မြောက်ကိုရီးယားနဲ့တွေ့ဆုံမှု အမေရိကန်အတွက် အနိုင်လား

FP

သဘောတူညီချက်မရလျှင်ပင် ရန်သူနှင့် စကားပြောရေးသည် အမေရိကန်အတွက် ကောင်းသည်။

“တောင်ကိုရီးယားသမ္မတနဲ့ ဘီလ်ကလင်တန် တွေ့နိုင်သေးရင် ဘာလို့ သူက ငါနဲ့ မတွေ့နိုင်ရတာလဲ”ဟု လာရောက်လည်ပတ်သည့် အမေရိကန်ပညာရှင်များကို မြောက်ကိုရီးယားခေါင်းဆောင် ကင်အီဆွန်းက အမေရိကန်သမ္မတ ဘီလ်ကလင်တန် ၏ ရာထူးသက်တမ်း ပထမအကြိမ်ကာလတွင် မေးမြန်းခဲ့သည်ဟု သတင်းများ ပေါ်ထွက်ခဲ့သည်။ ကလင်တန်၏ ရာထူးသက်တမ်း ဒုတိယအကြိမ် အပြီးသတ်ခါနီးကာလတွင် ကိုရီးယားပြည်သူ့တပ်မတော်မှ စစ်သူကြီး ဂျိုမြောင်ရော့ အိမ်ဖြူတော်သို့ရောက်လာပြီး သမ္မတနှင့် တွေ့ဆုံခဲ့သည်။ ကင်အီဆွန်း၏ သား ကင်ဂျုံအီနှင့် တွေ့ဆုံရေး သမ္မတ ကလင်တန်ကို စစ်သူကြီး ဂျိုမြောင်ရော့ တောင်းဆိုခဲ့သည်ဟု ဆိုသည်။ “ပြုံယွမ်းကို ပြန်ဖို့ ခင်ဗျားရဲ့ သဘောတူညီချက် ကျွန်တော် လိုပါတယ်။ အပြုသဘောဆောင်တဲ့ အဖြေယူသွားနိုင်ဖို့ ကျွန်တော် လိုနေပါတယ်”ဟု စစ်သူကြီးက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင်နှင့် တွေ့ဆုံရေး ကလင်တန် နီးစပ်ခဲ့သော်လည်း ယင်းသို့ မည်သည့်အခါမျှ မဖြစ်ခဲ့ ပေ။ အလားတူပင် ဂျော့ဒဗလျူ ဘုခ်၊ သို့မဟုတ် ဘားရတ်ခ်အိုဘားမားသည်လည်း ယင်းသို့ မလုပ်ဆောင်ခဲ့ပေ။ လက်ရှိတွင်မူ အဘိုးနှင့် အဖေတို့ မလုပ်ဆောင်နိုင်ခဲ့သည့်အရာကို ကင်ဂျုံအန် လုပ်ဆောင်နိုင်မည့် ပုံပေါ်နေသည်။ တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတတစ်ဦးနှင့် မျက်နှာ ချင်းဆိုင်တွေ့ဆုံရေး ဆိုသည့်အချက် ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ကင်တို့တွေ့ဆုံရေး ပေါ်လိုက်၊ ပျောက်လိုက်၊ ပြန်ပေါ်လိုက်ဖြစ်နေခြင်းအပေါ် လူတိုင်းက လိုလားနေသည်မဟုတ်ပေ။ ရန်သူဟု ကတိပြုထားသူတစ်ဦးနှင့် တွေ့ဆုံရေးကျင့်ဝတ်ပိုင်းအရရော၊ လက်တွေ့ အသုံးဝင်မှုပိုင်းအရပါ လေ့လာသုံးသပ်သူများက မေးခွန်းထုတ်လျက် ရှိသည်။ သို့သော် ဆန္ဒစွဲမပါဘဲ မည်သို့ပင် အကဲဖြတ်သည်ဖြစ်စေ ကင်နှင့် တွေ့ဆုံရေး ထရမ့်ဆုံးဖြတ်မှုသည် ချီးကျူးမှုနှင့် ထိုက်တန်သည်သာဖြစ်သည်။ လူ့အခွင့်အရေး အစုလိုက်အပြုံလိုက် ချိုးဖောက်သည်ဟု ယုံကြည်ရလောက်အောင် စွပ်စွဲခံထားရသည့် အာဏာရှင်ခေါင်းဆောင်များအပါအဝင် ရန်သူများနှင့် သံတမန်ရေးအားဖြင့် ကိုယ်တိုင်တွေ့ဆုံမှုကို အမေရိကန်ခေါင်းဆောင်များ လုပ်ဆောင်သင့် သည်။

Lastimes.com

အချက်ပေါင်းများစွာကြောင့် ယင်းသို့ တွေ့ဆုံသင့်ခြင်း ဖြစ်သည်။ ပထမ အချက်သည် နှစ်ဖက်ကြား ဆက်သွယ်မှုတစ်စုံတစ်ရာမရှိဘဲ သဘောတူညီချက်ရအောင် မလုပ်ဆောင်နိုင်ခြင်းကြောင့် ဖြစ်သည်။ ယင်းကို တတိယကြားခံများ၊ သို့မဟုတ် တိုက်ရိုက်တွေ့ဆုံခြင်း အသံတိတ်စေ့စပ်သည့် နည်းလမ်းအားဖြင့် လုပ်ဆောင်နိုင်သည်။ ကင်ကဲ့သို့သော ခေါင်းဆောင်များ၏ ရေရှည်ရည်ရွယ်ချက်ကို သုံးသပ်လျက်ရှိသည့် ပမာဏကြီးမားလှသည့် ထောက်လှမ်းရေးလက်တံများ၏ အကျိုးကျေးဇူးကို ထရမ့် အသုံးပြုနိုင်မည် ဖြစ်သည်။ သမ္မတအားလုံးသည် ယင်းကဲ့သို့သော အချက်အလက်များကို အတိုင်းအတာတစ်ရပ်ထိ အသုံးပြုသည် သို့မဟုတ် လျစ်လျူရှုသည်ဟု ‘ရန်သူကို သိနားလည်ခြင်း’ ဟု ခေါင်းစဉ်တပ်ထားသည့် နာမည်ကျော်စာအုပ်တွင် စာရေးသူ ရော်ဟီမီလိုက ရေးသားထားသည်။ သို့သော်လည်း တိုက်ရိုက်ဆွေးနွေးခြင်းဖြင့်သာ ရန်ဘက်ခေါင်းဆောင်၏ စိတ်သဘောထား၊ လှုံ့ဆော်မှုတို့ကို အရှင်းလင်းဆုံး၊ အပြတ်သားဆုံး သိနိုင်မည်။

ဒုတိယအချက်သည် အစိုးရအားလုံးသည် ၎င်းတို့၏ရည်ရွယ်ချက်၊ အကျိုးစီးပွား၊ အစီအမံများကို ဖုံးကွယ်နိုင်ရေး လှည့်စားမှု၊ မှန်ဝါးစေမှုတို့ကို အသုံးပြုလေ့ရှိမှုကြောင့် ဖြစ်သည်။ နျူကလီးယားနှင့် တာဝေးပစ် ဒုံးပျံအစီအစဉ်ကို ပွင့်လင်းစွာပြသသော်လည်း မြောက်ကိုရီးယားသည်လည်း ခြား၍ ထွက်မနေပေ။ ထို့ကြောင့်ပင် စစ်မှန်သည့် သံတမန်ရေး သိသိသာသာပြောင်းလဲမှုများကို တစ်နေ့တည်း တစ်ရက်တည်း ရရှိခြင်း မဟုတ်ဘဲ ရေရှည်ယုံကြည်မှု တည်ဆောက်ခြင်း၊ နှစ်ဖက်စလုံးသေးငယ်သည့် အပြောင်းအလဲများမှ ပေါ်ထွက်လာခြင်းဖြစ်သည်။ လက်ဆွဲနှုတ်ဆက်ပြီးသည်နှင့် အလုံးစုံလက်နက်ဖြုတ်သိမ်းမှု၊ ဆက်သွယ်ရေး ပုံမှန်ပြန်ဖြစ်မှုကို ထရမ့်နှင့် ကင်တို့ မျှော်လင့်ထားပါက စိတ်ပျက်ရမည် ဖြစ်သည်။ တစ်ဖက်လူ၏ ရိုးသားမှု၊ ယုံကြည်ရမှုကို စမ်းသပ်ကြမည်ဖြစ်ပြီး ယင်းကို သံတမန်ရေးထိတွေ့မှုမျိုးစုံမှ တစ်ဆင့် လုပ်ဆောင်ရမည် ဖြစ်သည်။

တတိယအချက်သည် တစ်သက်လုံး၊ တစ်လျှောက်လုံး မထိတွေ့မဆက်ဆံသင့်သည့် လွန်စွာအကျင့် မကောင်းသည်၊ မိစ္ဆာဆန်လွန်းသည် ရန်ဘက် လုံးဝမရှိသဖြင့် ဖြစ်သည်။ ‘မိစ္ဆာနှင့် စေ့စပ်ခြင်း’ ဟု နာမည်တပ်ထားသည့် စာအုပ်တွင် ဘာဘာရီပင်လယ်ဓားပြများကို ရေကြောင်းထောက်ပံ့ရေး ဂျော့ဝါရှင်တန်၊ ဂျွန်အဒမ်၊ သောမတ်ဂျက်ဖာဆန်တို့ ခွင့်ပြုခဲ့မှုကို မိုက်ကယ်ရီ အသေးစိတ် ရေးသားထားသည်။ လွန်စွာ စက်ဆုပ်ဖွယ်ကောင်းသည့် ရန်သူများကို သမ္မတအားလုံးနည်းပါး စေ့စပ်ဆွေးနွေးခဲ့သည်သာ ဖြစ်သည်။ ယင်းသို့ မလုပ်ဆောင်ပါက အမေရိကန်အကျိုးစီးပွား ရရှိနိုင်ခြေမရှိသဖြင့် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ရိုးရှင်းစွာနှင့် တရားဝင်မဟုတ်သည့်နည်းဖြင့် လုပ်ဆောင်ပါက သံတမန်ရေးသည် (ဆိုးသွမ်း) အစိုးရများနှင့် ၎င်းတို့၏ ခေါင်းဆောင်မှုအပေါ် တရားဝင်ကိုယ်စားပြုခွင့် ပေးလိုက်ခြင်းမဟုတ်နိုင်ပေ။ မည်သူ့ထံတွင် ပါဝါရှိသည်၊ မိမိဖြစ်စေလိုသည်ကို မည်သူလုပ်ဆောင်နိုင်သည် စသည်ကို ရိုးရှင်းစွာ အသိအမှတ် ပြုလိုက်ခြင်းပင် ဖြစ်သည်။

စတုတ္ထအချက်သည် ရန်သူနှင့် တွေ့ဆုံမှုသည် အလျှော့ပေးမှု မဟုတ်ပေ။ ရန်သူများ၏ အိုင်ဒီယာ၊ လှုံဆော်ချက်ကို ဖမ်းဆုပ်နိုင်ရေး၊ အငြင်းပွားမှု ဖြေရှင်းရေး သဘောတူညီချက် ရှာဖွေရေးသာဖြစ်သည်။ မိမိတစ်ဦးတည်းသာ ရည်မှန်းချက်ရရှိရေးမလုပ်ဆောင်နိုင်ပါက စေ့စပ်ရန်၊ အလျှော့ပေးရန် လိုလာပြီ။ ထို့အပြင် ရန်သူနှင့် မတွေ့ပါက ယုံကြည်မှုလွဲမှားခြင်း၊ ရန်စမှုတိုးလာခြင်း၊ ခြိမ်းခြောက်မှု မြင့်လာခြင်း၊ စစ်ဖြစ်ခြင်းတို့ ဖြစ်နိုင်သည်။

ပဉ္စမအချက်သည် ရန်သူက သံတမန်ခင်းကို မည်သို့ပုံဖော်မည်ကို မတားနိုင်ခြင်း ဖြစ်သည်။ ကင်နှင့် တွေ့ဆုံမှုမှ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းထံသို့ မည်သို့သော အချက်ပြမှုပေါ်ထွက်စေမည်ကို ထရမ့်၏ ချဉ်းကပ်မှုများကို ဝေဖန်သူများက မေးခွန်းထုတ်လျက်ရှိသည်။

ကမ္ဘာ့ရေးရာများတွင် မည်သို့သော အချက်ပြမှုပေါ်လာမည်ဆိုခြင်းအပေါ် အလွန်အမင်းအာရုံစိုက်မှုသည် နားလည်မှုလွှဲနေခြင်းဖြစ်သည်။ နိုင်ငံခြားရေးမူဝါဒချမှတ်မှုဆိုသည်မှာ အရပ်မျက်နှာအသီးသီးသို့ ရှင်းလင်းသည့် အချက်ပြမှု မဟုတ်ပေ။ မည်သို့ပင် စီမံထိန်းချုပ်သည်ဖြစ်ပါစေ ပေးပို့လိုက်သည့် အချက်ပြမှုကို လက်ခံရယူသည့် အင်အားစုအသီးသီးက ၎င်းတို့ ရှုမြင်ချင်သလို ရှုမြင်ကြမည်ဖြစ်သည်။ ရန်သူက မည်သို့ပုံဖော်မည်ကို စိုးရိမ်ခြင်းကြောင့် သံတမန်ရေးရာ အကွက်ရွေ့မှုကို မစလိုခြင်းသည် အားနည်းချက်ပင် ဖြစ်သည်။ မြောက်ကိုရီးယားဖြစ်စဉ်တွင် အလုံးစုံချုပ်ကိုင်ရေး အာဏာရှင်အစိုးရတစ်ရပ်၏ ဝါဒဖြန့်ချိမှုများ၏ အားထုတ်ချက် အမေရိကန်မူဝါဒအပေါ် လွှမ်းမိုးပိုင်ခွင့်ပေးလိုက်မှုသည် မစွမ်းမသန်မှုပင် ဖြစ်သည်။

ဆဋ္ဌမမြောက်နှင့် အရေးကြီးဆုံးအချက်သည် မျက်နှာချင်းဆိုင်တွေ့ဆုံမှုသည် အရေးကြီးသည် မဟုတ် ယင်းကို မည်သို့ပြင်ဆင်သည်၊ လုပ်ဆောင်သည် ဆိုခြင်းက အရေးကြီးခြင်းဖြစ်သည်။ သံတမန်ရေးရာ လုပ်ဆောင်ချက်များကို ပြောသံဆိုသံနှင့် လုပ်ဆောင်ချက်က မည်သို့ အနှောင့်အယှက် ဖြစ်စေနိုင်သည်ကို ထရမ့်က ပြသခဲ့ပြီးဖြစ်သည်။ မျှော်လင့်ချက်များကို ထရမ့်နှင့် ထိပ်တန်းအကြံပေးများက မြှင့်တင်လျက်ရှိသည်။ ယင်းသို့လုပ်ဆောင်နေသလို အုပ်ချုပ်ရေးအဖွဲ့တွင်းရှိ အချို့သူများကလည်း ဆန့်ကျင်ဘက် လိုလားချက်များကို မြောက်ကိုရီးယားအပေါ် ပြသလျက်ရှိသည်။

ဇွန်လ ၁၂ ရက်နေ့တွင် တွေ့ဆုံရန် စီစဉ်ထားသည့် အစည်းအဝေးသည် ရုပ်မြင်သံကြားပျော်ပွဲရွှင်ပွဲ တစ်ပွဲမျှသာ ဖြစ်သွားမည် သို့မဟုတ် ရန်သူနှစ်ဦးကြား ကွဲပြားမှုဆွေးနွေးရေး အကျိုးဖြစ်စေသည့် ဆွေးနွေးမှု ဖြစ်လာမည်ဆိုခြင်းကို သုံးသပ်ရန် စောလွန်းနေသေးသည်။ အများပြည်သူရှေ့တွင် ထရမ့်အရှက်ကွဲရပါက မြောက်ကိုရီးယားကို လက်ဦးမှုယူ တိုက်ခိုက်ရေးအချိန်ဇယား တိုတောင်းသွားမည်ဆိုခြင်းကို သံသယဖြစ်ရန် မလိုပေ။ ထရမ့်အုပ်ချုပ်ရေးအဖွဲ့၏ ခြေလှမ်း မှားများ၊ အချက်ပြမှုအလွဲများ ရှိနေသော်လည်း မြောက်ကိုရီးယားနှင့် သံခင်းတမန်ခင်း ဆက်သွယ်မှုသည် လုပ်ဆောင်သင့်သည့်အရာပင်ဖြစ်သည်။

ချမ်းမြေ့

ကိုးကား- Foreign Policy

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *