၃.၀ ဘဏ်

စာအုပ်နာမည်က တခြားသူတော့ မသိ။ ကျွန်တော်တော့ ဝယ်စတုန်းက လန့်ပြီးဝယ်မိတာ။ ဘယ့်နှယ် ဘဏ်လုပ်ငန်းက ဘယ်အချိန်က ၃.၀ ရောက်သွားမှန်းမသိ။ ကိုယ့်ဆီက ဘဏ်တွေကရော ၂.၀ လား၊ ၂.၅ လား၊ ၁.၀ လား။ စကားမစပ် ဒီစာအုပ်ထွက်တာ ၂၀၁၃ ကဆိုတော့ လေး၊ ငါးနှစ် ကြာပါပြီ။ စာအုပ်ရဲ့ ခေါင်းစဉ်ခွဲက ‘ဘဏ်ကိစ္စဆိုတာ သွားရတဲ့အရာ မဟုတ်၊ လုပ်ရတဲ့အရာ ဘာကြောင့်ဖြစ်လာသလဲ’ တဲ့။ ငွေထုတ်၊ ငွေသွင်း၊ ငွေလွှဲစတဲ့ ဘဏ်ကိစ္စရှိရင် ဘဏ်ကို သွားစရာမလိုတော့ဘူးလေ၊ ဒီတိုင်းထိုင်ရာမထ လုပ်လို့ရနေပြီဟာ။ အဓိကကတော့ နည်းပညာလှိုင်းရဲ့ ရိုက်ခတ်မှုကြောင့် ဟိုတယ်လုပ်ငန်း၊ သတင်းမီဒီယာ၊ ခရီးသွားလုပ်ငန်း စတဲ့ နယ်ပယ်မျိုးစုံဟာ မမှတ်မိလောက်အောင် ပုံစံတွေ ပြောင်းလဲလာချိန်မှာ ဘဏ်လုပ်ငန်းဟာလည်း ခြွင်းချက်မဟုတ်ဘူး။ ဒါကို ဘဏ်တွေအနေနဲ့ ဘယ်လိုရင်ဆိုင်မလဲ၊ ဘယ်လို လိုက်ပါပြောင်းလဲကြမလဲဆိုတာကို ဆွေးနွေးထားတဲ့စာအုပ်ပါ။ စာရေးသူ Brett King ဟာ ဒီစာအုပ်ရဲ့ ရှေ့ပြေးဖြစ်တဲ့ Bank 2.0 နဲ့ ကမ္ဘာ့ဘဏ်လောကကို ချောက်ချားစေခဲ့သူ ဖြစ်တယ်။

တခြားနိုင်ငံတွေမှာ အခြေကျခိုင်မာနေတဲ့ ဘဏ်တွေကို အပြောင်းအလဲလှိုင်းကြီး ရိုက်ခတ်လာနေတဲ့ စာအုပ်ဖတ်ရင်း မြန်မာပြည်နဲ့ ယှဉ်ရတာ နည်းနည်းတော့ ဂွကျတယ်။ မြန်မာပြည်က ခုမှ ပြောင်းလဲကာစ နိုင်ငံလေ။ အရာတော်တော်များများဟာ ပုံမှန်နိုင်ငံတွေမှာရှိရမယ့် အနေအထားမျိုးမရှိတဲ့အတွက် ပုံမှန်ဖြစ်အောင် လုပ်နေရတယ်။ မြန်မာပြည်ရဲ့ ဘဏ်လုပ်ငန်းကလည်း ဒီလိုပဲ။ နုနုလေးပဲရှိသေးတယ်။ တခြားနိုင်ငံအများစုမှာလို ပုံမှန်ဖြစ်အောင် ပြောင်းနေရသေးချိန်မှာ ကြီးမားတဲ့လှိုင်းကြီးက ရိုက်ခတ်လာတယ်။ တခြားနိုင်ငံတွေက ရိုးရိုးဘဏ်တွေနဲ့ တူအောင် ပြောင်းနေတုန်းရှိသေး ဟိုနိုင်ငံတွေကဘဏ်တွေက နောက်တစ်ဆင့်ထပ်ပြောင်းနေကြပြီ။ တစ်မျိုးကောင်းတာက တခြားနိုင်ငံတွေက ဘဏ်တွေလို နှစ်ဆင့် ပြောင်းစရာမလိုတော့ဘူး။ ခုန်ပျံကျော်လွှား Leapfrog ရင် အကုန်အကျသက်သာမယ်၊ ပိုမြန်မယ်။

ဒီစာအုပ်က အခန်းတစ်ခန်းနာမည်က Can the Branch be Saved? ၊ ပါ။ ‘ဘဏ်ခွဲကို ကယ်နိုင်မလား’ ပေါ့။ ဘဏ်ခွဲတွေ ဖွင့်တာဟာ ဘဏ်တွေအတွက် အကျိုးအမြတ် ရ မရ မသေချာတော့ဘူး။ Online ပေါ်ကို ဘဏ်တွေ တက်နေကြချိန်မှာ ဘဏ်ခွဲတွေဟာ အနာဂတ်မှာ အသုံးဝင်ပါတော့မလားပေါ့။ ဘဏ်ခွဲတွေများမှ ဘဏ်ကို လူပိုယုံကြည်မယ်လို့ မြင်တာတွေလည်း ရှိပါတယ်။ စာအုပ်ရေးသူကတော့ ဘဏ်ခွဲတွေ ထပ်ချဲ့ဖွင့်မယ်ဆိုရင် ဒစ်ဂျစ်တယ်ခေတ်မှာ ဖောက်သည်က ဒစ်ဂျစ်တယ်နည်းနဲ့ မရနိုင်တဲ့ ဝန်ဆောင်မှုတွေကို ဘဏ်ခွဲတွေမှာ ရအောင် အာရုံစိုက်သင့်တယ်၊ မလိုတဲ့ ဝန်ဆောင်မှုတွေကို ဖယ်ထုတ်ခြင်းနဲ့ ဘဏ်ခွဲတွေရဲ့ အရွယ်အစားကိုလည်း လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။

ဘဏ်ခွဲတွေ ချဲ့ထွင်တာနဲ့ ပတ်သက်ပြီး ကမ္ဘာမှာ ပြန်သုံးသပ်လာပေမယ့် မြန်မာနိုင်ငံမှာတော့ ဘဏ်ခွဲတွေ အပြိုင်ဖွင့်နေတယ်။ သူ့အရပ်နဲ့ သူ့ဇာတ်ဖြစ်နိုင်တယ်။ ပြည်ပနဲ့ မြန်မာက အခြေအနေ ဘယ်လိုကွာလဲ စဉ်းစားစရာပါ။ ရေမြေ၊ အကျင့်နဲ့ တိုးတက်မှုအဆင့် ဒါတွေကွာနိုင်တယ်။ ဥပမာ – မြန်မာပြည်လူဦးရေနဲ့ ရေမြေနဲ့နှိုင်းစာရင် ဘဏ်ခွဲအရေအတွက် နည်းနေသေးတာဖြစ်နိုင်တယ်။ ဒါမှမဟုတ် ဘဏ်လုပ်ငန်းကို အခြေမခံတဲ့ ကွဲပြားတဲ့ Business Model လား၊ တွေးစရာကောင်းတယ်။

ATM တွေ အလုပ်မလုပ်လို့ ရန်ကုန်မှာ လူတွေ ညည်းကြတယ်။ ‘ATM တွေ ထပ်ဆင်ဖို့ လိုသေးသလား’ လို့ ဒီစာအုပ်က မေးခွန်းထုတ်ထားတယ်။ ATM ဟာ ကြိုးဖုန်းတွေနဲ့ တူလာပြီ။ ရှေးခေတ်နည်းပညာဖြစ်လာတယ်။ ATM တွေကနေ ငွေထုတ်တာတင်မဟုတ်ဘဲ လက်မှတ်ရောင်းတာတွေဘာတွေ လုပ်မလား၊ အရောင်းမြှင့်တင်တဲ့ လုပ်ဆောင်ချက်တွေထည့်မလား ဒါတွေလည်း စာအုပ်ထဲမှာ ဆွေးနွေးထားတယ်။

ဒီစာအုပ်ထဲမှာ မရေးထားတာတွေက ပိုတောင်လန့်ဖို့ ကောင်းပါတယ်။ ကျွန်တော်တို့ဆီမှာ စားသောက်ဆိုင်တွေဆို ကတ်နဲ့ ထုတ်ရှင်းသူတွေဟာ ဆရာကျတယ်။ Visa တို့၊ Master တို့ဆို ပိုတောင် စတိုင်ကျပါသေးတယ်။ ဒါပေမဲ့ ကမ္ဘာ့တချို့နေရာတွေမှာ Plastic က ခေတ်ကုန်သွားပြီ။ ဥပမာ – တရုတ်ပေါ့။ လူငယ်တွေက ကတ်မသုံးကြတော့ဘူး။ Mobile နဲ့ပဲ ငွေရှင်းတယ်။ ကျွန်တော်တို့ဆီမှာ အခုမှ ကတ်ကို သူများနောက် အမီလိုက်သုံးဖို့ ကြိုးစားနေရတယ်။ နောက်တစ်ချက်က ငွေကြေးဘဏ်လုပ်ငန်းကိစ္စတွေမှာ ဟိုးအရင်နှစ်ရာပေါင်းများစွာကတည်းက ကမ္ဘာမှာ ဦးဆောင်ခဲ့ကြတဲ့ အနောက်နိုင်ငံတွေကိုချည်း ကြည့်မနေဘဲ တရုတ်လို နိုင်ငံမျိုးတွေကို မျက်ခြည်မပြတ်လေ့လာနေဖို့ပါ။ Online ကနေ ငွေပေးချေတာတွေမှာဆိုရင် တရုတ်က ရှေ့ကို တော်တော်လေးရောက်နေပါတယ်။ တရုတ်ရဲ့ နာမည်ကျော် Alibaba အခြေပြု Ant Financial တို့၊ Wechat Pay တို့ဆိုရင် ခေတ်ရှေ့တော်တော်ပြေးတယ်။ မြန်မာက နောက်ကျနေပြီဖြစ်တဲ့အတွက် သူများတွေ သွားသလိုတစ်ဆင့်ချင်း မသွားဘဲ ခုန်ပျံလိုက်ရင် ကုန်ကျစရိတ်သက်သာမယ်။ ကွန်ပျူတာမှာ Desktop ၊ ပြီးမှ Laptop ၊ ပြီးရင် iPad ၊ ပြီးမှ Mobile သွားတာမျိုးမဟုတ်ဘဲ Mobile ကို မြန်မာ တွေ တော်တော်များများ တန်းရောက်သလိုမျိုးပါ။

ဒစ်ဂျစ်တယ်မှာ ကျွမ်းကျင်ပိုင်နိုင်ဖို့ ဘဏ်တွေအတွက် အလွန်အရေးကြီးပါတယ်။ ဘဏ်တွေရဲ့ ဖောက်သည်တွေဟာ Facebook, Twitter,Mobile ဖုန်း၊ အင်တာနက်တွေနဲ့ ရင်းနှီးကျွမ်းဝင်လာသူတွေ ဖြစ်တဲ့အတွက် ဘဏ်တွေကို သုံးတဲ့အခါမှာလည်း လွယ်ကူလျင်မြန်တာကိုပဲ မျှော်လင့်ကြတယ်။ ဒစ်ဂျစ်တယ်ပိုင်း ကျွမ်းကျင်ပိုင်နိုင်ရေးဟာ သေရေးရှင်ရေး ဖြစ်တယ်။ ဘဏ်ရဲ့ အသုံးစရိတ်ဆွဲတဲ့အခါ၊ အဖွဲ့အစည်းရဲ့ တည်ဆောက်ပုံဆွဲတဲ့အခါ၊ လူခန့်အပ်တဲ့အခါ ဒါကို ထည့်စဉ်းစားရပါမယ်။ ဘဏ်တွေအတွက် အရေးကြီးတဲ့ နောက်တစ်ချက်က Customer Dialogue လို့ခေါ်တဲ့ ကိုယ့်ဖောက်သည်တွေနဲ့ စဉ်ဆက်မပြတ် ထိတွေ့ဆွေးနွေးရာက သိလာတာတွေကို ဘဏ်ရဲ့ မဟာဗျူဟာထဲကို အရောက်ပို့ဖို့ပါ။ ဖောက်သည်တွေရဲ့ လိုအပ်ချက်၊ လိုလားချက်ကို အချိန်နဲ့ တစ်ပြေးညီ သိနေဖို့ဟာ ၂၁ ရာစုဘဏ်လုပ်ငန်းရဲ့ အသက်ပါပဲ။ Microsoft တည်ထောင်သူ Bill Gates ရဲ့ စကားလုံးကို ဒီစာအုပ်ထဲမှာ တစ်ကြိမ်ထက်မနည်း ကိုးကားထားပါတယ်။ ဒီစကားနဲ့ပဲ ကျွန်တော့်ရဲ့ ဖတ်ညွှန်းကို ပိတ်ချင်ပါတယ်။ ‘Banking is necessary, banks are not’ ‘ဘဏ်လုပ်ငန်းက မရှိမဖြစ်။ ဘဏ်တွေက မရှိမဖြစ် မဟုတ်ဘူး။’

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *