တက္ကသိုလ်ဝင်တန်း ခြေချော်သူတို့အတွက် ဒုတိယလမ်း

မိုးအဝင် ဇွန်လဆန်းရက်များရောက်တိုင်း နှစ်စဉ် မြန်မာနိုင်ငံတွင် လူသိန်းချီခန့် ဝမ်းနည်းရသည်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ခုနစ်သိန်းရှစ်သောင်းကျော်အနက် စာမေးပွဲအောင်စာရင်းပါသူ နှစ်သိန်းငါးသောင်းကျော်ရှိခဲ့သည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း အချက်အလက်များအရ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း နှစ်စဉ် စာမေးပွဲမအောင်သူ သုံးသိန်းခွဲမှ ငါးသိန်းကျော်အကြားတွင်ရှိနေသည်။

၂၀၁၈ ခုနှစ် အောင်စာရင်းတွင် အောင်ချက် ၃၂ ဒသမ ၈၁ ရာခိုင်နှုန်းရှိပြီး ကျန်သူများမှာ အောင်စာရင်းမပါသူများဖြစ်သည်။

တက္ကသိုလ်ဝင်တန်းအောင်သူများအတွက် အနာဂတ်ရည်မှန်းချက်များအကြောင်း ပြောဆိုဆွေးနွေးနေကြချိန် မအောင်သူများ၏ ရှေ့ခရီးကိုကား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလေ့မရှိ။

အများစုပြောဆိုသည့် လမ်းကြောင်းမှာ ‘ပြန်ဖြေရန်’ ။

မအောင်လျှင် ပြန်ဖြေဆိုခြင်းမှလွဲ၍ အခြားရွေးချယ်စရာမရှိပြီလော။

ယင်းမှာ မိဘ၊ အုပ်ထိန်းသူများအကြား အကြီးအကျယ်ဦးနှောက်စားရသည့် မေးခွန်းများဖြစ်လာသည်။

တက္ကသိုလ်ဝင်စာမေးပွဲ၏ အရေးပါမှု

တက္ကသိုလ်ဝင်စာမေးပွဲသည် မြန်မာနိုင်ငံ အခြေခံပညာရေးတွင် အမြင့်ဆုံးအဆင့်ဖြစ်ပြီး အဆင့်မြင့်ပညာရေးသို့တက်လှမ်းနိုင်ရန် အဆုံးအဖြတ်ပေးမည့် အရေးကြီးသောစာမေးပွဲဖြစ်သည်။

တက္ကသိုလ်ဝင်တန်းတွင် အမှတ်များများနှင့် အောင်မြင်မှသာ ဆေးပညာ၊ အင်ဂျင်နီယာပညာ စသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များသင်ကြားနိုင်မည့် တက္ကသိုလ်များနှင့် နာမည်ကျော်တက္ကသိုလ်များ၌ ကျောင်းတက်ခွင့်ရမည်ဖြစ်သည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းကျရှုံးသူတစ်ဦး၏ အမှတ်စာရင်း

နာမည်ကျော်တက္ကသိုလ်များမှ ပညာသင်ကြားအောင်မြင်ခဲ့ပြီး ဘွဲ့ရရှိပါက မြန်မာနိုင်ငံတွင် အလုပ်ကောင်းကောင်းရနိုင်သည်ဟု ကျောင်းသား၊ ကျောင်းသူများအပါအဝင် မိဘ၊ အုပ်ထိန်းသူများကပါ ယုံကြည်ကြသည်။

တက္ကသိုလ်ဝင်တန်းတက်ရောက်နေသည့် သားဖြစ်သူကို ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အပ်နှံထားသည့် ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သည့် ဒေါ်ယဉ်ယဉ်ဖြိုးကလည်း ယင်းအချက်ကိုထောက်ခံသည်။

“အဓိကက ကလေး ဆယ်တန်းအောင်ဖို့ပေါ့။ ဆယ်တန်းမှာ အမှတ်ကောင်းမှ သူကြိုက်တဲ့တက္ကသိုလ်ကိုရွေးပြီး တက်လို့ရမယ်။ ဒီခေတ်မှာက ဘွဲ့တစ်ခုလောက်ရမှပဲ အလုပ်လုပ်တဲ့အခါ အဆင်ပြေမှာ” ဟု ၎င်းကဆိုသည်။

နှစ်စဉ် အောင်ချက်ရာခိုင်နှုန်းများအရ ဖြေဆိုသူများ၏ ၇၀ ရာခိုင်နှုန်းဝန်းကျင်သည် စာမေးပွဲကျရှုံးနေသည်ဖြစ်ရာ ဖြေဆိုသူအားလုံးထဲ၌ အတော်ဆုံး ၃၀ ရာခိုင်နှုန်းတွင် ပါဝင်နိုင်အောင် ကြိုးစားနိုင်မှသာ စာမေးပွဲအောင်မြင်မည့်သဘောဖြစ်နေသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ရန် ကျောင်းသူ၊ကျောင်းသားများရော မိဘများပါ အပြိုင်အဆိုင်နှင့် အပြင်းအထန် ကြိုးစားကြလေ့ရှိသည်။

တက္ကသိုလ်ဝင်တန်းကို ဘ၀တစ်ခုလုံး၏ အချိုးအကွေ့၊ တက္ကသိုလ်ဝင်တန်း မအောင်သူများသည် ဘ၀ဆုံးပြီ စသည့် ဆုံးမစကားများက ဆယ်ကျော်သက်လူငယ်များကို ပိုမိုဖိအားဖြစ်ပြီး မအောင်သည်နှင့် တစ်ဘ၀လုံး ကျဆုံးသွားသလို ခံစားရတတ်သည်။

ရန်ကုန်မြို့ အလုံမြို့နယ် ဆင်မင်းအိမ်ရာ ခုနစ်ထပ်တိုက် ငါးလွှာတွင်နေထိုင်သည့် အသက် ၁၆ နှစ်အရွယ် မမြသင်းသင်းစိုးသည် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မအောင်၍ စိတ်ဓာတ်ကျပြီး ၎င်းနေသည့်တိုက်ပေါ်မှခုန်ချကာ ဇွန်လ ၅ ရက်တွင် မိမိကိုယ်ကိုယ်အဆုံးစီရင်ရန် ကြိုးစားခဲ့သေးသည်။

သို့သော် ခုန်ချရာတွင် တိုက်၏သုံးလွှာရှိ ၀ရန်တာအမိုးပေါ်သို့ ပြုတ်ကျခဲ့သောကြောင့် အသက်မသေခဲ့ဘဲ လက်ရှိတွင် ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေသည်။

ပဲခူးမြို့ ထန်းတပင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ် မောင်နိုင်လင်းထွန်းကမူ ယခုနှစ်တွင် ပထမဆုံးအကြိမ် ၁၀ တန်းစာမေးပွဲကျပြီးနောက်ပိုင်း ကျောင်းပြန်မတက်လိုတော့။ သို့သော် ပြန်တော့ ဖြေဖြစ်ဦးမည်။

မောင်နိုင်လင်းထွန်း၏ မိဘနှစ်ပါးမှာ ၎င်းငယ်စဉ်ကပင် ကွယ်လွန်ခဲ့သောကြောင့် အစ်ကိုဖြစ်သူ ကျောင်းဆရာ၏ပံ့ပိုးမှုဖြင့် ၎င်းမှာတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခဲ့ရသူဖြစ်သည်။

သူသည် ပဲခူးမြို့ မင်းလမ်းရှိ KM Mart စတိုးဆိုင်ကြီးတွင် တစ်လကျပ် တစ်သိန်းနှုန်းဖြင့် လက်ရှိတွင် မိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်နေရသည်။

“ကျွန်တော်က စာသိပ်မလုပ်ချင်ဘူး။ အိမ်ကလည်း စီးပွားရေးအဆင်မပြေဘူးဆိုတော့ အလုပ်ပဲဆက်လုပ်ချင်တယ်” ဟု မောင်နိုင်လင်းထွန်းကပြောသည်။

မောင်နိုင်လင်းထွန်းကဲ့သို့ စာမေးပွဲ တစ်နှစ်ကျသော်လည်း ခြေချော်လက်ချော်ဖြစ်သည်ဟု မှတ်ယူကာ စာမေးပွဲပြန်လည်ဖြေဆိုရန် ကြိုးစားကြသူများလည်းရှိသည်။

တာမွေမြို့နယ်တွင်နေထိုင်သည့် မအေးနှင်းဖြူကမူ စာမေးပွဲအောင်မည်ဟု မျှော်လင့်ထားသော်လည်း ပထမအကြိမ် စာမေးပွဲကျသောကြောင့် ဝမ်းနည်းမိကြောင်း၊ သို့သော် စာမေးပွဲပြန်ဖြေရန် ဆုံးဖြတ်ထားကြောင်းပြောဆိုသည်။

“ညီမက ရှေ့နေဖြစ်ချင်တာ။ ရှေ့နေဖြစ်ဖို့ဆိုတာက ဆယ်တန်းအောင်မှ ဥပဒေကျောင်းတက်လို့ရတာဆိုတော့ ကျောင်းပြန်တက်ပြီးစာမေးပွဲဖြေမှာပါ” ၎င်းကဆိုသည်။

နှစ်စဉ် စာမေးပွဲကျရှုံးသူများ၏ သုံးချိုးနှစ်ချိုးသည် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန် ကြိုးစားကြသော်လည်း သုံးချိုးတစ်ချိုးမှာမူ စာမေးပွဲ ပြန်လည်ဖြေဆိုရန် မကြိုးစားတော့ဘဲ ကျောင်းထွက်သွားကြကြောင်း တက္ကသိုလ်ဝင်တန်းသင်ဆရာများက ခန့်မှန်းကြသည်။

မိဘအများစုအနေနှင့်မူ တစ်နှစ်စာမေးပွဲကျပါက ပြန်လည်ကျောင်းထားလေ့ရှိကြသော်လည်း ၂ နှစ်၊ သုံးနှစ် ဆက်တိုက်စာမေးပွဲကျပါက ဝန်ထုပ်ဝန်ပိုးဖြစ်လာကာ ကျောင်းထားရန် မတတ်နိုင်ကြတော့ချေ။

တက္ကသိုလ်ဝင်တန်းအောင်မြင်ရန်မှာလည်း ကျောင်းကသင်ကြားပေးသည့် ပို့ချချက်နှင့် မလုံလောက်သည်ဖြစ်ရာ ကျောင်းသား၊ကျောင်းသူအများစုသည် ကျူရှင်ယူလေ့ရှိကြသည်။

ငွေကြေးတတ်နိုင်သည့် မိဘများကမူ ၎င်းတို့၏သားသမီးများကို ကျောင်းအိပ်၊ ကျောင်းစား ဘော်ဒါဆောင်ထားကာ ဆယ်တန်းစာမေးပွဲဖြေဆိုရန် အားပေးကြသည်။

ဆယ်တန်းကျောင်းသားတစ်ယောက်အတွက် ဘော်ဒါဆောင်တွင်ထားမည်ဆိုပါက တစ်နှစ်လျှင် ငွေကျပ်သိန်း ၃၀ မှ သိန်း ၆၀ ကြားရှိပြီး ကျူရှင်ထားမည်ဆိုပါက ကျူရှင်သင်တန်းကြေးသည် ငွေကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိရှိနေကြောင်း ကျူရှင်ဆရာအသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

“ဒါတောင် စာအုပ်စာတမ်းဖိုး မပါသေးဘူး။ စားသောက်တဲ့ မုန့်ဖိုးဈေးဖိုးတွေ မပါသေးဘူး” ဟု ၁၀ တန်းကျောင်းသားတစ်ဦးအတွက် မိဘများ၏ ရင်းနှီးထားရမှုနှင့်ပတ်သက်၍ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ရွှေပညာကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူ ဦးကျော်မင်းခန့်က ပြောဆိုသည်။

ငွေကြေးမပြေလည်သော တက္ကသိုလ်ဝင်တန်းကျောင်းသားတစ်ဦး၏ အုပ်ထိန်းသူ၊ မိဘများအနေနှင့်မူ ကျောင်းသားများ၏ ပညာရေးသည်သာ အရေးကြီးသည်ဖြစ်ရာ မိသားစုဘ၀တိုးတက်နိုင်ရေးအတွက် ငွေကြေးမစုဆောင်းနိုင်ဘဲ စားဝတ်နေရေးနှင့် ကလေးများ၏ပညာရေးအတွက်သာ ကြိုးစားရုန်းကန်နေရကြောင်း ၎င်းကဆိုသည်။

မအောင်သူများအတွက် ရွေးစရာ

တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများအတွက်ဆိုပါက ဘ၀တွင် ရွေးချယ်စရာ အခြေအနေသုံးခုရှိကြောင်း ပညာရေးလေ့လာသုံးသပ်သူများကပြောဆိုကြသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုခြင်း၊ အသက်မွေးဝမ်းကျောင်းပညာတစ်ခုခုသင်ယူခြင်းနှင့် စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်ခြင်းတို့ဖြစ်သည်။

လေ့လာသုံးသပ်သူအများစုကမူ စားဝတ်နေရေးအတွက် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုခြင်းမပြုဘဲ လက်လျှော့ကာ အလုပ်ဝင်သွားခြင်းကို အားမပေးကြချေ။

အသက်မွေးဝမ်းကျောင်းပညာ မတတ်၊ တက္ကသိုလ်ဝင်တန်းလည်း မအောင်ဘဲ အလုပ်လုပ်ပါက ဘ၀တိုးတက်ရန် အခွင့်အလမ်းနည်းပါးပြီး လစာနည်းပါးသည့် အခြေခံအလုပ်များကိုသာ လုပ်ကိုင်ရလေ့ရှိကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွှန့်ဝင်းကယူဆသည်။

“ဆယ်တန်းကျတဲ့ ကလေးတွေက ပရော်ဖက်ရှင်နယ်နဲ့ ပြီးလာတာမဟုတ်တဲ့အတွက်ကြောင့် ဘယ်နေရာမှာမဆို အလုပ်သင်ကပဲ စခန့်ပြီးတော့ သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းက အဆင်မပြေဘူးပေါ့”ဟု ၎င်းကပြောကြားသည်။

စာမေးပွဲကျပြီးနောက်ပိုင်း ကျောင်းစာကို စိတ်မပါ၍သော်လည်းကောင်း၊ မိသားစုစားဝတ်နေရေး အခက်အခဲကြောင့်သော်လည်းကောင်း တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်မဖြေနိုင်ခဲ့သည်ရှိသော် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုခု သင်ကြားပြီးမှသာ အလုပ်ဝင်သင့်သည်ဟု ဦးညွှန့်ဝင်းက အကြံပြုသည်။

ညွှန်ကြားရေးမှူးချုပ် ဦးညွှန့်ဝင်းက မအောင်သူများကို တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန်သာ အကြံပြုလိုကြောင်း ပြောဆိုသည်။

“စာမေးပွဲဖြေဖို့ ပြန်ကြိုးစားတာက ပိုကောင်းပါတယ်။ ၁၀ တန်းကျတာနဲ့ အလုပ်လုပ်မယ်ဆိုတာက သူ့အတွက် အလုပ်ထဲမျက်နှာငယ်ရမယ်။ နေရာကောင်းရမှာမဟုတ်ဘူး။ လစာကောင်းလည်းရမှာမဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်တန်း ပြန်တက်ရန် အဆင်မပြေပါက ရှစ်တန်းစာမေးပွဲအောင်မြင်ရုံနှင့်တက်နိုင်သည့် ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသော သက်မွေးပညာသင် အထက်တန်းကျောင်းများသို့လည်း လျှောက်နိုင်ကြောင်း ပညာရှင်များက အကြံပြုကြသည်။

သို့မဟုတ်ပါက ပုဂ္ဂလိက သက်မွေးပညာသင်ကျောင်းများတွင် အခကြေးငွေပေး၍ အဲယားကွန်းပြင်၊ ဖုန်းပြင်၊ စက်ပြင်၊ လျှပ်စစ်ကျွမ်းကျင် စသည့် ပညာရပ်များဆည်းပူးကာ အတတ်ပညာရှင်အဖြစ် ဘ၀ရပ်တည်သင့်ကြောင်း ပညာရေးအသိုင်းအဝိုင်းမှ ပညာရှင်များကပြောဆိုကြသည်။

မြန်မာနိုင်ငံတွင် ကျောင်းထွက်ရမှုများမှာ တက္ကသိုလ်ဝင်တန်း မအောင်ခြင်း တစ်ခုတည်းကြောင့် မဟုတ်ပေ။ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့်တို့တွင်လည်း ကျောင်းထွက်နှုန်းများပြားသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ ၅၁ သန်းတွင် ၁ ဒသမ ၇ သန်းခန့်သည် အထက်တန်းပညာမပြီးဆုံးဘဲ ကျောင်းထွက်သွားသူများဖြစ်ကြသည်။

၁၀ တန်းဆက်မတက်ဘဲ ကျောင်းထွက်ကြသည့် ကျောင်းသားများ၏ မိဘအများစုကမူ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသော အသက်မွေးပညာသင်ကျောင်းများ၏အကြောင်းကို မသိကြပေ။

အသက်မွေးပညာသင်ကျောင်းများ၏အကြောင်းကို မိဘများမသိရှိရခြင်းမှာ ပညာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှု အားနည်းချက်ကြောင့်ဖြစ်ကြောင်း ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ရွှေပညာကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူ ဦးကျော်မင်းခန့်ကပြောသည်။

“ဆယ်တန်းကျတဲ့ကလေးတွေ စိတ်မပျက်ပါနဲ့။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အသက်မွေးပညာကျောင်းတွေမှာ ဘယ်လိုပညာတွေ ဆည်းပူးလို့ရပါတယ် စသဖြင့် ပညာရေးဝန်ကြီးဌာနက သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေက ကြေညာသင့်တာ။ အခုက ဒါမျိုးလုပ်တာမှမရှိဘဲဗျ” ဟု ၎င်းကမှတ်ချက်ပြုသည်။

တစ်နှစ်လျှင် သိန်းဂဏန်းဝန်းကျင်ရှိနေသော ကျောင်းထွက်သူများအတွက်လည်း လုံ့လောက်သည့် အသက်မွေးပညာသင်ကျောင်းများ ပညာရေးဝန်ကြီးဌာနတွင်ရှိမည်ဟု မထင်ကြောင်းလည်း ဦးကျော်မင်းခန့်ကဆိုသည်။

မြန်မာ့ပညာရေး လေ့လာသုံးသပ်သည့် ပညာရှင်အချို့ကလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ နှစ်စဉ်အကျများနေရခြင်းကြောင့် ကျောင်းထွက်ရသူများအတွက် ပညာရေးဝန်ကြီးဌာနက မည်ကဲ့သို့ စီစဉ်ထားသည်ကို မေးခွန်းထုတ်ကြသည်။

ပညာရေးဝန်ကြီးဌာန၏ အစီအစဉ်

မြန်မာနိုင်ငံတွင် အတန်းပညာမပြီးဆုံးဘဲ ကျောင်းထွက်ရသူများကိုမဆိုထားနှင့်၊ ဘွဲ့ရသော်လည်း အသက်မွေးဝမ်းကျောင်း အတတ်ပညာမတတ်သောကြောင့် အလုပ်လက်မဲ့ဖြစ်နေသူများလည်း အမြောက်အမြားရှိနေသည်။

အဆင့်မြင့်ပညာပြီးဆုံးသွားသူများပင် ဘွဲ့ရရှိပြီးနောက်ပိုင်းတွင်မှ စိတ်ဝင်စားရာ အသက်မွေးဝမ်းကျောင်းပညာရပ်ကို ပြန်လည်လေ့လာရမှုများရှိနေကြောင်း နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲမှုကွန်ရက် NNER မှ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်သူသူမာကပြောဆိုသည်။

“တကယ်တော့ ပညာရေးစနစ်က တကယ်တတ်အောင်သင်ပေးတဲ့ စနစ်ဖြစ်ရမှာပေါ့။ တကယ်တတ်အောင်သင်ပေးလိုက်ရင် ၁၀ တန်းမှာ အရမ်းကြီးအကျများမှာ မဟုတ်ဘူး” ဟု ၎င်းကဝေဖန်သည်။

အထက်တန်းပညာမပြီးဆုံးဘဲ ကျောင်းထွက်ရသူများအနေနှင့်မူ အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် ပညာဆက်လက် သင်ကြားနိုင်သည်ဟုသာ ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူများက ယေဘုယျပြောဆိုကြသည်။

သို့သော်လည်း ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် အသက်မွေးပညာသင်ကျောင်းများမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းထွက်သူများကို လုံလုံလောက်လောက် ပညာသင်ကြားပေးနိုင်သည့် အနေအထားမရှိသေးပေ။

ဆယ်တန်းစာမေးပွဲကျရှုံးသူများနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်ကမူ “ကျတဲ့သူတွေကျတော့ ဘာပြောရမှန်းမသိဘူး။ အမှန်တော့ အောင်အောင် ဖြေသင့်တာပေါ့” ဟု မှတ်ချက်ပြုပြောဆိုသည်။

မြန်မာနိုင်ငံတွင် အသက်မွေးဝမ်းကျောင်းပညာရေး ဖွံ့ဖြိုးတိုးတက်ရန်မှာ လိုအပ်နေဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင် အသက်မွေးဝမ်းကျောင်းပညာတိုးတက်ရေးကို ပညာရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်သင်ကြားရေးဦးစီးဌာနက အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်သင်ကြားရေးဦးစီးဌာနလက်အောက်တွင် သက်မွေးပညာသင်ကျောင်းပေါင်း ၆၆ ကျောင်းရှိပြီး ပုံမှန်သင်တန်း တစ်နှစ်လျှင် ကျွမ်းကျင်လုပ်သား နှစ်သောင်းခန့် မွေးထုတ်ပေးလျက်ရှိကြောင်း ယင်းဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က ပြောကြားသည်။

သက်မွေးပညာသင်ကျောင်းများမှ မွေးထုတ်ပေးသည့် ကျွမ်းကျင်လုပ်သား နှစ်သောင်းဆိုသည့် ပမာဏသည် မြန်မာနိုင်ငံအတွက် ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကို လုံလောက်အောင်ဖြည့်ဆည်းမပေးနိုင်ဘဲ နည်းပါးသောပမာဏသာဖြစ်နေသည်။

“အနာဂတ်လုပ်သားအင်အားအတွက် ဆရာတို့ အများကြီးကို လိုအပ်ပါသေးတယ်။ အခု Vocational Training Institute ကို မြန်မာနိုင်မှာ ချဉ်းကပ်နိုင်တာက ၁ ရာခိုင်နှုန်းတောင် မရှိပါဘူး” ဟု ဒေါက်တာအေးမြင့်က ပြောဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင် သက်မွေးပညာရေးကို ချဉ်းကပ်နိုင်သည့်ပမာဏမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာတစ်နိုင်ငံလုံးလူဦးရေ ၅၂ သန်းတွင် ခြောက်သောင်းကျော်သာရှိနေသည်။

ထို့ကြောင့် ကျွမ်းကျင်လုပ်သားများ ပိုမိုမွေးထုတ်နိုင်ရေးအတွက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်သင်ကြားရေးဦးစီးဌာနက ဆယ်ဆကြိုးပမ်းမည်ဆိုလျှင်ပင် မြန်မာနိုင်ငံလူဦးရေ၏ ၁ ဒသမ ၃ ရာခိုင်နှုန်းသာ တိုးတက်လာမည့် အနေအထားတွင်ရှိနေသည်။

သို့သော် သက်မွေးပညာသင်ကျောင်းများ၏အကြောင်းကို မောင်နိုင်လင်းထွန်း မသိပါ။

“မသိဘူး။ အဲဒါဘယ်နားမှာလဲ” ဟု ပဲခူးမြို့ ထန်းတပင်ရပ်ကွက်မှ မောင်နိုင်လင်းထွန်းက မေးခွန်းထုတ်သည်။

စင်ကာပူစနစ်

အာရှတွင် ထိပ်တန်းပညာရေးပိုင်ဆိုင်ထားသော စင်ကာပူနိုင်ငံတွင် အစိုးရက အထက်တန်းပညာမပြီးဆုံးဘဲ ကျောင်းထွက်လိုက်ရသူများအတွက်ရည်ရွယ်သော အစီအစဉ်ရှိသည်။

စင်ကာပူအစိုးရသည် ၁၉၇၈ ခုနှစ် နောက်ပိုင်းမှစ၍ တိုင်းပြည်၏ စီးပွားရေးလိုအပ်ချက်နှင့်အညီ အရည်အသွေးမြင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် ကျောင်းသားများအတွက် အဆင့်ဆင့် ပညာသင်ကြားနိုင်သောနည်းလမ်းများ ဖန်တီးခဲ့သည်။

အထက်တန်းပြီးဆုံးသည့် ကျောင်းသားများ ရွေးချယ်တက်ရောက်နိုင်ရန်အတွက် အဆင့်မြင့်ပညာရေးလမ်းကြောင်း Junior College သုံးနှစ်နှင့် သိပ္ပံနှင့်နည်းပညာဘာသာရပ်များသင်ကြားနိုင်ရန် Polytechnic (ပိုလီတက္ကနစ်) များ စီစဉ်ပေးထားသည်။

ပိုလီတက္ကနစ်ကျောင်းတွင် အင်ဂျင်နီယာဘာသာရပ်များကို တစ်နှစ်မှ နှစ်နှစ်ကြာ ဒီပလိုမာအဆင့်အထိ သင်ယူနိုင်သည်။

ထို့အပြင် အထက်တန်းပညာ မပြီးမြောက်သည့် ကျောင်းသူ၊ ကျောင်းသားများအတွက် အတတ်ပညာလေ့ကျင့် (Technical Training) ပေး၍ အသက်မွေးဝမ်းကျောင်းအလုပ်ရနိုင်ရန် ITE  ခေါ်  Institute of Technical Education  ကျောင်းများ တည်ထောင်ထားသည်။

ထိုလမ်းကြောင်းများအရ Polytechnic များတွင် အမှတ်ကောင်း၍ အရည်အချင်းပြည့်မီသော ကျောင်းသားများအနေနှင့် အဆင့်မြင့်ပညာသင်တက္ကသိုလ်များ၌ သွားရောက်ပညာသင်နိုင်သကဲ့သို့ ITE ပြီး၍ အရည်အချင်းပြည့်မီပါက  Polytechnic  များသို့ ပေါင်းကူးတက်ရောက်နိုင်သည်။

ယင်းသို့ အဆင့်ဆင့်ပညာသင်ကြားနိုင်သည့် အမျိုးမျိုးသောလမ်းကြောင်းများ ဖော်ဆောင်ထားသောကြောင့် စင်ကာပူနိုင်ငံတွင် အထက်တန်းမပြီးဆုံးမီ ကျောင်းထွက်နှုန်းလျော့ကျသွားကြောင်း မြန်မာနိုင်ငံစားသုံးသူများသမဂ္ဂမှ အတွင်းရေးမှူး ဦးမောင်မောင်ကဆိုသည်။

ဦးမောင်မောင်သည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ဦးသန့်အရေးအခင်းတွင် ပါဝင်ခဲ့သောကြောင့် အထက်တန်းကျောင်းသားဘ၀နှင့် ကျောင်းထွက်လိုက်ရသူဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်တွင် စင်ကာပူနိုင်ငံသို့ရောက်ရှိသွားကာ ရေကြောင်းအင်ဂျင်နီယာအဖြစ် ၂၆ နှစ် အသက်မွေးဝမ်းကျောင်းလုပ်ခဲ့ဖူးသူဖြစ်သည်။

စင်ကာပူအစိုးရအနေဖြင့် အသက်မွေးဝမ်းကျောင်းပညာ တိုးတက်ရေးလမ်းကြောင်း ကောင်းမွန်စွာ ဖော်ဆောင်နိုင်ခဲ့သောကြောင့် ကျွမ်းကျင်လုပ်သားများ များပြားလာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခဲ့ကြောင်း ဦးမောင်မောင်ကပြောပြသည်။

မြန်မာနိုင်ငံတွင်လည်း အစိုးရကဦးဆောင်၍ ITE ကဲ့သို့ကျောင်းများ အမြောက်အမြားဖွင့်လှစ်ပြီး အချိန်ပိုင်း Technical Training များပေး၍ ကျွမ်းကျင်လုပ်သားများ ပိုမိုမွေးထုတ်ကာ အထက်တန်းပညာမပြီးဆုံးဘဲ ကျောင်းထွက်မှုများကို တားဆီးသင့်ကြောင်း ဦးမောင်မောင်ကအကြံပြုသည်။

“ကျောင်းထွက်သွားတဲ့ ကလေးတွေ စိစစ်ပြီးတော့ ကျောင်းမတက်ချင်ရင်ရတယ်။ ဒါပေမဲ့ အတတ်ပညာတော့ သင်ရမယ်ဆိုတဲ့ အတွေးအခေါ်ကို ထည့်ပေးရမယ်။ သင်ပေးရမယ်။ ဒီကိစ္စကို ပေါ့ပေါ့ဆဆမနေသင့်ဘဲ အမျိုးသားစီမံကိန်းတစ်ခုအနေနဲ့လုပ်သင့်တယ်” ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်လိုက်ရပြီး အသက်မွေးဝမ်းကျောင်းပညာမတတ်သောကြောင့် အလုပ်လက်မဲ့ဖြစ်နေသည့် လူငယ်များစွာရှိကာ ယင်းလူငယ်အရေအတွက်သည် တစ်နှစ်ထက်တစ်နှစ် များပြားလာနေသည်။

ယင်းလူငယ်အများသည် အသက်ကြီးလာပြီး အနာဂတ်တွင် တိုင်းပြည်ကိုဦးဆောင်ကြမည်ဖြစ်ရာ ၎င်းတို့ကို အသက်မွေးဝမ်းကျောင်းပညာသင်ကြားပေးရန် ယခုကတည်းက မဆောင်ရွက်ပါက အနာဂတ်မြန်မာနိုင်ငံအတွက် အန္တရာယ်ရှိနေသည်ဟု ပညာရှင်များကဆိုကြသည်။

မြန်မာနိုင်ငံတွင် လုပ်ငန်းရှင်အများစုနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံသူအများစု ပြောဆိုကြသည်မှာ ကျွမ်းကျင်လုပ်သားရှားပါးမှုပင်ဖြစ်သည်။

လက်ရှိတွင်ပင် ဆောက်လုပ်ရေးလုပ်ငန်းများ၌ နိုင်ငံခြားသား အခြေခံအလုပ်သမားများ ဝင်ရောက်လုပ်ကိုင်လာကြရာ မြန်မာနိုင်ငံရှိ ပန်းရံဆရာနှင့် အုတ်စီသမားတို့မှာ နေရာပျောက်တော့မလိုပင် ဖြစ်နေသည်။

အနာဂတ် မြန်မာနိုင်ငံတွင် အတတ်ပညာကျွမ်းကျင်သူများမရှိပါက နိုင်ငံခြားသားကျွမ်းကျင်ပညာရှင်များ မြန်မာနိုင်ငံတွင် ဦးဆောင်လာမည်ဖြစ်ပြီး မြန်မာလုပ်သားအင်အားစုများကမူ နိုင်ငံခြားသားများမလုပ်လိုသည့် အလုပ်အကိုင်များကိုသာ လုပ်ကိုင်နေရမည်ဖြစ်သည်။

“အနာဂတ်မှာလည်း ကျွန်တော်တို့ဆီမှာ ကျွမ်းကျင်လုပ်သားတွေ ရှားပါးနေမယ်ဆိုရင် မြန်မာ့စီးပွားရေးတိုးတက်ဖို့ ခက်ခဲနိုင်တယ်” ဟု မန္တလေးကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးဥက္ကာကျော်က ဆိုသည်။

အထက်တန်းပညာမပြီးဆုံးဘဲ ကျောင်းထွက်ခဲ့ရသည့် လူငယ်ထုကြီးသည် အတတ်ပညာမရှိ၊ အလုပ်မရှိ၊ နောက်ဆက်တွဲအနေနှင့် ဝင်ငွေမရှိဖြစ်လာပါက နာကျင်စိတ်နှင့် သိမ်ငယ်စိတ် ကြီးထွားလာနိုင်ကာ အနာဂတ်တွင် ပတ်ဝန်းကျင်ကို ဒုက္ခပေးလာနိုင်ကြောင်း ၎င်းကပြောဆိုသည်။

“သိမ်ငယ်စိတ်များလာရင် ကြမ်းတမ်းတဲ့ မကျေနပ်စိတ်၊ မနာလိုစိတ်တွေ ပေါ်လာပြီးတော့ စိတ်ကူးပေါက်ရာလျှောက်လုပ်ရင် ရာဇဝတ်မှုတွေများလာမယ်။ ဒီဟာက အကြီးအကျယ်ပြဿနာရှိတယ်” ဟု ဦးဥက္ကာကျော်ကပြောသည်။

အထက်တန်းပညာ မပြီးဆုံးဘဲ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်သွားသူများသာမက၊ အသက်မွေးဝမ်းကျောင်းပညာမတတ်သောကြောင့် အလုပ်လုပ်ကိုင်ရန် ခက်ခဲနေသူများ၏အရေးသည် လျစ်လျူရှုထားရမည့်ကိစ္စမဟုတ်ဟု ၎င်းကပြောဆိုသည်။

အဖြေ

မြန်မာနိုင်ငံတွင် ဘွဲ့ရပြီး အလုပ်မရသည့်ပြဿနာလည်းရှိနေသကဲ့သို့ ဘွဲ့လည်းမရ၊ အထက်တန်းပညာလည်း မပြီးဆုံးသောကြောင့် အလုပ်မရသည့် ပြဿနာလည်းရှိနေသည်။

ပြဿနာ၏အရင်းအမြစ်မှာ အသက်မွေးဝမ်းကျောင်းပညာတစ်ခုခု ကျွမ်းကျင်စွာ မတတ်မြောက်ခြင်းကြောင့်ဖြစ်ကြောင်း ပညာရေးကျွမ်းကျင်သူများက ပြောဆိုကြသည်။

အသက်မွေးဝမ်းကျောင်းပညာ တိုးတက်ရန် ပညာရေးဝန်ကြီးဌာနနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေကြောင်း ပညာရှင်များက ထောက်ပြကြသည်။

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းကျွမ်းကျင်မှုကို အခြေမခံဘဲ လူငယ်များကိုအလုပ်ခန့်ကာ အတတ်ပညာကျွမ်းကျင်မှု သင်ပေးရန်လိုအပ်ကြောင်း စီမံခန့်ခွဲမှုပညာရှင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်ကဆိုသည်။

ပညာရေးဝန်ကြီးဌာနအနေနှင့်လည်း အသက်မွေးဝမ်းကျောင်းပညာရေးတွင် ပိုမိုရင်းနှီးမြှုပ်နှံသင့်ပြီး ကျောင်းပြီးသွားသောကလေးများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်သွားသောကလေးများ၏ ဘ၀ရပ်တည်ရေးကို ဂရုစိုက်သင့်ကြောင်း ဒေါက်တာအောင်ထွန်းသက်ကပြောကြားသည်။

“ပညာရေးဌာနရဲ့ပြဿနာက လွတ်ပြီ၊ ကျွတ်ပြီပဲ။ မူလတန်းအောင်သွားတဲ့ကလေး ဘာဖြစ်သလဲသိဖို့လိုတယ်။ ၁၀ တန်းအောင်သွားတဲ့ကလေး ဘာဖြစ်သွားလဲသိဖို့လိုတယ်။ အလုပ်ခွင်ထဲရောက်တဲ့အထိ စဉ်းစားပေးပါလို့ ပညာရေးဝန်ကြီးဌာနကို ပြောချင်ပါတယ်” ဟု ၎င်းက သူ့အမြင်ကိုဆိုသည်။

လူငယ်များ အသက်မွေးဝမ်းကျောင်းပညာရရှိရန် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ကာလတိုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးနေသကဲ့သို့ ပညာရေးဝန်ကြီးဌာန၏ အစိုးရနည်းပညာ အထက်တန်းကျောင်းများကလည်း သင်တန်းများပေးနေသည်။

သို့သော် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်သင်ကြားရေးဦးစီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းနေကြောင်း ပညာရှင်များက ဝေဖန်ကြသည်။

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်ရသူများနှင့် အသက်မွေးဝမ်းကျောင်းပညာ မတတ်မြောက်သူများအတွက် အစီအမံများကို ပညာရေးဝန်ကြီးဌာနထုတ်ပြန်ထားသော အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းတွင် ဖော်ပြထားသော်လည်း လက်တွေ့ အကောင်အထည်ဖော်မှု အားနည်းနေသည်။

ပညာရှင်များက အထက်တန်းပညာမပြီးဆုံးဘဲ ကျောင်းထွက်သူများနှင့် ဘွဲ့ရသော်လည်းအသက်မွေးဝမ်းကျောင်းပညာ မတတ်မြောက်သူများ၏အရေးသည် ပညာရေးဝန်ကြီးဌာနတစ်ခုတည်း ကိုင်တွယ်ရုံဖြင့် ပြေလည်မည့် ပြဿနာမဟုတ်ဟုဆိုကြသည်။

အစိုးရလက်အောက်ခံဝန်ကြီးဌာနများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များပူးပေါင်းကာ ဝိုင်းဝန်းဆွေးနွေး အဖြေရှာဆောင်ရွက်ရမည့် နိုင်ငံ့အရေးကိစ္စတစ်ခုဖြစ်ကြောင်း နယ်ပယ်စုံမှ ကျွမ်းကျင်သူများကဆိုကြသည်။

“ကျွန်တော်တို့ဆီမှာက Plan တွေပဲများတာ အကောင်အထည်ဖော်မှုက နည်းနေသေးတယ်ဗျ။ နိုင်ငံအတွက် နှစ်စဉ် ၁၀ တန်းကျရှုံးနေတဲ့ ၇၀ ရာခိုင်နှုန်းသော ကလေးတွေအတွက် ဖြည့်ဆည်းပေးနိုင်မှု အားနည်းနေသေးတယ်လို့ပဲ ကျွန်တော် အထူးပြောချင်ပါတယ်” ဟု ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်က သုံးသပ်သည်။

ထိုကြောင့်ပင် စားဝတ်နေရေးကြောင့် အလုပ်လုပ်လိုက်ရသော သို့မဟုတ် အလုပ်လုပ်ရင်း တက္ကသိုလ်ဝင်တန်း ပြန်ဖြေရန် စီစဉ်လိုက်ရသော မောင်နိုင်ဝင်းထွန်းတို့ကဲ့သို့သော ကျောင်းသား၊ ကျောင်းသူများအတွက် အခက်အခဲဖြစ်ရသည်။

တက္ကသိုလ်ဝင်တန်း မအောင်သူများအတွက် အစိုးရက သင်တန်းများကို စိတ်ဝင်စားသော်လည်း ပဲခူးမြို့မှ မောင်နိုင်လင်းထွန်း လက်လှမ်းမမီ။

“ဒါပေမဲ့ အဲဒီသင်တန်းတွေက ပဲခူးမှာမရှိဘူးလေ။ သွားတက်ဖို့ကျတော့ နေစားရိတ်၊ စားစရိတ်က အိမ်ကတတ်နိုင်မှာ မဟုတ်ဘူး”

 

ဇင်လင်းထက်၊ မိုးယံခ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *