အနာနှင့်ဆေး ဝေးနေဆဲ … မူးယစ်ဆေး

sdr

မန္တလေးမြို့၏ မူးယစ်ဆေးဝါးပြဿနာသည် ဆေးအခါခါထည့်သော်လည်း အနာနှင့်ဆေး မတည့်သေး။

“နေရာအတည်တကျနဲ့ တရားဝင်ခွင့်ပြုထားသလို ပွဲတော်ကြီးတစ်ခုအလား ဖြစ်နေတာ”ဟု ပို၍ဆိုးဝါးလာသည့် အခြေအနေကို လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်အောင်မိုးက ဥပမာပေး၍ ပြောဆိုလိုက်သည်။

၎င်းသည် ချမ်းမြသာစည်မြို့နယ်၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတတ်သည့် နေရာများသို့ ကိုယ်တိုင် ကွင်းဆင်းလေ့လာကာ ယင်းအခြေအနေကို အမြန်ဆုံးထိန်းချုပ်ပေးရန်အတွက် လွှတ်တော်သို့ မေးခွန်းမေးမြန်းခဲ့သူလည်း ဖြစ်သည်။

“လွတ်မြောက်နယ်မြေကြီး တစ်ခုလိုလည်း ဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

မန္တလေးမြို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုအများဆုံးရှိသည်ဟု သတင်းကြီးသည့် နေရာတစ်ခုမှာ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်မြို့နယ်တို့နှင့် ထိစပ်နေသည့် ပုသိမ်ကြီးမြို့နယ်အတွင်းမှ ကံကြီးကုန်းကျေးရွာ၊ ဇီးကုန်းကျေးရွာတို့ ဖြစ်သည်။

ကံကြီးကုန်းကျေးရွာတွင် အိမ်ခြေ ၆၀၀ ခန့်၊ ဇီးအုပ်ကျေးရွာတွင် အိမ်ခြေ ၄၀၀ ခန့်နှင့် ဇီးအုပ်တိုးချဲ့ကွက်သစ်ဟု ခေါ်သည့် ကျူးကျော်များအများဆုံးနေထိုင်သည့် နေရာတွင်မူ အိမ်ခြေပေါင်း၂၆၀၀ကျော် ရှိသည်။ စုစုပေါင်းအိမ်ခြေ ၃၆၀၀ ခန့် အနက် နေအိမ် ၄၀ ခန့်မှာ မူးယစ်ဆေးဝါးကို ရောင်းချမှုရှိကြောင်း ဦးမြင့်အောင်မိုးက ပြောသည်။

“ရှော့ခ်ဖြစ်ပြီး သေဆုံးသူတွေလည်း နေ့စဉ်နီးပါးရှိတယ်။ သေခါနီးအချိန်မှာ အမှိုက်ပုံကို သွားရောက်စွန့်ပစ်မှုတွေလည်း ရှိတယ်”ဟု ၎င်းက ကံကြီးကုန်း၊ဇီးအုပ်ဒေသတို့၏ အခြေအနေကို ပြောဆို သည်။

ပိုင်ရှင်မရှိသည့် နေအိမ်များအတွင်း မူးယစ်ဆေးဝင်ရောက်သုံးစွဲရာမှ ဆေးလွန်ကာသေဆုံးသည့် အမျိုးသား၊ အမျိုးသမီးလူငယ်များကိုလည်း မကြာခဏတွေ့ရပြီး ၂၀၁၆ခုနှစ်နှစ်ကုန်ပိုင်းမှ ၂၀၁၈ခုနှစ် အထိ ထိုဒေသတွင် မူးယစ်ဆေးကြောင့် သေဆုံးခဲ့သည့် ၁၀ဦးထက်မနည်းမှာ ပိုင်ရှင်မဲ့အဖြစ် နာရေးကူညီမှုအသင်းများက ကူညီပေးခဲ့ကြရသည်။

မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုကင်းဝေးရန် ရဲတပ်ဖွဲ့ဝင်များက မစွမ်းဆောင်သဖြင့် တစ်နေ့တခြား ပိုမိုများပြားလာခြင်းတော့ မဟုတ်။ ဖမ်းသူကလည်း ဖမ်းသည်၊ ရောင်းဝယ်သုံးစွဲသူကလည်း ရောင်းဝယ်သုံးစွဲသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အမှတ် (၁) မူးယစ်တပ်ဖွဲ့ခွဲမှူးရုံး (မန္တလေး) ၏ ကွပ်ကဲမှုအောက်တွင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်နှင့် မကွေးတိုင်းတို့ရှိပြီး မူးယစ်တပ်ဖွဲ့စုပေါင်း ၁၆ စု ရှိသည်။

ယင်းအနက် မန္တလေးတွင် အမှတ် (၁၆) မူးယစ်တပ်ဖွဲ့စုပြင်ဦးလွင်၊အမှတ်(၁၇) မူးယစ်တပ်ဖွဲ့စု မန္တလေးမြောက်ပိုင်း၊ အမှတ် (၁၇) မူးယစ်တပ်ဖွဲ့စု မန္တလေးတောင်ပိုင်းနှင့် အမှတ် (၁၉) မူးယစ်တပ်ဖွဲ့စု မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့ဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါတပ်ဖွဲ့များထံမှ သိရသည်။

အဆိုပါတပ်ဖွဲ့စုများက၂၀၁၆ခုနှစ် ဧပြီလ ၁ရက်မှ ၂၀၁၈ မတ်လ ၃၁ရက် အထိ၂ နှစ်တာအတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၈၀၀ ကျော်၊ တရားခံ ၁၂၀၀ကျော်ကို ဖမ်းဆီးနိုင်ခဲ့သည်ဟု တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မန္တလေးခရိုင်အတွင်း၂၀၁၈ခုနှစ်တွင် မူးယစ်ဆေးအမှုပေါင်း ၁၀၀ကျော်နှင့် တရားခံ၁၀၀ကျော်ကို ဖော်ထုတ်ဖမ်းဆီးထားပြီးဖြစ်သည်ဟု ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမျိုးအောင်က ဆိုသည်။

“အမြစ်ပြတ်စေဖို့အတွက် မူးယစ်ကျော်စောနေရာတွေကို အဖွဲ့စုံနဲ့ အပြတ်ရှင်းဆောင်ရွက်သွားမယ်” ဟု ၎င်းက ရဲတပ်ဖွဲ့၏ ဆောင်ရွက်မှုကို ပြောဆိုသည်။

မူးယစ်ကျော်စောနေရာများဖြစ်သည့် ပုသိမ်ကြီးမြို့နယ် ဇီးအုပ်ကွက်သစ်နှင့် အောင်မြေသာစံမြို့နယ် ကမ်းနားလမ်း (၁၉ _ ၂၂ လမ်းကြား) ကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးကိုယ်တိုင်ဦးစီး၍ ဧပြီလအတွင်းက ဝင်ရောက်စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

ယင်းအပြင် ဇွန်လဆန်းပိုင်းကလည်း ဇီးအုပ်နှင့်ကမ်းနားလမ်းဘက်သို့ ဝင်ရောက်ရှင်းလင်းဆောင်ရွက်ခဲ့သည်။ အဆိုပါဖမ်းဆီးမှုများတွင် မူးယစ်ဆေးဝါး သုံးစွဲသူ ကိုးဦးနှင့် ဆေးထိုးအပ်များကိုသာ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

သို့သော် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသည့်နေရာများသို့ ဝင်ရောက်ရှာဖွေဖမ်းဆီးရာတွင် သုံးစွဲသူအနည်းငယ်ကိုသာ အဖမ်းအဆီးပြခြင်းသည် ဟန်ပြလုပ်ဆောင်သကဲ့သို့ ဖြစ်နေသည်ဟု လူမှုကွန်ရက်ပေါ်တွင် ဝေဖန်နေမှုများလည်းရှိသည်။

ထိုနေရာများမှ မူးယစ်ဆေးရောင်းချသည့် နေအိမ်များသည် နယ်မြေခံအဖွဲ့များကို လစဉ်ကြေးများပေးရကာ အပတ်စဉ် စနေနေ့တိုင်း ရောင်းချသည့် အိမ်သို့ ရဲတပ်ဖွဲ့ပေါင်းများစွာ လာရောက်သည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။

မူးယစ်အဖွဲ့က လာရောက်ဖမ်းဆီးမှုများရှိသော်လည်း ဖမ်းဆီးပြီး တစ်နာရီခန့်အကြာတွင် ပြန်လည်ရောင်းချမှုများရှိသည်ဟု ဦးမြင့်အောင်မိုးက အခိုင်အမာပြောဆိုသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် စီမံချက်များဖြင့် စနစ်တကျဖမ်းဆီးခြင်း၊ မြို့ဝင်မြို့ထွက်ဂိတ်များတွင် စောင့်ဆိုင်းဖမ်းဆီးခြင်း၊ လှည့်ကင်း၊ ပတ်ကင်း၊ ဝပ်ကင်းများဖြင့် လှည့်လည်ပိတ်ဆို့ဖမ်းဆီးခြင်းများရှိပြီး ယင်းကဲ့သို့ဆောင်ရွက်စဉ် ဖမ်းဆီးရရှိမှုများသည် အခြားမြို့များမှ မန္တလေးသို့ဝင်လာပြီး မန္တလေးမှ အခြားမြို့သို့မထွက်မီ ဖမ်းဆီးရမိခြင်းများသာဖြစ်ကြောင်း ဦးမြင့်အောင်မိုးက ပြောသည်။

မူးယစ်ဆေးပေါ်ပေါ်တင်တင်ရောင်းဝယ်သုံးစွဲမှုများ တစ်နေ့တခြားများပြားလာကာ အကျိုးဆက်အနေနှင့် လုယက်မှု၊ရိုက်မှု၊ ခိုးမှုများဖြစ်ပွားနေသည်ကို ငြင်းဆန်၍မရကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

“သတင်းပေးပေးပါ၊ အခုကွမ်းယာဆိုင်တွေက ဘာသတင်းပေးလဲ။ ဘယ်သူမှ ရပ်ကွက်မှာ မပေးဘူး။ မူးယစ်ဆေးရောင်းတာ သိရင်ပေးပါဆိုတာ ဘယ်သူမှမပေးဘူး”ဟု မူးယစ်ဆေးသတင်းပေးများ နည်းပါးသွားကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က မီဒီယာများသို့ ဆိုသည်။

တာဝန်သိပြည်သူများက သတင်းပေးတိုင်ကြားမှုများရှိသော်လည်း ထိရောက်သည့် အရေးယူမှုများ မရှိခြင်းကြောင့် သတင်းပေးလိုစိတ်မရှိကြကြောင်း ဦးမြင့်အောင်မိုးက သတင်းပေးများနည်းပါးသွားရခြင်း၏ အကြောင်းကို ရှင်းပြသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဖမ်းဆီးဆောင်ရွက်မှုများတွင် အောင်မြင်မှုများများအောင် ကြံဆဆောင်ရွက်နေကြောင်း၊ ယခင်ကဲ့သို့ စစ်ဆင်ရေးများပြုလုပ်ကာ ဖမ်းဆီးခြင်းများမပြုတော့ဘဲ အခြားနည်းလမ်းများ အသုံးပြုသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပြောသည်။

“အရာမထင်ဖြစ်နေတာကို ပြန်သုံးသပ်နေပါတယ်။ မူးယစ်ဆေးဝါးရောင်းချတာဆိုတာတွေကလည်း ကျူးကျော်ရပ်ကွက်တွေလို ဖြစ်နေတဲ့အတွက် ခက်ခဲပြီးတော့ ပေါင်းစပ်မှုတွေလည်း အားနည်းနေပါတယ်”ဟု ၎င်းက လွှတ်တော်တွင် ပြောဆိုခဲ့သည်။

ဇွန်လဆန်းပိုင်းက လုပ်ဆောင်ခဲ့သည့် မူးယစ်ကျော်စောနေရာများသို့ ဝင်ရောက်ရှာဖွေဖမ်းဆီးခြင်းသည် ဖမ်းဆီးမှုများပြုလုပ်နေစဉ် လူမှုကွန်ရက် စာမျက်နှာများထက်တွင် အဆိုပါသတင်းပျံ့နှံ့ခဲ့ပြီး ထိုသို့ ပျံ့နှံ့ခြင်းကြောင့် လက်ကြီးသမားများကို ဖမ်းမမိခြင်းဟု လူမှုကွန်ရက်သုံးစွဲသူအချို့က ဝေဖန်ထားကြသည်။

ထိုသို့ဖမ်းဆီးခြင်းမပြုမီ မူးယစ်ဆေးဝါးသုံးစွဲနေသည့် ဗီဒီယိုဖိုင်လည်း တက်လာခဲ့ပြီး သုံးစွဲသည့်နေရာအတိအကျကို ပြောဆိုခဲ့သည်။ သို့သော် ယင်း ဗီဒီယိုဖိုင်တွင် ပါဝင်သူများကို ဖမ်းဆီးပြီးဖြစ်ကြောင်း အမှတ် (၁၇) မူးယစ်တပ်ဖွဲ့စု မန္တလေးမြောက်ပိုင်းမှ သိရသည်။

“အဲဒါက မော်ကြီးဆိုတဲ့ မူးယစ်ဆေးဝါးရောင်းတဲ့ နေရာလေးပါ။ အဲဒီနေရာကို ကျွန်တော်တို့ ပြီးခဲ့တဲ့လက မော်ကြီး အပါအဝင် တရားခံသုံးဦးကို ဖမ်းဆီးပြီး အရေးယူဆောင်ရွက်ပြီးဖြစ်ပါတယ်”ဟု အဆိုပါ တပ်ဖွဲ့စုမှူးရဲမှူးစိုင်းသိန်းဇော်က ဆိုသည်။

သို့သော် ကျန်ခဲ့သူများက ထပ်မံရောင်းချသည့် သဘောရှိကြောင်း၊ ရောင်းချသည့် ကျူးကျော်တဲများကို ဖယ်ရှားရှင်းလင်းရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်း လမ်းညွှန်ထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဇီးအုပ်ကွက်သစ်မူးယစ်ဆေးဝါး ဖမ်းဆီးရာသို့ ဝန်ကြီးချုပ်နှင့်အဖွဲ့သွားရောက်ကြည့်ရှုခဲ့ပြီးနောက် လူမှုကွန်ရက်ပေါ်သို့ ပျံ့နှံ့လာသည့် ဓာတ်ပုံတစ်ပုံတွင် ပါဝင်သူအချို့သည် ရောင်းဝယ်ခွင့်ပြုပေးသည့်သူများနှင့် လိုင်းကြေးကောက်ပေးသူများဟု ရည်ညွှန်း၍ဖော်ပြခဲ့သည်။

ထိုသို့ မူးယစ်ဆေးဝါးရောင်းဝယ်သူများနှင့် ဆက်နွှယ်နေသူများနှင့်အတူ သွားရောက်ဖမ်းဆီးသဖြင့် လက်ကြီးသမားများကို ဖမ်းမမိခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

အဆိုပါသတင်းမှန်၏ မမှန်၏ အတည်မပြုနိုင်သော်လည်း ယင်းကဲ့သို့ ဝေဖန်မှုများအပေါ် မိမိတို့အနေနှင့် လိပ်ပြာသန့်ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးမျိုးအောင်က ဆိုသည်။

“ဝေဖန်တာကတော့ အကောင်းမြင်သူကော၊ မမြင်သူကော ရှိမှာပဲ”ဟု ၎င်းက ပြောသည်။

မူးယစ်ဆေးဝါးရောင်းချခြင်းသည် ပြစ်ဒဏ်ကြီးကြီးမားမားကျနိုင်သဖြင့် ရောင်းချသည့်သူ (လက်ကြီးသမား) များက လက်လီရောင်းချသူ (လက်ခွဲ) များကို မွေးထားတတ်ကြသည်။

လက်ခွဲများစွာရှိသည့်အတွက် လက်ကြီးသမားများကို ဖမ်းဆီးရမိရန် သိပ်ခက်ခဲကြောင်း ဒုရဲမှူးမျိုးအောင်က ရှင်းပြသည်။ ယင်းအပြင် ဇီးအုပ်ကွက်သစ်ကဲ့သို့ ကျူးကျော်များစွာရှိသည့်နေရာတွင် လက်ကြီးသမားများကို ဖမ်းဆီးရန်ပိုခက်ခဲကြောင်း ၎င်းက ဆိုသည်။

ယင်းနေရာများသည် ဖမ်းဆီးမည့် သူများလာရောက်လျှင် ရောင်းဝယ်နေသည့် နေအိမ်များသည် သန့်ရှင်းသပ်ရပ်စွာပြင်ဆင်ထားပြီး ရောင်းဝယ်သူအားလုံးက ၄၉လမ်းပေါ်သို့ ရောက်နေတတ်သဖြင့် ယင်းပြဿနာကို အဖြေရှာရန် လိုအပ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်အောင်မိုးက ထောက်ပြသည်။

ယနေ့အထိ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သူများကျင်လည်ကျက်စားရာနေရာဖြစ်သည့် ကမ်းနားလမ်းတာရိုးပေါ်ရှိ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများကို အောင်နိုင်သူစစ်ကြောင်းအမည်ဖြင့် စစ်အစိုးရလက်ထက်တွင် ရှင်းလင်းခဲ့ဖူးပြီး အောင်မြင်ခဲ့သည်ဟု သိမီသူများက ပြောဆိုသည်။

တာရိုးပေါ်ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပြီး ညမှောင်လျှင် ခရာတုပ်၊ သေနတ် မိုးပေါ်ထောင်ဖောက်၍ တစ်လမ်းဝင် တစ်လမ်းထွက်နှိပ်ကွက်ခဲ့သဖြင့် ဒုစရိုက်သမားများ မဆိုထားနှင့်၊ ခွေးပင်လမ်းပေါ်မနေရဲဟု ၎င်းတို့က ဆိုသည်။

သို့သော်ယနေ့တွင်မူ ယင်းနေရာသည် မန္တလေးမြို့မှ မူးယစ်ဆေးဝါးသုံးစွဲသူအတွက် အဓိကနေရာတစ်ခုအဖြစ် ဖြစ်နေပြီး မကောင်းတာမှန်သမျှ အကုန်ရသည်နေရာဟုပင် အမည်တွင်လျက်ရှိသည်။

ခေတ်အဆက်ဆက်မရှင်းလင်းနိုင်သေးသည့် ကျူးကျော်နေအိမ်များ ပြဿနာနှင့် မူးယစ်ဆေးဝါးပြဿနာသည် ဒွန်တွဲလျက်ရှိသည်။ ကျူးကျော်၍ နေထိုင်သူတိုင်း မူးယစ်ဆေးကိစ္စတွင် မပါဝင်သော်လည်း မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူများက ကျူးကျော်များကို အကာအကွယ်ယူ၍ လုပ်ဆောင်နေကြခြင်းဖြစ်သည်။

မူးယစ်ဆေးကို အမှန်တကယ်အမြစ်ပြတ်စေလိုလျှင် ကျူးကျော်များကိုလည်း ပပျောက်စေရန်ရှင်းလင်းရမည် ဖြစ်သည်။

အစိုးရတာဝန်ရှိသူများကလည်း ဖမ်းဆီးသည်၊ အရေးယူသည်၊ အပြစ်ပေးသည်၊ သို့သော် ရောင်းဝယ်သုံးစွဲမှုကလည်း လျော့ကျမသွား၊ အနာနှင့်ဆေးဝေးနေသေး၍လော။

ပစ္စက္ခတွင်မူ မူးယစ်ဆေးသုံးစွဲပြီး ရှော့ခ်ဖြစ်ကာ သေဆုံးသူများနေ့စဉ်ရှိနေသလို မူးယစ်ဆေးဝါးသုံးစွဲပြီး ဓားကိုင်လုယက်သူများ၊ ခိုးဝှက်သူများက ပို၍ပင်အတင့်ရဲလာကြသည်။

“အစိုးရအနေနဲ့ မူးယစ်ဆေးနဲ့ ပတ်သက်ပြီး နေ့စဉ်နဲ့အမျှဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်ပေမယ့်လည်း မူးယစ်ဆေးရောင်းဝယ်သုံးစွဲခြင်းဟာ များပြားလျက်ရှိနေတုန်းပါပဲ။ လူသားအရင်းအမြစ်တွေဟာလည်း နေ့စဉ်ဆုံးရှုံးနေဆဲပါပဲ” ဟု ဦးမြင့်အောင်မိုးက ဆိုလေသည်။

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *