စက်မှုတော်လှန်ရေး 4.0 မိတ်ဆက် (၄)- တွန်းဆော်အားများ

ပါမောက္ခ ကလော့ဇ် ရွှက် (Klaus Schwab) က သူရဲ့စာအုပ် စက်မှုတော်လှန်ရေး 4.0 မှာ အခုလိုအပြောင်းအလဲ ဖြစ်လာ စေတဲ့ ရုပ်ပိုင်းဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု လေးခုကို ဆွေးနွေးပါတယ်။ အဲဒါတွေကတော့ (၁) အလိုအလျောက် မောင်းနှင်ကားများ (Autonomous Vehicles) (၂) 3D သုံးဖက်မြင် ပုံနှိပ်ပညာ၊ (၃) အဆင့်မြင့်ရိုဘော့များနဲ့ (၄) အသစ်သော ပစ္စည်းများတို့ ဖြစ်ပါတယ်။ အဲဒါအပြင် အခြားအရေးကြီးတဲ့ တွန်းဆော်အား နှစ်ခုလည်း ရှိပါသေးတယ်။ ကျွန်တော်တို့ ကိစ္စ အတော်များများ ဒစ်ဂျစ်တယ်ပြောင်းလဲလာခြင်းနဲ့ ဇီဝနည်းပညာ ဖွံ့ဖြိုးလာခြင်းတွန်းအားတွေလည်း ရှိပါသေးတယ်။ ဒီလို ဖြစ်ပေါ်တိုးတက်မှုတွေက တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေကြတယ်လို့လည်း သူက ရှင်းပြပါတယ်။

ဒစ်ဂျစ်တယ်ဖြစ်လာခြင်း

ကိစ္စတော်တော်များများ ဒစ်ဂျစ်တယ်ဖြစ်လာပါတယ်။ အရာဝတ္ထုများနဲ့ ဒစ်ဂျစ်တယ် အသုံးပြုမှုများအကြား ပေါင်းစည်း ချိတ်ဆက်ပေးတာကတော့ အရာရာချိတ်ဆက်အင်တာနက် (Internet of Things- IoT) ဖြစ်ပါတယ်။ အင်တာနက် ဆိုတာကတော့ လူတွေကို တယောက်နဲ့တယောက် ချိတ်ဆက်နိုင်အောင် လုပ်ပေးထားတဲ့ ဆက်သွယ်မှုကွန်ရက်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အခုက IoT လို့ခေါ်တဲ့ Internet of Things (အရာဝတ္ထုတွေ ချိတ်ဆက်တဲ့ အင်တာနက်) လို့ ဆိုလာတယ်။ လူတွေတင် မဟုတ်တော့ဘူး။ သက်မဲ့အရာဝတ္ထုတွေက ချိတ်ဆက်၊ သတင်းတွေ ဖလှယ်နေကြတဲ့ကိစ္စ ရှိလာနေပါပြီ။ အရာဝတ္ထုတွေရဲ့ ချိတ်ဆက်မှုအသစ် (New Network of Things) လို့ ဆိုရပါလိမ့်မယ်။

သက်မဲ့အရာဝတ္ထုတွေဖြစ်တဲ့ မော်တော်ကား၊ ရေခဲသေတ္တာ၊ တီဗွီက စလို့ စမတ်ဖုန်းအဆုံး အကုန်လုံးက အခွင့်ရရင်၊ ကွန်ရက်ရှိရင် ချိတ်ဆက်မှုပြုနေကြပါတယ်။ ပြောရရင် အရာဝတ္ထု (Things) ရယ်၊ အာရုံခံစနစ် (Sensor) ရယ်၊ ဆက်သွယ်မှု (Communication) ရယ် ပေါင်းစပ်လာတဲ့ အခြေအနေပါ။ ဆင်ဆာတွေက သေးငယ်၊ ပေါ့ပါး၊ ဈေးချိုလာလိုက်တာ နေရာပေါင်းစုံမှာ တပ်ဆင်နိုင်တဲ့ အခြေအနေ ဖြစ်လာပါတယ်။ အိမ်မှာ၊ အဝတ်အထည်မှာ၊ အသုံးအဆောင်တွေမှာ၊ မြို့ပြ သယ်ယူပို့ဆောင်ရေးစနစ်မှာ၊ စွမ်းအင်ပါဝါ ကွန်ရက်မှာ အားလုံး ဆင်ဆာတွေ ရှိလာနေကြပါတယ်။ အခုအခါမှာ သန်းပေါင်းများစွာသော စမတ်ဖုန်းများ၊ တက်ဘလက်များ၊ ကွန်ပျူတာများဟာ အင်တာနက်နဲ့ ချိတ်ဆက်နေကြပါတယ်။ လာမယ့်နှစ်တွေမှာလည်း အဆပေါင်းများစွာ တိုးပွားလာဦးမယ်လို့ မျှော်မှန်းထားရပါတယ်။ ဆင်ဆာတွေ၊ ထုတ်လွှင့်နေ တဲ့ ထရန်စမစ်တာတွေ၊ RFID လို့ခေါ်တဲ့ ရေဒီယိုလှိုင်း သတ်မှတ်ရှာဖွေခြင်း နည်းပညာတွေနဲ့ ကုမ္ပဏီတွေက သူတို့ ထောက်ပို့လမ်းကြောင်းကို အမြဲတစေ စောင့်ကြည့်နိုင်ကြပါပြီ။ အလားတူပဲ စားသုံးသူတွေဖက်ကလည်း သူတို့ထံ ပေးပို့လာမယ့် ပစ္စည်းကို ခြေရာခံလိုက်နိုင်ကြပါပြီ။

ဒီလိုအခြေအနေတွေက လူတို့အတွက် ပိုပြီး ကောင်းမွန်တဲ့ ကျန်းမာရေး၊ လုံခြုံရေး၊ အဆင်ပြေလွယ်ကူမှု (Comfort)၊ သက်သောင့်သက်သာ ဖြစ်မှု (Convenience)၊ အသိဉာဏ်ပညာ (Wisdom) ကို ဖြစ်စေလိမ့်မယ်လို့ ဆိုပါတယ်။ အဲဒါ အပြင် တစ်ခုခုဖြစ်မယ်ဆိုရင် စောစီးစွာသတိပေးမှုစနစ် (Early Warning System) လည်း ဖြစ်လာစေမယ် ဆိုပါတယ်။ ဒီလိုအခါမှာ ဒစ်ဂျစ်တယ်တော်လှန်ရေး၊ အသစ်သော နည်းလမ်းများကြောင့် လူတွေ ဆက်သွယ်ကြတာ၊ ပူးပေါင်းဆောင် ရွက်ကြတာတွေလည်း ပုံစံပြောင်းလဲလာနိုင်ပါတယ်။ အခုအခါ နာမည်ကြီးနေတဲ့ ဘစ်ကွိုင်းလိုမျိုး ဒစ်ဂျစ်တယ်ငွေကြေး တွေ ရှိလာပါတယ်။ ဒီလို ဒစ်ဂျစ်တယ်ငွေကြေးကို ဖြစ်လာစေတာက Blockchain ဘလော့ချိန်းလို့ ခေါ်တဲ့ နည်းပညာပါ။ ဒီနည်းပညာက ဗဟိုဘဏ်တွေ ထိန်းချုပ်ထားတာမဟုတ်ဘဲ ဖြန့်ဝေထိန်းချုပ်ထားတဲ့ လယ်ဂျာစနစ်ကနေ ပေါ်ပေါက်လာ တာပါ။ ဆိုလိုတာက ဒစ်ဂျစ်တယ်ငွေကြေးကို ကွန်ပြူတာကွန်ရက်ကနေ စုပေါင်းမှတ်တမ်းတင်၊ အတည်ပြု၊ စောင့်ကြည့် ပေးနေတဲ့ စနစ်ပဲဖြစ်ပါတယ်။ ဒီအခါမှာ ကျနော်တို့မကြုံဖူးသေးတဲ့ ဒစ်ဂျစ်တယ်ငွေကြေး (Cryptocurrencies) နဲ့ ရောင်းဝယ်တာမျိုးတွေလည်း ဖြစ်လာပါတယ်။ အနာဂတ်မှာဆိုရင် မွေးနေ့သက္ကရာဇ်၊ သေစာရင်း၊ ပိုင်ဆိုင်မှုစာရင်း၊ လက်ထပ်စာချုပ်၊ ပညာရေးဘွဲ့လက်မှတ်၊ အာမခံစာချုပ်စာတန်းများ၊ ကျန်းမာရေးမှတ်တမ်း၊ မဲစာရင်းတွေကို ဘလော့ချိန်းနည်းပညာနဲ့ မှတ်တမ်းတင် သိုမှီးတာတွေ ရှိလာတော့မှာပါ။ အတုအပလုပ်၊ လိမ်လည်ဖို့လည်း ခက်သွားပါလိမ့်မယ်။ အခုအခါမှာ ဟွန်ဒူးရပ်အစိုးရက မြေပိုင်ဆိုင်မှုလက်မှတ် ထုတ်ပေးတာကို ဒီနည်းပညာသုံး ဆောင်ရွက်နေသလို၊ Isle of Man မှာလည်း ကုမ္ပဏီမှတ်ပုံတင်စာရင်းကို ဒီနည်းပညာနဲ့ စတင်ထုတ်ပေးနေပါပြီ။

နည်းပညာပလက်ဖောင်းကို အခြေခံတဲ့ တီထွင်မှုတွေ ဖြစ်ပေါ်လာတဲ့အခါ စမတ်ဖုန်းက တစ်ဆင့် ဈေးဝယ်တာ၊ ပစ္စည်းမှာတာ စတာတွေဖြစ်လာပြီး လူနေမှုစနစ်အသစ်လည်း ဖြစ်လာနိုင်ပါတယ်။ ဘိဇနက်စီးပွားရေးနဲ့ လူတစ်ဦးချင်းကြားက ကြားခံလွှာတွေကိုလည်း လျှော့ချလာပါလိမ့်မယ်။ ဒီနေရာမှာ ပါမောက္ခကလော့ဇ်ရွှက်က နည်းပညာတက္ကစီကုမ္ပဏီ ဖြစ်တဲ့ Uber (အူဘာ) ကို ဥပမာပေးပါတယ်။ ဝယ်လိုအား (Demand) နဲ့ ရောင်းလိုအား (Supply) ကို နည်းပညာပလက်ဖောင်းကနေ (တန်ဖိုးအနည်းငယ်မျှနဲ့) ချိတ်ဆက်ပေးနိုင်လိုက်တာပါပဲ။ ဒစ်ဂျစ်တယ် ပလက်ဖောင်းကြောင့် ဆက်သွယ်ရေး ကုန်ကျစရိတ်များ (Transaction Cost)၊ မလိုလားအပ်တဲ့ ပွတ်တိုက်မှုစရိတ် (Friction Cost) များ မရှိသလောက် ကျဆင်းသွားစေပါတယ်။ ပါဝင်ပတ်သက်နေသူ ပါတီအားလုံးအတွက် စီးပွားရေးအကျိုးအမြတ်ကို ဖြစ်လာစေပါတယ်။

ဇီဝနည်းပညာတွန်းအား

ဇီဝနည်းပညာနယ်ပယ်မှာလည်း တီထွင်ဆန်းသစ်မှုတွေက အံ့မခန်းဖြစ်လာပါတယ်။ အထူးသဖြင့် မျိုးရိုးဗီဇ (Genetic) နယ်ပယ်မှာပါ။ မျိုးရိုးဗီဇကို ပြန်လည်တည်းဖြတ်ခြင်း (Genetic Editing) လို့ခေါ်တဲ့ Genetic Sequencing အတွက် ကုန်ကျစားရိတ်ဟာ မကြာသေးခင်နှစ်များမှာ သိသိသာသာကို ကျဆင်းလာခဲ့ပါတယ်။ အရင်တုန်းက ဒီလို မျိုးရိုးဗီဇ ပြန်လည်တည်းဖြတ်ပြင်ဆင်ဖို့ဆိုတဲ့ဟာကို လုပ်မယ်ဆိုရင် ၁၀-နှစ်လောက်ကြာနိုင်ပြီး ကုန်ကျစရိတ်က ဒေါ်လာ ၂ ဒသမ ၇ သန်းလောက် ရှိနိုင်ပါတယ်။ အခုအခါမှာတော့ Human Genome Project လို့ခေါ်တဲ့ လူသားမျိုးရိုးဗီဇ ပြင်ဆင်မှုဟာ နာရီအနည်းငယ်ပဲ ကြာပါတော့တယ်။ ဒေါ်လာထောင်ဂဏန်းလောက်ပဲ ကုန်ကျမှုရှိပါတော့တယ်။ ကွန်ပျူတာနည်းပညာတွေ မြင့်လာတာနဲ့အမျှ အရင်ကလို စမ်းသပ်လိုက်၊ မှားလိုက်ဆိုတာမျိုး မရှိတော့ပါဘူး။ တိကျတဲ့ တွက်ချက်မှုတွေကို နည်းပညာနဲ့ ဆောင်ရွက်နိုင်ပါပြီ။

နောက်တစ်ခုက Synthetic Biology လို့ခေါ်တဲ့ လူလုပ်ဖန်တီးတဲ့ ဇီဝနည်းပညာကလည်း အံ့မခန်းတိုးတက်လာပါတယ်။ ဒီအဲန်အေလို့ခေါ်တဲ့ မျိုးရိုးဗီဇကို ရေးဆွဲ သက်ရှိပစ္စည်းတွေကို ထုတ်လုပ်နိုင်လာပါတယ်။ ဒီကိစ္စအတွက် ကျင့်ဝတ်ပိုင်း ဆိုင်ရာ မေးခွန်းတွေလည်း ရှိလာပါတယ်။ ဒီအတွက်ကြောင့် ဆေးပညာ၊ စိုက်ပျိုးရေးနဲ့ ဇီဝလောင်စာ (Biofuel) လုပ်ငန်းတွေမှာ အံ့မခန်းတိုးတက်လာပါလိမ့်မယ်။ ကုသလို့ မပျောက်နိုင်ဘူးလို့ ယူဆနေကြတဲ့ နှလုံးရောဂါ၊ ကင်ဆာတွေမှာ မျိုးရိုးဗီဇ အစိတ်အပိုင်းရှိပါတယ်။ ဒါတွေကို ဈေးသက်သက်သာသာနဲ့ မျိုးရိုးဗီဇပြောင်းလဲ ကုသတာမျိုးလည်း ဖြစ်လာပါလိမ့်မယ်။ လူတဦးချင်းအတွက် ရည်ညွှန်းကုသတဲ့ (Personalized Medicine) ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ဖြစ်လာပါလိမ့်မယ်။ IBM ကုမ္ပဏီက တီထွင်ထားတဲ့ ဝတ်ဆန် (Watson) ဆူပါကွန်ပျူတာမျိုးက ဒီလိုပြဿနာတွေကို မိနစ် အနည်းငယ်အတွင်း အဖြေထုတ်ပေးနိုင်တဲ့ အနေအထားမျိုး ဖြစ်လာပါလိမ့်မယ်။ မျိုးရိုးဗီဇပြုပြင်ထားတဲ့ အပင်၊ သတ္တဝါတွေလည်း ပေါ်ထွက်လာနိုင်ပါသေးတယ်။ ဒေသအခြေအနေနဲ့ ပိုညီညွတ်၊ အပူဒဏ်၊ ရေရှားမှုဒဏ်ကို ပိုခံနိုင်၊ ပိုးမွှားဒဏ်ကို ပိုခံနိုင်ရည်ရှိတဲ့ နောက်မျိုးဆက်သစ်တွေလည်း ပေါ်ထွက်လာနိုင်ပါသေးတယ်။ မျိုးရိုးဗီဇပြုပြင်ထားတဲ့ ဝက်ရဲ့အင်္ဂါတွေကနေ လူကိုအစားထိုးလို့ရအောင် ကြံဆနေကြပါတယ်။

အဲဒါအပြင် နည်းပညာတွေက နယ်ပယ်ပေါင်းစုံဆက်စပ် ပေါင်းစည်းနေကြပါတယ်။ 3D ပုံနှိပ်ပညာနဲ့ ပေါင်းစပ်ထုတ်လုပ်မှုမှာ အသက်ရှိ တစ်သျှူးများထုတ်လုပ်နိုင်ဖို့ ဇီဝပုံထုတ်နည်းပညာ (Bioprinting) များလည်း ဖြစ်လာနိုင်ပါသေးတယ်။ အဲဒါ အပြင်လူတွေရဲ့ သွေးထဲက ဓာတုဓာတ်ပေါင်းတွေကို အချိန်မရွေးစောင့်ကြည့်နေနိုင်ဖို့ ကိုယ်ထဲထည့်တဲ့ ပစ္စည်းများလည်း ဖြစ်လာပါလိမ့်မယ်။ ဒီအခါ ဦးဏှောက်၊ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ လုပ်ကိုင်နိုင်စွမ်းစတဲ့အပေါ် သက် ရောက်တဲ့ သွေးဓာတုစောင့်ကြည့်ကုသမှုတွေလည်း ဖြစ်ပေါ်လာနိုင်ပါသေးတယ်။

ဒီလို ကျန်းမာရေး၊ ဇီဝနယ်ပယ်က ကိစ္စတွေအတွက် အခက်ခဲဆုံးကတော့ လူမှုရေးစံတန်ဖိုးထားမှုတွေနဲ့ လုံလောက်တဲ့ ဥပဒေ ထိန်းကျောင်းမှုတွေပါပဲ။ ဒီလိုနယ်ပယ်တွေအတွက် မေးခွန်းသစ်တွေလည်း အများအပြား ပေါ်ပေါက်လာနေပါတယ်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာပဲ အမေရိကန်ပြည်ထောင်စုက အမျိုးသားသိပ္ပံ အကယ်ဒမီ၊ အမျိုးသားဆေးပညာ အကယ်ဒမီနဲ့ တရုတ်နိုင်ငံက သိပ္ပံအကယ်ဒမီ၊ အင်္ဂလန်က UK တော်ဝင်သိပ္ပံ အသိုက်အဝန်းတို့က လူသားမျိုးရိုးဗီဇ တည်းဖြတ်ပြုပြင်တာနဲ့ ပတ်သက်လို့ နိုင်ငံတကာထိပ်သီး ညီလာခံတွေကျင်းပခဲ့ရပါတယ်။ ဖြစ်လာနိုင်ခြေ နောက်ဆက်တွဲအကျိုးဆက်တွေကတော့ ခန့်မှန်းလို့ မရနိုင်အောင်ပါပဲ။

နောက်တစ်ပတ်မှာတော့ အခုလိုအပြောင်းအလဲတွေကြောင့် ဖြစ်ပေါ်လာတဲ့သက်ရောက်မှုတွေအကြောင်းကို ဆက်လက် တင်ပြပါမယ်။ ပါမောက္ခ ကလော့ရွှက် (Klaus Schwab) ကတော့ စီးပွားရေး၊ ဘိဇနက် စီးပွားရေးလုပ်ငန်းတွေ၊ နိုင်ငံအဆင့်နဲ့ ကမ္ဘာလုံးဆိုင်ရာအဆင့်၊ လူမှုအဖွဲ့အစည်း၊ လူတစ်ဦးချင်းအပေါ် ရိုက်ခတ်သက်ရောက်မှုတွေကို ဆက်လက် တင်ပြထားပါတယ်။

အကိုးအကား Schwab, Klaus. 2016. The Fourth Industrial Revolution, Penguin Random House UK.

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *