Regional Roundup

စိတ်ထိခိုက်ခံစားမှုရှိသူများ လက်နက်ကိုင်ဆောင်ထားခြင်းမှာ အန္တရာယ်ကြီးလှသည်။

#ဧရာဝတီ

အဆုံးစီရင်တဲ့ ဒုရဲအုပ်

ဧရာဝတီတိုင်းပန်းတနော်မြို့နယ်တွင် ဒုရဲအုပ်တစ်ဦးသည် ကိုယ့်ကိုယ်ကိုယ်သေနတ်ဖြင့် အဆုံးစီရင်မှု ဇွန်လ ၇ ရက်က ဖြစ်ပွားခဲ့သည်။

သေဆုံးသူသည် သုံးခွနယ်မြေရဲစခန်းမ ဒုရဲအုပ်ကောင်းမြတ်သူဖြစ်ပြီး ၎င်း ကိုင်ဆောင်သည့် ခြောက်လုံးပြူးဖြင့် ညာဘက်နားထင်ကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အခင်းမဖြစ်မီနံနက်ပိုင်းက ဇနီးသည်နှင့် စကားများခဲ့ပြီး ကင်းတာဝန်ကျကို အပေါ့သွားမည်ဟုဆိုကာ အပြင်ထွက်သွားပြီး မကြာမီတွင် သေနတ်သံကြားရကာ သေဆုံးနေခဲ့ခြင်းဖြစ်သည်။

#တနင်္သာရီ

ထီးတင်မယ်ဆိုပြီး လိမ်လည်အလှူခံ

တနင်္သာရီတိုင်းမြိတ်မြို့စန္ဒဝတ်ကျေးရွာ၊ သဲအင်းဂူရိပ်သာလမ်းရှိ ရွှေအင်းဝတောင်၊ ရာမညကျောင်းရှိ စေတီတော်ထီးတော်တင်ရန်ဟုဆိုကာ လိမ်လည်၍ ငွေအလှူခံသူများ ရှိနေသည်။

ရာမညကျောင်းဆရာတော်၏ အသိမိတ်ဆွေများထံတွင် လိုက်လံအလှူနေခြင်းဖြစ်ပြီး ဆရာတော်က အလှူခံခိုင်းထားခြင်းမရှိကြောင်း မိန့်သည်။

နောက်လူများ အလိမ်မခံစေရန် ငွေလိမ်လည်သူ၏ ဓာတ်ပုံနှင့်ဖုန်းနံပါတ်များကို ဆရာတော်က Facebook ပေါ်တင်ထားသည်။

#ရှမ်း

ဂိမ်းလောင်းကစားရုံရှေ့က သေနတ်သံ

မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက် သိန်းသန်းချီကားဝင်းအတွင်းမှ ၈၈၉ အမည်ရှိ ဂိမ်းလောင်းကစားရုံရှေ့တွင် အဖွဲ့အစည်းတစ်ခုသည် ဇွန်လ ၁၀ ရက်နေ့က သေနတ်ပစ်ဖောက်ခဲ့သည်။

ယင်းဂိမ်းလောင်းကစားရုံမှ အလုပ်သမားနှင့် ဂိမ်းလာရောက်ကစားသူတို့ စကားများ၍ အလုပ်သမားက အဖွဲ့အစည်းတစ်ခုသို့ ဖုန်းဆက်ခဲ့ရာ လူ ၃ ဦးခန့် မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး ဆိုင်ရှေ့လမ်းပေါ်မှ မိုးပေါ်သို့ သေနတ် နှစ်ချက် ၊ သုံးချက်ပစ်ဖောက်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ဂိမ်းဆိုင်ပိုင်ရှင် အားယုံနှင့် မစုစုလှိုင်ပါ ငါးဦး(ဖမ်းမိ)တို့ကို လောင်းကစားပုဒ်မဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

#မန္တလေး

သုံးရက်သားကလေးကို ခိုးသူ

မြင်းခြံပြည်သူ့ဆေးရုံမှ မွေးကင်းစသုံးရက်သားကလေးငယ် ဇွန်လ ၁၀ ရက်နေ့က ခိုးယူခံခဲ့ရသည်။

အသည်းရောင်အသားဝါကာကွယ်ရန် ဓာတ်ကင်စဉ် ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ၁၁ ရက် နံနက် ၄ နာရီခန့်တွင် ကလေးခိုးယူခဲ့သူ မမြင့်မြင့်မော်ကို ကလေးနှင့်အတူ တွေ့ရပြီး ကလေးခိုးယူခဲ့သူကို ရာဇသတ်ကြီး ပုဒ်မ ၃၆၃(လူခိုးမှု) ဖြင့် မြင်းခြံမြို့မ ရဲစခန်းက အမှုဖွင့်လှစ်ခဲ့သည်။

#ကရင်

ဇနီးကို မိုင်းနဲ့တိုက်တဲ့ ခင်ပွန်း

ဇနီးကို ခင်ပွန်းဖြစ်သူက လက်လုပ်မိုင်းဖြင့် တိုက်ခိုက်မှု ကော့ကရိတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။

တစ်နှစ်ခန့်ကွဲကွာနေသည့် ဇနီးဖြစ်သူကို ပြန်လည်ပေါင်းသင်းရန် ဇွန်လ ၈ ရက်နေ့က သွားရောက်ညှိနှိုင်းရာ လက်မခံသဖြင့် ခင်ပွန်းဖြစ်သူက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းဖောက်ခွဲမှုကြောင့် အသက်၂၅ နှစ်အရွယ် ဇနီးမောင်နှံနှစ်ဦးလုံးတွင် ဒဏ်ရာ (မစိုးရိမ်ရ) များရရှိခဲ့ပြီး ခင်ပွန်းဖြစ်သူကို ရာဇသတ်ကြီး ဥပဒေပုဒ်မသုံးခုဖြင့် အမှုဖွင့်အရေးယူနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

#မွန်

အတိုင်ခံရဆုံး ပြဿနာ

ယခုနှစ်အတွင်းတိုင်ကြားမှုများ၏ ၇၀ရာခိုင်နှုန်းမှာ မြေယာအရေးဖြစ်သည်။

မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာကော်မတီသို့ ဇန်နဝါရီလမှ ဇွန်လအထိ မြေယာပြဿနာနှင့် ပတ်သက်၍ တိုင်ကြားစာ နှစ်ရာခန့်ရှိနေခြင်း ဖြစ်သည်။ အချို့မှာ ဌာနဆိုင်ရာ အများအပြားကို လိပ်မူထားပြီး အချို့မှာ ပြည်ထောင်စုဝန်ကြီးဌာနသို့လည်း လိပ်မူထားကြောင်း ယင်းကော်မတီထံမှ သိရသည်။

အကွက်ရိုက်ရောင်းချမှု၊ မိရိုးဖလာလုပ်ကိုင်သည့် မြေယာအငြင်းပွားမှုနှင့် သောင်ထွန်းမြေပိုင်ဆိုင်မှုတို့မှာ များပြားကြောင်း ယင်းကော်မတီထံမှ သိရသည်။

#မကွေး

ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု

မကွေးတိုင်းဒေသကြီးချောက်မြို့နယ်မှ မန္တလေးတိုင်းဒေသကြီးမြင်းခြံ – ကျောက်ဆည်-မန္တလေးမြို့များသို့ ပို့လွှတ်သော ဓာတ်ငွေ့ပိုက်လိုင်းမှာ ညောင်ဦး-မြင်းခြံကားလမ်း မိုင်တိုင်အမှတ် ၈/၀နှင့်၉/၀ ကြား ဇွန်လ ၁၃ ရက်နေ့က ယိုစိမ့်မှု ဖြစ်ခဲ့သည်။

ကွင်းအမှတ် (၁၃၄၅) တောင်စုကွင်း၊ ဦးတိုးပိုင်ဆိုင်သော ယာခင်းအတွင်းရှိ ဓာတ်ငွေ့ယိုစိမ့်မှုမှာ ယခင် ဖာထေးထားသော နေရာတွင်ပင် ထပ်မံဖြစ်ခဲ့ခြင်း ဖြစ်သည်။

#ပဲခူး

ရွာ၂၀၀ကျော် ရေမြုပ်

ပြီးခဲ့သည့် သီတင်းပတ်အတွင်း မုန်တိုင်းအရှိန်ကြောင့် နိုင်ငံတစ်ဝန်းမိုးသည်းထန်ခဲ့ရာ ပဲခူးတိုင်း ပေါင်းတည်မြို့နယ်တွင် ကျေးရွာ၂၀၀ ကျော် ရေနစ်မြုပ်ခဲ့သည်။

ဇွန်လ၁၁ရက်နှင့် ၁၂ရက်တွင် တဖြည်းဖြည်းရေတက်လာပြီးနောက် ရန်ကုန်-ပြည်ကားလမ်းသည်ပင် သွားလာရခက်ခဲခဲ့ရသည်။

ကျေးရွာ ၂၀၀ ကျော် ရေနစ်မြုပ်မှုကို ပေါင်းတည်ဒေသခံများ ပထမဆုံးအကြိမ်ခံစားရခြင်းဖြစ်ပြီး နေထိုင်စားသောက်ရေးအတွက် အခက်တွေ့လျက်ရှိကာ ရေနစ်မြုပ်မှုကြောင့် မြွေအန္တရာယ်ကိုလည်း စိတ်ပူနေရသည်။

#ရခိုင်

လှေစီးသူတွေ စလာပြီ

ရသေ့တောင်မြို့နယ်ရှိ ပင်လယ်ကမ်းစပ်သို့ ဘင်္ဂါလီတစ်ရာကျော်ပါသည့် စက်လှေတစ်စီးရောက်ရှိလာသည်။

အမျိုးသား၄၄ဦး၊ အမျိုးသမီး ၆၀ ဦး ပါဝင်သည့် ယင်းလှေသည် ဝမ်းဗိုက်ထက်ခြမ်းကွဲကာ ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းက အောင်ဗလချောင်းဝအငူမော်ကျေးရွာနှင့် ဒုံးပိုက်ကျေးရွာအကြား ပင်လယ်ကမ်းစပ်သို့ ကမ်းကပ်လာခြင်း ဖြစ်သည်။

၎င်းတို့ကို မောင်တောမြို့နယ် ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ ပို့ဆောင်ကာစိစစ်နေကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။ ၂၀၁၅ ခုနှစ် မေလက ရခိုင်နှင့် ဧရာဝတီတို့တွင် တွေ့ရှိသည့် လှေစီးဒုက္ခသည်ဘင်္ဂါလီ ကိုးရာကျော်ကို ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

#ဧရာဝတီ

လူ ၄၇၀ သွေးလွန်တုပ်ကွေးဖြစ်

ဧရာဝတီတိုင်းရှိ ၂၆ မြို့နယ်တွင် ယခုနှစ်အတွင်း လူ၄၇၀ သွေးလွန်တုပ်ကွေး ဖြစ်ပွားခဲ့သည်။ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၄၇၀ အနက် ၃ဦးမှာ သေဆုံးခဲ့ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာနက ပြင်ဆင်လျက်ရှိသည်။ သွေးလွန်တုပ်ကွေးသည် မေလမှစတင်၍ ဖြစ်ပွားမှုနှုန်း မြင့်တက်လာပြီး ယခုအခါ ကလေးများတွင်သာမက လူကြီးများတွင်လည်း ဖြစ်ပွားမှုမြင့်တက်လျက် ရှိသည်။

#မန္တလေး

တိရစ္ဆာန်ရုံတစ်ခုစာ ဖမ်းမိခြင်းဖြစ်သည်။

မြေအောက်ခန်းက တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ

မန္တလေးမြို့ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်တစ်အိမ်၏ မြေအောက်ခန်းတွင် ဆင်သားရေခြောက်ပိဿာနှင့် တောရိုင်းတိရိစ္ဆာန်ထွက်ပစ္စည်းများကို သိုလှောင်ထားသဖြင့် ရဲတပ်ဖွဲ့က အရေးယူလိုက်ရသည်။

မြို့သစ်(၃) ရပ်ကွက်၊ ဇလပ်ဝါလမ်းနှင့် ဒေလီယာလမ်းကြားရှိ ဦးခင်မောင်ဝင်း(ခ) ဦးစတီး၏ နေအိမ်တွင် ဆင်သားရေ ခြောက်ပိဿာ၊ သမင်ချို ၂၂အိတ် (ပိဿာ ၄၀၀ကျော်)၊ ပြောင်ချို ၂၂အိတ် (ပိဿာ၄၃၀ကျော်)၊ ဆတ်ချို ၁၄၇ စုံ(ပိဿာ၂၅၀ကျော်)၊ တောင်ဆိတ်ချို ၃၃ စုံ (၇ပိဿာကျော်)နှင့် ကြောင်သားရေ၊ ချေသားရေ၊ မြွေအရေခွံ စုစုပေါင်းလေးခုတို့ကို တွေ့ခဲ့ရသည်။

အဆိုပါပစ္စည်းများကို အကောက်ခွန်ဦးစီးဌာနမှ လေလံဖြင့် ဝယ်ယူထားကြောင်းပြောဆိုသော်လည်း စာရွက်စာတမ်းများမပြနိုင်သဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။ ထိုနေအိမ်မှ ငွေကျပ်သိန်း ၉၀၀ ကျော်၊ ပြောင်ချို သုံး ခု၊ သမင်ချို ခုနစ်ခုနှင့် ဆတ်ချို ၂၈ ခုတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

#ရခိုင်

အမှုဖွင့်ခံရတဲ့ သတင်းထောက်

Facebook တွင် ကောလာဟလသတင်းဖြန့်ခဲ့သည့် အလွတ်တန်းသတင်းထောက် အမှုဖွင့်ခံရသည်။

မောင်တောတွင် ရဲကင်းစခန်းများ အကြမ်းဖက်တိုက်ခိုက်ခံနေရပြီး ၁၀ဦးခန့် သေဆုံးကြောင်း ကောလာဟလသတင်းများကို မြတ်သူထွန်း (ခေါ်) ဖိုးသီဟက ရေးသားကာ ဇွန်လ ၁၀ရက်နေ့ညက Facebook တွင် တင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ကြောင့် မြောက်ဦးမြို့မရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က) ဖြင့် အမှုဖွင့်ထားသည်။ မြတ်သူထွန်းကမူ Facebook Account ထိန်းသိမ်းခံလိုက်ရခြင်းဖြစ်ပြီး ၎င်းရေးသားကာ တင်ခြင်းမဟုတ်ဟု ငြင်းဆိုထားသည်။

#ပဲခူး

မူးယစ်ဆေးဝါးဖြန့်ဖြူးရေး

ပဲခူးတိုင်းပြည်မြို့တွင် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသည့် ခြောက်ဦးအဖွဲ့ကို ဇွန်လ ၁၀ရက်က ဖမ်းမိခဲ့သည်။

ပြည်မြို့ရွှေတံခါးရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် မူးယစ်ဆေးဝါးများဖြန့်ဖြူးရောင်းချနေသူ အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်ပြီး WY စာတန်းပါ စိတ်ကြွဆေးပြား ၃၇၀၀နီးပါးနှင့် ငွေစက္ကူများလည်း ဖမ်းမိခဲ့သည်။

မူးယစ်ဆေးဝါးဖြန့်ဖြူးနေသူများမှာ အသက် ၁၉ နှစ်မှ ၂၆ နှစ်ကြား အရွယ်များဖြစ်ပြီး ဖမ်းဆီးရမိသူများကို ရဲစခန်းတွင် အမှုဖွင့်ထားသည်။

#စစ်ကိုင်း

ပယ်မဲပေးတာ လွှတ်တော်ကို စော်ကားရာရောက်

လွှတ်တော်သက်တမ်း ၃နှစ်ပြည့်ခါနီးအထိ ပယ်မဲများပေးနေခြင်းသည် လွှတ်တော်ကို စော်ကားရာရောက်ကြောင်း စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးသန်းက ပြောဆိုလိုက်သည်။

ဆန္ဒမဲပေးချိန်တွင် မိမိ၏သဘောထားကို လွတ်လပ်စွာဖော်ထုတ်ခွင့်ရှိသော်လည်း ပဲမယ်ဖြစ်စေရန် နောက်ထပ်မပြုလုပ်ရန် လွှတ်တော်ကိုယ်စားလှယ်များကို ၎င်းက သတိပေးခဲ့သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *