အကျဉ်းသား ကျောင်းဆရာ

ကျောင်းဆရာ၊ ဆရာမများကိုယ်စား ဂုဏ်ပြုဆုလက်ခံရန် အစီအစဉ်မှူးက သူ့ကို စင်မြင့်ထက် ဖိတ်ခေါ်လိုက်သည်။ အကျဉ်းသားတစ်ဦးဖြစ်သော်လည်း သိမ်ငယ်စိတ်မရှိဘဲ လူအများကြားမှ စင်မြင့်ထက်သို့ ရဲဝံ့စွာတက်လှမ်းသွားသူသည် မူးယစ်ဆေးမှုဖြင့် အကျဉ်းကျခံနေရသည့် ကိုသန်းထွန်းအောင် ဖြစ်သည်။

မန္တလေးဗဟိုအကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသူ ကျောင်းသားများနှင့် သင်ကြားပေးသည့် ဆရာ၊ဆရာမများဂုဏ်ပြုပွဲကို အဆိုပါ ထောင်ဓမ္မာရုံတွင် ဇွန်လ ၁၈ရက်နေ့က ပြုလုပ်နေခြင်းဖြစ်သည်။

“ ကျွန်တော်တို့ အဓိကလုပ်တာ ကတော့ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပေါ့။ ပထမဆုံး သူတို့သင်ကြားချင်တဲ့ စိတ်ရှိအောင် ကျွန်တော်တို့လုပ်ပေးတယ်။ စည်းကမ်းရှိအောင် လုပ်ပေးတယ်။ ပြီးမှ သင်ကြားရေးကို ရိုက်ထည့်တယ်”ဟု အကျဉ်းသားကျောင်းဆရာ ကိုသန်းထွန်းအောင်က ပြောပြသည်။

မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘိုထောင်) တွင်ရှိသည့် အကျဉ်းကျခံနေရသည့် ပညာတစ်ပိုင်းတစ်စ ကျောင်းသူ ကျောင်းသားများထဲမှ ပဉ္စမတန်းမှ တက္ကသိုလ်ဝင်တန်းအထိ သင်ကြားမှုကို ကိုသန်းထွန်းအောင် အပါအဝင် အကျဉ်းသားကျောင်းဆရာ၊ ဆရာမ ၁၆ ဦး က တာဝန်ယူပေးရသည်။

ဘာသာရပ်ပေါင်းစုံကို Guide သဘောမျိုး ရှင်းပြပေးပြီး ကိုသန်းထွန်းအောင် အဓိကသင်ကြားပေးသည်မှာ မြန်မာ၊ သင်္ချာနှင့် ဘောဂဗေဒဘာသာရပ်တို့ ဖြစ်သည်။

အကျဉ်းထောင်ထဲသို့ ရောက်ရှိလာသူများသည် ကျောင်းသင်ခန်းစာနှင့် အလှမ်းဝေးကြသူများဖြစ်၍ လေ့ကျင့်မှုအကြိမ်ရေများအောင် လုပ်ဆောင်ပေးရကြောင်း၊ ထောင်တာဝန်ရှိသူများက စည်းကမ်းပိုင်းဆိုင်ရာ လေ့ကျင့်ပေးပြီး အကျဉ်းကျကျောင်းဆရာ၊ ဆရာမများက ပညာရေးနှင့် သင်ကြားရေးကို အပြည့်အဝ တာဝန်ယူပေးကြရသည်။

အကျဉ်းထောင်အတွင်းမှ ကျောင်း သားကျောင်းသူများကို အကျဉ်းကျဆရာ၊ ဆရာမများအပြင် အခြေခံပညာဦးစီးဌာနမှ ဆရာဆရာမများ၊ ပြင်ပစေတနာရှင်ဆရာ၊ ဆရာမများကလည်း လာရောက်သင်ကြားပေးကြသည်။ သို့သော် အကျဉ်းကျဆရာဆရာမများက သူတို့နှင့် ပို၍ရင်းနှီးထိတွေ့ရသဖြင့် ဆရာလိုကော၊ မိဘလိုပါ ဆိုဆုံးမပေးရသည်ဟု အကျဉ်းကျဆရာ၊ ဆရာမတို့က ဆိုသည်။

“ အခု ဂုဏ်ထူးသုံးခုထွက်သွားတဲ့ ကလေးတွေ အောင်စာရင်းမထွက်ခင်မှာ ကျွန်တော့်မျက်နှာတောင် မကြည့်ချင်ကြဘူး။ ဂုဏ်ထူးထွက်သွားတဲ့အခါကျတော့ မျက်ရည်စက်လက်နဲ့ ကျွန်တော့်ဆီ လာပြီးတော့ ကျေးဇူးတင်ပါတယ် ဆရာ တဲ့။ အဲဒီပီတိလေးပဲ ကျွန်တော် စားရတာပါ” ဟု ၎င်းတို့ရရှိသည့် ဆုလာဘ်အကြောင်းကို ကိုသန်းထွန်းအောင်က မီဒီယာများသို့ ရှင်းပြနေသည်။

မူးယစ်ဆေးဝါးသုံးစွဲမှု၊ လုယက်မှု တို့ဖြင့် ထောင်ဒဏ် ၁၁ နှစ် ကျခံနေရသည့် ကိုသန်းထွန်းအောင်သည် ခေတ်ပညာတတ် လူငယ်တစ်ဦး ဖြစ်သည်။ မန္တလေးမြို့ဇာတိဖြစ်ပြီး၂၀၀၃ -၂၀၀၄ခုနှစ်တွင် ကွန်ပျူတာတက္ကသိုလ်မှ ဘွဲ့ရရှိပြီးနောက် နိုင်ငံခြားသင်္ဘောသားအဖြစ် ဆယ်နှစ်ကြာကျင်လည်ခဲ့သည်။

ထို့နောက် မန္တလေးမြို့ သင်ပန်းကုန်း ရပ်ကွက်တွင် မိုဘိုလ်းဖုန်းဆိုင်ဖွင့်လှစ်ရင်း အပေါင်းအသင်းမှားကာ မူးယစ်ဆေးကို လက်တည့်စမ်းခဲ့မိသည်။

“ ကျွန်တော်ပညာတွေ အများကြီးသင်ခဲ့တယ်။ ဒီနွံထဲကို ကျွံသွားတော့ ပြန်ထွက်လို့မရတော့ဘူး” ဟု သူကြုံတွေ့ ခဲ့ရမှုကို ကိုသန်းထွန်းအောင်က ပြောသည်။

မူးယစ်ဆေးက သူ့ဘ၀ကို ဖျက်ဆီးသွားသည်ဟုလည်း ဆွေးဆွေးမြေ့မြေ့ ပြောနေပြန်သည်။

တစ်နှစ်ကျော်ကြာ မူးယစ်သား ကောင်အဖြစ်နေထိုင်ရင်း ဖမ်းဆီးခံရချိန်တွင် နောင်တရသော်လည်း နောက်ကျခဲ့ပြီဖြစ်သည်။ အိုးဘိုအကျဉ်းထောင်သို့ပို့ခံရသောအခါ သူ့မိုက်မဲခဲ့မှုကို အကျိုးရှိစေရမည်ဟု ဆုံးဖြတ်ရင်း ကုသိုလ်ရမည့် အလုပ်ကို ရှာဖွေသောအခါ အကျဉ်းကျကလေးများကို စာသင်ပေးရသည့် အလုပ်ကို တွေ့ရှိခဲ့သည်။

ကိုယ်တိုင်ကလည်း ကွန်ပျူတာတက္ကသိုလ်ကျောင်းသားဘ၀ဖြင့် ကိုးတန်း၊ ဆယ်တန်းကလေးများကို ဂိုက်အဖြစ် လုပ်ပေးခဲ့သည့်အတွေ့အကြုံက သူ့အတွက် အထောက်အပံ့ကောင်းဖြစ်ခဲ့ရသည်။

ပဉ္စမတန်းမှ တက္ကသိုလ်ဝင်တန်းအထိပညာသင်ကြားနေသည့် အကျဉ်းကျကျောင်းသူ၊ ကျောင်းသား တစ်ရာကျော် ရှိသည်။ အားလုံးအပေါ် သားသမီးသဖွယ်၊ ညီအစ်ကိုမောင်နှမသဖွယ် ဆက်ဆံရင်း တစ်ဦးချင်းစီ၏ လိုအပ်ချက်များကို ကြည့်ရှုကာ ပြုပြင်ပေးခဲ့သည်။

အသက်လေးဆယ်တန်းသို့ ရောက်လာပြီဖြစ်၍ လူကြီးစိတ်ဝင်ရောက်နေပြီဖြစ်ကာ ကလေးများကို မိမိတို့ ငယ်စဉ်ကလို မဆိုးသွမ်းစေချင်၊ ယုတ်စွအဆုံး စကားပြောပုံကိုပင် ယဉ်ကျေးစေချင်သည်အထိ မျှော်လင့်မိသည်။

“ ဒီကလေးတွေက ဆိုးတဲ့ကလေးတွေမဟုတ်ဘူးဗျ။ မိဘအုပ်ထိန်းမှုနဲ့ ဝေးကွာတဲ့ ကလေးတွေဖြစ်နေတာ။ အသိဉာဏ်မရှိတဲ့ ကလေးတွေမှ မဟုတ်တာ။ ကိုယ်က ပြောတတ်ဆိုတတ်ဖို့ပဲ လိုတာ” ဟု သားသမီးများသဖွယ်ဖြစ်နေသည့် အကျဉ်းကျကျောင်းသူကျောင်းသားများအကြောင်းကို ကိုသန်းထွန်းအောင်က ပြောပြသည်။

ထိုသို့ပြောပြစဉ် သူ့မျက်နှာက ပြုံးလျက်ရှိသည်။ ကျောင်းသား ကျောင်းသူများကို မိဘကျေးဇူး အကောင်းဆုံးဆပ်နိုင်ရန်အတွက် တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးများများဖြင့် အောင်မြင်ကြရန်လိုကြောင်း အမြဲမပြတ်နားသွင်းကာ တိုက်တွန်းခဲ့ရသည်။

အချို့ကလည်း ကျောင်းဆက်မတက်ချင်သူများ ရှိသည်။ ထိုအခါ မိဘများ ထောင်ဝင်စာလာတွေ့ချိန်တွင် ကျောင်းဝတ်စုံဖြင့် သွားရောက်တွေ့ဆုံရသည့် ပီတိ၊ မိဘနှင့် သားသမီးကြားမှ စိတ်ချမ်းသာမှုကို ဂရုတစိုက် ရှင်းပြရသည်။ ယင်းအပြင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သည့် အကျဉ်းသားများကို နိုင်ငံတော်က လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည့် သာဓကကိုလည်း ညွှန်းဆိုကာ တိုက်တွန်းအားပေးမှုကိုလည်း ပြုခဲ့ရသည်။

အကျဉ်းထောင်ထဲတွင် ရောက်နေရသော်လည်း အပြင်ပြန်ထွက်သည့်အခါ ဂုဏ်ထူးဘယ်နှခုဖြင့် ထွက်သွားသည်ဟု ရင်ကော့ပြီး ထွက်သွားနိုင်ရန်အတွက် အမြဲပြောဆိုခဲ့ရသည်။

“အဓိက ဒီကလေးတွေ အောင်မြင်တာက စိတ်ဓာတ်တွေကို မြှင့်တင်ပေးလို့ အောင်မြင်တာ။ ကျွန်တော်တို့ တော်လို့လည်း မဟုတ်ပါဘူး။ အားလုံးဝိုင်းဝန်းပြီး လှော်ကြလို့ပါ။ လှော်တက်လေးနဲ့ ပေါ့။ လှေလေးတစ်စီးလိုပဲ”ဟု ကိုသန်းထွန်းအောင်က အိုးဘိုအကျဉ်းထောင်အတွင်းမှ ပညာရေးမြစ်၏ စီးဆင်းမှုကို ရှင်းပြသည်။

“ ကလေးတွေ ပညာရေးမြင့်မားချင်တယ်ဆိုရင် စိတ်ဓာတ်နဲ့ စည်းကမ်းကို အရင်ပြုပြင်မှ ပညာကို တတ်မှာ။ အဲဒါဒီထဲမှာ (ထောင်ထဲမှာ) ကျွန်တော်တွေ့ရှိ ခဲ့တဲ့ နည်းပေါ့နော်”ဟု ပညာရေးမြင့်မားစေမည့် နည်းလမ်းကို ၎င်းက မျှဝေသေးသည်။

အိုးဘိုထောင်၏ ပညာရေးဂုဏ်သတင်းကလည်း မွှေးလှသည်။ ပညာတစ်ပိုင်းတစ်စနှင့် ထောင်ထဲရောက်လာသည့် လူငယ်အကျဉ်းသူအကျဉ်းသားများ ပညာသင်ယူမှုအခွင့်အရေးဆုံးရှုံးမှုမရှိစေရန်အတွက် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ၂၀၁၃ – ၂၀၁၄ပညာသင်နှစ်မှ စတင်ကာ ပဉ္စမတန်းမှ အတန်းအဆင့်ဆင့်အလိုက် သင်ကြားမှုစတင်ခဲ့သည်။

ထိုစဉ်က တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်သူများကို ရန်ကုန်မြို့ရှိအင်းစိန်ဗဟို အကျဉ်းထောင်သို့ ပို့ဆောင်ကာ ပူးပေါင်းဖြေဆိုစေခဲ့သည်။

၂၀၁၆ -၂၀၁၇ ခုနှစ်တွင်မူ အိုးဘိုအကျဉ်းထောင်စာစစ်ဌာနကို စတင်ဖွင့် လှစ်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၁၁ ဦး ဖြေဆိုခဲ့ရာ ခုနစ်ဦး အောင်မြင်ခဲ့သည်။ အောင်ချက် ၆၃ ရာခိုင်နှုန်းကျော်ဖြစ်ပြီး သုံးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် လေးဦးနှင့် ရိုးရိုး အောင်မြင်သူနှစ်ဦး ရှိခဲ့သည်။

၂၀၁၇-၂၀၁၈ခုနှစ်တွင်မူ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်ရှစ်ခုမှ အကျဉ်းသား၊ အချုပ်သား ၁၀၄ ဦး ဖြေဆိုခဲ့ရာ သုံးဘာသာဂုဏ်ထူးရှင် ငါးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ငါးဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၈ ဦး၊ ရိုးရိုးအောင်မြင်သူ ၁၉ ဦး၊ စုစုပေါင်း ၄၇ဦး အောင်မြင်ခဲ့ပြီး အိုးဘိုအကျဉ်းထောင်က ယခင်နှစ်ကဲ့သို့ အောင်ချက်အကောင်းဆုံး ဖြစ်ခဲ့သည်။

ဂုဏ်ထူးရှင်များလည်း ပိုမိုထွက်ပေါ်လာခဲ့သည်။ အိုးဘိုအကျဉ်းထောင်မှ ၅၅ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ သုံးဘာသာဂုဏ်ထူးရှင် လေးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်လေးဦး တစ်ဘာသာဂုဏ်ထူးရှင် ၁၃ဦး၊ ရိုးရိုးအောင်မြင်သူ ခြောက်ဦး၊ စုစုပေါင်း၂၇ဦး ဖြစ်ပြီး အောင်ချက်မှာ ၄၉ ဒဿမ ၁၀ရာခိုင်နှုန်း ရှိခဲ့သည်။

ယခုနှစ်အတွက်လည်း တက္ကသိုလ်ဝင်တန်းဖြေဆိုရန်အတွက် ၇၅ဦး စာရင်းပေးသွင်းထားပြီးဖြစ်ကြောင်း ထောင်တာဝန်ရှိသူများထံမှ သိရသည်။

“ အောင်မြင်တဲ့သူတွေကို အဝေးသင်ဆက်တက်ခိုင်းပါမယ်။ ရတနာပုံတက္ကသိုလ်က တာဝန်ရှိသူတွေနဲ့လည်း ပြောထား ပြီးပါပြီ။ အနီးကပ်အချိန်ရောက်ရင် ဆရာတွေကလာပြီး သင်ပေးကြမယ်”ဟု အိုးဘိုထောင်ပိုင်ကြီးဦးချိုဝင်းထွန်းက ဆိုသည်။

ထူးချွန်စွာအောင်မြင်သူများအတွက် လွတ်ငြိမ်းချမ်းသာခွင့်များ ရရှိအောင် သင်ကြားပြသပေးရသည့် ကိုသန်းထွန်းအောင်တို့လို အကျဉ်းသားကျောင်းဆရာများအတွက်မူ မျှော်လင့် ချက်က နည်းပါးလှသည်။

“ ဒါကြီးလုပ်လို့ လွတ်ရမယ်လို့တော့ ကျွန်တော် မမျှော်လင့်ပါဘူး။ ဒီကလေးတွေကို ထူးချွန်အောင်သင်ပေးလို့ လွတ်မယ်လို့ ကျွန်တော့်ဘက်က အခွင့်အရေးတစ်ခု မျှော်မှန်းမထားပါဘူး။ ဒါကျွန်တော့်ရဲ့သစ္စာစကားပါ” ဟု ကိုသန်းထွန်းအောင်က ပေါ့ပေါ့ပါးပါးပင် ပြောလေသည်။

လက်ရှိစာသင်ကြားပေးနေသူများတွင် ပြင်ပလောကတွင်လည်း ကျောင်းဆရာအလုပ်လုပ်ကိုင်သူများလည်း ရှိသည်။ မူးယစ်မှုဖြင့် ရောက်လာကြခြင်း ဖြစ်သည်။ စာသင်နှစ်ပင်သုံးနှစ်ရှိပြီဖြစ်ပြီး သူနှင့်အတူ စာသင်ကြားပေးခဲ့သည့် အကျဉ်းသားကျောင်းဆရာများပင် လွတ်မြောက်ကြကုန်ပြီဖြစ်သည်။ အချိန်တန်လျှင်တော့ လွတ်မြောက်လိမ့်မည်ဟု သူက ယုံကြည်ထားသည်။

စာသင်သည့် အကျဉ်းသားအတွက် လျှော့ရက်၊ ကျောင်းဆရာအတွက် လျှော့ရက်စသည်တို့ကို ဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်သည့်အတွက် ဥပဒေနှင့်အညီ အခြားသူထက် သက်သာခွင့်များအကုန်ပေးထားပြီး ဖြစ်ကြောင်း၊ သီးခြားအစီအစဉ်ကိုမူ မိမိတို့ပြော၍မရနိုင်ကြောင်း အိုးဘိုထောင်ပိုင်ကြီးဦးချိုဝင်းထွန်းက ရှင်းပြသည်။

ပြင်ပလောကတွင် ဇနီးနှင့်ဒုတိယတန်းတက်နေသည့်သားတစ်ဦးရှိသည့် ကိုသန်းထွန်းအောင်သည် အကျဉ်းထောင်မှ လွတ်မြောက်လျှင် ပညာဒါနအလုပ်များ ဆက်လက်လုပ်ကိုင်မည်ဟု ရည်မှန်းထားသည်။ ထောင်ထဲတွင် အတူတူစာသင် ကြားပေးခဲ့ပြီး အရင်လွတ်မြောက်သွားသည့် မိတ်ဆွေအချို့ကလည်း ပရဟိတစာသင်ဝိုင်းဖွင့်လှစ်ထားပြီး လာရောက်သင်ကြားရန် ကမ်းလှမ်းကြသည်။

“ ကျွန်တော်တို့က ကျောင်းဆရာလုပ်လာတာသုံးနှစ်ရှိပြီဆိုတော့ ဆရာဆိုတဲ့ စိတ် ကျွန်တော့်ထဲမှာ စွဲသွားတယ်။ ကလေးတွေကို ကြည့်ပြီးတော့ သွန်သင်ချင်တယ်။ ဆုံးမချင်တယ်”ဟု ကိုသန်းထွန်းအောင်က လက်ရှိသူခံစားနေရသည့် ကျောင်းဆရာဘ၀၏ ပီတိကိုပြောပြနေသည်။

မျက်စိလည်လမ်းမှားကာ အကျဉ်း ထောင်အတွင်းရောက်ခဲ့သူများထဲမှပင် ထူးချွန်ထက်မြက်သည့် အနာဂတ်သားကောင်းရတနာများကို မွေးထုတ်ပေးနိုင်သည့် ကိုသန်းထွန်းအောင်တစ်ယောက် ပြင်ပလောကတွင်ရော သားကောင်းရတနာများ မွေးထုတ်ပေးနိုင်ရန် မျှော်လင့်နေသည်။

မူးယစ်မှုဖြင့် ပြစ်ဒဏ် ၁၁နှစ် ကျခံရသည့် ကိုသန်းထွန်းအောင်သည် လက်ရှိတွင် လျှော့ရက်များကို ခံစားရင်း ကျန်ရှိသည့်ငါးနှစ်ကျော်ကာလကို စာသင်ပေးရင်း ဖြတ်သန်းနေဦးမည် ဖြစ်သည်။

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *