ဆုမတောင်းကြသူများ

ညနေ ၅ နာရီ ထိုးပြီးသည်နှင့်တစ်ပြိုင်နက် မဟာမုနိဘုရားကြီးမျက်နှာသစ်တော်ရေအတွက် သနပ်ခါးသွေးနေကြသူများနှင့် ဘုရားဖူးလာသည့် ခုနစ်ရက်သား၊ သမီးများ သောက်သုံးကြရန် သောက်ရေဖြည့်နေကြသည့်အလှူရှင်များကို နေ့စဉ်မြင်တွေ့ရမည်ဖြစ်သည်။

“ဒီကုသိုလ်လုပ်ငန်းက ထူးခြားတယ်လို့ ပြောရမယ်ထင်တယ်။ အားလုံး ကျန်းမာရေးကောင်းကြသလို ဖျားတယ်၊ နာတယ်သိပ်မရှိကြဘူး။ စီးပွားရေးလုပ်ငန်းအရလည်း အောင်မြင်ကြတယ်လို့ ယူဆကြတယ်” ဟု ယုံယုံကြည်ကြည်ဆိုလာသူက မဟာမုနိဘုရားကြီးရေချမ်းစင်အဖွဲ့ဝင် ဦးထွန်းလင်းအောင်။

မန္တလေး မဟာမုနိရေချမ်းစင်အဖွဲ့ကို လွန်ခဲ့သည့် ၁၉၉၀ ပြည့်နှစ်မှစတင်ခဲ့ရာ လက်ရှိကာလတွင် နှစ်ပေါင်း ၃၀ နီးပါးကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ကျောက်မျက်စီးပွားရေး လုပ်ငန်းရှင်များနှင့် ဝန်ထမ်းပေါင်းစုံ အများစုပါဝင်ပြီး အသက် ၂၀ ဝန်းကျင် မှ ၇၀ အကြား အင်အား ၅၀ ကျော်ခန့်ရှိသည်။ နေ့စဉ် ညနေ ၅ နာရီအချိန်တွင် မဟာမုနိဗုဒ္ဓဝင်စောင်းတန်းသို့ အားလုံးစုံညီစွာ ရောက်ရှိကြသည်။

ရောက်သည်နှင့်တစ်ပြိုင်နက် မဟာမုနိဘုရားကြီးမျက်နှာသစ်တော်ရေ အသုံးပြုရန် သနပ်ခါးသွေးခုံတွင် နံ့သာရေအတွက် တပျော်တပါး စုပေါင်းသနပ်ခါး သွေးကြသည်။ ပြီးလျှင် စောင်းတန်းတစ်လျှောက်ရှိ ရေအိုးစင်များမှ ရေအိုးပေါင်း ၁၂၀ ကျော်တို့ကို ဆေးကြောသန့်စင်ကာ ရေဖြည့်ကြသည်။ ဝန်ထမ်းအများစုပါဝင်ကြသဖြင့် ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေလို ရက်များတွင် ပိုမိုများပြားသည်။

“နေ့စဉ်နေ့တိုင်း လုပ်နေကြတဲ့သူတွေကိုကြည့်ပြီး အားကျတဲ့အနေနဲ့ ကိုယ်လည်း ဝင်ပြီးလုပ်ဖြစ်သွားတယ်။ ကုသိုလ်ရချင်တဲ့စိတ်သက်သက်နဲ့ ဝင်လုပ်ဖြစ်တာကြောင့် ဒီကုသိုလ်လုပ်လို့ ထူးထူးခြားခြားအနေနဲ့ ဆုတောင်းတာမျိုး မရှိပါဘူး။ နေ့စဉ်ကိုယ်ဖြည့်ထားတဲ့ သောက်ရေတွေကို ဘုရားဖူးတွေသောက်ကြတာ မြင်တိုင်းကြည်နူးရပါတယ်” ဟု နေ့စဉ်ဝတ်မပျက် ရေဖြည့်ကုသိုလ်ယူနေသည့် အသက် ၂၇ နှစ်အရွယ်ရှိ မအေးငြိမ်းဇော်က ရိုးရိုးရှင်းရှင်းပင် ပြောဆိုသည်။

မအေးငြိမ်းဇော်သည် ဘုရားကြီးဝန်ထမ်းအိမ်ရာတွင် နေထိုင်သူဖြစ်ပြီး နေ့စဉ်ကုသိုလ်ယူလာသည်မှာ လေးလနီးပါးခန့် ရှိနေပြီဖြစ်သည်။ သူနှင့်အတူ ရေလှူနေကြသည့် ကုသိုလ်ရှင်များအားလုံး၏ တူညီသော စကားတစ်ခုမှာ မည်သည့်ဆုမျိုးကိုမှ မတောင်းဆိုကြခြင်းပင်။

မြန်မာစကားပုံဆိုရိုးတွင်လည်း ရေနှင့်ပတ်သက်လာလျှင် ‘ဒါနနှင့် သီလမပါ၊ သေခါမှသိ။ ရေဘူးနှင့် ဖိနပ်မပါလျှင် နွေခါမှသိ။ ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်။ ရေအကျိုးဆယ်ပါး မတောင်းဘဲရသည်’ ဟု ဆိုထားသည်မဟုတ်ပါလား။ လူ့ခန္ဓာကိုယ်သည် ဓာတ်ကြီးလေးပါးနှင့် ဖွဲ့စည်းထားခြင်းဖြစ်ရာ အာပေါဟူသည့် ရေဓာတ်သည် မဖြစ်မနေလိုအပ်ကြောင်း သူတို့အားလုံး သိထားနားလည် လေလေ ရေကုသိုလ်ပြုရသည့်ပီတိက ကြည်နူးရလေလေ။

မဟာမုနိဘုရားကြီး ရေချမ်းစင်အသင်းသည် မြန်မာတို့မြတ်နိုးသော မြန်မာ့ရေအိုးများကိုသာ အသုံးပြုပြီး ခေတ်ပေါ်စတီးအိုး၊ စတီးကန်များကို အသုံးပြုခြင်းမရှိပေ။ ဘုရားဖူးလာ ခုနစ်ရက်သားသမီးများကလည်း ထိုစတီးအိုး၊ စတီးကန်များဆိုလျှင် နှစ်သက်မှု မရှိကြောင်း ရေအလှူသက်တမ်း နှစ်ပေါင်း ၂၀ ကျော်ရှိ ကိုထွန်းလင်းအောင်က သူ့အတွေ့အကြုံများကို ပြောဆိုသည်။ မဟာမုနိဘုရားကြီး ရေချမ်းစင်အသင်း အနေနှင့် ကိုယ်ပိုင်ရေသန့်စက်မှ သီးသန့်ထုတ်လုပ်သည့် သောက်ရေသန့်များကိုသာ အသုံးပြုပြီး ရေကြွင်းရေကျန်မထားဘဲ နေ့စဉ်ဆေးကြောပြီးမှ ရေအသစ် လဲထည့်ပေးသည်။

“ကျွန်မသူငယ်ချင်းနဲ့ ပတ်သက်ပြီး ဒီရေချမ်းစင်အသင်းမှာ ကုသိုလ်ယူဖြစ်သွားတာ ခုနစ်လလောက်ရှိသွားပြီ။ ကျောင်းပိတ်ရက်တိုင်း အမြဲလာဖြစ်တယ်။ ထူးခြားတာကတော့ ကျွန်မ ပဋ္ဌာန်းတွေ ရွတ်ဖြစ်တယ်။ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်တာမျိုး မကြုံရဘူး။ ကံတွေကောင်းလာတယ်။ ပြီးတော့ ကျန်းမာရေးလည်း သိသိသာသာကောင်းလာတာတွေ ကြုံရတယ်။ ဆုတောင်းစရာမလိုလောက်အောင် ရေလှူရတဲ့အကျိုးက လက်တွေ့ပါပဲ” ဟု မန္တလေးရှိ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းတွင် ဆရာမဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူ အသက် ၂၆ နှစ် အရွယ်ရှိ မနန်းအောင်ပြည့်က ရင်တွင်းပီတိစကား ဆိုသည်။

မဟာမုနိဘုရားကြီး ရေချမ်းစင်အသင်းသည် အသင်းဝင်လစဉ်ကြေးဟူ၍ သတ်မှတ်ထားခြင်းမရှိဘဲ တတ်နိုင်သမျှ ထည့်ဝင်နိုင်သည်။ လစဉ်ကြေးများကို မျက်နှာသစ်တော်ရေအတွက် နံ့သာသနပ်ခါး၊ ရေစစ်၊ ရေအိုးဖုံး၊ သောက်ရေခွက်နှင့် တံမြက်စည်းများဝယ်ရာတွင် အသုံးပြုသည်။ အသင်း၏ နေ့စဉ်အသုံးပြုသည့် ရေသန့်မှာ လီတာ ၂၀၀၀ ကျော်ရှိကြောင်း အသင်းဝင် လူကြီးများက ရှင်းပြသည်။

မဟာမုနိဘုရားကြီး မျက်နှာသစ်တော်ရေအတွက် သနပ်ခါးများကို တစ်နှစ်လျှင် သုံးသိန်းကျပ်ဖိုးခန့် ဝယ်ယူသည်။ ညနေ ၅ နာရီမှ ၆ နာရီခွဲခန့်အထိ သွေးပြီး၍ ရရှိလာသော နံ့သာသနပ်ခါးရည်များကို နောက်ရက်မနက် အရုဏ်တက်ချိန်တွင် ဘုရားကြီး မျက်နှာတော်သစ်ရန် ပန်းပေါင်းစုံစေတီသို့ ပို့ဆောင်သည်။ သနပ်ခါးနံ့သာ မျက်နှာသစ်တော်ရေမှာ ရေချမ်းစင်အသင်းနှင့် ခုနစ်ရက်သား၊ သမီးများ၏ နေ့စဉ် အလှူတစ်ခုဖြစ်သည်။

“နေ့စဉ် အချိန်တစ်နာရီခွဲလောက်သာ ပေးရတဲ့ ဒီကုသိုလ်အလုပ်ကို ကျွန်တော်အပျက်မခံပါဘူး။ အချိန်ပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့နဲ့အတူ လာရောက်ကုသိုလ်ယူကြဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု ဆိုလာသူက ဥပဒေအရာရှိ စာမေးပွဲဖြေဆိုနေသူ မောင်သက်နိုင်ထွန်း။
ရေအိုးစင်၊ ရေချမ်းစင်အလှူသည် ကမ္ဘာပေါ်တွင် မြန်မာတို့၌သာရှိသော ဓလေ့ဖြစ်ကြောင်း ဒေသအနှံ့တွင် တွေ့မြင်နိုင်သည်။ ခရီးသွားပြည်သူများ နားခိုနိုင်ရန် ဇရပ်အလှူ၊ ရေချမ်းစင်အလှူတို့သည် မြန်မာတို့ဘိုးဘွားအဆက်ဆက်ကတည်းက ရှိခဲ့သော၊ ရှိနေဆဲသော၊ ရှိနေဦးမည်ဖြစ်သော အလှူဖြစ်သည်။

အသင်းဝင်ပင် မဟုတ်သော်လည်း ဥပုသ်နေ့တိုင်း မဟာမုနိဘုရားကြီး မျက်နှာသစ်တော်ရေအတွက် သနပ်ခါးနံ့သာရည် အမြဲလာရောက် ကုသိုလ်ပြုနေသည့် မအေးအေးမွန်က “ကုသိုလ်ယူတာ ၂ နှစ် လောက်ရှိပြီ။ ဘာဆုမှမတောင်းဘူး။ ကုသိုလ်ရရုံ သက်သက်ပါပဲ” ဟု ဆိုလိုက်ခြင်းသည် အခြားကုသိုလ်ရှင်တွေလည်း အချိန်ပေးနိုင်ပါက ရေချမ်းစင်အသင်းနှင့်အတူ ပုံမှန်နိဗဒ္ဓ ကုသိုလ်ဖြစ်နိုင်ကြောင်း သက်သေ ပြစရာတစ်ခုဟု ဆိုရမည်ဖြစ်သည်။

“ကုသိုလ် ဥစ္စာ၊ ကျန်းခန့်သာ၍၊ ပညာတန်ခိုး၊ တစ်မျိုးမျိုးမှ၊ အကျိုးမထွက်၊ ထိုနေ့အတွက်၊ သက်သက်ဝမ်းနည်းဖွယ်” ဟူသော မဟာဂန္ဓာရုံ ဆရာတော်၏ ဩဝါဒအတိုင်း တစ်နေ့တာ၏ အချိန်တစ်ခုအတွက် ကုသိုလ်၊ ဥစ္စာ၊ ပညာ၊ ကျန်းမာရေး မယုတ်လျော့စေရန် မဟာမုနိရေချမ်းစင်အသင်း ဖုန်း ၀၉- ၄၃၁၈ ၂၅၇၇၊ ၉၇ ၁၀၀၀၀ ၈၅၊ ၂၀၂၈ ၂၆၉ တို့ထံ ဆက်သွယ်ပြီး အသင်းဝင်ကာ ကုသိုလ်ယူနိုင်ကြသည်။
မဟာမုနိရေချမ်းစင်အသင်းသည် နွေ၊ မိုး၊ ဆောင်းသုံးရာသီလုံး အမြဲမပြတ် နေ့စဉ်ရေလှူနေသည့် မန္တလေးမြို့၏ သက်တမ်းရှည်အသင်း ဖြစ်သည်။ ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်ပရဟိတစိတ်ဖြင့် ဆောင်ရွက်နေသည့် ဆုတောင်းစရာမလိုသော ကုသိုလ်ရှင်များအဖြစ် မှတ်တမ်းတင်ရမည်ဖြစ်သည်။

ဆုမတောင်းဘဲပြည့်သည့် ရေအကျိုး ၁၀ ပါး မှာ- (၁) ဝိသုဒ္ဓ- စင်ကြယ်ခြင်း၊ (၂) ကိတ္တိ- ကျော်စော ခြင်း၊ (၃) ယသ- အခြံအရံများပြားခြင်း၊ (၄) ဝိဂတ ပိပါသ- ဆာလောင်မွတ်သိပ်ခြင်းမှ ကင်းဝေးခြင်း၊ (၅) သီဃ-လျင်မြန်ခြင်း၊ (၆) အာယု- အသက်ရှည်ခြင်း၊ (၇) ဝဏ္ဏ- အဆင်းလှခြင်း၊ (၈) သုခ- ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်း၊ (၉) ဗလ- ခွန်အားကြီးခြင်း၊ (၁၀) ပဋိဘာန- ဖြတ်ထိုးဉာဏ်ရှိခြင်းတို့ ဖြစ်သည်။

– သက်ရှည် ဆင်းလှ၊ ချမ်းသာရ၊ ဗလ ဉာဏ်ပညာ။
– စင်ကြယ် သန့်ရှင်း၊ ကျော်စောခြင်း၊ များသင်း ခြွေရံကာ။
– လျင်မြန်မယွင်း၊ ပေါ့ပါးခြင်း၊ ဆာကင်း မွတ်သိပ်ကွာ။ ။ 

 

သန်းဖေသား

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *