တတိယအကြိမ်ပင်လုံညီလာခံ ဇူလိုင် ၁၁ မှ ၁၆ အထိ ကျင်းပမည်

နေပြည်တော်၊ ဇွန်၂၉

၂၁ ရာစုတတိယအကြိမ် ပင်လုံညီလာခံကို ဇူလိုင် ၁၁ရက်မှ ၁၆ရက်အထိ ကျင်းပသွားရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း ယင်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်က ပြောကြားသည်။

“အဲဒီအစည်းအဝေးမှာ တင်သွင်းဖို့ စာတမ်းကိစ္စကိုလည်း ကျွန်တော်တို့ ညှိနှိုင်းနိုင်ခဲ့ပါတယ်။ အချို့ကဏ္ဍတွေမှာ ကျွန်တော်တို့ ညှိနှိုင်းလို့မရတဲ့ အခက်အခဲလေးတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ဆက်ပြီး ဆွေးနွေးလိုက်ရင်တော့ အဆင်ပြေပါလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိ UPDJC အစည်းအဝေးတွင် သဘောတူထားသော ခေါင်းစဉ်များကို ဇူလိုင် ၃၊ ၄၊ ၅ရက်တွင် ပြုလုပ်မည့် လုပ်ငန်းကော်မတီအစည်းအဝေးဖြင့် ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။

“ထပ်ဆွေးနွေးပြီးမှ ဘာလုပ်ရမလဲ ဆိုတာကို ထပ်စုစည်းနိုင်မှာ ဖြစ်ပါတယ်။ အဲဒီကနေ တစ်ဆင့် UPDJC အစည်းအဝေးကို ထပ်ပြီးတော့ တင်ပြမယ်။ ပြီးလို့ ရှိရင် ညီလာခံကိုထပ်ပြီး တင်ပြသွားမှာ ဖြစ်ပါတယ်”ဟု ဒေါက်တာဆလိုင်းလျန် မုန်းဆာခေါင်က ဆိုသည်။

အကြမ်းဖျင်းအားဖြင့် NCA လက်မှတ်မထိုးရသေးသည့်အဖွဲ့များကို ဖိတ်ရန်ဆုံးဖြတ်ထားပြီး ယင်းအဖွဲ့များကို ဖိတ်ကြားရန် ပုံစံကွဲပြားမှုများရှိနေကြောင်း ၎င်းက ရှင်းပြသည်။

“တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ဖိတ်ရမယ့်ပုံစံက တစ်ခုတည်းမဟုတ်ဘူး။ နည်းလမ်းပေါင်းစုံနဲ့ ဖိတ်မှာဖြစ်တယ်။ အသေးစိတ်ကတော့ ဒီမှာတင်ပြဖို့ မသင့်တော်ပါဘူး။ တစ်ဖွဲ့ ချင်းကို သင့်တော်သလို ဖိတ်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

တိုင်းရင်းသားများအနေနှင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတို့ကို မရမချင်း တောင်းဆိုသွားမည်ဖြစ်ပြီး ခွဲထွက်ခွင့်ဆိုသည့်အချက်ကို ထည့်သွင်းသွားခြင်းမရှိကြောင်း ဒေါက်တာဆလိုင်းလျန်မုန်းဆာခေါင်က အစည်းအဝေးကျင်းပသည့် နံနက်ပိုင်းက ပြောကြားသွားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *