ၏ အများစုသဘောထားကို လိုက်နာရမည်ဖြစ်ကြောင်း ကော်မတီဝင်စာရေးဆရာထက်မြက်က ပြောဆိုသည်။

အစဉ်အလာရေးဟန်ကဗျာနှင့် ခေတ်ပေါ်ရေးဟန်ကဗျာများအနက်မှ အကောင်းဆုံးတစ်ခုကိုသာ အမျိုးသား စာပေဆုအဖြစ် ရွေးချယ်မည်ဖြစ်ပြီး ယင်းသည် အစဉ်အလာရေးဟန်များကို ဆုပေးခြင်း မပြုတော့သည် မဟုတ်ကြောင်းကော်မတီအတွင်းအရေးမှူးအဖွဲ့ဝင်များက ရှင်းလင်းသည်။

တစ်ဆက်တည်းမှာပင် ပြည်ထောင်စုဝန်ကြီးဦးဖေမြင့်လက်ထက်တွင် ကော်မတီ အနေနှင့် သမိုင်းတရားခံဖြစ်တော့မည်ဆိုသည့် စာရေးဆရာမစန္ဒာ (ဒေါ်ချိုချိုတင်)၏ စွပ်စွဲချက်သည် ပြင်းထန်လွန်းနေပြီး ကော်မတီ၏ ဂုဏ်သိက္ခာကို အများပြည်သူက ထင်ယောင်ထင်မှားဖြစ်စေသည်ဟု ၎င်းတို့က ဆိုသည်။

သို့တိုင်၊ ဆုနှစ်ဆုသီးခြားစီပေးရေးနှင့်ပတ်သက်၍ စာပေအသိုင်းအဝိုင်းအတွင်း အငြင်းပွားနေဆဲဖြစ်သည်။

အလားတူစာပေညီလာခံ၏ ဆုံးဖြတ်ချက်သည် အဟောသိကံဖြစ်သွားပြီလော ဆိုသည့် မေးခွန်းများလည်း ရှိနေသည်။

ပြည်ထောင်စုဝန်ကြီးအနေနှင့် ယင်းကိစ္စကို ဆုံးဖြတ်ပေးနိုင်သည့် အခွင့်အရေးရှိသည်ဟု ဝါရင့်စာရေးဆရာတစ်ဦးဖြစ်သူ ကျော်စောမင်း (ဦးကြည်မင်း)က ဆိုသည်။ ဆုအရေအတွက် မည်မျှပေးမည်ဆိုသည့်ကိစ္စသည် ဝန်ကြီး၏တာဝန်ဟု ၎င်းက ဆိုသည်။

၎င်းသည် ဆုနှစ်ဆုပေးရေးဘက်မှ ရပ်ခံသူဖြစ်သည်။

“ကျွန်တော်ကတော့ နှစ်ဆုပေးရေးကို လက်တစ်ဖက် ဓားတစ်လက်ကျန်သည်အထိ ဆက်တိုက်နေဦးမှာပဲ”

ဝန်ကြီးကမူ တစ်ဆုလော၊နှစ်ဆု လောဆိုသည်ကို ကော်မတီကသာ ဆုံးဖြတ်ရမည်ဖြစ်ပြီး သူ့အနေနှင့် မည်သည်ကိုမဆို လက်ခံရန်အသင့်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‘ကဗျာဆုတစ်ဆု၊နှစ်ဆုပေးခြင်း ဟူသည့်ကိစ္စရပ်မှာလည်းပြန်ကြားရေး ဝန်ကြီးဌာန၏အစီအမံမဟုတ်ဘဲ သက်ဆိုင်ရာ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီဝင်များ၏ ပိုင်းခြားဝေဖန်မှုဖြင့် ဆုံးဖြတ်ခြင်းသာ ဖြစ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်မူ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် မည်သည့်လုပ်ငန်းရပ်မဆို အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးဖော်ပြအပ်ပါသည်’ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ ဇွန်လ ၆ရက်နေ့ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အောင်မျိုးထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *