အညာပြယုဂ်အတွက် ကယ်တင်ရှင်အလိုရှိသည်

အညာ၏ပြယုဂ် လုံးပါးပါးမည့်ကိန်းဆိုက်လာသည်။

ထန်းပင်များကို အပင်လိုက်ခုတ်ကာရောင်းချမှု များပြားလာခြင်းကြောင့် ဖြစ်သည်။ ထန်းလုပ်ငန်းမှာ ဝင်ငွေနည်းပါးလာသဖြင့် ထန်းတက်သမားနည်းပါးမှု ကြုံတွေ့နေရပြီး ထန်းထွက်ကုန်များကို စီးပွားဖြစ်မထုတ်လုပ်နိုင်သေးသောကြောင့် ယင်းသို့ ရောင်းချနေကြခြင်းဖြစ်သည်။

“ကျွန်တော်တို့က ထန်း မတက်နိုင်တော့ဘူး။ အဲဒီတော့ သူများကို ပေးတက်ထားတယ်။ ထန်းတက်သမားတွေကလည်း သိပ်မရှိတော့ ထန်းပင်ပိုင်တဲ့သူတွေက ဒီထန်းပင်က ဘာမှလုပ်မရတော့ ရောင်းစားကြတာပေါ့” ဟု ရွှေဘိုမြို့နယ်မှ ထန်းတက်တောင်သူ ဦးဝင်းညွန့်က ပြောဆိုသည်။

ထန်းပင်များပြုန်းတီးမသွားစေရန် ကြိုးပမ်းနေသူများလည်းရှိသည်။ သို့သော်လည်း ထန်းလုပ်ငန်းမှာ စီးပွားရေးအရ တွက်ခြေမကိုက်လျှင် ယင်းကြိုးပမ်းမှုများမှာ အရာထင်ရန် မသေချာသေးပေ။

ထန်းပင်မှထွက်ရှိသည့် ထန်းရည်နှင့် ထန်းသီး စသည်တို့ကိုအသုံးပြုကာ တန်းဖိုးမြင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရေးမှာ ထန်းတောများ ဆက်လက်ရှင်သန်ရေးအတွက် အရေးကြီးနေပြီဖြစ်သည်။

ထန်းပင် ခုတ်ရခြင်း

ထန်းပင်များသည် မန္တလေး၊ ပုဂံ၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ တောင်ငူ၊ တံတားဦး အစရှိသည့်နေရာများ အပါအဝင် အညာဒေသတွင် အဓိကပေါက်ရောက်သည်။

ရှေးဟောင်းယဉ်ကျေးမှုဒေသ ပုဂံသို့သွားလျှင် ညှို့ညှို့မှိုင်းမှိုင်းဖြင့် လှပနေသည့် ထန်းတောများကို ဖြတ်သန်းသွားကြရမည်ဖြစ်သည်။ ထို့ကြောင့် ထန်းပင်များမှာ မြန်မာ့အလှတရားတစ်ခုလည်းဖြစ်သည်။

ထန်းတက်သူများမှာ အသက်အရွယ်ကြီးရင့်လာပြီဖြစ်၍ ထန်းမတက်နိုင်တော့သဖြင့် ထန်းပင်ကိုခုတ်ကာ ရောင်းချနေခြင်းဖြစ်ကြောင်း မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေကိုကရှင်းပြသည်။

ထန်းတက်သမားရှားပါးခြင်း၊ ထန်းလျက်နှင့် ထန်းထုတ်ကုန်များ ဈေးကွက်မကောင်းမွန်ခြင်းတို့ကြောင့် မိသားစုစားဝတ်နေရေး မပြေလည်သဖြင့် ထန်းပင်များကို ရောင်းစားနေရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ထန်းလျက်တစ်ပိဿာ တစ်ထောင်ခန့်သာရရှိသည့်အချိန်တွင် မြို့ပေါ်သို့တက်ကာ အလုပ်လုပ်လျှင် ကျပ်တစ်သောင်းဝန်းကျင်ရရှိခြင်းမှာ လူငယ်မျိုးဆက်သစ် ထန်းတက်သမားများ ရှားပါးစေသည့် အဓိကအကြောင်းအရင်း တစ်ရပ်ပင်။

အညာဒေသက လူငယ်အများအပြားမှာလည်း ရေကြည်ရာ မြက်နုရာ ပြည်ပနိုင်ငံများသို ထွက်သွားကြသဖြင့် ထန်းပင်ရှိသော်လည်း ထန်းတက်သမားမရှိတော့ခြင်းဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်ကပြောဆိုသည်။

ထန်းတစ်ပင်လျှင် ကျပ်တစ်သောင်းဝန်းကျင်၊ အချို့ဒေသတွင် နှစ်သောင်းဝန်းကျင်ဖြင့် ရောင်းချနေကြပြီး အညာဒေသအချို့တွင် ထန်းပင်များကို အုတ်ဖုတ်ရာတွင် ထင်းအဖြစ်အသုံးပြုမှုများလည်းရှိနေသည်။ ထန်းပင်များ လုံးပါးပါးမည့်ကိန်းဆိုက်နေမှုကို ဖြေရှင်းနိုင်မည့် နည်းလမ်းရှိပါသလော။

တန်ဖိုးမြင့်ထုတ်ကုန် ထုတ်နိုင်ပါ့မလား

“ထန်းပင်ကရတဲ့ ထန်းသီးနဲ့ ထန်းရည်ကို ရင်းနှီးမြှုပ်နှံမှုလုပ်ပြီး ထုတ်လုပ်ရင် နိုင်ငံခြားတောင် Export ပို့လို့ရတယ်” ဟု ပြောဆိုသူက မန္တလေးတက္ကသိုလ် ရုက္ခဗေဒဌာန၏ တွဲဖက်ပါမောက္ခ ဒေါ်ကလျာလူဖြစ်သည်။

၎င်းသည် ထန်းပင်နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ကာ ထန်းတက်တောင်သူများအတွက် ထန်းပင်မှအကျိုးများစွာရရှိနိုင်ကြောင်း အသိပညာပေး ဟောပြောနေသူလည်းဖြစ်သည်။

ထန်းကိုအမှီပြုကာ စီးပွားဖြစ်လုပ်နိုင်ရန် ကြိုးပမ်းနေသူများလည်းရှိသည်။

ထန်းလျက်အပါအဝင် မြန်မာ့ရိုးရာအစားအစာအချို့ကို ခေတ်မီထုတ်ပိုးမှုပုံစံ ဒီဇိုင်းဆန်းဖြင့် နိုင်ငံတကာသို့တင်ပို့နိုင်ရန် မြန်မာအမျိုးသမီး ဒေါ်ချိုလဲ့အောင်က Tree Food ကုမ္ပဏီတည်ထောင်ကာ ကြိုးပမ်းနေသည်။

ထန်းလျက် ၁၁၅ ဂရမ်ပါ အထုပ်ကြီးတစ်ထုပ်လျှင် ၂၅၀၀ ကျပ်ဖြင့် ယင်းကုမ္ပဏီက ရောင်းချနေခြင်းဖြစ်သည်။ ယင်းပမာဏမှာ မြန်မာနိုင်ငံတွင်ဆိုလျှင် ကျပ်တစ်ရာဝန်းကျင်သာ ဈေးပေါက်သဖြင့် Tree Food ကုမ္ပဏီကဲ့သို့ တန်းဖိုးမြင့်အောင် လုပ်နိုင်လျှင် ထန်းတောင်သူများ အတွက်လည်း စီးပွားရေးအရ တွက်ခြေကိုက်လာနိုင်သည်။

သို့သော်လည်း Tree Food ထုတ်ကုန်များအတွက် ဈေးကွက်ကြီးကြီးမားမား မရှိသေးကြောင်း ဒေါ်ချိုလဲ့အောင်ကပြောဆိုသည်။

“အစ်မတို့အနေနဲ့က အခုမှ စရုန်းရတာ။ နောက်ပြီး ကိုယ့်နိုင်ငံထုတ်ကုန်ကို ဒီဇိုင်းကိုပဲပြောင်းလဲပြီး ဈေးကွက်ရအောင်လုပ်နေတာ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မန္တလေးတိုင်း တံတားဦးမြို့နယ်တွင် ထန်းတောသူအမည်ရသည့် ထန်းကိုအမှီပြုကာ ထန်းထုတ်ကုန်များ ရောင်းချနေသည့် လုပ်ငန်းတစ်ခုလည်းရှိသည်။

ထန်းရည်ကို ရေခဲထုပ်လုပ်ရောင်းခြင်း၊ ထန်းသီးရေခဲထုပ်ရောင်းခြင်း၊ ထန်းရည်ချိုရောင်းခြင်းလုပ်ငန်းကို လုပ်ကိုင်နေခြင်းဖြစ်သည်။ ယင်းသို့ ထန်းထုတ်ကုန်များကို မန္တလေးအပြင် ရန်ကုန်သို့လည်း ပို့ပေးရကြောင်း ထန်းတောသူ ထန်းထုတ်ကုန်လုပ်ငန်းကိုလုပ်ကိုင်နေသူ ဒေါ်လှလှကြူကပြောဆိုသည်။

ထန်းသီးရေခဲထုပ် အထုပ်ကြီးတစ်ထုပ်ကို ကျပ်သုံးထောင်၊ ထန်းရည် ရေခဲချောင်းတစ်ချောင်းကို ကျပ်သုံးရာနှင့် ထန်းရည်ချို လီတာဝက်ကို ကျပ်ငါးရာဖြင့် ရောင်းချနေခြင်းဖြစ်သည်။ ယင်းသို့ တစ်နိုင်တစ်ပိုင်လုပ်ငန်းမှာလည်း ထန်းပင်များ အသက်ဆက်ရေးအတွက် ဖြေရှင်း နည်းတစ်ခု ဖြစ်လာဖွယ်ရှိသည်။

ဒေါ်လှလှကြူကဲ့သို့ပင် ထန်းရည်ဖြင့် ကောက်တေးစပ်ကာ ရောင်းချနေသည့် Bar တစ်ခုလည်း ရန်ကုန်တိုင်း သန်လျင်မြို့တွင် ရှိနေပေသည်။ သန်လျင်တံတားအဆင်း Star City အိမ်ရာဝင်းအတွင်းရှိ Palm Wine Bar (ထန်းရည်ဝိုင်) ပင်ဖြစ်သည်။

ထန်းရည်ဘားတွင် အနောက်တိုင်းစတိုင် မီးရောင်းစုံများချိတ်ဆွဲကာ အနောက်တိုင်းသီချင်းများတီးခတ်သည့် တူရိယာများရှိပြီး ခေါင်မိုးများနှင့်နံရံများကို အညာမြေပြယုဂ်ဖြစ်သည့် ထန်းပင်၊ ထန်းလက်များပုံကို ပန်းချီရေးဆွဲ အလှဖော်ထားသည်။

ထိုဆိုင်တွင် ထန်းကောက်တေးတစ်ခွက်ကို ကျပ်ငါးထောင်ဖြင့် ရောင်းချနေခြင်းဖြစ်သည်။ ယင်းအပြင် ထန်းသီးကြော်တစ်ပွဲလျှင် ၃၅၀၀ ကျပ်၊ ထန်းသီးသုပ်တစ်ပွဲ ၂၅၀၀ ကျပ်နှင့် ထန်းရည် လီတာဝက်လျှင် ကျပ် ၂၅၀၀ ဖြင့် ရောင်းချနေသည်။

လက်ရှိအချိန်တွင် ထန်းပင်မှရသည့် ထန်းရည်၊ ထန်းသီးအပြင် ၎င်းတို့ကို ကုန်ကြမ်းအဖြစ်အသုံးပြုကာ ထန်းရည် ရေခဲချောင်း၊ ထန်းသီးရေခဲထုပ်နှင့် ထန်းသီးမုန့်၊ ထန်းရည်ကောက်တေး၊ ထန်းသီးကြော်၊ ထန်းသီးသုပ် စသည့် ထုတ်ကုန်များကို ထုတ်လုပ်နေကြပြီဖြစ်သည်။

ထန်းရည်ဖြင့် ကောက်တေးအပြင် ထန်းရည်ဝိုင်ကိုလည်း ထုတ်လုပ်နိုင်ကြောင်း မန္တလေးတက္ကသိုလ် ရုက္ခဗေဒဌာန၏ တွဲဖက်ပါမောက္ခ ဒေါ်ကလျာလူကပြောဆိုသည်။

ထန်းသီးဖြင့် ထန်းသီးယို၊ ထန်းသီးကင်ချီ၊ ဂျယ်လီနှင့် ထန်းရည်ကို အားဖြည့်အချိုရည်၊ ထန်းသကြားလည်း ထုတ်လုပ်နိုင်ကြောင်း ၎င်းကပြောဆိုသည်။

ထန်းထုတ်ကုန်များကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ်ပြုလုပ်ကာ ထန်းပင်များပေါက်ရောက်လေ့မရှိသည့် ဒေသများသို့ တင်ပို့နိုင်လျှင် ထန်းတောများ လုံးပါးပါးလာမှုကို ကာကွယ်နိုင်မည်ဟု ရှုမြင်မှုများလည်း ရှိနေသည်။

သို့သော်လည်း တန်ဖိုးထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရန် ရင်းနှီးမြှုပ်နှံမှု ကြီးမားသောကြောင့် ငွေးကြေးချို့တဲ့သည့် ထန်းတောင်သူများအနေဖြင့် တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်ရန် မစွမ်းသာသေးပေ။

ထန်းရည်နှင့် ထန်းသီးကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ပြောင်းလဲနိုင်ပါက ထန်းတောင်သူများ ထန်းတက်လုပ်ငန်းကို ပြန်လည်လုပ်ကိုင်လာနိုင်ပြီး ထန်းအပင်လိုက်ခုတ်ကာရောင်းနေခြင်းကို တာဆီးနိုင်မည်ဖြစ်ကြောင်း ဒေါ်ကလျာလူကရှုမြင်သည်။

ထန်းရည်ကို အချဉ်မပေါက်စေရန် ထိန်းနိုင်ပါက ပိုမိုအကျိုးဖြစ်ထွန်းမည်ဖြစ်သော်လည်း ထန်းရည်တွင်ပါဝင်သည့် အချဉ်ပေါက်စေသည့်ပိုးကိုထိန်းသိမ်းရန် ပေါင်းရသည့်စက်မှာ ကျပ်သိန်းရာချီဈေးပေါက်ကြောင်း ၎င်းကပြောဆိုသည်။

“ဒီစက်ဝယ်ဖို့ဆိုတာ ထန်းတက်တောင်သူတွေအနေနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ထန်းပင်တွေကရနိုင်တဲ့ ထုတ်ကုန်တွေအတွက် ရင်းနှီးမြှုပ်နှံမယ့်သူတွေလိုတယ်” ဟု ဒေါ်ကလျာလူက မှတ်ချက်ပေးသည်။

အိန္ဒိယ၊ ထိုင်းနိုင်ငံတို့တွင်လည်း ထန်းသီးကို စည်သွပ်ဘူးပြုလုပ်ပြီး ကြာရှည်အထားခံရန် ပြုလုပ်ရောင်းချကြသည်။

ထန်းရည်ကို အိန္ဒိယ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားကဲ့သို့ အာရှနိုင်ငံများအပြင် ကင်မရွန်း၊ နိုင်ဂျီး ရီးယား၊ ဂါနာ၊ ကင်ညာ ကဲ့သို့ အာဖရိကနိုင်ငံများ၊ မက္ကစီကိုနှင့် ဗဟိုအမေရိကနိုင်ငံများတွင်ပါ ထုတ်ယူ သောက်သုံးကြသည်။

အစိုးရကူညီရန် လိုသည်

ထန်းပင်များကို အရပ်ဘက်အဖွဲ့များ၏ ကာကွယ်စောင့်ရှောက်သည့် လုပ်ငန်းများအပြင် အစိုးရ၏ အကူအညီမှာလည်း လိုအပ်နေသည်ဟု ထောက်ပြသူများရှိသည်။

ထန်းထုတ်ကုန်များ ဈေးကွက်ကောင်းကောင်းရရှိရန်နှင့် တန်ဖိုးမြင့် ထန်းထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် နည်းပညာပံ့ပိုးရန် လိုအပ်နေခြင်းဖြစ်သည်။

အခြားနိုင်ငံများ ရိုးရာအစားအစာများကို မည်ကဲ့သို့ပြုလုပ်ကာ နိုင်ငံခြားသို့ တင်ပို့နေသည်ကို ထန်းတက်တောင်သူများ နားလည်အောင် ပညာပေးရန် လိုအပ်နေသည်။

အစိုးရက ဈေးကွက်ရှာပေးပြီး နည်းပညာများ ပံ့ပိုးပေးနိုင်၍ ထန်းထုတ်ကုန်ဈေးကွက် ဖွံ့ဖြိုးလာလျှင် ထန်းတက်တောင်သူများ ထန်းပင်များကို ထိန်းသိမ်းကြမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေကိုကပြောဆိုသည်။

ထန်းပင်မှရရှိနိုင်သည့်ထုတ်ကုန်များကို ရင်းနှီးမြှုပ်နှံမှုများများဖြင့် ထုတ်လုပ်ပါက နိုင်ငံခြားသို့ တင်ပို့နိုင်သည်အထိ ရနိုင်ကြောင်း ဒေါ်ကလျာလူက ပြောကြားသည်။

“ကျွန်မတို့က နည်းပညာပေးနိုင်တယ်။ အစိုးရက ရင်းနှီးမြှုပ်နှံမှုနဲ့ ဈေးကွက်ရအောင်ဖန်တီးပေးဖို့လိုတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထန်းပင်များမှာ အညာဒေသပြယုဂ်၊ မြန်မာ့အလှဖြစ်သော်လည်း ထန်းတောင်သူများ၏ ဘ၀မြှင့်တင်ရန်၊ ထန်းပင်ထွက်ပစ္စည်းများကို ဈေးကွက်ခိုင်မာလာစေရန်အတွက် အစိုးရပိုင်း၏ ဆောင်ရွက်ပေးမှုများက အားနည်းနေသေးသည်။

ထန်းပင် မခုတ်ပါနှင့်

ထန်းအပင်လိုက် ရောင်းချနေချိန်တွင် ထန်းပင်ကာကွယ်နေသူများလည်းရှိသည်။

တော်ဝင်ထန်းဟု အမည်ပေးထားသည့်အဖွဲ့က ကျောက်ပန်းတောင်းနှင့် ပုဂံဒေသတွင် ထန်းပင်ထိန်းသိမ်းရေး လုပ်ဆောင်နေသည်။ ထန်းပင်များခုတ်ခြင်းကို ကာကွယ်ရန်နှင့် ထန်းပင်များကို ထိန်းသိမ်းရန် ထန်းပင်ပိုင်သည့် ပိုင်ရှင်များထံမှ ထန်းတစ်ပင်ကို ရှစ်ထောင်ကျပ်ဖြင့် ဝယ်ယူနေခြင်းဖြစ်သည်။

ထိုထန်းပင်များကို မခုတ်ဘဲ ထန်းတက်တောင်သူများကို ပြန်လည်လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကြောင်း ယင်းအဖွဲ့၏ အဖွဲ့ဝင် ကိုမြတ်ကောင်းစံကပြောဆိုသည်။ သို့သော်လည်း ယင်းအဖွဲ့မှာ မြန်မာနိုင်ငံတစ်ဝန်းက ထန်းတောများကို ကာကွယ်ရန် မစွမ်းသာပေ။

ထန်းပင်များကို မခုတ်ရန် ယင်းအဖွဲ့သည် အနုပညာများဖြစ်သည့် ကျော်သူနှင့် ဝတ်မှုံရွှေရည်တို့ ခေါ်ဆောင်ကာ ထန်းတက်တောင်သူများကို အသိပညာပေးခဲ့သေးသည်။ ယင်းအပြင် ထန်းထွက်ပစ္စည်းများဖြင့်လုပ်နိုင်သည့် လက်မှုပညာများကိုလည်း လိုက်လံသင်ကြားပေးနေသည်။

“ထန်းပင်တွေကိုခုတ်တာ ရပ်တန့်ဖို့ရယ်၊ ထန်းတောင်သူဘ၀မြှင့်တင်ရေးကို အဓိက ဦးစားပေးလုပ်ပါတယ်။ အများကြီးတော့ မလုပ်နိုင်သေးဘူးပေါ့” ဟု ကိုမြတ်ကောင်းစံကပြောဆိုသည်။

ယင်းလက်မှုပညာရပ်မှာလည်း ထန်းတက်တောင်သူများအတွက် တစ်နည်းတစ်လမ်းဖြင့် ဝင်ငွေတိုးလာနိုင်သည်။

ထန်းပင်တစ်ပင်ကို ခုတ်လဲရန်မှာ မြန်သော်လည်း ထန်းပင်တစ်ပင်ဖြစ်လာရေးအတွက် ၁၅ နှစ်မှ ၂၀ နှစ်အထိ ကြာမြင့်သည်။ ယင်းထန်းပင်များမှာ လွန်ခဲ့သည့် ၂ နှစ်ခန့်က စတင်ကာ အပင်လိုက်ခုတ်၍ ရောင်းချနေကြခြင်းဖြစ်သည်။

ထန်းပင်များကိုခုတ်ကာ ရောင်းချနေခြင်းသည် ရာသီဥတုဒဏ်ကို ပိုမိုခံရမည်ဖြစ်သောကြောင့် ဥပဒေထုတ်ကာကွယ်ရန် ပြောဆိုမှုများလည်း ရှိနေသည်။

ထန်းပင်ခုတ်ယူမှု ကြာရှည်လာလျှင် ထန်းပင်များမရှိတော့ဘဲ ကန္တာရကဲ့သို့ဖြစ်ကာ ရာသီဥတုဒဏ်ကို ပိုမိုခံစားရနိုင်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ပြောဆိုကြသည်။ သို့သော်လည်း ထန်းပင်များကိုမခုတ်ရန် လတ်တလောတွင် ဥပဒေပြဋ္ဌာန်းချက်မရှိသဖြင့် ဥပဒေအရလည်း မတားနိုင်သေးပေ။

ထို့ကြောင့် ထန်းပင်ခုတ်ခြင်းကို ဥပဒေထိန်းချုပ်၍မရသဖြင့် ထန်းထွက်ထုတ်ကုန်များဖြင့် ထန်းတက်တောင်သူများ ဘ၀ဖူလုံနိုင်ရန် လုပ်ဆောင်ပေးခြင်းကသာလျှင် ထန်းပင်များကို ကာကွယ်နိုင်တော့မည်။

အခြားနည်းလမ်းဖြင့် အကျိုးရှိစွာထုတ်လုပ်နိုင်ကြောင်း သိရှိစေရန် ပြောဆိုရန် လိုအပ်ကြောင်း ဦးရွှေကိုကဆိုသည်။

“ထန်းပင်ကို မရောင်းသင့်ဘူးဆိုတာ သူတို့သိအောင် လုပ်ရမယ်” ဟု ကျောက်ပန်းတောင်းမြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေကိုကရှင်းပြသည်။

အစိုးရက နည်းပညာနှင့် ငွေကြေး ပံ့ပိုးပေးပြီး ထန်းထုတ်ကုန်များကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် မြန်မာနိုင်ငံတွင်ထုတ်လုပ်နိုင်ကာ ထန်းထွက်ကုန်ကြမ်းများ ဈေးကောင်းရလာလျှင် ထန်းပင်ကိုခုတ်၍ရောင်းရန် မလိုအပ်တော့ကြောင်း ကျောက်ပန်းတောင်မြို့နယ် ချောင်းရှည် ရွာနေ ထန်းတောင်သူ ဦးရန်နိုင်စိုးကပြောကြားသည်။

“ထန်းလျက်ဈေးကောင်းဖို့နဲ့ ဈေးကွက်မြှင့်တင်ဖို့လုပ်နိုင်မှ ထန်းပြန်တက်နိုင်မှာပါ” ဟု ထန်းတောင်သူများရပ်တည်နိုင်ရေး လတ်တလော အဓိကလိုအပ်ချက်ကို ၎င်းက ယင်းသို့ပြောဆိုသည်။

 

အောင်ဖြိုးဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *