မြန်မာ့စီးပွား စက္ကူကျားကို အသက်သွင်းမည့် လမ်းပြမြေပုံ

ဘယ်ဆီဘယ်ဝယ်မသိ တဝဲလည်လည်ဖြစ်နေသော မြန်မာ့စီးပွားရေးအတွက် လက်ရှိအစိုးရ၏ လမ်းပြမြေပုံတစ်ရပ် မကြာမီပေါ်ထွက်လာတော့မည်။

အမှန်တကယ်မှာ မြန်မာ့စီးပွားရေး တစ်ခုတည်းအတွက်မဟုတ်။ မြန်မာနိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လမ်းပြမြေပုံဖြစ်ပြီး မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ဟု ခေါင်းစဉ်တပ်ထားသည့် စီမံကိန်းကြီးဖြစ်သည်။

အဆိုပါ MSDP ကို ကမကထပြုသူက မြန်မာ့ဖွံ့ဖြိုးရေးအဖွဲ့အစည်း (MDI) ဖြစ်ပြီး ယင်းအဖွဲ့နှင့်အတူ အစိုးရ၏ ဘဏ္ဍာရေးမူဝါဒပိုင်းဆိုင်ရာကို အကြံပေးမှုများလုပ်ဆောင်နေသော Renaissance Institute လည်း ပါဝင်သည်။

ထိုစီမံကိန်းမူကြမ်းကို ယခုနှစ် ဖေဖော်ဝါရီလတွင် စတင်ထုတ်ပြန်ခဲ့ပြီးနောက် မတ်လနှင့် ဧပြီလတို့တွင် ပြည်သူလူထုနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များပါဝင်သော အကြံပေးဆွေးနွေးပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ် ခုနှစ်ခုတွင် ပြုလုပ်ခဲ့သည်။

အဆိုပါမူကြမ်းတွင် မဏ္ဍိုင်ကြီး သုံးရပ်၊ ရည်မှန်းချက် ငါးခု၊ မဟာဗျူဟာ ၂၈ ချက်နှင့် လုပ်ငန်းအစီအစဉ် ၂၃၈ ချက်ပါဝင်သည်။

ထိုအချက်အားလုံးသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဦးတည်ထားခြင်းဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂက ရေးဆွဲထားသည့် ၂၀၃၀ ပြည့်နှစ် ရေရှည်ဖွံ့ဖြိုးရေး ရည်မှန်းချက်များ (SDGs) နှင့် ချိတ်ဆက်ထားသည်။

ရည်မှန်းချက် ငါးချက်ရှိသည့်အနက် ဒုတိယရည်မှန်းချက်နှင့် တတိယရည်မှန်းချက်သည် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအချက်များဖြစ်သည်။

အဆိုပါ MSDP ၏ ဒုတိယရည်မှန်းချက်မှာ စီးပွားရေးစနစ် တည်ငြိမ်ရေးနှင့် တိုင်းပြည်စီးပွားရေး စီမံခန့်ခွဲမှုအားကောင်းစေရေးဖြစ်ပြီး ထိုရည်မှန်းချက်အောက်တွင် မဟာဗျူဟာ ငါးခုရှိသည်။

မဟာဗျူဟာငါးခုကို အမှန်တကယ် အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်က ၃၁ ခုရှိသည်။

ယင်းရည်မှန်းချက်ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အဓိကတာဝန်ယူ အကောင်အထည်ဖော်မည်ဖြစ်သည်။

ဗဟိုဘဏ်နှင့်သက်ဆိုင်သော ငွေကြေးမူဝါဒပိုင်းတွင် နိုင်ငံခြားငွေလဲမှုကို ထိန်းချုပ်နှုန်းရှင်စနစ်မှ ပိုမိုလွတ်လပ်သော နှုန်းရှင်အဖြစ်သို့ပြောင်းလဲရန်၊ ဗဟိုဘဏ်၏နိုင်ငံခြားငွေလဲလှယ်မှု ရည်ညွှန်းနှုန်းသတ်မှတ်ချက်ကို ဈေးကွက်ပေါက်ဈေးနှင့် မကွာဟစေရန် အလှုပ်အယမ်း ကြမ်းသည့် နိုင်ငံခြားငွေလဲနှုန်းကို တည်ငြိမ်စေရန်၊ နိုင်ငံခြားငွေလဲနှုန်းဈေးကွက်အတွင်း လိုအပ်လျှင် ဝင်ရောက်ထိန်းသိမ်းရန်၊ နိုင်ငံခြားဘဏ်များကို နိုင်ငံခြားသုံးငွေ သာမက ပြည်တွင်းသုံးကျပ်ငွေဖြင့် လုပ်ငန်းဆောင်ရွက်ခွင့်ပြုရန် စသည့် ငွေကြေးမူဝါဒဆိုင်ရာအကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်ရှစ်ချက်ကို ဖော်ပြထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ရှိဆောင်ရွက်နေသော ငွေကြေးမူဝါဒနှင့် လုပ်ငန်းအစီအစဉ်များမှာလည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။

“နိုင်ငံခြားဘဏ်တွေကို ပြည်တွင်းဘဏ်တွေနည်းတူ လုပ်ကိုင်ခွင့်ပေးဖို့ဆိုတာ နောက်ပိုင်းမှာ တဖြည်းဖြည်းချင်း လုပ်ရမယ့်ကိစ္စပဲ။ ခုချိန်မှာ ကိုယ့်ပြည်တွင်းဘဏ်တွေအနေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အင်အားရှိဖို့ ပြင်ဆင်ရမယ်” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

ကျန်ရှိသော မဟာဗျူဟာများနှင့် အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်များလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် လက်ရှိလုပ်ဆောင်နေသော စီမံကိန်းများပင်ဖြစ်သည်။

တစ်ခုချင်းစီ ပြန့်ကျဲနေသော မူဝါဒများ၊ မဟာဗျူဟာများ၊ လုပ်ငန်းအစီအစဉ်များကို တစ်စုတစ်စည်းတည်း ပေါင်းစည်းလိုက်သည့်သဘောဖြစ်ပြီး ယင်းတို့ကို MSDP ခေါင်းစဉ်အောက်သို့ ရွှေ့ပြောင်းနေရာချလိုက်ခြင်းဖြစ်သည်။

ယခင်က ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်နေသော စီမံကိန်းများရှိပြီး အချို့စီမံကိန်းများမှာ ဌာနတစ်ခုနှင့်တစ်ခု မူဝါဒပိုင်း ကွဲလွဲဆန့်ကျင်မှုများလည်း ရှိခဲ့သည်။

“နောက်ဆိုရင် ဌာနအလိုက် စီမံကိန်း ID နံပါတ်တွေတပ်ပြီး MSDP ရဲ့ သက်ဆိုင်ရာရည်မှန်းချက်အောက်ကို ဝင်သွားမယ်။ ဒီတော့ ID နံပါတ်ပြောလိုက်တာနဲ့ ဘယ်စီမံကိန်းကိုလုပ်နေသလဲ၊ ဘယ်ရည်မှန်းချက် အောက်ကလဲဆိုတာ လွယ်လွယ်ကူကူသိနိုင်မယ်” ဟု ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က ဆိုသည်။

နိုင်ငံတော်၏ မဟာဗျူဟာတွင် ပါဝင်သော စီမံကိန်းဟုတ် မဟုတ်၊ ဦးစားပေးကဏ္ဍတွင်ပါဝင်သော စီမံကိန်း၊ လုပ်ငန်းဟုတ် မဟုတ်ကို အလွယ်တကူ ချိန်ထိုးကြည့်နိုင်ပြီး ယင်းအတွက် ဝေဖန်စောကြောရန် လွယ်ကူလျင်မြန်သွားမည်ဖြစ်သည်။

“ခုလို တိတိကျကျရေးဆွဲလိုက်တဲ့အတွက် အကောင်အထည်ဖော်နေတဲ့ စီမံကိန်းဟာ နိုင်ငံတော်ကလုပ်နေတဲ့ စီမံကိန်းတွေထဲကလား၊ ဦးစားပေးကဏ္ဍကလား ဆိုတာကို သိနိုင်မယ့်အပြင် MSDP ရဲ့လမ်းကြောင်းကနေ သွေဖည်နေပြီလားဆိုတာကိုပါ သိနိုင်မယ်” ဟု ဒေါက်တာဝါဝါမောင်က ရှင်းပြသည်။

လက်ရှိအစိုးရ ထုတ်ပြန်ထားသော စီးပွားရေးမူဝါဒ ၁၂ ချက်ရှိသော်လည်း ယင်းအချက်များတွင် တိကျရေရာသော လမ်းကြောင်းမတွေ့ရကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်အများစုက ဆိုကြသည်။

“အစောပိုင်းနှစ်တွေမှာ အစိုးရကိုယ်တိုင်က ဘယ်ကဏ္ဍကို ဦးစားပေးလုပ်ရမလဲ၊ ဘယ်လိုကိုင်တွယ်ရမလဲ၊ စီးပွားရေးလုပ်ငန်းတွေကို ဘယ်လိုထောက်ကူပေးရမလဲဆိုတာ နားလည်ပုံမပေါ်ဘူး” ဟု Sinma ပရိဘောဂလုပ်ငန်း ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက ပြောသည်။

ယခု မူကြမ်းအဖြစ်ထွက်လာသော MSDP ကိုမူ တိကျပြတ်သားသည့် ရည်မှန်းချက်၊ မဟာဗျူဟာများ ပါဝင်ကြောင်း ဆွေးနွေးအကြံပေးခဲ့သည့် လုပ်ငန်းရှင်များက ဆိုသည်။

သို့သော် ထိုရည်မှန်းချက်၊ မဟာဗျူဟာများကို အကောင်အထည်ဖော်မည့်အပိုင်းမှာ အဓိကစိန်ခေါ်မှုဖြစ်သည်။

“အကောင်အထည်ဖော်တဲ့အခါ လက်တွေ့မြေပြင်မှာ တကယ်ဖြစ်နေတာတွေနဲ့ ဆက်စပ်ချိတ်ဆက်မှုရှိရင်တော့ ပိုအောင်မြင်ပါလိမ့်မယ်” ဟု မြန်မာနိုင်ငံ စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာအောင်သိန်းက ဆိုသည်။

ရည်မှန်းချက်၊ မူဝါဒများသည် သီအိုရီများတွင် အခြေခံထားသည့်အတွက် ကောင်းသည်ဆိုသော်လည်း လက်တွေ့ကျကျ အကောင်အထည်ဖော်ရမည့်အပိုင်းတွင် ကွာဟမှုအချို့ရှိနေပြီး အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SME) ဖွံ့ဖြိုးရေးတွင် လူငယ်နှင့် အမျိုးသမီးကဏ္ဍကို ဇောင်းပေးမှု များပြားနေခြင်းကို ပြန်လည်စဉ်းစားနိုင်ရန် ပုဂ္ဂလိကကဏ္ဍဘက်မှ ဆွေးနွေးအကြံပေးခဲ့ကြောင်း ၎င်းကပြောသည်။

“လူငယ်နဲ့ အမျိုးသမီးတွေပါဝင်တာကို အသိအမှတ်ပြုလက်ခံပေမယ့် ဒါကိုချည်းပဲ ဇောင်းပေးလို့မရဘူး။ SME လို့ ပြောတဲ့အတွက် ကျားမ မရွေး၊ အသက်အရွယ်မရွေး အသေးစားနဲ့ အလတ်စားအရွယ်ရှိတဲ့ လုပ်ငန်းလုပ်ကိုင်နေသူ အားလုံးအကျုံးဝင်ရမှာပေါ့” ဟု ၎င်းက ဆိုသည်။

အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးမှာ MSDP ၏ တတိယရည်မှန်းချက်ဖြစ်သော အလုပ်အကိုင် အခွင့်အလမ်းဖန်တီးရေးနှင့် ပုဂ္ဂလိက ကဏ္ဍက ဦးဆောင်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်အောက်တွင် ပါဝင်သည်။

အဆိုပါ တတိယရည်မှန်းချက်တွင် မဟာဗျူဟာခြောက်ရပ်နှင့် အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ် ၆၈ ခုရှိသည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးကဏ္ဍတို့တွင် ဖြေလျှော့မှုများလုပ်ဆောင်ရန် MSDP တွင် ဖော်ပြထားပြီး အထူးသဖြင့် ဗဟိုဘဏ်၏ ငွေကြေးမူဝါဒလုပ်ငန်းစဉ်များကို တိတိကျကျ အကောင်အထည်ဖော်နိုင်ရန် ဖြည့်စွက်အကြံပြုချက်များ ထည့်သွင်းထားခြင်းဖြစ်သည်။

နိုင်ငံခြားဘဏ်များကို ပို့ကုန်ချေးငွေ ဖြည့်ဆည်းသည့်ဝန်ဆောင်မှု (Export Financing) လုပ်ကိုင်ခွင့်အပြင် သွင်းကုန်တွင်လည်း ယင်းသို့ခွင့်ပြုရန်နှင့် အစိုးရငွေချေးစာချုပ်၊ ငွေတိုက်စာချုပ်များကို အများပြည်သူ လွယ်လင့်တကူ ရောင်းဝယ်ဖောက်ကားနိုင်ရန် Secondary Market ပေါ်ပေါက်လာရေးတို့ကို အကြံပြုဆွေးနွေးခဲ့ကြောင်း ဂျာမနီပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ငွေရေးကြေးရေးကျွမ်းကျင်သူ ဦးစံသိန်းက ဆိုသည်။

စာရွက်ပေါ်တွင်ရေးထားသော ရည်မှန်းချက်၊ မဟာဗျူဟာနှင့် အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်များမှာ ကောင်းမွန်ပြည့်စုံသည့် အနေအထားတွင်ရှိနေကြောင်း MSDP တွင် ပါဝင်ဆွေးနွေးခဲ့သူများက ဆိုကြသည်။

သို့သော် ယင်းကဲ့သို့ ပြည့်စုံတိကျမှုရှိသော လမ်းပြမြေပုံကို လက်ရှိအစိုးရ၏သက်တမ်း နှစ်နှစ်ကျော်အကြာတွင်မှ ထုတ်ပြန်နိုင်ခြင်းအတွက် အားမလို အားမရ ဆိုကြသည်လည်းရှိသည်။

“ဒီဟာကိုချပြတဲ့အချိန်က တော်တော်လေးနောက်ကျတယ်လို့ပဲ ခံစားမိတယ်။ အစိုးရတက်လာပြီး မကြာခင်မှာ ဒါတွေချပြမယ်ဆိုရင် စောစောလုပ်တော့ စောစောစီးစီး အကျိုးရှိတာပေါ့” ဟု MSDP မူကြမ်း၏ SME ဖွံ့ဖြိုးရေး လုပ်ငန်းအစီအစဉ်များတွင် ဝင်ရောက်ဆွေးနွေးခဲ့သူ ဒေါက်တာအောင်သိန်းက ဆိုသည်။

မြန်မာ့ဖွံ့ဖြိုးရေးလမ်းပြမြေပုံကြီးဖြစ်သော MSDP တွင် ပါဝင်သော ရည်မှန်းချက်၊ မဟာဗျူဟာများမှာ နိုင်ငံတိုင်းတွင် ကျင့်သုံးခဲ့ပြီးသော ဖွံ့ဖြိုးရေး သဘောတရားများဖြစ်ပြီး အဓိကကျသည်မှာ စာရွက်ပေါ်မှ မဟာဗျူဟာကို လက်တွေ့လုပ်ဆောင်ရာတွင် ပြန်လည်သုံးသပ်ထိန်းညှိမည့်စနစ်ရှိရန်နှင့် အတိအကျ အကောင်အထည်ဖော်နိုင်ရန်လိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ စီးပွားရေးကော်မတီဝင်လည်းဖြစ်သူ ဦးစံသိန်းက မှတ်ချက်ပေးသည်။

“ဒါတွေက ဖော်မြူလာတွေပဲ။ အသစ်အဆန်းတွေမဟုတ်ဘူး။ ဒီဟာသာ စောစောထွက်ခဲ့ရင် သိပ်ကောင်းတာပေါ့။ ဒါပေမဲ့ အရေးကြီးတာက အားစိုက်ပြီးတော့ တိတိကျကျ အကောင်အထည်ဖော်ရမယ်။ တိုင်းပြည်အကျိုးဖြစ်ထွန်းရေးဆိုတဲ့ နိုင်ငံရေးစိတ်စေတနာ အရေးကြီးတယ်” ဟု ၎င်းက ဆိုသည်။

စစ်ငြိမ်းသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *