မြို့ပြက အေးဓားပြများ

ထိုနေ့က အရင်နေ့များလိုပင် ကိုအောင်မျိုးတစ်ယောက် လက်ဖက်ရည်ဆိုင်သို့ ရောက်ရှိနေခဲ့သည်။ ကျဆိမ့်တစ်ခွက်မှာရင်း ဟိုဒီငေးနေချိန် လူတစ်ဦးအနားရောက်လာသည်။

“ဆေးလိပ်တစ်လိပ်လောက် မတိုက်ချင်ဘူးလား”

ထိုလူစိမ်းထံမှ ထူးဆန်းသောတောင်းဆိုမှုကြောင့် အနည်းငယ်အံ့အားသင့်ကာ ငြင်းဆန်လိုက်ချိန်တွင် ထင်မှတ်မထားသည်များကို ထိုသူက ပြုမူလေသည်။

ယင်းမှာ အော်ဟစ်ဆဲဆိုခဲ့ခြင်းပင်။

မြို့လယ်ကောင် လက်ဖက်ရည်ဆိုင်ရှေ့တွင် အော်ဟစ်ဆဲဆိုခံခဲ့ရခြင်းက ထိုလက်ဖက်ရည်ဆိုင်သို့ သူ ထပ်မံသွားမထိုင်ချင်တော့လောက်အောင် ဖြစ်ခဲ့ရသည်။

အော်ဟစ်ဆဲဆိုသူမှာ မျက်စိတစ်ဖက်မှိတ်နေပြီး အဝတ်အစားများရော လူတစ်ကိုယ်လုံးပါ ညစ်ထေးနေသည်။ အရပ်ထောင်ထောင်မောင်းမောင်းနှင့် ဆေးမင်ကြောင်ထိုးထားသည့် ထိုသူက ဆေးလိပ်တောင်းသည်ကိုမပေးသော ကိုအောင်မျိုးကို ကြမ်းကြမ်းတမ်းတမ်းပြောဆိုပြီး ဆေးလိပ်ဘူးကိုလည်း လုယူသွားခဲ့သည်။

ကိုအောင်မျိုးမှာ ၃၁ လမ်း အလယ်ဘလောက်ရှိ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်သူဖြစ်သည်။ မဟာဗန္ဓုလပန်းခြံဘေးရှိ လက်ဖက်ရည်ဆိုင်တွင် သူထိုင်သည့်အချိန်မှာ ညနေ ၆ နာရီသာရှိသေးသည်။

“အဲဒီအချိန်မှာ ကြောက်တော့ ကြောက်မိတယ်။ အဲဒီလိုလူတွေက ပြောလို့ရတာမဟုတ်ဘူး။ ကိုယ့်ကိုတစ်ခုခု လုပ်လိုက်နိုင်တယ်လေ” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့လယ်ကောင်တွင် ထိုပုံစံဖြင့် တောင်းရမ်းသူများစွာရှိနေခြင်းမှာ မြို့ပြတစ်ခု၏ပုံရိပ်ကို သရုပ်ပျက်စေသလို သွားလာလှုပ်ရှားနေရသူများအတွက် နေ့စဉ်ဘ၀လုံခြုံရေးက စိုးထိတ်စရာပင်။

မြန်မာနိုင်ငံနေ လူထုအတွက် အလှူဒါနပြုသည့်အလေ့အထမှာ ရင်းနှီးကျွမ်းဝင်ပြီးသား ကိစ္စတစ်ခုဖြစ်သည်။

အလှူအတန်းကြီးကြီးမားမား ကျင်းပနိုင်သူများက အချိန်ရာသီအလိုက် အလှူပွဲများ ခမ်းခမ်းနားနားကျင်းပသလို သွားရင်းလာရင်းဖြင့်လည်း တစ်နိုင်တစ်ပိုင် ငွေကြေးလှူဒါန်းသွားသူများလည်းရှိသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် Charities Aid Foundation (CAF) အဖွဲ့အစည်းက ထုတ်ပြန်ခဲ့သော CAF World Giving Index လှူဒါန်းပေးကမ်းမှု အညွှန်းကိန်းအရ မြန်မာနိုင်ငံသည် အလှူအတန်းအရက်ရောဆုံးနိုင်ငံအဖြစ် ပထမနေရာတွင်ရှိခဲ့သည်အထိ အလှူအတန်း ဝါသနာပါကြသည်။

သို့သော် တစ်ဖက်တွင် ထိုအလေ့အထကို အခွင့်ကောင်းယူ၍ သင်္ကန်းကိုအသုံးချရင်း လိမ်လည်တောင်းရမ်းသူများ၊ ကိုယ်နှင့်စိတ်ကို အနှောင့်အယှက်ဖြစ်သည်အထိ အတင်းအဓမ္မ ငွေကြေးတောင်းရမ်းသူများကလည်း ရှိနေပြန်သည်။

ထိုအခြေအနေက သာသနာအပေါ် အမြင်လွဲစေနိုင်သလို လူပုံအလယ်တွင် အရှက်ရစရာ သရုပ်ပျက်ရသည့်အနေအထားဖြစ်လာသည်။

“ထောင်က ထွက်လာတာဆိုပြီးတော့ ပိုက်ဆံငါးရာလာတောင်းတယ်။ မပေးဘူးလို့ပြောတော့ မိုက်ကြည့်ကြည့်ခံလိုက်ရတယ်” ဟု မဟာဗန္ဓုလပန်းခြံတွင် ယခုတစ်ပတ်အတွင်းက တွေ့ကြုံခဲ့ရသည့် ဖြစ်ရပ်တစ်ခုကို မြောက်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူ ကိုချမ်းမြေ့က ပြန်လည်ပြောပြသည်။

ထိုဖြစ်စဉ်မှာ မိုက်ကြည့်ကြည့်ခံရသည့် အနေအထားသာရှိသေးသည်။ ထိုထက်ဆိုးရွားသော အခြေအနေများဖြင့် ကြုံတွေ့ခဲ့ရသူများစွာလည်း ရှိနေပါသေးသည်။

ကျောင်းသူတစ်ဦးဖြစ်သူ မခိုင်ဆုသည်လည်း သင်္ကန်းဝတ်ပြီး လိမ်လည်ငွေတောင်းခံသည့် သံဃာအတုများနှင့် ဆူးလေဘုရားအဝိုင်းပတ်လည်တွင် မေလအတွင်းက ကြုံခဲ့ရသည်။

ထိုနေရာတွင် မခိုင်ဆုခေတ္တရပ်နေစဉ် သင်္ကန်းဝတ်နှစ်ပါးက အရှေ့တွင်လာရပ်၍ မုန့်ဟင်းခါးဘုဉ်းပေးလိုသည်ဟုဆိုကာ ငွေတောင်းခံခြင်းဖြစ်သည်။

အနီးအနားတွင် လူသူရှင်းလင်းနေသလို နေ့လယ် ၁၂ နာရီထိုးရန် မိနစ်ပိုင်းသာလိုတော့သည့်အချိန်တွင် မုန့်ဟင်းခါးဘုဉ်းပေးလိုခြင်းဆိုသည်မှာ လိမ်လည်တောင်းမှန်း မခိုင်ဆုသိသည်။

သို့သော်လည်း ထိုသင်္ကန်းဝတ်နှစ်ပါးမှာ လက်တစ်ဖက်စီကို သင်္ကန်းအောက်တွင်ဖွက်၍ အန္တရာယ်ပေးနိုင်သည့် လက်နက်တစ်စုံတစ်ခုပါလာသည့်ဟန်ပြသဖြင့် မခိုင်ဆု ငွေကျပ် ၁၅၀၀ ကို လှူဒါန်းခဲ့ရသည်။

“ငွေလေး ၁၅၀၀၊ ၂၀၀၀ အတွက်တော့ ရုန်းရင်းဆန်ခတ်မဖြစ်ချင်ဘူး” ဟု မခိုင်ဆုကဆိုသည်။

ထိုကဲ့သို့ပင် လိမ်လည်ငွေတောင်းရင်း မိုက်ကြေးခွဲသဖြင့် ရဲလက်အပ်ခဲ့ရသူလည်း ရှိလေသည်။

YBS (၆၅)ယာဉ်ပေါ်တွင် သင်္ကန်းဝတ်ဖြင့် စာရွက်များဝေကာ ငွေတောင်းခံသူကို ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ ကိုကောင်းထက်စံက ဧပြီလအတွင်း ကိုယ်တိုင် ရဲလက်အပ်ခဲ့ရသည်။

ထိုသင်္ကန်းဝတ် စာရွက်ဝေနေသည်ကို အသေအချာလိုက်ကြည့်သော ကိုကောင်းထက်စံကို လူမိုက်ကြည့်ဖြင့်ကြည့်၍

“ဘာလို့ကြည့်တာလဲ” ဟုမေးရင်း ထိုးနှက်မည့်ဟန် ပြုမူခံခဲ့ရကြောင်း ကိုကောင်းထက်စံက ၎င်းကြုံတွေ့ခဲ့ရသည့်ဖြစ်စဉ်ကို ပြန်လည်ပြောပြသည်။

ထိုသူကို ရဲကစစ်ဆေးရာ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး သင်္ကန်းမှာ ဝယ်ဝတ်ထားခြင်းဖြစ်ကြောင်း ကိုကောင်းထက်စံ သိရှိခဲ့ရသည်။

သို့သော် ထိုလိမ်လည်တောင်းရမ်းသူကို ချက်ချင်းဖမ်းဆီး၍မရဘဲ ရဲဝန်ထမ်းများက မြို့နယ်သံဃမဟာနာယကကို ဆက်သွယ်မေးမြန်းခဲ့ရသေးသည်ဟု ကိုကောင်းထက်စံကဆိုသည်။

“သင်္ကန်းဝတ်နဲ့မို့လို့ ချက်ချင်းဖမ်းမရဘူးလို့ ရဲကပြောတယ်”

သင်္ကန်းဝတ်ဖြင့် ငွေကြေးလိမ်လည်တောင်းရမ်းနေသူများကို ရန်ကုန်မြို့တော်တွင် မဟာဗန္ဓုလပန်းခြံ၊ မြေနီကုန်း၊ လှည်းတန်းတို့၌ အများဆုံး တွေ့ကြုံကြရသည်။

မုန့်ဟင်းခါးဘုဉ်းပေးလိုသူ၊ ဖိနပ်ပြတ်သွားသူ၊ လမ်းစရိတ်မရှိတော့၍ အပြန်ခရီးစရိတ်တောင်းသူ၊ ဆေးကုရန် ငွေလိုနေသည့် ဇာတ်လမ်းအမျိုးမျိုးဖြင့်ပြုမူကာ တောင်းရမ်းသူများကို သင်္ကန်းဝတ်ဖြင့်လည်းကောင်း၊ ပတ်တီးအလိမ်းလိမ်း စည်းနှောင်၍လည်းကောင်း၊ သာမန်ခရီးသွားအနေနှင့်လည်းကောင်း ပုံစံအမျိုးမျိုးတွေ့ရသည်။

ထိုသူများထံမှ ပြန်အော်ခံရသူ၊ ဆဲဆိုခံရသူ၊ မကျေနပ်သည့်အကြည့်ဖြင့် ကြည့်ခံရသူများစွာလည်းရှိသည်။

ဒေါ်သိန်းတင်လမ်းထောင့်တွင် ပိုက်ဆံတောင်းသည့်ကလေးထံမှ ပြန်အော်ခံခဲ့ရဖူးသူမှာ ကုမ္ပဏီဝန်ထမ်းဖြစ်သူ ကိုအောင်ခန့်ဖြစ်သည်။

“ပိုက်ဆံလာတောင်းတော့ ကောင်းကောင်းမွန်မွန်ပဲ ပြန်ပြောလိုက်တာ။ အဲဒါကို အစကတည်းက မပေးနိုင်ရင် မပေးနိုင်ဘူးပြောပါလားဆိုပြီး အော်သွားတယ်” ဟု ပြန်အော်ခံခဲ့ရသူ ကုမ္ပဏီဝန်ထမ်းဖြစ်သူ ကိုအောင်ခန့်က ကြုံခဲ့ရသည့်ဖြစ်ရပ်တစ်ခုကို ပြန်လည်ပြောပြသည်။

ထိုအခြေအနေများက ရန်ကုန်မြို့တွင်နေထိုင်သူ အများစု ကြုံတွေ့ခဲ့ကြဖူးသည့် စိတ်အနှောင့်အယှက်ဖြစ်ပေါ်စေသည့်အရာများဖြစ်သည်။

သို့သော် ဆဲဆိုသွားသူများကို ပြန်လည်ချေပရန်မှာ လူပုံအလယ်တွင် သရုပ်ပျက်မည့်အနေအထားဖြစ်မည်ကို ဆဲဆိုခံရသူအများစုက စိုးရိမ်ကြသည်။

သင်္ကန်းဝတ်ဖြင့် လိမ်လည်တောင်းရမ်းခြင်းကို ပြန်လည်ပြောဆိုရန်မှာလည်း သင်္ကန်းဆိုသည့်အပေါ် စိုးရွံ့ကြသည်။

“သင်္ကန်းဝတ်နဲ့သာ မဟုတ်ရင် တစ်ခုခုပြန်လုပ်တယ်။ သင်္ကန်းက အကာအကွယ်လိုဖြစ်နေတော့ မလုပ်ရဲဘူး။ လုပ်လည်း ကိုယ်ပဲအပြစ်ပြောခံရမှာလေ” ဟု မခိုင်ဆုက ပြောဆိုသည်။

သို့သော် ထိုဖြစ်ရပ်များက မြန်မာလူမျိုးများ၏ သဒ္ဓါတရားအတွက် စိတ်မကောင်းစရာဖြစ်စေသည်။

“မြန်မာနိုင်ငံကလူတွေရဲ့ သနားတတ်မှု သဒ္ဓါတရား စသည်ဖြင့်ပေါ့။ အဲဒါတွေကို အလွဲသုံးစားလုပ်နေတာမြင်တော့ လုံးဝစိတ်မကောင်းဘူး”

ထိုဖြစ်ရပ်များအပေါ် တာဝန်ရှိသူများက အရေးယူဆောင်ရွက်ကြပါသလား။

ကိုအောင်မျိုးကတော့ ကျောက်တံတားရဲစခန်းသို့ ဖြစ်စဉ်ဖြစ်ပြီးလျှင် ပြီးခြင်းပင် သွားရောက်တိုင်တန်းခဲ့သည်။

“မီးသတ်တွေကိုတော့ အကြောင်းကြားထားမယ်ဆိုပြီး ပြောတယ်။ တိုင်ပြီးပြန်လာခဲ့တာပဲ။ ဘာဆက်ဖြစ်လဲတော့ မသိဘူး” ဟု ၎င်းကဆိုသည်။

ထိုသို့ ဆဲဆိုသွားသူ၊ ရိုက်နှက်သွားသူများကို ရဲအက်ဥပဒေတွင်ပါဝင်သည့် ပုဒ်မ ၄၁ (၁၆) ဖြင့် ငွေဒဏ် ၅၀ ကျပ်သော်လည်းကောင်း၊ ရှစ်ရက်ထက်မပိုသော ထောင်ဒဏ်ကိုလည်းကောင်း စီရင်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ထိုဥပဒေအရ ငြိမ်ဝပ်ပိပြားရေးကိုပျက်ပြားအောင်၊ အများပြည်သူတို့အား အနှောင့်အယှက်ဖြစ်စေအောင်၊ ကာယိနြေ္ဒပျက်ပြားအောင်ပြုလုပ်သူ၊ မိမိကိုယ်ကိုယ်ထိန်းသိမ်းမှုမရှိဘဲ နေထိုင်သူ၊ ဆဲရေးတိုင်းထွာသူ၊ မချေမငံ ထိခိုက်စေရန် ပြောဆိုသူ၊ ရုပ်ရင်းကြမ်းတမ်းစွာပြောဆိုသူ၊ ကိုယ်အမူအရာဖြင့်ပြုလုပ်သူတို့ကို ထိုပုဒ်မဖြင့် အရေးယူဆောင်ရွက်နိုင်သည်။

ထို့ပြင် ရာဇသတ်ကြီးဥပဒေအရ ဆဲဆိုမှု၊ နာကျင်စေမှုတို့ဖြင့်လည်း အရေးယူနိုင်ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းမှ စခန်းမှူးဦးတိုးမျိုးက ပြောကြားသည်။

“အလှူခံတဲ့သူဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ဆဲရင်ဆဲမှု၊ ရိုက်ရင်ရိုက်မှုနဲ့ အရေးယူတယ်။ တရားရုံးက ပြစ်ဒဏ်စီရင်တယ်” ဟု ၎င်းကဆိုသည်။

သင်္ကန်းဝတ်ပြီး ငွေလိမ်လည်တောင်းခံသူများကိုတော့ သက်ဆိုင်ရာ မြို့နယ်သံဃမဟာနာယကအဖွဲ့မှ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဆရာတော်ကြီးများက ဖြေရှင်းပေးနေသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောဆိုသည်။

“ဆရာတော်ကြီးတွေက တစ်ကြိမ် နှစ်ကြိမ်ဆိုရင် ခေါ်သတိပေးပြီး ပြန်လွှတ်တယ်။ သုံးကြိမ်လောက် ဖြစ်လာရင်တော့ သက်ဆိုင်ရာမြို့နယ်ရဲစခန်းကို တစ်ခါတည်း အပ်လိုက်တယ်” ဟု ၎င်းကပြောကြားသည်။

အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သော ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တော်ကို တောင်းရမ်းစားသောက်သူ ကင်းမဲ့သော မြို့တော်ဖြစ်လာစေရန်ရည်ရွယ်၍ အာဏာပိုင်များက တောင်းရမ်းသူများကို လူမှုကူညီရေးစင်တာသို့ ပို့ဆောင်ကာ အလုပ်အကိုင်ဖန်တီးပေးခဲ့ကြောင်း The Nation သတင်းစာဖော်ပြချက်ကို ၂၀၁၆ ခုနှစ်တွင် မဇ္ဈိမသတင်းစာက ဘာသာပြန်ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်များ စတင်ဝင်ရောက်လာကြသည့် ၁၉၉၅ ခုနှစ်မှစတင်၍ တောင်းရမ်းစားသောက်သူနှင့် လမ်းပျော်ကလေးပပျောက်ရေးစီမံချက်များကို စတင်ဆောင်ရွက်ခဲ့သည်။

သာမန်တောင်းရမ်းစားသောက်သူများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ခေါ်ယူထိန်းသိမ်းသလို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာနက ခေါ်ယူထိန်းသိမ်းစောင့်ရှောက်ပေးသည်။

လက်ရှိတွင် မှော်ဘီမြို့ ဝါးနက်ချောင်းကျေးရွာတွင် လမ်းပေါ်မှ သက်ကြီးရွယ်အိုများကို စောင့်ရှောက်ပေးထားပြီး အသက်ငယ်ရွယ်သူများအတွက် လူမှုဝန်ထမ်းလက်အောက်ရှိ လူငယ်သင်တန်းကျောင်းများတွင် စောင့်ရှောက်ပေးလျက်ရှိသည်။

ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ စာရင်းအရ ယခုနှစ်အတွင်းပင် စည်ပင်သာယာရေးကော်မတီ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာနက ဖမ်းဆီး၍ လာရောက်ပို့ဆောင်သူ လူငယ် ၃၄ ဦး ရှိနေသည်။

“သီးသန့်ထားပြီး စောင့်ရှောက်နေတာတော့မရှိဘူး။ စည်ပင်ရဲကဖမ်းလာရင် သက်ဆိုင်ရာနေရာတွေမှာ စောင့်ရှောက်ပေးတယ်” ဟု ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစွမ်းရည်ရကပြောကြားသည်။

သို့သော် ယနေ့ထက်ထိ လိမ်လည်၍ တောင်းရမ်းစားသောက်သူများကို မြို့တွင်း၊ မြို့ပြင် နေရာအနှံ့အပြားတွင် တွေ့နေရဆဲပင်။ ထိုသူများထံမှ အခန့်မသင့်လျှင် ဆဲဆိုခံလိုက်ရသူများနှင့် ရိုက်နှက်ခံရသူများကလည်း ရှိနေဆဲပင်။

ထိုအခြေအနေများ ဖြစ်ပေါ်နေရခြင်းမှာ တရားဥပဒေစိုးမိုးမှုမရှိခြင်းကြောင့်ဟု ကိုကောင်းထက်စံကဆိုသည်။

“ရဲအပါအဝင် နိုင်ငံ့ဝန်ထမ်းတွေ သူတို့အကုန်လုံး ဒါတွေကိုသိတယ်။ ဒါက တကယ့်ကို ကိုင်တွယ်ဖြေရှင်းရမယ့် အကြောင်းအရာတစ်ခုပါ”

“တရားဥပဒေရှိရဲ့သားနဲ့ ဘာလို့ အရေးမယူနိုင်တာလဲ” ဟု ၎င်းက မေးခွန်းထုတ်သည်။

 

 

မေသက်ဇင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *