သာဒွန်းရွာက ဓလေ့ဆန်း

sdr

နှစ်စဉ် နယုန်လပြည့်ကျော် ၅ ရက်နေ့သည် သာဒွန်းရွာ၏ နတ်ပွဲနေ့ဖြစ်သည်။

နတ်ပွဲဟုဆိုလျှင် ဆိုင်းသံဗုံသံဆူဆူညံဖြစ်လေ့ရှိသော်လည်းသာဒွန်းရွာ၏နတ်ပွဲတွင်မူ အသံချဲ့စက်ပင် မဖွင့်။ ထို့ကြောင့် သီချင်းဖြင့် ကမည့် နတ်ကတော်များလည်း မရှိ။ ထိုမျှ မကသေး။ အခြားဒေသများတွင် ရှောင်ကြသည့် ဝက်သားဖြင့် နတ်တင်သည့်ပွဲလည်း ဖြစ်နေသေးသည်။

“နတ်ကို ဝက်သားနဲ့တင်တာ ကျွန်တော်တို့ တစ်ရွာတည်းပဲရှိတယ်”ဟု အသက် ၇၅နှစ်အရွယ်ရှိ အဘိုးဦးအောင်ခင်က ဝံ့ကြွားဟန်ဖြင့် ပြောလိုက်သည်။

သာဒွန်းရွာသည် စစ်ကိုင်းမြို့နယ် မအူကျေးရွာအုပ်စုတွင်ပါဝင်ပြီး ရှေးဘိုးဘေးဘီဘင်တို့၏ အမွေကို ဆက်ခံရင်း ထိန်းသိမ်းစောင့်ရှောက်ကာ လုပ်ဆောင်လာသဖြင့် နှစ်ပေါင်းမည်မျှကြာပြီကို မပြောနိုင်သော်လည်း မိမိလက်ထက်တွင် တာဝန်ယူလုပ်ဆောင်ခဲ့သည်မှာ နှစ်ပေါင်း ၅၀ ကျော်ပြီဟု ဦးအောင်ခင်က ဆိုသည်။

ဘိုးဘွားတို့လက်ထက်က ဝါဆိုလတွင်ပြုလုပ်လေ့ရှိသော်လည်း အဝေးရောက် သာဒွန်းရွာသူရွာသားများအဖို့ နတ်ပွဲပြုလုပ်လိုက်သည်ကို မသိရှိလိုက်သဖြင့် ပြန်မလာနိုင်ခြင်းများရှိသောကြောင့် လွန်ခဲ့သည့် ၂၅ နှစ်ခန့်မှ စတင်ကာ နယုန်လပြည့်ကျော် ၅ ရက်နေ့ကို သတ်မှတ်ခဲ့ကြောင်း သာဒွန်းရွာဒေသခံများထံမှ သိရသည်။

သာဒွန်းရွာနတ်ပွဲကို စစ်ကိုင်းနှင့် မန္တလေးဘက်တို့တွင် ဝက်သားဖြင့် တင်သည့် နတ်ပွဲဟု လူသိများသည်။ ရွာကိုစောင့်ရှောက်သည့် ဘိုးဘိုးကြီး (ခေါ်) မြင်းဖြူရှင်ကို ရည်မှန်း၍ တင်မြှောက်ခြင်းဖြစ်သည်။

ဗြုန်းစပ်(ခေါ်) ဝက်သားဖြင့် ချက်သည့် ဆန်ပြုတ်၊ ဝက်သားဖြင့် ချက်သည့် ရွှေဖရုံသီး၊ ဝက်သားဖြင့်ကြော်သည့် ငရုတ်သီးကြော်စသည်တို့မှာ သာဒွန်းရွာနတ်ပွဲ၏ သင်္ကေတများဖြစ်သည်။

အခြားနတ်ပွဲများတွင် ရှောင်ရှားရသည့် ဝက်သားဖြင့် အဘယ့်ကြောင့်တင်ရသည်ဆိုသည့် အကြောင်းကို မည်သူမျှ ဂဃနဏ မပြောနိုင်ကြ။ ရှေးကတည်းက တင်လာခဲ့သဖြင့် ထိန်းသိမ်းခြင်းဟု ဆိုကြသည်။

“ဝက်ကြိုက်တဲ့ နတ်ကိုးကွ၊ အဲလိုပြောရမှာပေါ့။ ရှေးကလည်းက ဒီလိုပဲလုပ်ခဲ့ကြတာ။ ဒီနှစ်ဆိုအချိန် လေးဆယ်”ဟု အသက် ၇၈ နှစ်အရွယ်ရှိ သာဒွန်းရွာသား ဦးညိုရွှင်က ပြောသည်။

ပွဲတော်ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အန္တရာယ်ကင်းဝေးစေရန် ဖြစ်သည်။ မြင်းဖြူရှင် ဘိုးဘိုးကြီးသည် မိမိတို့ဒေသကို စောင့်ရှောက်ပေးသဖြင့် ကျေးဇူးဆပ်သည့်အနေနှင့် ပြုလုပ်လာခဲ့ကြသည်။ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ စီးပွားတိုးတက်ပါစေ စသည့်ဆုတောင်းများကို မြင်းဖြူရှင်ထံမှ တောင်းတတ်ကြသည်။

“ဆုတောင်းတာကတော့ အကုန်ပါပဲ။ ကိုယ့်ရွာတင် မဟုတ်ဘူး။ ကမ္ဘာအတွက်ပါ ဆုတောင်းတာ။ ကျန်းမာရေးကောင်းကြအောင်၊ လူအများသင့်မြတ်ကြအောင် ဆုတောင်းပေးရတယ်”ဟု ရွာသူရွာသားများ ကိုယ်စား ဘိုးဘိုးကြီးထံ နတ်ပွဲတင်ပေးရသူလည်းဖြစ်သည့် ဦးညိုရွှင်က ပြောသည်။

အချို့ကလည်း ဆုတောင်းပြည့်သူများရှိသည်ဟု ပွဲတော်ကို ဦးဆောင်ကျင်းပသည့် ဦးအောင်ခင်က ဆိုသည်။

“ကိုယ်ဘာလုပ်ချင်တယ်ဆိုတာသူ့ကို တိုင်တည်လို့ရတယ်။ တချို့အောင်တဲ့သူတွေ ရှိတယ်။ စီးပွားရေးအဆင်ပြေရင် ပွဲပေးမယ်ဆိုပြီး ဆုတောင်းတဲ့ သူတစ်ယောက်ဆို ဟိုခေတ်က ချဲ (သုံးလုံးထီ) ပေါက်တာ ရှစ်ထောင်ဖိုးတဲ့။ တကယ်လည်း ပွဲလာပေးတယ်။ ဆိုင်းတွေ ဝိုင်းတွေနဲ့”ဟု ဦးအောင်ခင်က ပြောပြသည်။

ယင်းအပြင် မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်စသည်တို့ ဝယ်ပြီးလျှင်လည်း အန္တရာယ်ကင်းစေရန်အတွက် ဘိုးဘိုးကြီးကို လာပြကြရသေးသည်။

နတ်ပွဲကျင်းပသည့် ကဆုန်လပြည့်ကျော် ၅ ရက်နေ့သည် ဗုဒ္ဓဟူးနေ့နှင့် တိုက်ဆိုင်နေလျှင်တော့ ထိုနေ့တွင် မကျင်းပတော့။ လပြည့်ကျော် ၇ရက်နေ့သို့ ပြောင်းရွှေ့ကျင်းပသည်။ ပွဲတော်ချိန်ရောက်တိုင်း မည်သည့်ဒေသတွင် နေထိုင်သည်ဖြစ်စေ ရွာသို့ပြန်လာကာ ဘိုးဘိုးကြီးထံ ကန်တော့ပွဲများ ဆက်သရသည်။

ပွဲတော်ဆင်နွှဲသူများမှာ ဒေသခံများအပြင် စစ်ကိုင်း၊ အမရပူရ၊ မန္တလေး၊ ရန်ကုန်စသည့် ဒေသတို့တွင် သွားရောက်အခြေချသူများကလည်း ပြန်လာကြရသည်။ တစ်နှစ်မှ တစ်ကြိမ်ဆင်နွှဲရသည့် ရွာပွဲမို့ မဖြစ်မနေပင် ပြန်လာရလေသည်။

“ဒီရွာက အဖေ့ရွာလေ။ ပြန်လာပြီး နတ်ကို ကန်တော့ပွဲပေးရတယ်။ မယုံဘူး ယုံတယ်တော့ မရှိပါဘူး”ဟု မန္တလေးမြို့တွင် နေထိုင်နေသည့် အမျိုးသမီးတစ်ဦးက ပြုံး၍ပြောပြသည်။

မြင်းဖြူရှင် (ခေါ်) ဘိုးဘိုးကြီးနတ်သည် မြန်မာပြည်ဒေသအသီးသီး၏ ရွာထိပ်၊ မြို့ထိပ်တွင် နတ်ကွန်းငယ်များဖြင့် ထားကာ မြို့စောင့်နတ်၊ ရွာစောင့်နတ်အဖြစ် သတ်မှတ်ခံရသည့် နတ်ဖြစ်သော်လည်း သမိုင်းကြောင်းက ရေရေရာရာ မရှိ။

ယင်းအပြင် ၃၇မင်း နတ်စာရင်းတွင် မပါသော်လည်း နတ်ထိန်း၊ နတ်ကတော်များ ပွဲတော်ဆက်သသည့်အခါ ကိုးမြို့ရှင်အတွက် ပွဲတော်ကို မဖြစ်မနေထည့်ပေးရသည်။

မြန်မာရာဇဝင်သမိုင်းတွင် မပါသည့် ပန်းတောင်းပြည်ကို အစိုးရသည့် မင်းလှစည်သူနှင့် မိဖုရားကြီးကူနီဒေဝီတို့တွင် သားတော်အိမ်ရှေ့မင်းကိုးမြို့ရှင်နှင့် သမီးတော်ပုလဲယဉ်တို့ရှိပြီး ကိုးမြို့၊ ကိုးတံခါး၊ ကိုးဖလားနှင့် ကိုးစားအပိုင်စားပေးခဲ့ခြင်းကြောင့် ကိုးမြို့ရှင်ဟု အမည်တွင်ခြင်းဖြစ်ကြောင်း နတ်သမိုင်း စာအုပ်အချို့တွင် ဆိုထားသည်။

အကြောင်းတစ်စုံတစ်ရာကြောင့် မိမိကိုယ်ကိုယ် ခေါင်းဖြတ်၍ သေဆုံးသောအခါ လူအများဘေးအန္တရာယ် မကပ်ရောက်အောင် ကာကွယ်စောင့်ရှောက်ရန် မြို့၊ ရွာကို စောင့်ကြပ်ရသော နတ်အဖြစ် ဖခင်ဖြစ်သူက အမိန့်ချမှတ်ခဲ့သည်ဟု ဖော်ပြထားသည်။

မြို့ ရွာအသီးသီးတွင် မြင်းဖြူရှင်နတ်ကွန်းရှိပြီး ဒေသတစ်ခုနှင့် တစ်ခု ပူဇော်ပုံချင်း မတူ။ တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလိုပင် သာဒွန်းကျေးရွာမှ မြင်းဖြူရှင်ကိုမူ ဝက်သားဖြင့် ပသသည့်ဓလေ့က ခိုင်ခိုင်မာမာဖြစ်ထွန်းနေလေသည်။

“ရှေးလူကြီးတွေကတော့ တရုတ်နတ်လို့ ပြောကြတာပဲ။ ကောင်းကောင်းတော့ မသိဘူး။ ဒီပွဲက ပျော်ပွဲ”ဟု အသက် ၆၄နှစ်အထိ နှစ်စဉ်မပြတ်ဆင်နွှဲနေသည့် သာဒွန်းရွာသူဒေါ်နုက ပြောသည်။

“ဘကြီးရဲ့အတွေးအခေါ် ပြောပြမယ်။ မှားချင်လည်း မှားမယ်။ မှန်ချင်လည်း မှန်တယ်။ နတ်ကတစ်ပါးတည်း မကြိုက်တာနဲ့ အကုန်လုံးမစားရတော့ဘူးလား” ဟု ပွဲတော်ကျင်းပရေးကော်မတီ နာယကဦးအောင်ခင်က သူ့အယူအဆကို ပြုံးလျက်ပြောရင်း ဝက်သားဖြင့် နတ်တင်သည့်ကိစ္စကို ရှင်းပြသည်။

ရှေးယခင်ကတော့ အိမ်ခြေ ၃၀လောက်သာရှိသဖြင့် ဗြုန်းစပ် (ခေါ်) ဝက်သားဆန်ပြုတ်ကို မိုးပြဲဒယ်တစ်အိုးဖြင့် ကြိုလျှင် လောက်ငသော်လည်း တစ်နှစ်ထက်တစ်နှစ်ဆင်နွှဲသူများလာသဖြင့် အနည်းဆုံး လေးဒယ်ခန့်ဖြင့် ဆန်ပြုတ်ကြိုရလေသည်။

မြင်းဖြူရှင်ဘိုးဘိုးကြီးကို ပသသည့် နတ်ပွဲက ငါးပွဲဖြစ်သည်။ နတ်စင်တွင် ပုံတော်ငါးခုရှိသဖြင့် ငါးပွဲတင်ခြင်းမဟုတ်ဘဲ ရှေးကတည်းက ငါးပွဲတင်ခြင်းဖြစ်ကာ ပုံတော်များက နောက်မှ တိုးလာခြင်းဖြစ်သည်။

မွန်းလွဲ၂ နာရီခန့်တွင် နတ်တင်ပွဲစတင်သည်။ နတ်တင်သည့် ပွဲတွင် ပန်းကန်အတွင်း ထမင်း၊ ဗြုန်းစပ်၊ ဝက်သားတုံး၊ ငါးရံ့ခြောက်၊ ရွှေထမင်း၊(နွား၊ဘဲ၊ဆွမ်းအုပ်၊ပန်းစသည့်ဖြင့် ပုံဖော်ထားသည့်) ထိုးမုန့်၊ ရွှေဖရုံသီးဟင်း စသည့် အမယ်စုံကို အရေအတွက် ခုနစ်ခုစီ ထည့်ရသည်။ ယင်းအတိုင်း ငါးပွဲတင်ရခြင်း ဖြစ်သည်။

နတ်ပွဲကို နတ်နန်းပေါ်တွင် တင်ပြီးလျှင်တော့ လာရောက်သည့် ဧည့်ပရိသတ်များ၏ အိုးခွက်ပန်းကန်များကို နတ်စင်အောက် ကွင်းပြင်တွင် စီတန်း၍နေရာချသည်။ တစ်တန်းလျှင် အိမ်ထောင်စု ၂၀ စာ (နေရာ ၂၀) ခန့် ရှိပြီး ယခုနှစ်တွင်မူ အိမ်ထောင်စု ၄၀၀ နီးပါးအတွက် နေရာချပေးရသည်။

ရွာခံလူငယ်များက ဦးဆောင်ပြီး ထိုအိုးခွက်ပန်းကန်များအတွင်းသို့ ဗြုန်းစပ်၊ ငှက်ပျောသီး၊ ထိုးမုန့်၊ ငရုတ်သီးကြော်၊ ဖရုံသီး၊အုန်းသီး၊ ထမင်း စသည်တို့ကို ခွဲတမ်းကျ ဝေငှသည်။

ယင်းသို့ ဝေငှနိုင်ရန်အတွက် ပွဲတစ်ပွဲ (နေရာ တစ်နေရာ) အတွက် အပြင်လူဆိုလျှင် ၂၅၀၀ ကျပ် ကောက်ခံသည်။ ဒေသခံဆိုလျှင် ၁၅၀၀ ကျပ် ကောက်ခံသည်။ ပွဲတော်ကျင်းပရေးကော်မတီက ဦးစီးကောက်ခံခြင်း ဖြစ်သည်။

“ဘာလို့ ဈေးကွာလဲဆိုတော့ ရွာသူရွာသားတွေက ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန် အကုန်လုံး ကျခံရတာ။ လေးငါးထောင်လောက်ကျတယ် သူတို့မှာ။ ဒါကြောင့်ပါ” ဟု ကော်မတီနာယကဖြစ်သူ ဦးအောင်ခင် က ရှင်းပြသည်။

ထိုပွဲများကလည်း နတ်ပွဲ၏ အသက်ဖြစ်သည်။ အန္တရာယ်ကင်းစေရန်အတွက် စားသောက်ရသည့် ပွဲလည်း ဖြစ်သည်။

ရွာခံများမဟုတ်သော်လည်း ယင်းဗြုန်းစပ်နှင့် စားသောက်ဖွယ်ရာများ စားသောက်လျှင် အန္တရာယ် ကင်းသည်ဟု ကြားဖူးကြသဖြင့် လာရောက်ကာ ပွဲထိုးသူများ (တစ်ပွဲလျှင် ၂၅၀၀ ကျပ်ပေး၍) လည်း နှစ်စဉ် တိုးလာကြောင်း ဒေါ်နုကရှင်းပြသည်။

“တို့ ငယ်ငယ်တုန်းက အဖေတို့ ပြောဖူးတယ်။ ပွဲမှာ ငါကိုင်တုတ်ပြီး ဆဲတာဖြစ်ခဲ့လို့ နောက်တစ်ခေါက် ပြန်တင်ရတယ်တဲ့။ စားတဲ့အခါမှာ အတုံးလုရင်းနဲ့ ဖြစ်တာ” ဟု ၎င်းကဆိုသည်။ ထိုမျှအထိ ယုံကြည်သူ များလည်း ရှိနေသည်။

သာဒွန်းရွာ မြင်းဖြူရှင်ဘိုးဘိုးကြီးနတ်နန်းသည် ယခင်က သစ်သားဖြင့်ပြုလုပ်ကာ သက်ငယ်မိုး ဖြစ်သော်လည်း အဆင့်ဆင့်တက်၍ ယနေ့တွင် အုတ်ဖြင့် ပတ်ကားဆောက်လုပ်ထားနိုင်သည်။

ထိုသို့ ဆောက်လုပ်မှုမှာ နတ်ပွဲကျင်းပချိန်တွင် လာရောက်ဆက်သသူများရှိပြီး ယင်းငွေများကို သိမ်းထားကာ ရွာပိုင်ငွေအဖြစ် ကော်မတီကဦးစီးကာ ဒေသခံများကို အတိုးဖြင့်ထုတ်ချေးသည်။ ယင်းငွေများဖြင့် နတ်နန်း၊ ဓမ္မာရုံ စသည်တို့ကို ဆောက်လုပ်ခဲ့သည်ဟု ကော်မတီထံမှ သိရသည်။

“ယုံတယ်လေ။ ဒါတွေ တိုးတက်နေတာ ကြည့်ပါလား။ သူ့ပိုက်ဆံနဲ့သူ ဆောက်တာ” ဟု ဒေါ်နုက မြင်းဖြူရှင်ဘိုးဘိုးကြီးအပေါ် သက်ဝင်ယုံကြည်မှုကို ပြောပြသည်။

မွန်းလွဲ ၂ နာရီခန့်တွင် စတင်စည်ကားလာသည့် နတ်ပွဲသည် ၃ နာရီခန့်တွင် နတ်နန်းအတွင်း လူပြည့် ကုန်သည်။ လူဦးရေ လေးရာခန့်အထိရှိပြီး စီတန်းထားသည့် အိုးခွက်ပန်းကန်များအတွင်း ဝေငှနေသည့် လူငယ်များအပေါ် အာရုံစိုက်နေကြသည်။

လူငယ်များကလည်းအုပ်စုခွဲ၍ ပန်းကန်များ အတွင်းသို့ ထမင်းနှင့်ဗြုန်းစပ်ထည့် သူထည့်၊ ငှက်ပျောသီးဝေသူဝေ၊ ငရုတ်သီးကြော်နှင့် ရွှေဖရုံသီးချက်ထည့်သူထည့်ဖြင့် အလုပ်ရှုပ်နေသည်။

အားလုံးပြီးစီးသောအခါ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အလုပ်အကိုင်အဆင်ပြေပါစေဟု ကိုယ်လိုရာဆုတောင်းရင်း နတ်နန်းကို ဦးချကာ စားသောက်ဖွယ်ရာများထည့်ထားသည့် ပန်းကန်များကို ပြန်လည်ယူဆောင်ကြပြီး နေအိမ်များဆီသို့ ပြန်သွားတော့သည်။

အိမ်ပြန်ရောက်သောအခါ မိသားစုဝိုင်းဖွဲ့စားသောက်ကြရင်း နောက်တစ်နှစ်တွင် ထပ်မံဆင်နွှဲရန် အတွက် တိုင်ပင်ကြဦးမည်ဖြစ်တော့သည်။

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *