တောတွင်းနေသူများ စောင့်ရှောက်ပါ

လူသူမနီးလှသည့် တောတောင်များကြားထဲ ပျော်မွေ့ရှင်သန်နေသူများကို ကာကွယ်စောင့်ရှောက်နိုင်တော့မည် ဖြစ်သည်။ ထိုသူများက တောရိုင်းတိရစ္ဆာန်များ၊ သဘာဝအပင်များ ဖြစ်သည်။ ထိုသူတို့ကာကွယ်စောင့်ရှောက်နိုင်မည့် ဥပဒေတစ်ရပ်ထွက်ပေါ်လာသည်။ ယင်းကား ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ ဖြစ်သည်။

ထိုဥပဒေထဲတွင် တောရိုင်းတိရစ္ဆာန်များ ကာကွယ်ထားခြင်း၊ သဘာဝထိန်းသိမ်းရေး နယ်မြေများ သတ်မှတ်ရာတွင် ဒေသခံ မထိခိုက်စေသည့်အကြောင်းများ ပါဝင်သည်။ တိရစ္ဆာန်ဥယျာဉ်တည်ထောင်နိုင်သည့် အကြောင်းများ ပါဝင်သည်။

ထိုဥပဒေပါပြဋ္ဌာန်းချက်များကိုမလိုက်နာပါကငွေဒဏ်နှင့်ထောင်ဒဏ်အထိကျခံစေရမည့်ပြစ်ဒဏ်များပါဝင်သည်။

“အခု ဘာပဲလိုအပ်လဲဆိုရင် ဒီဥပဒေကို စိုးမိုးအာဏာတည်စေဖို့အတွက် သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ အားလုံးက ပူးပေါင်းအားစိုက်ဖို့ပဲ ဖြစ်ပါတယ်” ဟု WWF မြန်မာ Conservation ဒါရိုက်တာ Mr. Nick Cox က ဆိုသည်။

မျိုးသုဉ်းလုဆဲတောရိုင်းတိရစ္ဆာန်နှင့်သစ်ပင်များနိုင်ငံတကာကုန်သွယ်မှုဆိုင်ရာကွန်ဗင်းရှင်း (CITIES) တွင် ပါဝင်သည့် မျိုးစိတ်များနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်းမှ မျိုးစိတ်များကုန်သွယ်ခြင်း သို့မဟုတ် တရားမဝင်အမဲလိုက်ပါက ထောင်ဒဏ်ကျခံရမည်ဆိုသည့် အကြောင်းများကလည်း ယင်းဥပဒေ၏ အဓိကအချက် ဖြစ်သည်။

ယင်းဥပဒေအရ ဆင်သည် လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပဲခူးတိုင်းဒေသကြီး ရဲနွယ်သစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်းတစ်ကောင် သတ်ဖြတ်ခံထားရသည်။ အနက်ရောင် ဆင်ထီးတစ်ကောင်သည် ယာလည်ပင်းတွင် တူမီးသေနတ်ဒဏ်ရာရရှိကာ သေဆုံးနေခဲ့သည်။

ဟန်ကုတ်ဆင်မျိုးဖြစ်ပြီး ကိုယ် အလျား ၈ပေ၊ ခန္ဓာကိုယ်လုံးပတ် ၇ လက်မရှိကာ အရပ်အမြင့် ၁၄ ပေ ရှိသည်။ ထို့အပြင် နှာမောင်းအရှည် ၅ပေနှင့် ၃လက်မ ရှိကာ အသက် ၃၀ ခန့် ရှိသည့် တောဆင်ရိုင်း ဖြစ်သည်။

တောရိုင်းတိရစ္ဆာန်များကို တရားမဝင်ဖမ်းဆီးသတ်ဖြတ်နေသူများကို ဖမ်းဆီးရမိပါက ပြစ်မှုထင်ရှားပါက ဇီဝမျိုးစုံမျိုးကွဲနှင် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေတွင် ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ၁၀နှစ်အထိ ချမှတ်ခံရနိုင်သည်။ ငွေဒဏ်လည်း ချမှတ်နိုင်သည်။

တောရိုင်းတိရစ္တာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေ ( ၁၉၉၄ ) တွင် လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များကို တရားမဝင်အမဲလိုက်ပါက ထောင်ဒဏ် ၇ နှစ်၊ ငွေဒဏ် ၅၀၀၀၀ ကျပ်၊ ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရမည်။

ယင်းဥပဒေနှစ်ရပ်ကို နှိုင်းယှဉ်ကြည့်ပါက တောင်ရိုင်းတိရစ္ဆာန်များကို ကာကွယ်ရန် ပြစ်မှု၊ ပြစ်ဒဏ်ထောင်ဒဏ်များ တိုးမြှင့်ထားသည်။

ဆိုလိုသည်ကသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနကခွင့်ပြုထားသည့် တိရစ္ဆာန်ဥယျာဉ်လေးခု ရှိသည်။ ယင်းတွင် တိရစ္ဆာန်ဥယျာဉ် ( နေပြည်တော်၊ရန်ကုန်နှင့်ရတနာပုံ) ၊ ဆာဖာရီဥယျာဉ် ( နေပြည်တော်) တို့ ဖြစ်သည်။

လက်ရှိတွင်မူ ပုဂ္ဂလိက တိရစ္ဆာန်ဥယျာဉ်အဖြစ် မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်ရှိ စိမ်းလဲ့တင်အပန်းဖြေတိရစ္ဆာန်ဥယျာဉ်ကို ၂၀၀၈ ခုနှစ်က ခွင့်ပြုထားကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနထံမှ သိရသည်။

ယင်းသို့ဆိုလျှင် ကရင်ပြည်နယ် ဇွဲကပင်တောင်ခြေတွင် ဇွဲကပင်သဘာဝ အပန်းဖြေဥယျာဉ်ကို အသေးစားဥယျာဉ်အဖြစ် လုပ်ကိုင်ခွင့်ပြုရန် လျှောက်ထားရာတွင် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီခြင်း မရှိခြင်း ၊ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစာန်များကို တရားမဝင်စုဆောင်းထားခြင်းများကြောင့် ယင်းဥယျာဉ်တည်ထောင်ခွင့်ကို ၂၀၁၆ ခုနှစ်ကတည်းက လုပ်ငန်းလုပ်ကိုင်ခွင့်ပြုမထားပေ။

သို့ရာတွင် လက်ရှိအချိန်မှာ ဇွဲကပင်သဘာဝအပန်းဖြေဥယျာဉ်ကို ဖွင့်လှစ်ထားဆဲပေ။ ယင်းကား ဥပဒေကို ချိုးဖောက်နေခြင်းလော။

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေတွင် တိရစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒယျာဉ်ကို လုပ်ငန်းလိုင်စင်မရှိဘဲ တည်ထောင်ပါက ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားလျှင် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်၊ ကျပ် ၂ သိန်းမှ အများဆုံး ၅သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ကျခံနိုင်မည်။

ယင်းအပြင် အစိုးရအဖွဲ့သဘောတူညီချက်အရ ဝန်ကြီးဌာနသည် ပုဒ်မ ၉၊ ပုဒ်မခွဲ (က) အရ တည်ထောင်ထားသည့် တိရစ္ဆာန် (သို့မဟုတ်) ရုက္ခဗေဒဥယျာဉ်ကို အစိုးရအဖွဲ့နှင့် မည်သည့်စီးပွားရေးအဖွဲ့အစည်းမဆို လုပ်ကိုင်နိုင်သည်။

ယင်းကား လုပ်ငန်းလိုင်စင်ပြုလုပ်ရန် ဖြစ်သည်။ သတ်မှတ်ထားသည့်နည်းလမ်းအတိုင်း အခွန်အခများကို ပေးဆောင်ရမည်။

လက်ရှိတွင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက တနင်္သာရီတိုင်းဒေသကြီးတွင် အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်နိုင်ရန် အဆိုပြုထားသည့် တနင်္သာရီအမျိုးသားဥယျာဉ်နှင့် လေညာအမျိုးသားဥယျာဉ်ကို ဒေသခံများ ကန့်ကွက်နေသည်။

အဆိုပါဒေသအတွင်း နေထိုင်ကြသည့် ကျေးရွာသားများက ယင်းကဲ့သို့ အမျိုးသားဥယျာဉ်တည်ထောင်ခြင်းကြောင့် ဒေသခံများ၏ နေအိမ်နှင့် ဥယျာဉ်ခြံမြေများ ဖယ်ရှားပေးလိုက်ရမည်ကို စိုးရိမ်ကြောင်း ဥယျာဉ်အတွင်း ပါဝင်သည့် ဒေသခံများက ဆိုသည်။

ယင်းအပြင် မြန်မာပြည်မြောက်ပိုင်းက ခါကာဘိုရာဇီအမျိုးသားဥယျာဉ်နယ်မြေနှင့် ဆက်စပ်နေသည့် တောင်ပိုင်တိုးချဲ့နယ်မြေအဖြစ် ဖုန်ကန်ရာဇီဘေးမဲ့တောအထိ ဖွဲ့စည်းလိုက်ပြီး ခါကာဘိုရာဇီဒေသ သတ်မှတ်လိုက်ပြီးနောက် UNESCO လက်အောက်ရှိ ကမ္ဘာ့သဘာဝအမွေအနှစ်စာရင်းဝင်နိုင်ရန်အတွက် သစ်တောဦးစီးဌာနက ကြိုးစားနေသည်။

ခါကာဘိုရာဇီဒေသအဖြစ် သတ်မှတ်လိုက်သည့်နေရာတွင် ပူတာအိုမြို့နယ်၊ မချမ်ဘော့မြို့နယ်၊ နောင်းမွန်းမြို့နယ်အတွင်း ကျရောက်နေသည့် မြေဧရိယာအကျယ်အဝန်း ၉၄၂၀၈၀ ဧက ဖြစ်သည်။

မူလသတ်မှတ်ထားသည့် ဧရိယာမှာ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ဧရိယာ ၈၉၅,၀၄၀ ဧက ဖြစ်ပြီး ဧရိယာ ဧက လေးသောင်းကျော် တိုးချဲ့လိုက်ခြင်းဖြစ်သည်။

သို့ရာတွင် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အထိသာ သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် လက်ခံမည်ဖြစ်ပြီး တိုးချဲ့ ခါကာဘိုရာဇီဒေသကို မည်သည့်နည်းနှင့်မျှ လက်ခံနိုင်မည် မဟုတ်ကြောင်း မချမ်းဘောဒေသခံ ဦးတူးရော်က ဆိုသည်။

ယင်းဒေသခံများက ကန့်ကွက်နေသည်။ ယင်းကြောင့် UNESCO ဝင်နိုင်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားသည်။

အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေတွင် အဆိုပါပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက်လည်း ပါဝင်လာသည်။

ယင်းကား သဘာဝထိန်းသိမ်းရေးနယ်မြေအမျိုးအစားများတွင် ဒေသခံအစုအဖွဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေများ ပြုလုပ်ကာ ဒေသခံများကိုယ်တိုင် ပါဝင်အုပ်ချုပ်နိုင်မည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနထံမှ သိရသည်။

သဘာဝထိန်းသိမ်းရေးနယ်မြေသတ်မှတ်ရာတွင် ဒေသခံပြည်သူများ၏ လူမှုရေးစီးပွားရေးစဉ်ဆက်မပြတ်ဖွံဖြိုးတိုးတက်ရေးနှင့် ဇီဝမျိုးစုံမျိုးကွဲရေရှည်တည်တံ့ရေးကို ဟန်ချက်ညီစွာ ဖော်ဆောင်နိုင်သည်။

ဒေသခံပြည်သူများ ပူးပေါင်းပါဝင်သော သဘာဝထိန်းသိမ်းရေးနယ်မြေစီမံအုပ်ချုပ်မှုကို ခွင့်ပြုနိုင်သည်ဟု ပါဝင်သည်။

ယင်းကြောင့် ဒေသခံများအနေနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများကို ထိခိုက်မှု မရှိစေဘဲ ဒေသခံပြည်အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း ၊ ဒေသခံအခြေပြု ခရီးသွားလုပ်ငန်းနှင့် ဒေသခံများစီမံအုပ်ချုပ်သည့် အဏ္ဏဝါရေပြင် ဧရိယာအဖြစ် လုပ်ကိုင်ခွင့်ရနိုင်သည်။

သဘာဝထိန်းသိမ်းရေးနယ်မြေဆိုသည်မှာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ၊ ဂေဟစနစ်များ (သို့မဟုတ်) ထင်ရှားသော ပထဝီအနေအထားရှိသည့် ဒေသများ ရေရှည်တည်တံ့ရေးအတွက် ကာကွယ်ထိန်းသိမ်းရန် ဥပဒေအရ သတ်မှတ်ထားသည့် နယ်မြေ ဖြစ်သည်။

ယင်းကြောင့် ပြဋ္ဌာန်းထားသည့် ဥပဒေများ အသက်ဝင်ရန် အရေးကြီးသည်။ ဥပဒေပြဋ္ဌာန်းပြီးသည့်နောက် နည်းဥပဒေလည်း ဆက်လက်ထွက်ပေါ်လာရန်လည်း လိုအပ်ပေသည်။

မြန်မာငှက်နှင့် သဘာဝထိန်းသိမ်းရေးအသင်းဥက္ကဋ္ဌ ဒေါက်တာသိန်းအောင်ကမူ အောက်ပါအတိုင်း မေးခွန်းထုတ်သည်။

“အရင်က ဥပဒေထက် ပိုပြည့်စုံလာတယ်။ တချို့စည်းမျဉ်းချိုးဖောက်တာတွေ ရှိတယ်။ အဲဒီဟာတွေကိုဘယ်လိုလုပ်မှာလဲ”။

ဥမ္မာလွင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *